အသက်ရှင်ခွင့်ကို စွန့်လွှတ်လိုက်သော အရှင်မင်းကြီး
Vol. 14 Ch. 223
မာတျန့်သည် နန်းတော်ထဲသို့ ပျံသန်းဝင်ရောက်လာပြီး ထိုက်ဟွာနန်းဆောင်ဥယျာဉ်ထဲတွင် နဉ်ရှောင်ယောင်းကို ရှာတွေ့လိုက်သည်။
"ရှောင်ယောင်း..."
မာတျန့် နဉ်ရှောင်ယောင်း၏ပခုံးပေါ်တွင် နားလိုက်သည်။
နဉ်ရှောင်ယောင်းသည် လက်ထဲမှ လောင်တကို ကြမ်းပြင်ပေါ် ချပေးလိုက်ပြီး မာတျန့်၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ မေးလိုက်သည်။
"မာတျန့်၊ ဘာကိစ္စ ရှိလို့လဲ။"
"ငါ အမတ်ချုပ်ကြီးအိမ်တော်ကို ရောက်ခဲ့တယ်။"
မာတျန့် ခေါင်းလေးကို မော့ပြီး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း တောင့်ခဲသွားသည်။
"အမတ်ချုပ်ကြီး ဘာထပ်လုပ်ပြန်ပြီလဲ။"
မာတျန့်သည် ရှဲ့သားအဖနှစ်ယောက် ပြောဆိုခဲ့သည်များကို နဉ်ရှောင်ယောင်းအား အကုန်ပြန်ပြောပြလိုက်သည်။
"သူတို့ တော်တော် ရက်စက်ကြတာပဲ။"
မာတျန့် ဒေါသတကြီး ပြောလိုက်သည်။
"သူတို့က နင့်ကို သတ်ချင်နေကြတာ။"
"အဲဒါ အရေးမကြီးပါဘူး။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။
"ဘာ..."
လောင်တ အမွှေးတွေ ထောင်တက်သွားသည်။
"လူယုတ်မာနှစ်ကောင်က နင့်ကို သတ်ချင်နေတာလေ။ အရေးမကြီးဘူး ဟုတ်လား။"
"လောင်တ။ သူတို့ ငါ့ကို သတ်ချင်နေတာ ဒီနေ့မှ စတာမှ မဟုတ်တာ။"
လောင်တ စကားမပြောနိုင်တော့ပေ။
"အခု အဓိကအချက်က... ရှဲ့အန်းကျီ ထွက်ပြေးတော့မယ်။"
"ဒါဆို ဘယ်လိုလုပ်မလဲ။"
မာတျန့်က မေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် သစ်ပင်ကြီးအောက်တွင် ထိုင်ချလိုက်ပြီး အိတ်ကပ်ထဲမှ ဘဲဥနှစ်ဆန်မုန့်ကြွပ် အကြေအစများကို ထုတ်ကာ မာတျန့်ကို ကျွေးလိုက်သည်။
ထိုအချိန် ပိုင်ရှောင်ဖန့်က ပြေးလာပြီး "ရှောင်ယောင်း၊ ငါသွားပြီး အမတ်ချုပ်ကြီးကို ကိုက်သတ်ပေးမယ်။"
"လိမ္မာတယ်၊ သွားဆော့ချေ။"
နဉ်ရှောင်ယောင်း ပိုင်ရှောင်ဖန့်၏ခေါင်းကို ပုတ်ပေးလိုက်သည်။
"ပိုင်ရှောင်ဖန့်၊ နင် ဝမလာစေနဲ့နော်။ နင့်အမေ ထောင်ကျီ မြင်ရင် ငါ့ကို ကိုက်သတ်လိမ့်မယ်။"
"ဝေါင်း..."
ပိုင်ရှောင်ဖန့် ခေါင်းငိုက်စိုက်ချပြီး ပြေးထွက်သွားလေသည်။
"ငါ သွားကိုက်သတ်ပေးမယ်လေ။"
လောင်တ အကြံပြုလိုက်သည်။
"နင်က ကြောင်လေ။"
နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။
"ကိုက်သတ်ဖို့ မပြောနဲ့ဦး၊ အခုက အမတ်ချုပ်ကြီးကို ကိုက်သတ်ရမယ့်အချိန် မဟုတ်သေးဘူး။"
လောင်တ အမွှေးတွေ ထပ်ထောင်တက်လာပြန်သည်။
"နင့်စစ်သေနာပတိချုပ် ပြောတာလေ။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လေသံဖြင့် ပြောလိုက်သည်။
"အခုက ရှဲ့ဝမ်ယွမ်ကို သတ်ရမယ့်အချိန် မဟုတ်သေးဘူး။"
လောင်တ ငြိမ်ကျသွားသည်။
မာတျန့်သည် မွှေးကြိုင်နေသော ဘဲဥနှစ်ဆန်မုန့်ကြွပ်ကို စားရင်း မေးလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်မလဲ။ ငါ့အမျိုးတွေကိုခေါ်ပြီး အမတ်ချုပ်ကြီး ခေါင်းပေါ်မှာ ဝိုင်းချီးပါခိုင်းလိုက်မလား။"
နဉ်ရှောင်ယောင်း... ကိုက်သတ်မယ်၊ ချီးပါမယ်... ဘယ်သူသင်ပေးထားတာလဲဟယ်။
"စစ်သေနာပတိချုပ်ကို သွားမေးကြည့်ပါလား။"
လောင်တ အကြံပေးပြန်သည်။
"နင်က တုံးပေမယ့် စစ်သေနာပတိချုပ်က ဉာဏ်ကောင်းတယ်လေ။"
"နင်မှ တုံးတာ။"
နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်ပြီး ဖုန်ခါလိုက်သည်။
"ထွက်ပြေးချင်တယ် ဟုတ်လား။ လွယ်မလားမှတ်လို့။ ညကျရင် ရှဲ့အန်းကျီကို သွားပိတ်ဆို့မယ်။ သောက်ကျိုးနည်း... ငါ ပြောသားပဲ။ အမတ်ချုပ်ကြီးက ငမွှေကောင်ကြီးလို့။ ငါတို့ စစ်တိုက်မယ့်ကိစ္စကို လာမွှေနှောက်တော့မယ်။"
"ရှောင်ယောင်း၊ နင် တော်တော် ဉာဏ်ကောင်းတာပဲ။"
မာတျန့် ချီးကျူးလိုက်သည်။
နဉ်ရှောင်ယောင်း တဟားဟား ရယ်မောလိုက်သည်။
လောင်တ နှုတ်ခမ်းမွေးကို သပ်လိုက်သည်။ ဉာဏ်ကောင်းတဲ့လူသားကို မမြင်ဖူးတဲ့ကောင်တွေမို့လို့ ခွင့်လွှတ်ပေးလိုက်မယ်။
"မာတျန့်၊ ငါ့ကို ကူညီပါဦး။"
နဉ်ရှောင်ယောင်း မာတျန့်ကို လက်ဝါးပေါ် တင်လိုက်သည်။
"ရှဲ့အန်းကျီကို စောင့်ကြည့်ပေး။ ဘယ်မြို့တံခါးပေါက်ကနေ ထွက်မလဲဆိုတာကြည့်ပြီး လာပြောပေးနော်။ ပြီးရင် ငါ ဘဲဥနှစ်ဆန်မုန့်ကြွပ်ကျွေးမယ်။ စားတော်ကဲကြီးဟွမ် လုပ်နေတုန်းပဲ။"
"ကောင်းပြီ။"
မာတျန့် သဘောတူလိုက်သည်။
"အမတ်ချုပ်ကြီးက ဝူဒေသကို သွားခိုင်းတာဆိုတော့ တောင်ဘက်တံခါးပေါက်ကနေ ထွက်မှာ သေချာတာပေါ့။"
လောင်တ ဝင်ပြောလိုက်သည်။
"နင်က အမတ်ချုပ်ကြီးရဲ့ ဉာဏ်နီဉာဏ်နက်တွေကို နားမလည်တဲ့ကြောင်ပဲ။ ရှဲ့အန်းကျီ ဘယ်သွားလဲဆိုတာ လူမသိအောင် တောင်ဘက်တံခါးပေါက်ကနေ မထွက်ဘဲ တခြားတံခါးပေါက်ကနေ ကွေ့ပတ်ထွက်သွားနိုင်တာပဲ။"
လောင်တ ဝန်ခံလိုက်ရသည်။ တစ်ခါတလေကျရင် ဒီငတုံးမလေးက ဉာဏ်ကောင်းသား။
"ငါ သွားကြည့်လိုက်ဦးမယ်။"
မာတျန့် နဉ်ရှောင်ယောင်း၏ပခုံးပေါ် ခုန်တက်ပြီး ပါးကို ပွတ်သပ်လိုက်သည်။
"ဂရုစိုက်နော်။"
နဉ်ရှောင်ယောင်းလည်း မာတျန့်၏ပါးလေးကို ပြန်ပွတ်သပ်ပေးလိုက်သည်။
မာတျန့် ပျံသန်းထွက်ခွာသွားသည်။
"စစ်သေနာပတိချုပ်ကို တကယ် မပြောပြဘူးလား။"
လောင်တ မေးလိုက်သည်။
"မလိုပါဘူး။ နင့်စစ်သေနာပတိချုပ်က စစ်တပ်ရွှေ့ပြောင်းရေးကိစ္စ အလုပ်ရှုပ်နေတာ။ ဒါက အရေးကြီးကိစ္စလေ။ အာရုံထွေပြားလို့ မဖြစ်ဘူး။"
လောင်တ မြေကြီးကို လက်သည်းဖြင့် ကုတ်လိုက်သည်။
"ကောင်းပြီလေ။ ရှဲ့အန်းကျီ မရိုးမသားလုပ်ရင် ငါ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်မယ်။"
ထိုသို့ဖြင့် အမတ်ချုပ်အိမ်တော်တွင် ရှဲ့အန်းကျီ ခရီးထွက်ရန် ပြင်ဆင်နေချိန်၊ ထိုက်ဟွာနန်းဆောင်တွင် နဉ်ရှောင်ယောင်းက မြို့ပြင်ထွက်ပြီး လမ်းပိတ်ဆို့ရန် ပြင်ဆင်နေလေသည်။
.....
ညနေစောင်းချိန်တွင် မယ်တော်ကြီးနန်းဆောင်မှ အထိန်းတော်တစ်ဦး ရောက်လာပြီး မယ်တော်ကြီး နေမကောင်းဖြစ်နေကြောင်း နဉ်ရှောင်ယောင်းကို လျှောက်တင်သည်။
နဉ်ရှောင်ယောင်းသည် စားတော်ကဲကြီးဟွမ် လုပ်ပေးထားသော ဘဲဥနှစ်ဆန်မုန့်ကြွပ်အိုးကို ပိုက်ထားရင်း အထိန်းတော်ကိုကြည့်ကာ ပြောလိုက်သည်။
"နေမကောင်းရင် သမားတော် ခေါ်ပြလေ။ ငါ့ကို လာပြောလို့ ဘာထူးမှာလဲ။ ငါ ဆေးပေးရင်လည်း မယ်တော်ကြီးက သောက်မှာမှ မဟုတ်တာ။"
အထိန်းတော်က "အရှင်မင်းကြီး၊ မယ်တော်ကြီးက အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်။"
"ငါတို့နှစ်ယောက်လုံး စိတ်ချမ်းသာဖို့အတွက် မတွေ့တာ အကောင်းဆုံးပါပဲ။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။
"ပြန်ပြီး လျှောက်တင်လိုက်ပါ။"
အထိန်းတော်... ဒီစကားကိုကြားရင် မယ်တော်ကြီး တကယ် နေမကောင်းဖြစ်သွားလိမ့်မယ်။
"ရော့၊ ဘဲဥနှစ်ဆန်မုန့်ကြွပ် စား။"
နဉ်ရှောင်ယောင်း ဘဲဥနှစ်ဆန်မုန့်ကြွပ်တစ်တုံးကို အထိန်းတော်အား ကျွေးလိုက်သည်။
"စားတော်ကဲကြီးဟွမ် လက်ရာလေ။ အရမ်းစားကောင်းတယ်။"
အထိန်းတော် နဉ်ရှောင်ယောင်းရှေ့တွင် စားပြလိုက်ရသည်။ မျိုချပြီး ဘာမှမဖြစ်မှ စိတ်သက်သာရာ ရသွားသည်။ အရှင်မင်းကြီးက အဆိပ်ခတ်တာ မဟုတ်ဘူးပဲ။
အထိန်းတော်ပြန်သွားပြီးနောက် နဉ်ရှောင်ယောင်း မေ့ပစ်လိုက်သည်။ ဘဲဥနှစ်ဆန်မုန့်ကြွပ်ကို ဆက်စားရင်း ရှဲ့အန်းကျီကို ဘယ်လိုရိုက်မလဲဆိုတာပဲ စဉ်းစားနေလိုက်သည်။
....
အထိန်းတော် မယ်တော်ကြီးနန်းဆောင်သို့ ပြန်ရောက်သောအခါ မယ်တော်ကြီးရှဲ့ရှေ့တွင် စကားမပြောရဲဘဲ ရပ်နေသည်။
"အရှင်မင်းကြီး ဘာပြောလိုက်လဲ အမှန်အတိုင်း ပြောပြ။ အိုက်ကျား အပြစ်မယူဘူး။"
အထိန်းတော်သည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နဉ်ရှောင်ယောင်းပြောလိုက်သော စကားကို ပြန်ပြောပြလိုက်သည်။
မယ်တော်ကြီးရှဲ့ ဒေါသမထွက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ သိပြီ။ တင်းမားမားရဲ့ခေါင်းဖြတ်ပြီး သံဘုရားကျောင်းကို ပို့လိုက်။"
အထိန်းတော် အမိန့်နာခံလိုက်ပြီး မေးလိုက်သည်။
"မိဖုရားခေါင်ကြီးကို ဘာပြောလိုက်ရမလဲ။"
"အိုက်ကျား လက်ဆောင်ပေးလိုက်တာလို့ ပြောလိုက်။ အရှင်မင်းကြီး လက်ချက်နဲ့ သေသွားတာကို ငါက သနားလို့ ခေါင်းပြန်ယူထားလိုက်တာ။ ခွေးစားမခံရအောင်လို့လေ။"
အထိန်းတော် ကြောက်လန့်သွားသည်။
"မိဖုရားခေါင်ကြီးကို ပြောလိုက်။ အခု အရှင်မင်းကြီးက ဟုကော်ကုန်းအိမ်တော်၊ ထောင်ယွီနဲ့ မင်းသားဖူတို့ကို စည်းရုံးသိမ်းသွင်းပြီးပြီ။ ကျိုးမိသားစုတပ်ကို ရရင်ရ၊ မရရင် ဖျက်ဆီးပစ်လိမ့်မယ်လို့ ပြောလိုက်။"
"အမိန့်တော်အတိုင်းပါ။"
"သွားတော့။"
အထိန်းတော် ထွက်သွားပြီးနောက် မယ်တော်ကြီးရှဲ့သည် ဘေးနားရှိ မင်းသားလေး နဉ်ရှင်းကို ပွေ့ချီလိုက်သည်။
"သားတော်လေး စိတ်ချနော်။ မယ်တော် သားတော်ကို ကာကွယ်ပေးမယ်။"
မယ်တော်ကြီးရှဲ့ ကစားစရာကို လှုပ်ယမ်းပြလိုက်သည်။
"ငါ အဲဒီကောင်မလေးကို အခွင့်အရေး ပေးပြီးပြီ။ သူက မတွေ့ချင်ဘူးဆိုတော့ ငါ့ကို အမေလို့ မသတ်မှတ်တော့ဘူးပေါ့။ ဒါဆိုရင်လည်း ငါ့ကို အပြစ်မတင်နဲ့တော့။"
....
ညနေစောင်းချိန်တွင် လိုကျစ်ကွေ့၏အဆောင်၌ မီးထွန်းထားသည်။ ထောင်ယွီနှင့် အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီးများသည် လိုကျစ်ကွေ့ကို ဝိုင်းရံပြီး တိုင်ပင်ဆွေးနွေးနေကြသည်။ လိုကျစ်ကွေ့သည် စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးမှတ်နေသည်။
နဉ်ရှောင်ယောင်း ပြတင်းပေါက်နားသို့ တိတ်တဆိတ် ကပ်သွားပြီး ချောင်းကြည့်လိုက်သည်။
"စစ်သေနာပတိချုပ်က အလုပ်များနေတဲ့ပုံပဲ။"
ပခုံးပေါ်မှ လောင်တက တိုးတိုးလေး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နားစွင့်ကြည့်ပြီး လောင်တကို ညည်းတွားလိုက်သည်။
"သူတို့ပြောနေတဲ့ နာမည်တွေ တစ်ခုမှ ငါ မသိဘူး။"
"ငတုံးမ။"
လောင်တ ဆဲလိုက်သည်။
လိုကျစ်ကွေ့ ကြောင်အော်သံ ကြားလိုက်သဖြင့် မော့ကြည့်လိုက်သည်။ ပြတင်းပေါက်က တစ်ဝက်ပွင့်နေပြီး အပြင်ဘက်တွင် သစ်ပင်စိမ်းစိမ်းများသာ ရှိသည်။ ကြောင်ရော၊ နဉ်ရှောင်ယောင်းပါ မရှိပေ။
"စစ်သေနာပတိချုပ်"
လိုကျစ်ကွေ့ ငေးငိုင်နေသည်ကို မြင်သောအခါ ထောင်ယွီ လှမ်းခေါ်လိုက်သည်။
"ဆက်ပြောကြရအောင်။"
လိုကျစ်ကွေ့ ထောင်ယွီဘက်သို့ ပြန်လှည့်လိုက်သည်။
ထိုက်ဟွာနန်းဆောင် ခြံဝင်းထဲတွင် ယင်းဖုန်းက ညီအစ်ကိုများကို စုစည်းထားသည်။
"အရှင်မင်းကြီး၊ ရှဲ့အန်းကျီ ဒီည ထွက်ပြေးမှာ သေချာလား။"
"အင်း..."
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်ပြီး ပိုင်ရှောင်ဖန့်ကို ပွေ့ချီလိုက်သည်။
"သာ့ဖုန်း၊ ငါ ပိုင်ရှောင်ဖန့်ကို ခေါ်သွားလို့ရမလား။"
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းပခုံးပေါ်မှ ကြောင်နက်ကြီးနှင့် လက်ထဲမှ ဝံပုလွေဖြူလေးကို ကြည့်လိုက်သည်။ ဒါ ရန်ဖြစ်ဖို့သွားတာ ဟုတ်ရဲ့လား။
"ဝေါင်း..."
ပိုင်ရှောင်ဖန့်သည် ယင်းဖုန်း၏အင်္ကျီကို လျှာဖြင့် သပ်လိုက်သည်။
ယင်းဖုန်း "..."
ဒါ ဝံပုလွေလား၊ ခွေးလား။
"သာ့ဖုန်း"
နဉ်ရှောင်ယောင်း ထပ်မေးလိုက်သည်။
"အရှင်မင်းကြီး သဘောပါပဲ။ ရှဲ့အန်းကျီက အရည်အချင်းမရှိပါဘူး။ အရှင်မင်းကြီး ကိုယ်တိုင် ပါစရာမလိုပါဘူး။"
"ဟေး... အဲဒီလို မပြောနဲ့လေ။ အမတ်ချုပ်ကြီးက သူ့သားအတွက် သိုင်းပညာရှင်တွေ ထည့်ပေးလိုက်မှာ သေချာတယ်။"
"အရှင်မင်းကြီး သွန်သင်ဆုံးမတာ မှန်ပါတယ်။"
ယင်းဖုန်း ပြန်ပြောလိုက်သည်။
"ဟင်... ငါ မင်းကို မဆုံးမပါဘူး။"
နဉ်ရှောင်ယောင်း နားမလည်နိုင် ဖြစ်သွားသည်။
ယင်းဖုန်း ပြောစရာစကား ရှာမတွေ့တော့ပေ။ ဒါက ယဉ်ကျေးမှုအရ ပြောတာလေ။
"အရှင်မင်းကြီး။"
ယင်းဖုန်း ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေစဉ် အဆိပ်ဂိုဏ်းချုပ်နှင့် ယန်ဟုန်တို့ကို ခေါ်ဆောင်လာသည်။
ယင်းဖုန်း သူတို့နှစ်ယောက်ကို မြင်သောအခါ မျက်နှာမည်းမှောင်သွားသည်။
"အရှင်မင်းကြီး"
နဉ်ရှောင်ယောင်း ယင်းဖုန်းကို စိတ်မပူဖို့ လက်ကာပြလိုက်ပြီး ဂိုဏ်းချုပ်နှင့် ယန်ဟုန်ကို လက်ယပ်ခေါ်လိုက်သည်။
"လာကြ၊ ဒီနား လာကြ။"
ဂိုဏ်းချုပ်နှင့် ယန်ဟုန်သည် နဉ်ရှောင်ယောင်းရှေ့တွင် ဒူးထောက်ဂါရဝပြုလိုက်ကြသည်။
ယင်းဖုန်း နဉ်ရှောင်ယောင်းရှေ့တွင် ကာရပ်လိုက်သည်။
နဉ်ရှောင်ယောင်း ယင်းဖုန်းအနောက်မှ ခေါင်းပြူထွက်လာပြီး ပြောလိုက်သည်။
"ထကြ။"
ယင်းဖုန်းက တိုးတိုးလေး မေးလိုက်သည်။
"အရှင်မင်းကြီး သူတို့ကို ခေါ်သွားမလို့လား။"
"အင်း..."
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ဒီနေ့ ငါတို့ ရှဲ့အန်းကျီကို မရိုက်ဘူး။ ဂိုဏ်းချုပ်ကို ရိုက်ခိုင်းမယ်။"
နဉ်ရှောင်ယောင်း အသံကိုနှိမ့်ပြီး ယင်းဖုန်းကို ဆက်ပြောလိုက်သည်။
"သူ ရှဲ့အန်းကျီကို သေလုမြောပါးဖြစ်အောင် ရိုက်လိုက်ရင် နောက်ကျ အမတ်ချုပ်ကြီးဆီ ပြေးသွားပြီး ခိုလှုံလို့ မရတော့ဘူး။ ငါ့အကြံ မိုက်တယ်မလား။"
ယင်းဖုန်း "..." အရမ်း အရမ်းကို မိုက်ပါပေတယ်။