← Chapters

ရာထူးအသီးသီး ခွဲဝေပေးခြင်း။

Vol. 18 Ch. 197

ရာထူးအသီးသီး ခွဲဝေပေးခြင်း။

Vol. 18 Ch. 197

ဝမ်ယွမ်ကောက လီယောင်ရဲ့ မတ်လေးတဲ့လား။ ဝမ်တာ့ကျွမ်းကရော လီယောင့်သားတဲ့လား … ။

ထိုသတင်းအချက်အလက်က ဟဲထုံပန်းနှင့် သူ့လုပ်ဖော်ကိုင်ဖက်တွေအား အခြေအနေတွေက အရမ်းကို ဆိုးသွားပြီဟု ရုတ်တရက် ခံစားရစေသည်။ သူတို့ လက်ဝါးချင်းရိုက်ပြီး ပူးပေါင်းလုပ်ဆောင်ထားတဲ့ ကိစ္စမှာ လိမ်ညာမှုတွေ အများကြီး ပါဝင်ပါသည်။

ပုံမှန်ဆို ပြဿနာတွေ ဖြေရှင်းတဲ့အခါ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး အလွယ်တကူ ဖြေရှင်းလေ့ရှိပေမဲ့ ပြောစရာမလိုတဲ့ စည်းမျဉ်းတွေလည်း ရှိသည်။ ယေဘုယျအားဖြင့် သူတို့ဟာ နောက်ဆက်ဆွဲ အရှုပ်အထွေးတွေ ရှိမလာစေဖို့အတွက် တခြား အရာရှိတွေကို ရန်စတာမျိုးကို ရှောင်ရှားလေ့ရှိသည်။

မထင်မှတ်ထားစွာပါပဲ။ ဒီပွဲစားကျန်း ဆိုတဲ့ သောက်ကျိုးနည်း လူက လီယောင့်ကိုတောင် မမှတ်မိဘူးတဲ့လား … ။

ဓားသွားတမျှ ထက်မြည့်နေသော အကြည့်များသည် ပွဲစားကျန်းရဲ့ နဖူးပေါ်မှာ အပေါက်တွေ အများကြီးကို ဖောက်သွားစေတော့မလိုတောင် ထင်ရသည်။

လျို့ယွင်က “ ဒေါ်လေး နည်းနည်းလောက်ပဲဖြစ်ဖြစ် အကြံပေးလို့ မရဘူးလား။ ” ဟု ထပ်တောင်းဆိုလိုက်သောအခါ လီယောင်က “ ဒါဆိုလည်း ဟုတ်ပြီလေ။ ငါကတော့ ဒီမှာ ရှိနေတဲ့ လူတွေအကုန်လုံး ဒီအမှုကို အစကနေ ပြန်စစ်ဆေးဖို့ပဲ အကြံပေးတယ်။ ” ဟု ပြောလိုက်သည်။

“ ကျွန်တော် သဘောတူတယ်။ ” လျို့ယွင်က အသံကျယ်ကျယ်နှင့် အားလုံးထက် အရင်ဦးအောင် ပြောလိုက်သည်။ “ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေအရ တရားရုံးတော်ရဲ့ အမှုကိစ္စတွေကို ကျွန်တော် ဒီလိုမျိုး ဝင်စွက်ဖက်လို့ မရဘူး။ အဲ့ဒါကြောင့် အားလုံးရဲ့ သဘောထားကို ထပ်ပြီး ကြားချင်ပါတယ်။ ဘယ်သူတွေက ဒီအမှုကို ပြန်စစ်ဆေးဖို့ ‌သဘောတူလဲ ၊ ဘယ်သူတွေက ကန့်ကွက်ချင်လဲ။ ”

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တိတ်ဆိတ်စွာ အချက်‌ပြလိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူတို့ စည်းလုံးညီညွှတ်စွာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွား၏။

ဒီအမှုကို နောက်တစ်ကြိမ် ပြန်စစ်ဆေးတာက ပြဿနာတွေ အများကြီးကို သေချာပေါက် ဖြစ်ပေါ်စေသလို လျို့ဝှက်ချက်တွေကိုလည်း ပေါ်ပေါက်သွားစေလိမ့်မည်။ သူတို့ ရင်းနှီးမြုပ်နှံထားတဲ့ လုပ်ငန်းတွေကိုတောင် အရှုံးပေါ်ရင် ပေါ်စေနိုင်တာမို့ သူတို့ကတော့ ဒီအမှုကို ပြန်စစ်ဆေးဖို့ ဘယ်နည်းနှင့်မှ သဘောတူမှာ မဟုတ်ပေ။

ထို့ကြောင့် လူတိုင်းက ဆန့်ကျင်ကြောင်း စကားဆိုခဲ့ကြကာ တရားသူကြီးစုန့် ဦးဆောင်လာတဲ့ တရားသူကြီးတစ်ယောက် ၊ နှစ်ယောက်ကသာ လီယောင့်ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြသည်။

အဆုံးသတ်မှာတော့ လျို့ယွင်နှင့် လီယောင်က လွဲလို့ တရားခွင်မှာ ရှိနေတဲ့ အရာရှိ အယောက် ( ၃၀ ) ထဲမှာ ( ၂၃ ) ယောက်က ဆန့်ကျင်တဲ့ဘက်မှာ ရပ်တည်ပြီး ( ၇ ) ယောက်ကသာ ထောက်ခံတဲ့ဘက်မှာ ရပ်တည်ခဲ့ကြသည်။

လျို့ယွင်သည် ထိုရလဒ်ကို ကြည့်ပြီး ရုတ်တရက် ပြောစရာစကားမရှိအောင်ပင် ဖြစ်သွားရသည်။

လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့နှင့် ကျန်အရာရှိတွေက အခြေအနေကို ကြည့်ပြီး စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး ကျိတ်ချလိုက်ကြသည်။ “ ယိကျိုးမင်းသား ၊ ကျွန်တော်တို့ ဒီအမှုကို ဒီလိုပဲ ပိတ်သိမ်းလိုက်တာ မကောင်းဘူးလား။ ”

ပိတ်သိမ်းရမယ် …… ။

လျို့ယွင် ချက်ချင်းပဲ ရယ်မောလိုက်သည်။

သူတို့အချင်းချင်း တစ်သားတည်းပူးပေါင်းနေတာနဲ့ပဲ ငါက သူတို့ကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။ ယိကျိုးစီရင်စုမှာ သူတို့ မရှိတော့ရင် စီမံခန့်ခွဲပေးမယ့် အရာရှိတစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူးလို့ တကယ် ထင်နေကြတာလား … ။

သူ လီယောင့်ကို လှမ်းကြည့်ကာ သူမရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည်။ “ အားလုံးပဲ လောလောဆယ် ဒီအမှုကို ခဏ ဘေးဖယ်ထားပြီး မနေ့တုန်းက ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ကိစ္စကို ဆက်ဆွေးနွေးရအောင်။ ”

အားလုံး ကြောင်အမ်းအမ်းဖြစ်သွားရပြန်ပါသည်။ ယိကျိုးမင်းသား ဘာထပ်လုပ်ဦးမလို့လဲ … ။

“ မနေ့တုန်းက ကျွန်တော် လူတိုင်းကို လက်ရှိရာထူးအတိုင်း ဒီမှာပဲ ဆက်နေမလား ၊ နေပြည်တော်ကို သွားမလားလို့ မေးခဲ့တယ်။ ” ဟု လျို့ယွင်က တည်ငြိမ်ဩရှသော အသံဖြင့် ပြောလိုက်သည်။ “ ဒါပေမဲ့ အခု ခင်ဗျားတို့ ရွေးချယ်စရာ မလိုတော့ဘူး။ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ။ အမှုကို ပြန်စစ်ဆေးဖို့ ကန့်ကွက်တဲ့ လူတွေအကုန်လုံးပဲ … အခုက စပြီး ခင်ဗျားတို့က ယိကျိုးစီရင်စုရဲ့ အရာရှိတွေ မဟုတ်တော့ပါဘူး။ တော်ဝင်တရားရုံးတော်ကို တင်ပြပြီး ရာထူးအပြောင်းအလဲကိုသာ သွားစောင့်နေလိုက်ကြပါတော့။ ”

လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့နှင့် ကျန်လူများသည် သစ်သားပန်းပုရုပ်များအဖြစ် ရုတ်တရက် အသွင်ပြောင်းသွားသလိုမျိုး ဆွံ့အသွားခဲ့ကြသည်။

ဒီယိကျိုးမင်းသားက ဘယ်လိုလုပ် အတင့်ရဲစွာနဲ့ ဒီလိုမျိုး လုပ်ရဲရတာလဲ။ စီမံခန့်ခွဲပေးမယ့် အရာရှိတွေ တစ်ယောက်မှ မရှိတော့ရင် ယိကျိုးစီရင်စု ပရမ်းပတာဖြစ်သွားမှာကို သူ မစိုးရိမ်ဘူးလား … ။

လျို့ယွင်က ဆက်မေးလိုက်သည်။ “ တရားသူကြီးစုန့်။ ခင်ဗျား ယိကျိုးအစိုးရရုံးမှာ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိလား။ ”

“ ဆန္ဒရှိပါတယ်။ ”

“ ကောင်းတယ် ၊ သိပ်ကို ကောင်းတယ်။ ကျွန်တော် ခင်ဗျားကို ယိကျိုးစီရင်စုရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးသတ်မှတ်လိုက်ပြီ တရားသူကြီးစုန့်။ ”

“ မင်းသားရဲ့ အမိန့်ကို နာခံပါ့မယ်။ ”

“ ကာကွယ်ရေးခေါင်းဆောင်ကျန်း … ခင်ဗျားကိုတော့ အုပ်ချုပ်ရေးမှူးစုန့်ကို လိုအပ်တာ ကူညီပေးမယ့် လက်ထောက်အဖြစ် ရာထူးသတ်မှတ်လိုက်မယ်။ ”

“ အမိန့်ကို နာခံပါ့မယ် မင်းသား။ ”

…

မျက်စိတစ်မှိတ်အတွင်းမှာပဲ အုပ်ချုပ်ရေးမှူးရုံးရှိ လစ်ဟာနေတဲ့ ရာထူးတွေကို ခရိုင်တရားသူကြီးတွေက အသီးသီး ခွဲဝေယူလိုက်ကြသည်။

လစ်ဟာသွားတဲ့ ခရိုင်တရားသူကြီးရာထူးတွေအတွက်တော့ လျို့ယွင်သည် တရားသူကြီးတစ်ယောက်ကို ယာယီခန့်အပ်လိုက်ပြီး ခရိုင်နှစ်ခုကို တစ်ပြိုင်တည်း စီမံခန့်ခွဲဖို့သာ တတ်နိုင်သည်။

လူတိုင်းကို ရာထူးအသီးသီး ခန့်အပ်ပြီးတော့မှ လက်ထောက်အုပ်ချုပ်ရေးမှူးလျှို့နှင့် ကျန်လူတွေက ဖျတ်ခနဲ သဘောပေါက်သွားသည်။ ယိကျိုးမင်းသားက ဒီနေ့ သူတို့ကို အမှုစစ်ဆေးခိုင်းဖို့ ဆင့်ခေါ်လိုက်တာ မဟုတ်ဘဲ ဒီအမှုကို အသုံးချကာ သူတို့ကို စမ်းသပ်ပြီး သူ့စကားနားမထောင်တဲ့ အရာရှိတွေကို ဖယ်ရှားပစ်ဖို့ ဆင့်ခေါ်လိုက်တာ ဖြစ်သည်။

သူ့ရဲ့ ရာထူးခန့်အပ်မှုတွေကို ကြည့်ရသလောက် ဒါက အခုမှ ကောက်ခါငင်ခါ ဆုံးဖြတ်လိုက်တာ မဟုတ်ဘဲ အစကတည်းက ကြိုတင်ကြံစည်ထားပြီးသားပင်။

နဝမမြောက်မင်းသားက အမြဲတမ်း သတိလက်လွတ်နေတယ်လို့ ပြောကြတာပါ။ သူ ဘယ်အချိန်တုန်းက ဒီလောက်ထိ ထက်မြတ်သွားတာလဲ … ။ အခုတော့ အခြေအနေတွေက နောက်ကြောင်းပြန်လှည့်လို့ မရတော့ပြီမို့ သူတို့ အတူတူပူးပေါင်းပြီး လျို့ယွင်ကို ချောင်ပိတ်မိအောင် လုပ်မယ့် အစီအစဉ်ဟာလည်း လုံးဝ ရှုံးနိမ့်သွားရပါပြီ။

“ ဒါဆို ကျွန်တော်တို့ ဒီနေ့ပဲ ရာထူးလွှဲပြောင်းပေးပြီး နေပြည်တော်ကို မနက်ဖြန် ပြန်လိုက်ပါ့မယ် ယိကျိုးမင်းသား။ ”

“ အလျင်မလိုပါနဲ့ အလျင်မလိုပါနဲ့။ ” ကိစ္စတွေ သူ့အစီအစဉ်အတိုင်း ဖြစ်လာတော့မှ လျို့ယွင်သည် စိတ်အေးသွားတဲ့ သက်ပြင်းလေးကို မှုတ်ထုတ်နိုင်သည်။ “ ဒီအမှုကို အုပ်ချုပ်ရေးမှူးစုန့် သေချာ စစ်ဆေးပြီးတော့မှ ခင်ဗျားတို့ သွားလည်း အရမ်း နောက်မကျေသေးပါဘူး။ ”

လူတိုင်းရဲ့ နှလုံးသားထဲမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ ဒီအကွက်ရွေ့မှုကတော့ ရက်စက်လွန်းပါသည်။

ဒီနှစ်တွေတစ်လျှောက်လုံး သူတို့ ယိကျိုးစီရင်စုမှာ တိတ်တဆိတ် ရှာလာခဲ့တဲ့ ငွေကြေးတွေက ပွဲစားကျန်းနှင့် အိမ်ခြံမြေလုပ်ငန်းနှင့် အများဆုံး ပတ်သက်နေတာ ဖြစ်သည်။ ခရေစေ့တွင်းကျ စစ်ဆေးလိုက်လို့ သူတို့ ပြစ်ဒဏ်မချမှတ်ခံရရင်တောင် ရှာထားသမျှ ပိုက်ဆံတွေကို ဒဏ်ငွေဆောင်ရလိမ့်မည်။

ဒီ လျို့ယွင် ဆိုတဲ့ ကောင်က တကယ့်ကို အကြင်နာတရားကင်းမဲ့လွန်းတယ် … ။

အုပ်ချုပ်ရေးမှူးစုန့်က “ အားလုံးပဲ ကျွန်တော် ဒီအမှုကို အတွင်းကျကျ စစ်ဆေးပြီးတဲ့ အချိန်ထိ ကျေးဇူးပြုပြီး ရုံးတော်ထဲမှာပဲ စောင့်နေပေးကြပါ။ ” ဟု ပြောလိုက်လျှင် လူတိုင်း စိတ်ထဲကနေ ပင့်သက်ရှိုက်လိုက်ကြလေသည်။

ဒီအုပ်ချုပ်ရေးမှူးစုန့်က မူလတုန်းက ပေကျင်းမှာ အရာရှိလုပ်ခဲ့တာမို့ သူ့မိသားစုက နေပြည်တော်မှာ အတော်လေး အာဏာရှိသည်။ အခု သူ့ရာထူးက ဒီမှာ ရှိနေတဲ့ လူတွေအားလုံးထက် ပိုမြင့်တဲ့ တတိယအဆင့် အရာရှိအဖြစ် တိုးမြှင့်ခံလိုက်ရပြီ ဖြစ်၍ သူ့ကိုလည်း သွားမထိရဲပါ။

သူတို့ လုပ်နိုင်တာ ဆိုလို့ ကံကြမ္မာကိုသာ ပုံအပ်ထားပြီး ဒဏ်ငွေနည်းနည်းပဲ ဆောင်ရအောင် ဘယ်လို လုပ်ရမလဲ ၊ ပွဲစားကျန်းကိုပဲ အပြစ်တွေ သိမ်းကြုံးခံရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို စဉ်းစားဖို့ပဲ လုပ်နိုင်တော့သည်။

…

ရုံးတော်ရဲ့ အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာတဲ့ အုပ်ချုပ်ရေးမှူးစုန့်သည် ပွဲစားကျန်းရဲ့ ရုံးကို အတွင်းကျကျ မွှေနှောက်ရှာဖို့ နေ့တစ်ဝက်ပဲ အချိန်ယူလိုက်ရကာ တစ်စက်လေးမှ ရိုးသားဖြောင့်မတ်မှုမရှိတဲ့ သူ့တပည့်တွေက ပွဲစားကျန်း လုပ်ခဲ့သမျှ အရာအားလုံးကို ဝန်ခံခဲ့ကြသည်။

ဒါပေမဲ့ ပွဲစားကျန်းကတော့ တင်းခံထားဆဲဖြစ်ပြီး အကုန်လုံးက သူတစ်ယောက်တည်းရဲ့ အကြံအစည်တွေမို့ ရင်းနှီးမြုပ်နှံသူတွေနှင့် မဆိုင်ပါဘူးဟု ဇွတ်အတင်း ငြင်းကာ အပြစ်တွေအကုန်လုံးကို တစ်ယောက်တည်း ခေါင်းမာစွာ ခံယူသွားခဲ့သည်။

နောက်ဆုံးမှာတော့ အုပ်ချုပ်ရေးမှူးစုန့်သည် ပွဲစားကျန်းအား သူ လိမ်ညာထားသမျှ ပိုက်ဆံတွေအကုန်လုံးကို ပြန်လည်ပေးအပ်ပြီး မြောက်ပိုင်းနယ်စပ်သို့ သွား၍ တာ့လင်စစ်တပ်အတွက် စားနပ်ရိက္ခာနှင့် မြင်းစာတွေ သယ်ယူပို့ဆောင်ပေးဖို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။

လီယောင် ဝယ်ယူထားတဲ့ အိမ်ငါးလုံးကတော့ သေချာပေါက်ပင် သူမ ပြန်ပေးစရာ မလိုပါ။ တစ်ထိုင်တည်းနှင့် အိမ်ငါးလုံးကို ပိုင်ဆိုင်သွားတဲ့ လီယောင်က ဒီတစ်ခေါက် အချီကြီး ပွပေါက်တိုးသွားသည်ဟု ပြောလို့ ရသည်။ သို့သော်လည်း သူမက ဝမ်အာနှင့် တုရှောင်ဟွေ့တို့ ကျောင်းဖွင့်လှစ်ရန် နေရာပေးဖို့အတွက် တခြား အိမ်လေးလုံးကို ရောင်းချဖို့ စိတ်ကူးမရှိပေ။

ညနေဘက်ရောက်တော့ တရားသူကြီးစုန့်က သူ့အလုပ်တွေကို လက်စသတ်ပြီး ဇနီးဖြစ်သူနှင့်အတူ လီယောင့်အိမ်ကို သွား‌လည်ခဲ့သည်။ အိမ်သာနှင့် မီးဖိုချောင်ကို အသစ်ပြင်ဆင် ဆောက်လုပ်ဖို့ ညွှန်ကြားနေတဲ့ လီယောင်က အုပ်ချုပ်ရေးမှူးလီတို့လင်မယားကို မြင်တော့ ပြုံးသည်။ “ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးသွားတဲ့ လူကြီးမင်းစုန့်ကို ဂုဏ်ပြုပါတယ်။ ”

“ ကျေးဇူးပါဗျာ ကျေးဇူးပါ။ ” အုပ်ချုပ်ရေးမှူးစုန့်ကတော့ ကြည့်ရတာ အရမ်းကြီး ပျော်ရွှင်ပုံမပေါ်ပေ။ “ တကယ်တော့ ဘာမှ ဂုဏ်ပြုစရာလည်း မရှိပါဘူး။ ”

ဒီစကားကိုသာ လျို့ယွင် ကြားရင် အနည်းငယ် စိတ်မသက်မသာဖြစ်နိုင်လောက်သော်လည်း ဒါက အမှန်တရားပဲ ဖြစ်သည်။

ယိကျိုးစီရင်စုမှာ နေထိုင်ပြီး မင်းသားလျို့ယွင်အတွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်းက နေပြည်တော်ကို ပြန်ဖို့ လုံးဝနီပါး မျှော်လင့်ချက်မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါ့ကြောင့် ဒီရာထူးက သူ ရနိုင်တဲ့ အမြင့်ဆုံး ရာထူး ဖြစ်သည်။

ဒါပေမဲ့ သူ နေပြည်တော်ကို ပြန်သွားရင်တော့ ထုံးတမ်းအစဉ်အလာအရ သူ့အထက်မှာ တစ်ယောက်ပဲ ရှိပြီး သူ့လက်အောက်မှာ လူသိန်းပေါင်းများစွာ ရှိတဲ့ ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခံရနိုင်ပါသည်။

စီရင်စုတစ်ခုရဲ့ အုပ်ချုပ်ရေးမှူးရာထူးနှင့် တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်ရာထူးတို့က မိုင်ပေါင်းသိန်းချီ၍ ကွာဟနေသော ရာထူးဂုဏ်ဒြပ်တစ်ခုပင်။

“ ဒီနေ့ ယိကျိုးမင်းသားက စီရင်စုတပ်ဖွဲ့တွေကို လက်လွှဲအုပ်ချုက်မယ် ဆိုတဲ့ သတင်းကြားတယ်။ ” ဟု အုပ်ချုပ်ရေးမှူးစုန့်က ပြောလိုက်သည်။ “ အဲ့ကိစ္စက ချောချောမွေ့မွေ့မဖြစ်တဲ့ပုံပဲ။ စစ်တပ်ထဲက ဗိုလ်ချုပ် တော်တော်များများက ဒီရာထူးမှာ မနေချင်ကြဘူးတဲ့။ ”

စစ်တပ်အရာရှိတွေက အစိုးရအရာရှိတွေနှင့် ကွဲပြားခြားနားသည်။ အစိုးရအရာရှိတွေရဲ့ ရာထူးမှာ တစ်ယောက်ယောက်ကို ရှာပြီး လူစားထိုးလိုက်လို့ ရပေမဲ့ စစ်တပ်အရာရှိတွေရဲ့ နေရာမှာတော့ တစ်ယောက်ယောက်ကို အလွယ်တကူ လူစားထိုးခြင်းက တပ်သားတွေကို ယုံကြည်ချက်ပျက်ပြားစေလိမ့်မည်။

အဲ့ဒီအခါ တပ်သားတွေက အမိန့်ကို နားထောင်တော့မှာ မဟုတ်သလို ဝတ်ကျေတန်းကျေလောက်ပဲ လုပ်ပြီး ပျင်းရိလာကြလိမ့်မည်။ အဲ့ဒါက သိပ်ကို အန္တရာယ်များပါသည်။

“ ခက်တာက ဝမ်စန်းကလည်း ဒီမှာ မရှိဘူး။ ” ဟု အုပ်ချုပ်ရေးမှူးကတော်က ပြောလိုက်သည်။ “ သူသာ ရှိရင် အနည်းဆုံးတော့ တပ်စုခေါင်းဆောင်အဖြစ် လုပ်ပေးနိုင်မှာပဲ။ ”

ဝမ်စန်းက မြောက်ပိုင်းနယ်စပ်မှာ ရောက်နေပြီး နေကောင်းကျန်းမာ အဆင်ပြေရဲ့လားပင် မသိရပါ။ သိုင်းပညာကို အသင့်အတင့် သင်ယူထားသော်လည်း ‌ကျောင်းစာသင်ဖို့ကိုတော့ လျစ်လျူရှုထားခဲ့တဲ့ ထိုကလေးသည် အခုအချိန်ထိ အိမ်ကို စာတစ်စောင်သာ ရေးဖူးပြီး ထိုစာကလည်း သူများ ရေးပေးထားတာ ဖြစ်သည်။

“ ကျွန်မအထင်တော့ ယိကျိုးမင်းသားမှာ အဲ့ဒါကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိမှာပါ။ ”

“ ဟုတ်တယ်။ သူ နန့်ကျောက်နယ်စပ်မှာ စခန်းချထားတဲ့ နယ်စပ်စစ်တပ်ထဲက လျို့ဟူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီကို လာဖို့ ဆင့်ခေါ်ထားတယ် ၊ ပြီးတော့ ကာကွယ်ရေးခေါင်းဆောင်ကျန်းကိုလည်း ကျုပ်ဆီကနေ ငှားရမ်းထားတယ်။ ”

“ ကာကွယ်ရေးခေါင်းဆောင်ကျန်း …… ”

အုပ်ချုပ်ရေးမှူးစုန့်က ပြုံးလိုက်သည်။ “ သူက တော်တော်လေး အရည်အချင်းရှိပါတယ်။ တပ်စုခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်တာက သူ့အတွက် အခက်အခဲမရှိလောက်ဘူး။ ”

မျှော်လင့်မထားစွာဖြင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းလည်း ဒီအခြေအနေကြောင့် ရာထူးတိုးသွား၏။ အမှန်တကယ် ဝမ်းမြောက်ဝမ်းသာဖြစ်ရတဲ့ ကိစ္စမို့ ခဏနေရင် လူလွှတ်ပြီး သူ့ကို ဂုဏ်ပြုခိုင်းရမည်။

လျို့ဟူနှင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းတို့ ရှိရင် ယိကျိုးစီရင်စုရဲ့ ဒေသတွင်းစစ်တပ်က လောလောဆယ်တော့ အခြေငြိမ်လောက်ပါရဲ့။

ရက်ပိုင်းလောက်အတွင်းမှာ အဆုံးမရှိတဲ့ ငြိမ်းချမ်းမှုတွေ ရောက်လာတော့မည်ဟု လီယောင် ခံစားရသည်။ သူမအတွက် နောက်ထပ် လုပ်စရာ ဆိုလို့ ဝမ်အာ စီရင်စုစာမေးပွဲဖြေတာကို စောင့်ဖို့သာ ကျန်ပါတော့သည်။

…

All Chapters