ပါရမီစွမ်းရည်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း
Vol. 5 Ch. 43
မြေခွေးနတ်ဆိုး၏ပုံရိပ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ကုတင်ခေါင်းရင်းတွင် ထိုင်လိုက်လေသည်။
သူမသည် လက်မောင်းကို ဆုပ်ကိုင်ထားရင်း ကြောက်ရွံ့မှု အနည်းငယ် ကျန်ရှိနေသေးသော မျက်လုံးများဖြင့် ပြူးကျယ်စွာ ကြည့်နေ၏။
ထို့နောက် မျက်နှာပေါ်တွင် အရှက်ရမှုနှင့် အေးစက်သော လှောင်ပြောင်မှုတို့ ယှဉ်တွဲပေါ်ပေါက်လာချေသည်။
"ကောင်းပြီ... ကောင်းပါပြီလေ... လင်းမိသားစုက ငါ့ကို လိမ်တယ်လို့ ထင်နေတာ၊ တကယ်တမ်းကျတော့ ယင်လန်ကို သတ်သွားတာ နင်ဖြစ်နေတာကိုး"
စကားပြောနေရင်းပင် မြေခွေးနတ်ဆိုးသည် စောင်ကို ရုတ်တရက် ဆွဲလှန်ပစ်လိုက်လေသည်။
လင်းပိုင်ဝေ့သည် ပါးလွှာသော အတွင်းခံအဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး ပခုံးသားများ ပေါ်နေ၏။
သူမ၏လှပသော မျက်နှာလေးပေါ်တွင် ဒဏ်ရာအချို့ ရှိနေပြီး နှုတ်ခမ်းထောင့်တွင် ခြောက်သွေ့နေသော သွေးစများ ကပ်ငြိနေပေသည်။
သူမ၏မျက်ဝန်းများမှာ ဝေဝါးနေပြီး သတိမလွတ်စေရန် အနိုင်နိုင် ကြိုးစားနေရပုံရချေသည်။
မြေခွေးနတ်ဆိုးသည် သူမ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ချွန်ထက်သော လက်သည်းများကို အသားထဲသို့ ရက်စက်စွာ စိုက်ဝင်စေလိုက်ပေသည်။
သူမ၏အသံသည် စူးရှစွာ ထွက်ပေါ်လာလေ၏။
"ဒီကောင်မကို နှိပ်စက်ပြီးအိပ်ဖို့၊ပြီးရင် ရှင်းပစ်ဖို့ ငါ နင့်ကို ခိုင်းထားတာလေ... ဒါကို နင်က သူ့ဆီကနေ သိုင်းပညာတွေတောင် သင်ထားသေးတယ်ပေါ့"
"တော်လိုက်တဲ့ ဆရာပါလား... ဒုဗိုလ်ချုပ်လင်းရယ်... ငါမွေးထားတဲ့ ခွေးတစ်ကောင်ကို နင်က အလွယ်လေး ဆွဲဆောင်နိုင်ခဲ့တာပဲ၊ သူ့ကို အမြတ်ထုတ်တာတွေ ဘာတွေရော မလုပ်ခဲ့ဘူးလား"
သူမတို့၏မျက်နှာများသည် ထပ်တူညီနေသော်လည်း မြေခွေးနတ်ဆိုး၏မျက်လုံးများထဲတွင်မူ မနာလိုဝန်တိုမှုများ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်မည့် အရိပ်အယောင်များ ပေါ်လွင်နေပေသည်။
ထိုရာထူးအမည်ကို ခေါ်ဝေါ်လိုက်သည့် ခဏ၌ လင်းပိုင်ဝေ့၏ဝေဝါးနေသော မျက်ဝန်းထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
ခဏအကြာတွင် သူမသည် အားနည်းနေသော်လည်း ဖျော့တော့သော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်ကာ ပြောလိုက်၏။
"နင် စကားတွေ များလွန်းတယ်၊တော်ပါတော့... ငါ ဗိုက်ဆာနေပြီ"
လင်းပိုင်ဝေ့ မျက်လုံးမှိတ်သွားသည်ကို ကြည့်ရင်း။
မြေခွေးနတ်ဆိုး၏အကြည့်များ တဖြည်းဖြည်း အေးစက်လာကာ မထီမဲ့မြင် ပြုံးလိုက်လေသည်။
"ကျောထောက်နောက်ခံ တောင့်တင်းတဲ့လူက တကယ်မတူပါဘူးနော်... ဒီလို ဒုက္ခရောက်နေတာတောင် တည်ငြိမ်နေနိုင်သေးတယ်... ဘာလို့ ဟန်ဆောင်နေဦးမှာလဲ၊ ငါက နင့်ကို မသတ်နိုင်ပေမယ့် သူကရော နင့်ကို မသတ်နိုင်ဘူးများ ထင်နေလား"
ထိုစကားကြောင့် လင်းပိုင်ဝေ့၏မျက်နှာတွင် ခံစားချက်အချို့ ပေါ်လာပြီး နှုတ်ခမ်းကို တိတ်ဆိတ်စွာ စေ့လိုက်မိလေသည်။
"..."
မြေခွေးနတ်ဆိုးသည် ဘေးတိုက်ကြည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်ပြန်ပေသည်။
"ကြင်နာမှုလေး နည်းနည်းပေးလိုက်တာနဲ့ ပါသွားတဲ့ နင်ကလေ... သူ တကယ်ပဲ စိတ်ရင်းကောင်းတယ်လို့ ထင်နေတာလား။ ဝက်ဦးနှောက်ရဲ့... သူ့ဆရာရဲ့ဂုဏ်ဒြပ်အရဆိုရင် အဲဒီနေ့က နင် သူ့ကို ကြိုးတုပ်ခဲ့တာနဲ့တင် နင့်ကို အစိပ်စိပ်အမွှာမွှာ ခုတ်သတ်လို့ရတဲ့ ပြစ်မှုဆိုတာ နင် သိရဲ့လား"
ရှန်းယီသည် သူ့ရှေ့ရှိ ကြေးခေါင်းလောင်းလေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိလေသည်။
အစမှအဆုံးတိုင် မြေခွေးနတ်ဆိုးသည် ထိုအရာကို အာရုံစိုက်ခြင်း မရှိသော်လည်း ဤပစ္စည်းသည် လေမတိုက်ဘဲ လှုပ်ရှားနေ၏။
အထွတ်အထိပ်အဆင့်ရောက်ရှိနေသော သွေးနတ်ဆိုးဆေဘာသိုင်းကွက် ဖြင့် တိုက်ခိုက်ခဲ့သော်လည်း သူ၏ဓားနက်ကြီးသည် နောက်ထပ် လက်မဝက်ခန့်ပင် တိုးဝင်၍ မရနိုင်ခဲ့ချေ။
၎င်းသည် လက်နက်တစ်ခုထက် သူ စိတ်ကူးဖူးသော အကာအကွယ် မှော်လက်နက်တစ်ခုနှင့် ပိုတူနေပေသည်။
ဤကမ္ဘာမှ နတ်ဆိုးအတတ်ပညာများမှာ ဤမျှအထိ ဆန်းကြယ်လိမ့်မည်ဟု ထင်မထားမိချေ။
နာမည်ကျော်ကြားသော နတ်ဆိုးမျိုးနွယ်စုမှ ဆင်းသက်လာသည်နှင့်အညီ ဒုတိယမျိုးဆက် နတ်ဆိုးပေါက်စလေး တစ်ကောင်ကပင် သူ့အား ဗဟုသုတများ တိုးပွားစေခဲ့လေသည်။
"ငါပြောတာကို နင် နားရောထောင်နေရဲ့လား"
မြေခွေးနတ်ဆိုးသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကြေးခေါင်းလောင်းကြိုးကို သူမလက်ချောင်းများထံ ပြန်လည်ခေါ်ယူလိုက်ရာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
စိတ်နှလုံး မငြိမ်မသက် ဖြစ်နေသော်လည်း လင်းပိုင်ဝေ့သည် နှုတ်ခမ်းထောင့်ကို မဲ့လိုက်မိသည်။
ဤလူ၏ဂရုမစိုက်တတ်သော အကျင့်သည် သူမတစ်ယောက်တည်းအပေါ် သက်ရောက်နေခြင်း မဟုတ်ပေ။
ရှန်းယီသည် သူ၏ဓားရှည်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ထိုအမျိုးသမီးနှစ်ဦးထံသို့ လျှောက်သွားလိုက်လေသည်။
"ရပ်လိုက်... မလှုပ်နဲ့နော်"
ယခင်က ဓားချက်သည် ပြင်းထန်လွန်းသဖြင့် စိတ်ဒဏ်ရာ အနည်းငယ် ရသွားသည်လား မသိပေ။
သူ လျှောက်လာသည်ကို မြင်သောအခါ မြေခွေးနတ်ဆိုးသည် မသိစိတ်ဖြင့် သူမ၏လက်ကို တင်းကျပ်လိုက်ရာ လင်းပိုင်ဝေ့၏လည်ပင်းမှ သွေးနီများစီးကျလာပြီး သူမ ညည်းညူကာ မျက်မှောင်ကြုတ်လိုက်ရသည်။
သို့သော် လူငယ်လေးသည် နားမကြားသူကဲ့သို့ ဆက်လက်လျှောက်လှမ်းလာပြီး သူမရှေ့တွင် ရပ်တန့်လိုက်လေသည်။
မြေခွေးနတ်ဆိုးသည် သူ၏မျက်နှာပေါ်ရှိ ဂရုမစိုက်သော အမူအရာကို ကြည့်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။
ရှန်းယီနှင့် လင်းပိုင်ဝေ့တို့၏ဆက်ဆံရေးသည် သူမ ထင်မှတ်ထားသလောက် ရင်းနှီးပုံ မရချေ။
တစ်ဦးကိုတစ်ဦး မြတ်နိုးသော ချစ်သူရည်းစား မပြောနှင့်၊ ခဏတာ ဆရာတပည့် ဆက်ဆံရေးမျိုးပင် မဟုတ်နိုင်ပေ။
"နင် သူ့ကို ဂရုမစိုက်ဘူးဆိုရင် ဘာလို့ ပြတ်ပြတ်သားသား မလုပ်တာလဲ... လက်စလက်န ဖျောက်လိုက်ပါလား။ နင့်ကို မြောက်ဘက်ကမ်းပါး ဘက်ကို သွားပြီး ပုန်းရှောင်ခွင့် ပေးမယ်... ယင်လန် သေသွားတဲ့ကိစ္စကိုလည်း ထားပေးလိုက်မယ်..."
မြေခွေးနတ်ဆိုးသည် ခဏမျှ တုံ့ဆိုင်းပြီးနောက် တစ်ဖက်လူ ငြင်းဆန်နိုင်မည်မဟုတ်သော ကမ်းလှမ်းချက်တစ်ခုကို ပေးလိုက်လေသည်။
ရှန်းယီသည် နတ်ဆိုးနှိမ်နင်းရေးဌာနကို ပြစ်မှားထားပြီးဖြစ်ရာ မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။
သူတို့နှစ်ဦးလုံး လှေတစ်စင်းတည်း စီးနေကြသူများ ဖြစ်ပေသည်။ ထိုသောက်ကျိုးနည်း နတ်ဆိုးနှိမ်နင်းရေး တပ်မှူးများသည် စီရင်စုမြို့ထဲသို့ တိတ်တဆိတ် စိမ့်ဝင်ရောက်ရှိနေကြပြီ ဖြစ်သည်။
သူမသည်လည်း လင်းမိသားစုတွင် ကစားရတာ ငြီးငွေ့နေပြီဖြစ်ရာ ဤကစားပွဲကို အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်ချေသည်။
ထိုစကားကို ကြားသောအခါ လင်းပိုင်ဝေ့သည် မျက်လုံးများကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပြီး လူငယ်လေးကို ကြည့်လိုက်ပေသည်။
သူမ၏နှုတ်ခမ်းနီလေးများ လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ရှင်းပြချင်သော်လည်း အားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။
မူလက သူမတို့ ပိုမိုရင်းနှီးလာသည့်အချိန်ကျမှ သူမ၏ဂုဏ်ဒြပ်မှန်ကို ဖွင့်ပြောရန် အခွင့်အရေးရှာဖို့ စိတ်ကူးထားခဲ့၏။
ယခု မြေခွေးနတ်ဆိုးက အရာအားလုံးကို ဖော်ထုတ်လိုက်ပြီဖြစ်ရာ ရှန်းယီ၏သတိကြီးသော သဘာဝအရ သူမ မည်မျှပင် ပြောစေကာမူ သူမ၏ အာမခံချက်များကို ယုံကြည်လာအောင် လုပ်နိုင်မည် မဟုတ်တော့ပေ။
သူမ တွေးတောနေစဉ်မှာပင် ရှန်းယီ လက်မြှောက်လိုက်သည်ကို ရုတ်တရက် မြင်လိုက်ရပေသည်။
ဖြောင်း
မြေခွေးနတ်ဆိုး၏မျက်နှာပေါ်တွင် လက်ချောင်းရာကြီး ထင်ကျန်ရစ်ခဲ့လေသည်။ သူမ အငိုက်မိသွားခြင်း ဖြစ်သည်။
ကနဦးနယ်ပယ် ကို ကျော်လွန်သော ပြင်းထန်သည့် စွမ်းအားများ သူ၏လက်ချောင်းထိပ်များမှ ပေါက်ကွဲထွက်လာ၏။
နုနယ်ပုံရသော မြေခွေးနတ်ဆိုး၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ ရိုက်ချခြင်းကို ခံလိုက်ရပြီးနောက် လူငယ်လေးသည် သူမ၏လည်ပင်းကို ဖမ်းဆုပ်ကာ တံခါးဆီသို့ အားကုန် ပစ်ပေါက်လိုက်ပေတော့သည်။
"သူ့ကို သတ်လည်း မသတ်ရဲဘဲနဲ့၊ ရက်စက်ချင်ယောင် ဆောင်နေသေးတယ်"
ရှန်းယီသည် လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း လှည့်ကြည့်လိုက်လေသည်။
မြေခွေးနတ်ဆိုးသည် ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး မျက်နှာများမယုံကြည်နိုင်စွာဖြင့် ရှုံ့မဲ့နေ၏။
သူမ၏ကိုယ်ပေါ်တွင် အမွေးရှည်များ ထွက်ပေါ်လာပြီး နှုတ်ခမ်းများ စူထွက်ကာ ကျိုးပဲ့သွားသော သွားများကို ထွေးထုတ်လိုက်ရလေသည်။
သာမန်ဟု ထင်ရသော ပစ်ပေါက်လိုက်ခြင်းသည် သူမ၏နံရိုးအချို့ကို ကျိုးသွားစေခဲ့ပေသည်။
သူမ မော့ကြည့်လိုက်သောအခါ သူမ၏မြေခွေးမျက်နှာတွင် အာဃာတတရားများ ပြည့်နှက်နေလေသည်။
"နင် သေပြီမှတ်... တတိယဦးလေးကြီးဆီ ပြန်ရောက်ရင်တိုင်ပြီး နင့်အရေခွံကို ငါကိုယ်တိုင် ခွာပစ်မယ်..."
နတ်ဆိုးနှိမ်နင်းရေးဌာနရော၊ မြောက်ဘက်ကမ်းပါး မြေခွေးမျိုးနွယ်စုကိုပါ ရန်စလိုက်ပြီဖြစ်ရာ တစ်ဖက်လူသည် ချင်ကျိုးနယ်မြေတွင် အသက်ရှင်နေထိုင်ရန် လမ်းစ မရှိတော့ပေ။
လင်းပိုင်ဝေ့သည် သူမရှေ့ရှိ ဖြောင့်မတ်သော ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း ကြက်သေသေ ဖြစ်နေမိလေသည်။
တစ်ဖက်လူသည် သူမ၏ဇာစ်မြစ်ကို အနည်းဆုံးတော့ မေးမြန်းလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့၏။
သူမသည် ရက်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ပြီး အကယ်၍ တစ်ဖက်လူသာ အရာအားလုံးကို သိသွားပါက စိတ်ပျက်လက်ပျက်ဖြင့် သူမကို နှုတ်ပိတ်သတ်ဖြတ်ပစ်မည်ကို စိုးရိမ်ခဲ့သောကြောင့် ဖြစ်ပေသည်။
ယခု အရာအားလုံး ပေါ်သွားချိန်တွင် ရှန်းယီ၏ ပြတ်သားသော လုပ်ရပ်သည် သူမ ထင်မှတ်ထားသည်နှင့် လုံးဝ ကွာခြားနေချေသည်။
...
လင်းပိုင်ဝေ့၏တင်းကျပ်နေသော စိတ်နှလုံးသည် နောက်ဆုံးတွင် အနည်းငယ် လျော့ပါးသွားပြီး ဟန်ဆောင်ထားသော တည်ငြိမ်သည့် အပြုံးလေး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
အမှန်တကယ်တွင် နှုတ်ခမ်းကွဲနေချိန်၌ ပြုံးရသည်မှာ အလွန် နာကျင်လှပေသည်။
သူမသည် အသက်ရှူခြင်းကို ထိန်းညှိလိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်ပေသည်။
"သူ့ကို ဂရုမစိုက်ပါနဲ့၊ သူ့စိတ်က သိပ်မှန်တာ မဟုတ်ဘူး"
သူမ ဘိုင်ယွင်စီရင်စုတွင် ရှိနေသမျှ ကာလပတ်လုံး မြေခွေးနတ်ဆိုး၏တတိယဦးလေးသည် ဤနေရာသို့ အလွယ်တကူ ခြေချရဲမည် မဟုတ်ပေ။
သို့မဟုတ်ပါက သူသည် သူမ၏သွေးကြောကွက်များကို ပိတ်ဆို့ပြီး စီရင်စုမြို့သို့ ပြန်လွှတ်ရုံသာ လုပ်ခဲ့မည် မဟုတ်ချေ။
သူမကို သတ်ရန် ကြံစည်ခြင်းသည် ဤမြေခွေးမလေး၏ကိုယ်ပိုင်သဘောဆန္ဒသာ ဖြစ်သည်။
လင်းပိုင်ဝေ့သည် ရှန်းယီကိုလည်း မြေခွေးနတ်ဆိုးနှင့် သိပ်ပြီး မငြိစွန်းစေချင်ပေ။
ထိုအကြီးအကဲ ပေးသနားထားသော ကြေးခေါင်းလောင်း အကာအကွယ် ရှိနေသမျှ သာမန် ကျောက်စိမ်းအဆင့် သိုင်းသမားတစ်ဦးသည် အထူးပြင်းထန်သော နည်းလမ်းများ မရှိပါက တစ်ဖက်လူကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
ယခင် ဓားချက်သည် သူမ၏အသက်အန္တရာယ်ကို မထိခိုက်စေသည့်အပြင် မြေခွေးနတ်ဆိုးကလည်း တုံ့ပြန်ခြင်းမရှိသောကြောင့် ကြေးခေါင်းလောင်း အာနိသင် မပြခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မြေခွေးနတ်ဆိုးသည် အသက်လုတိုက်ခိုက်ရမည့်အခြေအနေသို့ ရောက်သွားပြီး ရက်စက်မှုများ ပေါက်ကွဲလာပါက... ထိုအချိန်မှာပင် ရှန်းယီ ရှေ့သို့ လှမ်းသွားသည်ကို လင်းပိုင်ဝေ့ ရုတ်တရက် မြင်လိုက်ရသည်။
သူမသည် နာကျင်မှုကို ကြိတ်မှိတ်ကာ သူ့လက်မောင်းစကို လှမ်းဆွဲလိုက်မိသည်။
"ကျွန်မ တကယ် ဘာမှမဖြစ်ပါဘူး... ရှင် လုပ်စရာ မလိုပါဘူး..."
ရှန်းယီ လှည့်ကြည့်လိုက်ပြီး သူမကို ထူးဆန်းသလို ကြည့်လိုက်လေသည်။
ထိုအကြည့်အောက်တွင် လင်းပိုင်ဝေ့သည် နှုတ်ခမ်းကို စေ့လိုက်မိပြီး ရုတ်တရက် နေရခက်သလို ခံစားလိုက်ရပေသည်။
မြေခွေးနတ်ဆိုးကဲ့သို့ပင် သူမလည်း တစ်စုံတစ်ခုကို အထင်လွဲမိပြီ ထင်ပေသည်။
"ကျွန်မ အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး... ရှင်... ရှင်က သူ့ပြိုင်ဘက် မဟုတ်လို့ပါ..."
ပြောလေလေ ပိုရှုပ်လေလေ ဖြစ်နေပြီး သူမ၏ပုံမှန် တည်ငြိမ်မှုနှင့် ထက်မြတ်သောဉာဏ်များ ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေချေသည်။
...
မြေခွေးနတ်ဆိုးသည် ဖြည်းညင်းစွာ ထထိုင်လိုက်ပြီး ထိုနှစ်ယောက်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ လက်ထဲမှ ခေါင်းလောင်းကို မြှောက်လိုက်လေသည်။
ခေါင်းလောင်းသံ ကြည်လင်စွာ ထွက်ပေါ်လာပြီး လေထုတစ်ခုလုံး ခဲသွားသကဲ့သို့ ဖြစ်သွား၏။
ယခင်ကနှင့် ယှဉ်လျှင် ယခုကဲ့သို့ တက်ကြွစွာ ထိန်းချုပ်လိုက်သောအခါ သူမ၏အရှိန်အဝါ လျင်မြန်စွာ ကျဆင်းသွားသော်လည်း ကြေးခေါင်းလောင်း၏စွမ်းပကားမှာ ဆယ်ဆမက တိုးပွားလာလေသည်။
သူမနှင့် ဤမိန်းမသည် မျက်နှာချင်းတူပြီး အဝတ်အစားချင်း တူညီနေသော်လည်း ကံတရားချင်း မတူညီသည်ကို မြေခွေးနတ်ဆိုး နားမလည်နိုင်အောင် ဖြစ်နေမိသည်။
တစ်ဖက်လူသည် အမြဲတမ်း ကံကောင်းလွန်းလှပေသည်။
တတိယဦးလေးကြီးနှင့် တွေ့သည့်တိုင် အသက်ဘေးမှ လွတ်မြောက်ခဲ့လေ၏။ယုတ်မာသော နှိမ်နင်းရေးအရာရှိ၏ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော်လည်း ယနေ့ထိတိုင် အပျိုစင်ဘဝ မပျက်စီးဘဲ ခြစ်ရာတစ်ခုပင် မရရှိခဲ့ပေ။
သူမ၏လည်ပင်းကို ချိုးပစ်လုနီးပါး ဖြစ်နေချိန်တွင်ပင် ထို စိတ်ပျက်ဖွယ်ကောင်းသော အပြုံးကို အတင်းအကျပ် ပြုံးနိုင်သေးသည်။
မြေခွေးနတ်ဆိုး၏မျက်လုံးထဲမှ မနာလိုမှုများသည် တဖြည်းဖြည်း ပြင်းထန်လာပြီး မီးတောက်ကဲ့သို့ ဖြစ်လာလေသည်။
"နင်လို ခွေးကောင်ကတောင် သူ့ဘက်ပါနေသေးတာပဲ... သူ့ကို မသတ်နိုင်ရင်တောင် နင့်ကိုအရင် သတ်ပစ်မယ်"
လက်ထဲတွင် ဓားတိုနှစ်ချောင်းကို ကိုင်ဆောင်လျက် ကြေးခေါင်းလောင်း၏အသံများကြားတွင် သူမသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှန်းယီထံသို့ ရုတ်တရက် ခုန်အုပ်လိုက်လေသည်။
လင်းပိုင်ဝေ့သည် ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပေသည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် နတ်ဆိုးကြီးနှင့် တွေ့ဆုံခဲ့စဉ်ကပင် သူမ၏စိတ်သည် တည်ငြိမ်နေခဲ့သော်လည်း ယခုအခါတွင်မူ ရှားပါးလှသော ထိတ်လန့်မှု အရိပ်အယောင်များ သူမမျက်နှာပေါ်တွင် ပေါ်ပေါက်လာချေသည်။
ထိုစဉ် ရှန်းယီက သူမ၏လက်ကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်ကို သူမ သတိထားမိလိုက်ပေသည်။
ဤသို့သော မှော်လက်နက်ထောင်ချောက်ထဲတွင် တစ်ဖက်လူသည် လှုပ်ရှားနိုင်သေးသည်လော။
နောက်တစ်ခဏတွင် မမြင်နိုင်သော အရှိန်အဝါများသည် အခန်းထဲတွင် စုစည်းလာပြီး မျက်စိဖြင့်မြင်တွေ့ရလောက်သည်အထိ သိပ်သည်းလာချေသည်။
ပျံသန်းနေသော ဓားမြှောင်များကဲ့သို့ လေထဲတွင် ဝဲပျံနေကြ၏။
လူ့လောကမဟုတ်သည့်အလား ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုနှင့်အတူ အေးစက်သည့် သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့သွားလေသည်။
မြေခွေးနတ်ဆိုးသည် ဓားတိုကို ကိုင်ထားရင်း ခံစားချက်မဲ့နေသောမျက်နှာဖြင့် လက်ကိုချလျက် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်မိသည်။
ရှန်းယီသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေ၏။ မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်ဝန်းများမှာ ရေတွင်းဟောင်းတစ်ခုကဲ့သို့ နက်နဲသောအငွေ့အသက်များပေးနေပေသည်။
စိတ်ဆန္ဒအနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မြေခွေးနတ်ဆိုးသည် အရှိန်အဝါတစ်ခု၏ပိတ်လှောင်ခြင်းကို ခံလိုက်ရပြီး တစ်စုံတစ်ယောက်က သူမ၏လည်ပင်းကို ညှစ်ထားသကဲ့သို့ အသက်ရှူရ ခက်ခဲသွားလေသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော မူလစွမ်းအင်များသည် မိုးရွာသကဲ့သို့ကျဆင်းလာပြီး မြေခွေးနတ်ဆိုးအပေါ်သို့ ပြိုဆင်းသွားလေတော့သတည်း။