နတ်ဆိုးမြေခွေးကို သတ်ဖြတ်ခြင်း
Vol. 5 Ch. 44
မမြင်နိုင်သော မူလစွမ်းအင်များဖြင့် ဗုံးကြဲသကဲ့သို့ တိုက်ခိုက်မှုအောက်တွင် ကြေးခေါင်းလောင်းလေးသည် ပြင်းထန်စွာ တုန်ခါနေလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ခေါင်းလောင်း၏ကိုယ်ထည်တစ်ခုလုံး၌ အက်ကြောင်းများ ထူထပ်စွာ ပေါ်ပေါက်လာခဲ့လေသည်။
နတ်ဆိုးမြေခွေး၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း မိမိအားကိုးရာ ပျက်စီးသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။
သူမသည် ထွက်ပြေးရန် လှည့်လိုက်သော်လည်း လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်ရှားနိုင်သည်ကို တွေ့ရှိလိုက်ရလေသည်။
လေးပါးညီမျှခြင်းမူလစွမ်းအင်... ၎င်းသည် ချင်ပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဌာန ဗိုလ်ချုပ်ကြီး၏နာမည်ကျော် သိုင်းကွက် ဖြစ်ချေသည်။
'အဲ့သောက်ကျိုးနည်း မိန်းမယုတ်က သူ့ကို ဒီသိုင်းပညာ သင်ပေးလိုက်တာပဲ။'
မည်မျှပင် တွေးတောနေစေကာမူ ကောင်းကင်အပြည့် လွှမ်းခြုံထားသော မူလစွမ်းအင်များသည် နတ်ဆိုးမြေခွေး၏ခန္ဓာကိုယ်ကို ရုတ်တရက် ထိုးဖောက်သွားလေသည်။
မြားအမြောက်များစွာ၏ပစ်ခတ်မှုကို ခံလိုက်ရသော အကူအညီမဲ့နေသည့် စစ်သည်တစ်ယောက်ကဲ့သို့ ဖြစ်သွားလေတော့သည်။
ဖပ်
ဖပ်
ကြောက်မက်ဖွယ်ကောင်းသော သွေးကွက်များသည် နတ်ဆိုးခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုံးလွှမ်းသွားပြီး မူလစွမ်းအင်များဖြင့် ဆက်တိုက် တိုက်ခိုက်ခံရမှုကြောင့် တဖြည်းဖြည်းပေါင်းစည်းသွားကာ ခန္ဓာကိုယ်တစ်ခုလုံးသည် မည်သည့်အရာမှန်း ခွဲခြား၍မရနိုင်သော သွေးအိုင်ကြီးအဖြစ် ပြောင်းလဲသွားလေတော့သည်။
တစ်ခုတည်းသော အကောင်းပကတိ ကျန်ရစ်သည့်အရာမှာ ရှန်းယီ တမင်ချန်ထားခဲ့သော နတ်ဆိုးအမြုတေ သာ ဖြစ်ချေသည်။
နတ်ဆိုးမြေခွေးသည် သေဆုံးသည်အထိ ၎င်းကို မမြင်တွေ့သွားခဲ့ချေ။
လင်းပိုင်ဝေ့၏မျက်နှာတွင်လည်း နတ်ဆိုးနည်းတူ ထိတ်လန့်အံ့သြမှုများ ပေါ်လွင်နေပြီး တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်နေပေသည်။
ရှန်းယီသည် လျှောက်သွားပြီး နတ်ဆိုးအမြုတေကို ကောက်ယူလိုက်လေသည်။
သူသည် ကုတင်ဘက်သို့ ပြန်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာများ ပိုမို ပေါ်လွင်လာလေသည်။
"ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး တစ်ခုခုနဲ့ ဖုံးအုပ်ဖို့ မစဉ်းစားချင်ဘူးလား"
နတ်ဆိုးနှိမ်နင်းရေးဌာနသည် နတ်ဆိုးများနှင့် ရန်ဘက်ဖြစ်ပြီး သေးငယ်သော အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ခြင်းမှာ ပုံမှန်ဖြစ်သော်လည်း သူမအနေဖြင့် သူတစ်ပါးကို ထည့်မစဉ်းစားပေးသင့်သလော။
သူသည်လည်း သွေးသားဆူပွက်လွယ်သော အရွယ်ဖြစ်ရာ ဤကဲ့သို့သော ဆွဲဆောင်မှုရှိသော မြင်ကွင်းများကို အလွန်အကျွံ မြင်တွေ့ရခြင်းက သူ၏စိတ်အခြေအနေကို အလွယ်တကူ ထိခိုက်စေနိုင်ပေသည်။
"အာ့..."
လင်းပိုင်ဝေ့သည် သတိဝင်လာပြီး စောင်ကို ပေါ့ပေါ့ပါးပါး ဆွဲယူခြုံလိုက်လေသည်။
အနည်းငယ် ရှက်ရွံ့သွားသော်လည်း ရှက်သွေးဖြာနေသည့် မိန်းမပျိုလေးတစ်ယောက်၏ဟန်ပန်မျိုးကို ဟန်ဆောင်မနေတော့ချေ။
ထို့အပြင် ယခုလေးတင် ကြုံတွေ့ခဲ့ရသော မြင်ကွင်းကြောင့် သူမတွင် အခြားမည်သည့်အတွေးမျှ မရှိတော့ချေ။
သူမ ကောင်းစွာ မှတ်မိနေသည်ဆိုပါက သူမ သူ့ကို လေးပါးညီမျှခြင်းမူလစွမ်းအင် ကျင့်စဉ် ပေးခဲ့သည်မှာ ခြောက်ရက်သာ ရှိသေးပေသည်။
သူ၏ကျင့်ကြံခြင်း အခြေခံကြောင့် ကန့်သတ်ချက်များ ရှိနေသဖြင့် ခုနက မူလစွမ်းအင်သည် ပြီးပြည့်စုံခြင်း မရှိသော်လည်း ရှန်းယီ အနေဖြင့် ၎င်းကို အသုံးပြုနိုင်ခြင်းကပင် အလွန်အံ့သြဖွယ် ကောင်းနေပြီ ဖြစ်ချေသည်။
"..."
ထိုအမျိုးသမီး၏အမူအရာကို အကဲခတ်ရင်း။ရှန်းယီသည် များများစားစား ရှင်းပြမနေတော့ချေ။
သူသည် တမင်ရည်ရွယ်ပြီး လုပ်ခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးမြေခွေး သေဆုံးသွားပြီဖြစ်ရာ လင်းပိုင်ဝေ့သည် သဘာဝအတိုင်း လင်းအိမ်တော်သို့ ပြန်သွားမည်ဖြစ်ပြီး သူတို့နှစ်ဦးကြားတွင် နောက်ထပ် ပတ်သက်စရာ အကြောင်းမရှိတော့ချေ။
သားသတ်သမားကျန်း၏မိတ်ဆက်စကားကို ကြားပြီးနောက်။
ပါရမီအပေါ် မူတည်ပြီး ကွဲပြားခြားနားစွာ ဆက်ဆံခံရမည့် အခြေအနေကို ရှန်းယီ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခဲ့လေသည်။
ဆယ်နှစ်တွင် ကျောက်စိမ်းအဆင့် သို့ ရောက်ရှိခဲ့သော ထိုနတ်ဆိုးနှိမ်နှင်းသူနှင့် နှိုင်းယှဉ်လျှင် သူသည် အသက်နှစ်ဆယ်အရွယ်တွင် ကနဦးနယ်ပယ် ၏ဆယ့်နှစ်ခုမြောက် မရီဒျန်တွင်သာ ရှိနေသေးပေသည်။
သူ၏စနစ်ဘောင် မှတစ်ဆင့် စုဆောင်းရရှိသော အတုမယောင်ပါရမီမှလွဲ၍ သူ့တွင် အခြား အထင်ကြီးလောက်စရာ စွမ်းရည်မရှိချေ။
ယခုအချိန်သည် သူ၏စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ထားရမည့်အချိန် မဟုတ်ပေတော့။
သူစိမ်းများအား ထုတ်ဖော်ပြသခြင်းထက် အနည်းငယ် ရင်းနှီးပြီးသားဖြစ်သော လင်းပိုင်ဝေ့ကို ပြသလိုက်ခြင်းက ပိုကောင်းပြီး၊ ထို့နောက် သူမ၏အဆက်အသွယ်များကို အသုံးပြုကာ သူ၏ အစပျိုးမှုကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပေသည်။
ယခုဆိုလျှင် သူ၏ရည်မှန်းချက် အောင်မြင်သင့်ပြီ မဟုတ်ပါလော။
ရှန်းယီသည် အနည်းငယ် မသေချာမရေရာ ဖြစ်နေမိလေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ပြန်ရောက်ပြီးနောက် ဤခက်ခဲသော နေ့ရက်များအကြောင်း ပြောပြ၊ မပြောပြကို မည်သူမျှ မသိနိုင်ချေ။
ကံတရားအတိုင်းသာ ဖြစ်စေတော့ဟုသာ ဆိုရပေမည်။
ရှန်းယီသည် ဗီရိုကို မွှေနှောက်ပြီး သူမ ယခင်က ဝတ်ဆင်ခဲ့သော အနက်ရောင်အင်္ကျီကို ထုတ်ယူကာ ကုတင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်လေသည်။
"ဒီမှာ ဆေးဝါးမရှိဘူး၊ ဒါပေမယ့် ခင်ဗျားအိမ်မှာတော့ အများကြီး ရှိလောက်ပါတယ်။ ကျွန်တော် ပြန်ပို့ပေးရမလား"
"..."
သူ စကားလမ်းကြောင်း လွှဲလိုက်တာလား။
လင်းပိုင်ဝေ့သည် အနက်ရောင်အင်္ကျီကို ဆုပ်ကိုင်ထားရင်း နှုတ်ခမ်းများ လှုပ်ရှားသွားလေသည်။
အဘယ်ကြောင့် ကနဦးနယ်ပယ် ကျင့်ကြံခြင်းအဆင့်မျှဖြင့် ခြောက်ရက်အတွင်း ကျောက်စိမ်းအဆင့်၏နက်နဲသော သိုင်းပညာကို တတ်မြောက်ပြီး ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ရသနည်း။
ဤသည်မှာ အလွန်တုန်လှုပ်ဖွယ်ရာ ကိစ္စဖြစ်သော်လည်း သူသည် ၎င်းကို လုပ်ဆောင်ခဲ့ရုံသာမက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေသေးသည်။
ရှန်းယီ၏မျက်နှာ အနည်းငယ် ဖျော့တော့နေသေးသည်ကိုသာ မမြင်ရလျှင် သူ ကနဦးနယ်ပယ်တွင် ရှိနေသည်ဆိုတာကို သူမ လုံးဝ သံသယဝင်မိမည် ဖြစ်ချေသည်။
ထို့အတူ သူ ကနဦးနယ်ပယ်မှာပဲ ရှိနေသေးတာ ကံကောင်းသည်ဟု ဆိုရပေမည်... အနည်းဆုံးတော့ သူ၏ကျင့်ကြံခြင်း တိုးတက်မှုသည် ပုံမှန်အတိုင်းအတာအတွင်း ရှိနေသေးသည်။
သို့မဟုတ်ပါက မိမိတို့၏ပါရမီကို ဂုဏ်ယူဝင့်ကြွားနေကြသော ချင်ပြည်နယ်မှ သိုင်းပညာရှင်များကို အလွန်အမင်း အရှက်ရစေမည် ဖြစ်ပေသည်။
"မလိုပါဘူး၊ ကျွန်မဘာသာ ပြန်နိုင်ပါတယ်"
လင်းပိုင်ဝေ့သည် နောက်ဆုံးတွင် သူမ၏စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်သွားလေသည်။
"ခင်ဗျားအဖေကို ကျွန်တော့်ဆီ ပေးစရာရှိတဲ့ ငွေတွေ ပို့ခိုင်းဖို့ မမေ့နဲ့နော်"
ရှန်းယီသည် သူမ အဝတ်အစားလဲရန် အချိန်ပေးသည့်အနေဖြင့် လှည့်ထွက်သွားလေသည်။
"ဘာငွေလဲ... ဘယ်လောက်လဲ"
"နတ်ဆိုးသတ်ခ ငွေ ခုနစ်ရာ့တစ်ဆယ်သား၊ ဆယ်သားကတော့ ခင်ဗျား စားသောက်စရိတ်ပဲ"
ရှန်းယီသည် လက်ပိုက်ပြီး နံရံကို မှီကာ ရပ်လိုက်လေသည်။
ယခုအခါ နတ်ဆိုးများကို ရှင်းလင်းပြီးပြီဖြစ်ရာ သူသည် ဤငွေကို လိပ်ပြာသန့်သန့်ဖြင့် ယူနိုင်ပြီ ဖြစ်ချေသည်။
လင်းပိုင်ဝေ့သည် အဝတ်အစားများကို လျင်မြန်စွာ လဲလှယ်ရင်း သူ့ကျောပြင်ကို စိုက်ကြည့်ကာ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းနှင့် ရယ်ချင်စိတ်တို့ ရောထွေးနေမိလေသည်။
အကြွေတောင် ရှိသေးတယ်..တွက်ချက်ထားတာ တိကျလှချေတာ။'
သူမသည် လည်ပင်းမှ ဒဏ်ရာကို သုတ်လိုက်လေကာ "ကျွန်မက နတ်ဆိုးနှိမ်နင်းရေးဌာနမှာ နေတာလေ၊ ကျွန်မရာထူးက ဒုဗိုလ်ချုပ်အဆင့်နဲ့ ညီမျှတယ်"
သူမ ထိုစကားကို ပြောလိုက်သည်နှင့် ရှန်းယီ တိတ်ဆိတ်စွာ ပြန်လှည့်လာသည်ကို သတိထားမိလိုက်လေသည်။
သူ နောက်ထပ် မေးမြန်းတော့မည်ဟု သူမ ထင်လိုက်စဉ်မှာပင် လူငယ်လေးက မျက်လုံးများကို လှန်ကြည့်ကာ အကူအညီမဲ့သော လေသံဖြင့် ပြောလိုက်သည်ကို တွေ့လိုက်ရလေသည်။
"ဒါဆို အတိအကျ ဖြစ်သွားအောင် ခုနစ်ရာပဲ ထားလိုက်ကြတာပေါ့"
"ကျွန်မ အဲဒီသဘောနဲ့ ပြောတာ မဟုတ်ပါဘူး"
လင်းပိုင်ဝေ့ ခြေစောင့်လိုက်မိလေသည်။
သူမသည် အမှန်တရားကို ပြောပြချင်ပြီး၊ သူမ၏ အစစ်အမှန် ဂုဏ်ဒြပ်ဖြင့် ဤကာလအတွင်း သူမကို စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ချင်ခဲ့ခြင်း ဖြစ်သည်။
ငွေစအနည်းငယ်က သူမ၏မျက်နှာသာပေးမှုထက် ပိုတန်ဖိုးရှိနေသလော။
"ဒါဆို တခြား ဘာမှမရှိတော့ဘူးပေါ့"
ရှန်းယီသည် ထိုအမျိုးသမီးက သူ့ကို တစ်စုံတစ်ရာ အကြွေးတင်နေသည်ဟု မခံစားရပေ။
၎င်းသည် မျှတသော အပေးအယူတစ်ခုဖြစ်ပြီး သူသည် ကျောက်စိမ်းအဆင့် သိုင်းပညာတစ်ခုကိုပင် ရရှိခဲ့သေးသည်။
တိုက်ဆိုင်စွာပင် သူမသည် နတ်ဆိုးသတ်ဖြတ်ခြင်းအတွက် အပြစ်တင်ခံရမည့် ကိစ္စများစွာကို သူ၏အစား ဝင်ခံပေးနိုင်ပေသည်။
ဥပမာအားဖြင့် ယခုအကြိမ်တွင် နတ်ဆိုးမြေခွေးသည် ဤအကြွေးကို သူမ၏ဆရာထံသို့သာ ပုံချလိမ့်မည် ဖြစ်ချေသည်။
တစ်ခုတည်းသော နောင်တရစရာမှာ... ရှန်းယီသည် အဝေးတစ်နေရာရှိ ကြမ်းပြင်ပေါ်မှ သိုးသားနံရိုးများကို ကြည့်လိုက်မိလေသည်။
သူ တကယ် ဟင်းမချက်တတ်ချေ။
ယခင်က သူ မသိချင်ယောင်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ သူ၏အနာဂတ် အထက်လူကြီးကို အလုပ်လုပ်ခိုင်းရန်မှာ အနည်းငယ် မယဉ်ကျေးရာ ရောက်ပေသည်။
"ကျွန်မ ထမင်းစားပြီးမှ ပြန်ရင်ရော ဘယ်လိုလဲ"
လင်းပိုင်ဝေ့လည်း ထိုနေရာကို လှမ်းကြည့်ပြီး တံတွေးမျိုချလိုက်မိလေသည်။
"ရှင် ခဏလောက် လှဲပြီး အနားယူလိုက်ပါ"
တစ်ဖက်လူ ဘာမှပြန်မပြောနိုင်ခင် သူမသည် ပစ္စည်းများကို ကောက်ယူပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
ရှန်းယီ အနည်းငယ် အံ့အားသင့်သွားပြီး ဤအရာကို မျှော်လင့်မထားခဲ့မိချေ။
ခဏအကြာတွင် သူသည် တံခါးအပြင်ဘက်သို့ အကြည့်ပို့လိုက်ပြီးနောက် သူ၏စနစ်ဘောင် သည် လျင်မြန်စွာ ပွင့်လာလေသည်။
【ကနဦးနယ်ပယ် အထွတ်အထိပ် နတ်ဆိုးမြေခွေးကို သတ်ဖြတ်ခဲ့သည်၊ စုစုပေါင်း သက်တမ်း ၆၀၂ နှစ်၊ လက်ကျန် သက်တမ်း ၄၇၂ နှစ်၊ စုပ်ယူမှု ပြီးဆုံး】
【လက်ကျန် နတ်ဆိုးသက်တမ်း - ၆၅၇ နှစ်】
ဤနတ်ဆိုးမြေခွေးသည် ရှန်းယီ မြင်ဖူးသမျှထဲတွင် ပါရမီအရှိဆုံးဖြစ်ပြီး ကျန်ရှိသော သက်တမ်းမှာလည်း အများဆုံး ဖြစ်ချေသည်။
သို့သော် ယခုအချိန်တွင် သူသည် အသေးစိတ် တွေးတောရန် စိတ်မပါပေ။
တမင်တကာ ထုတ်ဖော်ပြသခဲ့သော လေးပါးညီမျှခြင်းမူလစွမ်းအင်နှင့် နှိုင်းယှဉ်လျှင် သက်တမ်းကို အသုံးပြု၍ ပင်မမရီဒျန် ၁၂ ခုကို ပြန်လည်ပြုပြင်သည့် နည်းလမ်းသည် အမှန်တကယ် ဖုံးကွယ်ထားသင့်သော အရာ ဖြစ်ချေသည်။
လင်းပိုင်ဝေ့ မရှိခိုက်တွင် သက်တမ်း ၅ နှစ်ကို လေပြင်းလျှပ်စီးနတ်ဆိုးဖိနှိပ်ခြင်းအစစ်အမှန်ကျင့်စဉ် ထဲသို့ ရင်းနှီးမြှုပ်နှံလိုက်လေသည်။
နောက်တစ်ခဏတွင် သူ၏မျက်နှာ ဖြူဖျော့နေဆဲ ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ ဗလာဖြစ်နေသော ပင်မ မရီဒျန်များသည် ချက်ချင်း ပြည့်ဝသွားပေသည်။
သူ ဆန္ဒရှိပါက ယခင်ကကဲ့သို့ မူလစွမ်းအင်များကို နောက်ထပ် ၁၃၁ ကြိမ် ထုတ်လွှတ်နိုင်မည် ဖြစ်ချေသည်။
ရှန်းယီသည် ဓားရိုးကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ပေသည်။
ညအချိန် ရောက်ရှိလာချေပြီ။
ဘိုင်ယွင်စီရင်စု၏လမ်းမရှည်ကြီးပေါ်တွင် ဟိုတစ်စု သည်တစ်စုသော လမ်းသွားလမ်းလာ အနည်းငယ်သာ ကျန်ရှိတော့သည်။
အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသား လမ်းပေါ်သို့ ခြေချလိုက်သည်နှင့် ပုံစံမျိုးစုံ ဝတ်ဆင်ထားသော လူရိပ်တစ်ဒါဇင်ကျော်သည် တိတ်တဆိတ် စုဝေးရောက်ရှိလာကြပြီး တီးတိုးပြောဆိုသံများသည် သူ၏နားထဲသို့ ရောက်ရှိလာလေသည်။
သူတောင်းစား၏မျက်နှာသည် တည်ကြည်လေးနက်နေလေသည်။
"ကျွန်တော် လင်းအိမ်တော်ကို သွားခဲ့တယ်... အဲဒါ သခင်မလင်း မဟုတ်ဘူး၊ နတ်ဆိုးတစ်ကောင်က အသွင်ပြောင်းထားတာ ဖြစ်ရမယ်။ သူ ကျွန်တော့်ကို သတိထားမိလားတော့ မသိဘူး"
သကြားအရုပ်တိုင်ကို ကိုင်ထားသော လူငယ်လေးက ဆက်ပြောလေသည်။
"ဈေးထဲက ကောလာဟလတွေအရတော့ သခင်မလင်းက နတ်ဆိုးကို နှိမ်နင်းဖို့ မြို့ပြင်ထွက်သွားဖူးတယ်၊ ဒဏ်ရာအပြင်းအထန်နဲ့ ပြန်လာခဲ့ပြီး ရှန်းလို့ခေါ်တဲ့ နှိမ်နင်းရေးအရာရှိတစ်ယောက်က လင်းအိမ်တော်ကို ပြန်ပို့ပေးခဲ့တယ်တဲ့"
နောက်ထပ် လူအချို့ ချဉ်းကပ်လာကြလေသည်။
"ရှန်းယီ... ဘိုင်ယွင်စီရင်စု ဆင်ခြေဖုံးမှာ မွေးဖွားတယ်၊ တည်းခိုခန်းတစ်ခုမှာ မီးဖိုချောင်အကူအဖြစ် လုပ်ခဲ့ဖူးတယ်၊ ၁၄ နှစ်သားမှာ လမ်းသရဲ စဖြစ်လာတယ်၊ နောက်ပိုင်း ပြစ်ဒဏ်စီရင်ရေးဌာန အကြီးအကဲ ဆုန့်ချန်ဖုန်း သတိထားမိပြီး ရုံးတော်ရဲ့ နှိမ်နှင်းရေးရုံးမှာ ဝင်လုပ်ခဲ့တယ်၊ နာမည်ပျက် မှတ်တမ်းရှိတယ်၊ လောင်းကစား စွဲလမ်းတယ်၊ အဆင်ပြေဖို့အတွက် နတ်ဆိုးတွေနဲ့တောင် ပူးပေါင်းခဲ့ဖူးတယ်"
လီရှင်းဟန်သည် ဘေးတိုက်ကြည့်လိုက်လေသည်။
"သူက နှိမ်နင်းရေးအရာရှိ ဆိုးတစ်ယောက်လား"
သူ့ဘေးမှ အခြားတစ်ယောက်က ခေါင်းခါလိုက်လေသည်။
"မဖြစ်နိုင်ပါဘူး... လျိုလီဘုရားကျောင်း ရွာသားတွေရဲ့အဆိုအရ သူ တစ်ယောက်တည်းသွားပြီး နတ်ဆိုး ၁၃ ကောင်ကို သတ်ခဲ့ဖူးတယ်တဲ့။ ပြီးတော့ စီရင်စုမင်းကလည်း ဝန်ခံထားတယ်... ကျွန်တော်တို့ ရောက်တဲ့နေ့မှာ ဗာဂျာရာဂိုဏ်းသားတွေနဲ့ အရှေ့ဘက်တောင်တန်းက မျောက်ဝံနတ်ဆိုးက သတင်းပို့ပြီး ရှန်းယီကို တောထဲမှာ ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်။ နောက်တစ်နေ့မှာ မျောက်ဝံနတ်ဆိုးရော စာရေးကြီးပါ သေဆုံးသွားခဲ့ကြတယ်"
"ကျွန်တော် တိတ်တဆိတ် စုံစမ်းကြည့်တော့ သာမန်ပြည်သူအများအပြားရဲ့သမီးပျိုတွေဟာ နှိမ်နင်းရေးအရာရှိတွေရဲ့ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး နောက်ပိုင်းမှာ သူက ပြန်ပို့ပေးခဲ့တယ်တဲ့၊ တောင်းပန်တဲ့အနေနဲ့ ဆန်နဲ့ ဂျုံတွေပါ ပေးခဲ့သေးတယ်... အချိန်ကို တွက်ကြည့်မယ်ဆိုရင် အဲဒါ သူ နတ်ဆိုးတွေ လိုက်သတ်နေတဲ့ ရက်တွေလောက်မှာပဲ ဖြစ်မယ်"
သတင်းအချက်အလက် အမျိုးမျိုးကို အနှစ်ချုပ်ပြီးနောက်။
လီရှင်းဟန်သည် အဝေးသို့ မျှော်ကြည့်လိုက်ပြီး မလှမ်းမကမ်းရှိ အိမ်တစ်အိမ်၏တံခါးကို ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်လေသည်။
"နှစ်ပေါင်းများစွာ သည်းခံခဲ့တယ်၊ ကြီးကျယ်တဲ့ သိုင်းပညာကို အောင်မြင်ခဲ့တယ်၊ နာမည်ဂုဏ်သတင်းကို ပြန်လည်ဆယ်ယူခဲ့တယ်ပေါ့လေ..."
သူတောင်းစားသည် သူ နောက်ပြောင်နေမှန်း သိသော်လည်း တွန့်ဆုတ်နေဆဲ ဖြစ်ချေသည်။
"ဟန်ပြ စစ်ဆေးတာတွေ၊နောက်ဆုံးမိနစ်မှ ထလုပ်တာတွေ ရှိနိုင်တယ်ဆိုပေမယ့်... ခင်ဗျားပြောတာလည်း မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး။ ဘာပဲပြောပြော သူက ရုံးတော်တစ်ခုလုံးရဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရဖူးတာပဲ။ တကယ်လို့ ဒါတွေက ဟန်ဆောင်မှု သက်သက်ဆိုရင်တော့ နည်းနည်းတော့လွန်သွားပြီ"