အိမ်လွမ်းစိတ်
Vol. 5 Ch. 48
ဤစကားကို သူတောင်းစားအမည်ရ တပ်မှူးက ပေါ့ပေါ့ပါးပါးပင် ရေရွတ်လိုက်ခြင်း ဖြစ်ပေသည်။
ချန်ကျိနှင့် အခြားသူများမှာ မည်သို့မျှ တုံ့ပြန်ခြင်း မပြုနိုင်သေးဘဲ ရှိနေကြ၏။
သားသတ်သမားကျန်းမှာမူ အံ့အားသင့်နေရာမှ သတိဝင်လာပြီး သူ၏ဗိုက်ခေါက်ကြီးကို အားကုန် ဆွဲလိမ်လိုက်မိပေသည်။
"အား... ကျွတ်ကျွတ်... အိပ်မက် မဟုတ်ပါလား"
သို့သော် အဘယ်ကြောင့်နည်း။
သားသတ်သမားကျန်းသည် မိတ်ဆွေဖြစ်သူအတွက် မနာလိုဝန်တိုခြင်း မရှိသော်လည်း ဤအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေရချေသည်။
သူသည် ရုံးတော်ကိစ္စရပ်များကို စိတ်မဝင်စားလှသော်ငြား၊ချင်ကျိုးပြည်နယ် စစ်သူကြီးဆိုသည်မှာ ဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်ဖြစ်ပြီး၊သိုင်းလောကတွင် နတ်ဆိုးနှိမ်နင်းရေးဌာန၏အထူးအခွင့်အရေး ရရှိထားမှုနှင့် ပေါင်းစပ်လိုက်လျှင် ချင်ကျိုးပြည်နယ်၌ပြိုင်ဘက်ကင်းသူဟု ဆိုနိုင်ပေသည်။
သာမန်သိုင်းသမားများအဖို့တော့ ထိုပုဂ္ဂိုလ်မျိုးသည် ထမင်းစားပြီးချိန် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပုံပြောဆရာများပြောပြသောဒဏ္ဍာရီထဲကဇာတ်ကောင်လိုသာ ထင်မှတ်ထားကြပေသည်။
ထိုသို့သော ပုဂ္ဂိုလ်ကြီးနှင့် မိမိဘေးနားရှိ လူတစ်ယောက်သည် မည်သို့မည်ပုံ ပတ်သက်ဆက်နွှယ်သွားရပါသနည်း။
"ပေါက်ကရတွေ မပြောစမ်းနဲ့"
လျိုကြီးသည် မျက်မှောင်ကြုတ်လျက် သူတောင်းစားကို လှမ်းကြည့်လိုက်၏။
မဖြစ်သေးသော ကိစ္စတစ်ခုကို ဖြစ်တော့မလို လျှောက်ပြောနေသည်မှာ ဤကောင်တောင်းစားနေသည်မှာကြာ၍ ပါးစပ်စည်းမရှိဖြစ်နေပြီထင်သည်။
သူသည် ခေါင်းခါလိုက်ပြီး ရှန်းယီဘက်သို့ လှည့်ကာ အားနာပြုံး ပြုံးလိုက်ပေသည်။
"အထွေထွေတပ်မှူးကြီးဆီ ပို့လိုက်တဲ့ စာထဲမှာတော့ အဲဒီအကြောင်း ပါပါတယ်။ဒါပေမဲ့ သူက ခရီးထွက်နေတာများတော့ ဘယ်တော့ပြန်ရောက်မလဲ မသိနိုင်ဘူး။သူပြန်ရောက်ရင်တောင်မှ... အရာရှိရှန်း မျှော်လင့်ချက် သိပ်မထားတာ ကောင်းပါတယ်"
လျိုကြီးသည် လက်တွေ့ဆန်သူ ဖြစ်သည့်အလျောက် တစ်ဖက်သားကို မျှော်လင့်ချက်ကြီးစွာ ထားပြီးမှ စိတ်ပျက်သွားမည်ကို မလိုလားချေ။
ထိုသို့ဖြစ်ပါက အနာဂတ်ကောင်းမည့်ပါရမီရှင်တစ်ယောက် အလဟဿဖြစ်သွားနိုင်ပေသည်။
သူသည် ဘေးဘက်သို့ အသာအယာမျက်စိကစားလိုက်ရာ သားသတ်သမားကျန်းသည်သဘောပေါက်သွားပြီး ခေါင်းကုတ်လျက် ပင်မဆောင်မကြီးထဲသို့ ဝင်သွားကာ ချန်ကျိတို့နှင့် ဟိုအကြောင်း ဒီအကြောင်း သွားပြောနေပေတော့သည်။
"သခင်မလင်းကတော့ ဒဏ်ရာကုသဖို့ ကျွမ်းကျင်သူတစ်ယောက်နဲ့အတူ ဘိုင်ယွင်စီရင်စုကနေ ထွက်သွားပါပြီ။အထွေထွေတပ်မှူးကြီးကို သွားရှာတာဆိုတော့ လောလောဆယ် ချင်ကျိုးပြည်နယ်ကို ပြန်လာဦးမှာ မဟုတ်ဘူး"
လျိုကြီးက အသံနှိမ့်ပြီး ဆက်ပြောပေသည်။
"နတ်ဆိုးနှိမ်နင်းရေးဌာနထဲ ရောက်ရင် အားလုံးက တစ်သက်တာ ညီအစ်ကိုတွေပါပဲ... ဒီညီအစ်ကိုတွေက အရာရှိရှန်းအတွက် ဓားနဲ့အထိုးခံဖို့ ဝန်မလေးကြပေမယ့်၊လူသစ်တစ်ယောက်အနေနဲ့ ရာထူးတက် မြန်လွန်းတာကိုတော့ မလိုလားတတ်ကြဘူး။ ဒါ လူ့သဘာဝပါပဲ၊ နားလည်ပေးပါ"
တိုတိုနှင့် လိုရင်းပင်။
ဤစကားသည် သတိပေးခြင်းထက် စေတနာစကားနှင့် ပိုတူပေသည်။
ရှန်းယီ ခေတ္တမျှ စဉ်းစားလိုက်ပြီး သဘောပေါက်သွားချေသည်။
လင်းပိုင်ဝေ့ရှေ့၌ သူ တမင်ထုတ်ပြခဲ့သော ပါရမီသည် အမှန်တကယ် အလုပ်ဖြစ်ခဲ့ပေသည်။
သို့သော် အရာရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေစမြဲပင်။
မိမိရှေ့မှ လူများအားလုံး ပြုံးရယ်နေကြသော်လည်း လက်တွေ့တွင်မူ... သူတို့ဟန်ဆောင်ထားသလောက် စိတ်ထဲ၌ ပျော်ရွှင်ချင်မှ ပျော်ရွှင်ကြပေလိမ့်မည်။
ဤသူများအားလုံးသည် ကုသိုလ်ကောင်းမှုနှင့် ရာထူးအတွက် အသက်စွန့်နေကြသူများ ဖြစ်သည်။
အကယ်၍သာ သူသည် အင်အားကြီးမားသော ကျောထောက်နောက်ခံ ရထားသူတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်မည်ဆိုပါက၊တကယ်တမ်း နောက်ခံတောင့်တင်းလျှင် ကိစ္စမရှိသော်ငြား သိပ်မတောင့်တင်းပါက ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်နေပေလိမ့်မည်။
"လီရှင်းဟန် ပြောပုံအရတော့ အရာရှန်းကို အရင်ပြန်ပို့ထားမယ်။အားလုံး ပုံမှန်အတိုင်းပဲ နေကြတာပေါ့။ဟိုအထက်လူကြီးနှစ်ယောက် ပြန်ရောက်ပြီး ဆက်စီစဉ်မပေးမချင်း ဘာသတင်းမှ ထုတ်မပြောမိစေနဲ့"
လျိုကြီး စကားဆုံးသော် တိတ်ဆိတ်သွားလေသည်။
ခေါင်းဆောင်လီ၏စိတ်ဓာတ်သည် ခွေးစိတ်ပေါက်နေသော်လည်း သူ့နှလုံးသားကတော့ မယုတ်မာလှပေ။
အကယ်၍ ရှန်းယီ၌ကိုယ်ပိုင်အစီအစဉ် ရှိနေလျှင်၊ သို့မဟုတ် သူတို့က ဖိနှိပ်ချုပ်ချယ်သည်ဟု ခံစားရလျှင် ပြောသင့်တာ ပြောပြီးပြီမို့ ရှန်းယီ သဘောအတိုင်း လုပ်နိုင်ပေသည်။
"ကျွန်တော့်ဘက်က ကန့်ကွက်စရာ မရှိပါဘူး"
ရှန်းယီ ခေါင်းခါလိုက်၏။
နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ခြင်းသည် အကြောင်းပြချက် နှစ်ခုကြောင့်သာ ဖြစ်သည်။
နတ်ဆိုးသတ်ဖြတ်ရာတွင် ကျောထောက်နောက်ခံ ရှိစေရန်နှင့် သိုင်းပညာ၊ ဆေးဝါးကောင်းများ ရရှိရန် ဖြစ်ပေသည်။
ပထမအချက်ကြောင့် နတ်ဆိုးများနှင့် ရင်ဆိုင်ရချိန်တွင် ယခုကဲ့သို့ မြို့ပြင်ပအခြေအနေများကိုလုံးဝမသိဘဲ မျက်စိမှိတ်တိုက်ခိုက်ရမည့်အစားသတင်းအချက်အလက် ပိုမိုရရှိနိုင်မည် ဖြစ်သည်။
နတ်ဆိုးသက်တမ်း လုံလောက်စွာ ရရှိထားပြီး၊ သိုင်းပညာနှင့် ကဆေးဝါးကောင်းများသာ ပံ့ပိုးမှု ရှိပါက သူ၏တိုးတက်မှုသည် တစ်ကိုယ်တည်းတိုက်ခိုက်ခြင်းထက် များစွာ မြန်ဆန်ပေလိမ့်မည်။
ထိုလက်တွေ့ကျသော အကျိုးကျေးဇူးများနှင့် ယှဉ်လျှင် လောလောဆယ် ဒုက္ခသာ ပေးနိုင်မည့် အခွံသက်သက်ဂုဏ်ပုဒ်ကို ရှန်းယီ သိပ်ဂရုမစိုက်လှပေ။
တစ်ဖက်လူ ပြောသကဲ့သို့ပင် အမှန်တကယ် အကျိုးခံစားခွင့် ရှိလာလျှင်လည်း တာဝန်ရှိသူ ပြန်ရောက်မှသာ ရရှိမည် ဖြစ်ပေသည်။
လျိုကြီးသည် ရှန်းယီ၏မျက်နှာအမူအရာ ပြောင်းလဲမှုကို တိတ်တဆိတ် အကဲခတ်နေ၏။
ရှန်းယီ၏ကြည်လင်သော မျက်ဝန်းများ၊ ကန့်ကွက်ရန်မရှိကြောင်း ပြောသောစကားနှင့် ဟန်ဆောင်မှုကင်းသော ဂရုမစိုက်သည့် ပုံစံတို့ကို မြင်လိုက်ရသောအခါ သူ အံ့ဩသွားမိပေသည်။
လေထဲတိုက်အိမ်ဆောက်ပြရုံဖြင့် ဗိုက်မဝနိုင်ကြောင်း လူတိုင်း နားလည်ကြသော်လည်း ဤမျှကြီးမားသော အခွင့်အရေးကြီး လက်ထဲရောက်လာချိန်တွင် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော အရာများက အတုအယောင် ဖြစ်နေသည့်တိုင် မည်သူက လုံးဝလျစ်လျူရှုထားနိုင်ပါမည်နည်း။
မုချဧကန်အခြားဖြစ်နိုင်ချေ တစ်ခုတော့ ရှိပေသည်။ထိုအရာမှာ တစ်ဖက်လူသည် ထိုမုန့်ကို စားပြီးသား ဖြစ်နေခြင်းပင်။
"ဟာ... အရာရှိရှန်း သခင်မလင်းကို တကယ် ရလိုက်တာတော့ မဟုတ်ပါဘူးနော်"
ယမန်နေ့က လင်ပိုင်ဝေ့၏လျော့ရဲနေသော အဝတ်အစားများကို ပြန်မြင်ယောင်လာမိရာ လျိုကြီးသည် အံကိုတင်းတင်းကြိတ်လိုက်မိပြီး သူ၏ ခိုင်မာသော ယုံကြည်ချက်များ ရုတ်ခြည်း ယိမ်းယိုင်သွားရချေသည်။
ထိုအခါ သူ့နောက်မှ လူအများအပြားက သူ့ကို မြေကြီးပေါ်သို့ ဝိုင်းကန်ကြပေတော့သည်။
"ခင်ဗျား ရူးနေလား"
နတ်ဆိုးနှိမ်နှင်းသူတစ်ယောက်အကြောင်းကို အတင်းအဖျင်း ပြောရဲသည်လော။
နတ်ဆိုးဂူများထဲတွင် နေ့မအား ညမနားနေထိုင်ကြသော ထိုလူများသာ ကြားသွားလျှင် ဤကောင့်ကို အရေခွံခွာပစ်ကြပေလိမ့်မည်။
"ကျုပ်တို့က တာဝန်တစ်ခုနဲ့ခရီးထွက်လာရင်း ဘိုင်ယွင်စီရင်စုကို ခဏဝင်လာတာ၊အချိန်သိပ်မရဘူး။ အရာရှိရှန်းအိမ်ပြန်ပြီး ပစ္စည်းမြန်မြန် သွားသိမ်းချေ၊ ပြီးရင် ကျုပ်တို့နဲ့ လိုက်ခဲ့တော့"
သူတောင်းစားသည် လျိုကြီး၏မျက်နှာကို မြေကြီးနှင့်ပွတ်တိုက်လိုက်ရင်း ရုံးတော်အပြင်ဘက်ရှိ ရှန်းယီကို ကြည့်ကာ အားနာစွာ ပြုံးပြလိုက်ပေသည်။
ရွေးချယ်ခံရသော လူငယ်အချို့မှာမူ စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြ၏။
နတ်ဆိုးများ သောင်းကျန်းနေသော ဤလောကကြီးတွင် သိုင်းပညာအစွမ်းအစ အနည်းငယ် ရှိထားခြင်းသည် လူတန်းစားတစ်ရပ်သို့ အမြန်ဆုံး တက်လှမ်းနိုင်မည့် နည်းလမ်းပင် ဖြစ်ပေသည်။
ယနေ့တွင် သူတို့သည် သာမန်ရုံးတော်အမှုထမ်းနှင့် စစ်သည်လေးများ ဖြစ်ကြသော်လည်း၊ နတ်ဆိုးနှိမ်နင်းရေးဌာန၏လေ့ကျင့်ရေးကို အောင်မြင်ခဲ့ပါက ဘိုင်ယွင်ခရိုင်သို့ ပြန်ရောက်သည့်အခါ စီရင်စုမင်းကိုယ်တိုင်ပင် လေးလေးစားစား ဆက်ဆံရမည့်သူများ ဖြစ်လာကြပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသည်နှင့် သူတို့သည် ရှေ့မှ လူငယ်ကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။
မည်သူမျှ မျက်စိကန်း၊ နားကန်းနေကြသည် မဟုတ်။တပ်မှူးများက ထိုလူငယ်အား ဘာပြောလိုက်သည်ကို သေချာမကြားရသော်လည်း ဆက်ဆံပုံကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။
အရာရှိရှန်းသည် သူတို့ကဲ့သို့ လေ့ကျင့်ရေးဆင်းရန် သွားခြင်း လုံးဝ မဟုတ်ပေ။
နှမြောစရာကောင်းသည်မှာ သူတို့သည် ပုံမှန်အချိန်များတွင် ထိုလူနှင့် ရင်းနှီးမှု မရှိခဲ့ကြခြင်းပင်။
ယခုမှ ကပ်ပြီး မိတ်ဖွဲ့ရန် ကြိုးစားလျှင်လည်း အနည်းငယ် အဆင်မပြေ ဖြစ်နေလိမ့်မည်။
သို့သော် အနည်းဆုံးတော့ တစ်မြို့တည်းသားများ ဖြစ်သည့်အတွက် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်လျှင် မျက်နှာသာ ပိုရနိုင်ကောင်းပါရဲ့။
"ဆရာရှန်း... ကျုပ်အိမ်ပြန်ပြီး အမေအိုကြီးကို နှုတ်ဆက်၊ မိန်းမကို နှစ်သိမ့်ရဦးမယ်ဗျ"
ရှန်းယီနှင့် ပိုမိုရင်းနှီးသော နှစ်ယောက်မှာမူ ထွေထွေထူးထူး တွေးမနေကြပေ။
နျိုတာ့သည် အိမ်ပြန်ရန် စိတ်လောနေပြီး ပေါင်ခြံကို ကုတ်ကာ စကားပြောပြီးသည်နှင့် ပြေးထွက်သွားချင်နေသည်။
ချန်ကျိကမူ ရှန်းယီသည် သာမန်လူ မဟုတ်ကြောင်း ကြာကတည်းက ရိပ်မိထားပြီးဖြစ်ရာ အထွေထွေတပ်မှူးကြီးက တပည့်အဖြစ် တကယ်လက်ခံလိုက်လျှင်လည်း အံ့ဩစရာ မရှိဟု တွေးထားပေသည်။
လေ့ကျင့်ရေးဆင်းသည်ဖြစ်စေ၊ တပ်ဖွဲ့ဝင်အဖြစ် တန်းဝင်သည်ဖြစ်စေ အချိန်ကာလတစ်ခုသာ လိုပေသည်။
"သခင်ကြီးရှန်း..." သူက လက်နှစ်ဖက်ကို ဆုပ်လျက် အရိုအသေ ပြုလိုက်သည်။
"တော်ပါတော့ဗျာ" ရှန်းယီသည် အတွေးများကို ရှင်းထုတ်လိုက်ပြီး လက်ကာပြလိုက်၏။
နောက်ဆုံးတော့ သူသည် ဤရုံးတော်ဝတ်စုံကို ချွတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သူ့ယခင်ခန္ဓာကိုယ်ပိုင်ရှင် လုပ်ခဲ့သော မိုက်မဲမှုများနှင့် လုံးဝအဆက်ဖြတ်လိုက်ခြင်းလည်း ဖြစ်ပေသည်။
ရုံးတော်တွင် တာဝန်မထမ်းဆောင်တော့သဖြင့် "သခင်ကြီး" ဟု ခေါ်ဝေါ်ခံရရန် မလိုအပ်တော့ပေ။
ပြေးထွက်သွားသော နျိုတာ့၏ကျောပြင်ကို ကြည့်ရင်း ရှန်းယီ စိတ်ထဲတွင် လှုပ်ရှားမှုအနည်းငယ် ဖြစ်ပေါ်လာရပေသည်။
အိမ်မှ ခွာရခြင်းသည် မူလကပင် ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။
ရှန်းယီသည်လည်း ဝမ်းနည်းပူဆွေးမှု အနည်းငယ်ရစေရန် အတော်လေး ကြိုးစားကြည့်သော်လည်း သေချာစဉ်းစားကြည့်သည့်အခါ သူ့တွင် နှုတ်ဆက်ရန် ဆွေမျိုးမရှိ၊ သတိရစရာ အိမ်လည်း မရှိ၊သူနေထိုင်ခဲ့သော အခန်းကျဉ်းလေးမှာလည်း ရုံးတော်ပိုင် ပစ္စည်းသာ ဖြစ်နေပေသည်။
စကားပြောဖော်ရသော မိတ်ဆွေနှစ်ယောက်အနက် တစ်ယောက်က သူနှင့်အတူ ခရီးလိုက်ပါမည်ဖြစ်ပြီး ကျန်တစ်ယောက်ကမူ...
ရှန်းယီသည် ပြုံးဖြဲဖြဲနှင့် အနောက်မှ လိုက်လာသော သားသတ်သမားကျန်းကို လှည့်ကြည့်လိုက်သည်။
အစောပိုင်းက သားသတ်သမားကျန်း ပြောခဲ့သည့် ချင်ကျိုးပြည်နယ်မှ အချစ်ဟောင်းဆီ သွားလည်မည်ဆိုသော စကားကို သူ ပြန်သတိရလိုက်၏။
ကောင်းရော... ကျန်တစ်ယောက်ကလည်း သူတို့နှင့်အတူ လိုက်မည့်ပုံပင်။
ချင်းလင်မယ်တော်ကို သွားပြီး နှုတ်ဆက်၍လည်း ဖြစ်သည်မဟုတ်။
"သွားကြစို့... စားသောက်ဆိုင်ကို" ရှန်းယီသည် လက်ထဲမှ ငွေစက္ကူများကို ဝှေ့ယမ်းပြလိုက်သည်။
"သွားမယ်လေ၊ သွားမယ်... ငါ့ပါးစပ်လည်း ပျက်နေတာ ကြာပြီ။ သီချင်းဆိုရယ် တယောထိုးမယ့် မိန်းကလေးရယ် သုံးယောက်လောက် ခေါ်ကြတာပေါ့ကွာ"
သားသတ်သမားကျန်းသည် သူ့ဗိုက်သူ အားပါးတရ ပုတ်လိုက်လေသည်။
"..."
'စားသောက်ဆိုင်သွားတာ ငွေစက္ကူအကြီးကြီးတွေ ယူသွားစရာ လိုလို့လား။'
ချန်ကျိသည် ခါးကြားမှ ငွေတုံးကို ထုတ်လိုက်ပြီး သက်ပြင်းချလိုက်ပေသည်။
"နှစ်ယောက်ဆို ရပါပြီ၊ ကျွန်တော့်အတွက် မလိုပါဘူး"
"ရပါတယ်... ငါ နှစ်ယောက် ယူလိုက်မယ်လေ"
သားသတ်သမားကျန်းသည် ချန်ကျိ၏ပခုံးကို ရက်ရောစွာ ပုတ်လိုက်လေတော့သတည်း။