အခန်း (၅၀) သေးငယ်သောခြံဝင်း
Vol. 5 Ch. 50
လောကကြီးတွင် ဤကဲ့သို့သောမြို့နှင့်ဝေးရာ၌ နေထိုင်သူများသည် လူအာရုံစိုက်မှု မခံရစေရန် ကြိုးစားရှောင်ရှားတတ်ကြပေသည်။
သို့သော် နတ်ဆိုးနှိမ်နင်းရေးဌာန၏ရထားလုံးများကတော့ လှည်းပေါ်တွင် လူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယုံကြည်မှုအပြည့်ဖြင့် လမ်းမပေါ်တွင် မောင်းနှင်သွားလာရဲကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ကုန်သည်များစွာသည်လည်း အဖွဲ့လိုက် နောက်မှ လိုက်ပါလာကြသည်။
ထို့ပြင် သူတို့၏အစောင့်များကို လွှတ်၍ ရိက္ခာခြောက်များနှင့် အသားများကို လာရောက်ဆက်သကြလေသည်။
"သူတို့ရဲ့ဂုဏ်သတင်းက ငါတို့လို သာမန် နှိမ်နှင်းရေးမှူးတွေထက် အများကြီး ပိုကောင်းတာပဲ"
ချန်ကျိသည် အစားအသောက် အများအပြားကို ပိုက်ထားရင်း သူ၏ကလေးဆန်သော မျက်နှာတွင် စိတ်လှုပ်ရှားရိပ်များ ယှက်သန်းနေ၏။
နှစ်ရက်နီးပါး ခရီးဆက်တိုက် နှင်ပြီးနောက်...
ရထားလုံးသည် မြင့်မား၍ခန့်ညားထည်ဝါသော မြို့ရိုးကြီးအောက်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားလေသည်။
ကွေးညွှတ်နေသော မြို့တံခါးဝ၏အထက်တွင် ချင်ကျိုးဟူသော စာလုံးများကို ကြီးမားထင်ရှားစွာ ရေးထိုးထားပြီး ကြီးကျယ်ခမ်းနားမှုကို ဖော်ဆောင်နေပေသည်။
လီရှင်းဟန်သည် သူ၏ခါးချိတ်တံဆိပ်ပြားကို မြို့စောင့်ထံ ပစ်ပေးလိုက်ပြီးနောက် မြင်းပေါ်မှ ဆင်းကာ မြင်းကို ဆွဲလျက် ရှေ့ဆက်လျှောက်လေသည်။
ဤသည်ကို မြင်သောအခါ လျိုကြီးက ရယ်မောလိုက်ပေသည်။
"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကြိမ်ဒဏ် အနည်းငယ်ခံလိုက်ရပြီးနောက်တော့ သူ သင်ခန်းစာရသွားပြီနဲ့ တူတယ်"
သူတို့ နားမလည် ဖြစ်နေသည်ကို မြင်သောအခါ သူက ရှင်းပြလေသည်။
"နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ စည်းကမ်းအရ အရေးကြီးကိစ္စ မဟုတ်ဘဲ မြို့ထဲမှာ မြင်းကို အရှိန်ပြင်းပြင်း စီးနင်းသူတိုင်း ကြိမ်ဒဏ် သုံးချက်နဲ့ လစာ နှစ်လစာ အဖြတ်ခံရမယ်လေ"
ထိုအချိန်တွင် နေဝင်ခါစအချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဘိုင်ယွင်စီရင်စုတွင်ဆိုလျှင် ဤအချိန်တွင် လမ်းမပေါ်၌ လူအနည်းငယ်သာ ကျန်ရှိတော့မည် ဖြစ်သည်။
သို့သော် ဤကျယ်ဝန်းသော လမ်းမကြီးပေါ်တွင်မူ အစိမ်းရောင်အုတ်ချပ်များ ခင်းထားပြီး ရထားလုံး ရှစ်စီး ယှဉ်မောင်းနိုင်လောက်အောင် ကျယ်ဝန်းသော်လည်း လူအများဖြင့် ပြည့်နှက်နေပြီး ဆူညံသံများ မရပ်မနား ထွက်ပေါ်နေပေသည်။
ရှန်းယီ ရထားလုံးပေါ်မှ ဆင်းလိုက်သောအခါ ယခင်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ရင်းနှီးသော ခံစားမှုမျိုးကို ရလိုက်လေ၏။
မြင့်မားသော အဆောက်အအုံများ မရှိသည်မှလွဲ၍ ဤနေရာသည် ပို၍ပင် စည်ကားဖွံ့ဖြိုးနေသေးပေသည်။
လူတိုင်း လီရှင်းဟန်၏နောက်သို့ ဖြည်းညှင်းစွာ လိုက်ပါသွားကြပေသည်။
နောက်ဆုံးတွင် မြို့ထဲရှိ ထူးခြားသော နေရာတစ်ခု၌ ရပ်တန့်လိုက်ကြလေသည်။
နှစ်ကျန်းမြင့်သော တံတိုင်းကြီးများသည် အဆုံးမရှိ ရှည်လျားစွာသွယ်တန်းနေပြီး မိုးကုပ်စက်ဝိုင်းအထိ ရောက်ရှိသွားသကဲ့သို့ ထင်ရသည်။
မြို့ထဲတွင် နောက်ထပ် မြို့ငယ်လေး တစ်ခုကို ဝိုင်းရံထားသကဲ့သို့ပင်။
"ဘုရင်ခံကိုယ်တိုင် မြေဧက ၂၈၀၀ ကို နတ်ဆိုးနှိမ်နင်းရေးဌာန ဌာနချုပ်တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့တာတဲ့"
"ငါ့နောက်လိုက်ခဲ့"
သူတောင်းစားက သူ၏မိသားစုနှင့် လူသစ် ခြောက်ဦးကို ခေါ်ဆောင်သွားလေသည်။
လီရှင်းဟန်ကမူ ဘေးတံခါးပေါက်မှ ဝင်ရောက်သွားသည်။
"အထဲမှာ စည်းကမ်းတွေ အများကြီး ရှိပေမဲ့ အပြင်ဘက်စခန်းက ငါတို့နဲ့တော့ မဆိုင်ပါဘူး။ မင်း မှတ်ထားရမှာက ဘယ်မှာ စားရမယ်၊ ဘယ်မှာ အိပ်ရမယ်၊ ဘယ်မှာ လစာထုတ်ရမယ် ဆိုတာလောက်ပါပဲ"
လျိုကြီးက ရှန်းယီကို ခေါ်ဆောင်သွားရင်း အထဲရှိ အဆောက်အအုံများနှင့် မိတ်ဆက်ပေးလေသည်။
ပထမဦးစွာ သူတို့သည် မှတ်ပုံတင်ရန် အတွင်းပိုင်းရုံးသို့ သွားရောက်ကြသည်။
လီရှင်းဟန် ကိုယ်တိုင် ရှေ့ထွက်လာပြီး ခဏအကြာတွင် ဝတ်စုံတစ်စုံနှင့် ဆေးပုလင်းတစ်လုံးကို ယူဆောင်လာပေသည်။
အပေါ်တွင် အနက်ရောင်ခါးချိတ်တံဆိပ်ပြား တစ်ခု တင်ထားလေသည်။
သူသည် ပစ္စည်းများကို ရှန်းယီအား ကမ်းပေးလိုက်ကာ "မင်းခါးမှာ ချိတ်ထားတဲ့ ဓားက သာမန်မဟုတ်ဘူးဆိုတာ ငါမြင်တယ်။ ဒါကြောင့် မင်းအတွက် ဓားမထုတ်ပေးတော့ဘူး။ တခြား လိုအပ်တာ ရှိရင် ဒီမှာ လာမေးလို့ ရတယ်။ နားမလည်တာ ရှိရင် လျိုရှောင်ကျဲကို မေးလိုက်"
လျိုရှောင်ကျဲက နှုတ်ခမ်းသပ်လိုက်ပေပြီး "သူ ဘယ်မှာ နေရမှာလဲ"
လီရှင်းဟန် ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် လှည့်ထွက်သွားရင်း ပြောလိုက်သည်။
"သခင်မလေးလင်း မှာထားတဲ့အတိုင်း လုပ်လိုက်ပါ"
ဤစကားကို ကြားသောအခါ လျိုရှောင်ကျဲ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဘာလို့ သူ့ကို သွားအနှောင့်အယှက်ပေးရမှာလဲ"
ရှန်းယီသည် ထိုနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေမိလေ၏။
သူ နားမလည်နိုင်ပေ။
ထို့နောက် လျိုရှောင်ကျဲက သက်ပြင်းချလိုက်ပြီး သူ့ကို အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ခေါ်ဆောင်သွားလေသည်။
"ထုံးစံအရတော့ အပြင်ဘက်စခန်း ခေါင်းဆောင်တွေ အားလုံးက အနောက်ဘက်ဝင်းမှာ နေကြတာ..."
အမွှေးတိုင်တစ်တိုင် ကုန်ခမ်းချိန်ခန့် ကြာပြီးနောက် လျိုရှောင်ကျဲသည် တိတ်ဆိတ်ငြိမ်သက်သော ဝင်းတစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး ခါးသက်သက် အပြုံးဖြင့် မိတ်ဆက်ပေးလေသည်။
"မင်း သတိထားနေနော်"
"ဒါ ဘယ်နေရာလဲ"
ရှန်းယီ မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။
"ဒါက မဟာစစ်သူကြီးရဲ့ပုံမှန် နေထိုင်ရာ နေရာပဲ။ သူ့ရဲ့ တပည့် ငါးယောက်နဲ့ အတူတူ နေကြတာ။ အဲဒီအထဲမှာ နှစ်ယောက်က နတ်ဆိုးနှိမ်နှင်းသူ စစ်သူကြီးတွေ၊ တစ်ယောက်က ဒုစစ်သူကြီး၊ တစ်ယောက်က နတ်ဆိုးဖမ်းဆီးသူ၊ပြီးတော့ လွန်ခဲ့တဲ့ ၅ လကမှ ဝင်လာတဲ့... အမှတ်အသားသုံးခုပါ ခေါင်းဆောင် တစ်ယောက် ရှိတယ်"
"ဟူး... မင်းက နတ်ဆိုးနှိမ်နင်းရေးဌာနအကြောင်း သိပ်ရင်းနှီးပုံ မရဘူး။ ဒီမှာ ဘာလို့ အစောင့်တွေ မရှိတာလဲ ခန့်မှန်းကြည့်ပါလား"
လျိုရှောင်ကျဲ အသက်ပြင်းပြင်း ရှူလိုက်ပြီး နားထင်ကို နှိပ်နယ်ကာ စကားပြန်ပြင်ပြောလိုက်ပေသည်။
"ငါ တခြားနည်းနဲ့ ပြောပြမယ်။ မဟာစစ်သူကြီးအပြင် တခြားအခန်းတွေမှာ နေတဲ့သူတွေက အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းသမား နှစ်ယောက်၊ ကျောက်စိမ်းအဆင့် အထွတ်အထိပ် သိုင်းသမား နှစ်ယောက်နဲ့ ကျောက်စိမ်းအဆင့် အလယ်အလတ် သိုင်းသမား တစ်ယောက်တို့ပဲ"
"ပြီးတော့ မင်းက ဘာမှမဟုတ်ဘဲ စာတစ်စောင်ကို ကိုးကားပြီး အခု အဲဒီမှာဝင်နေရတော့မယ်"
"ဒါ ကောင်းတဲ့ကိစ္စ ဟုတ်မဟုတ် ငါ မသေချာဘူး။ ရှေးစကားပုံ ရှိတယ်လေ... သစ်ပင်မြင့်ရင် လေတိုက်ခံရတယ်တဲ့"
လျိုရှောင်ကျဲ မျက်မှောင်ကြုတ်လိုက်သည်။
သခင်မလေးလင်း မည်သည့်အရာများ တွေးနေသလဲ ဆိုတာ သူ သိပ်နားမလည်ပေ။
တစ်ဖက်လူနှင့် ယှဉ်လျှင် သူသည် အခြားသာမန် ခေါင်းဆောင်များ၏အတွေးကို ပိုမို နားလည်နိုင်ပေသည်။
"ထားလိုက်ပါတော့၊ ငါ့နောက်လိုက်ခဲ့"
လျိုရှောင်ကျဲသည် ခေါင်းငုံ့လျက် နဂါးရေကန်၊ ကျားအသိုက်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ အတွင်းသို့ ဝင်သွားလေသည်။
တစ်ဖက်လူ၏စကားနှင့် သားသတ်သမားကျန်း ပြောဖူးသော ကောလာဟလများကို ပေါင်းစပ်လိုက်သောအခါ...
ရှန်းယီ၏လင်းပိုင်ဝေ့ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းချက်မှာ လုံးဝ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့လေပြီ။
တစ်ဖက်လူ ဘာလုပ်ချင်နေသည်ကိုသာ သူ နားမလည်နိုင်ခြင်း ဖြစ်ပေသည်။
ဝင်းထဲသို့ ဝင်လိုက်သောအခါ ထင်းရှူးပင်တစ်ပင်နှင့် ရှေးဟောင်း ရေတွင်းတစ်တွင်းကို တွေ့လိုက်ရပေ၏။
အပေါ်ပိုင်းဗလာကျင်းထားသော ကြွက်သားအဖုအထစ်နှင့် လူငယ်တစ်ဦးသည် ကျောက်ခုံပေါ်တွင် ထိုင်နေလေသည်။
သူ၏ခန္ဓာကိုယ်မှာ သန့်စင်သောသံမဏိဖြင့် ပုံသွင်းထားသကဲ့သို့ ကြွက်သားအမြှောင်းများမှာ ရှင်းလင်းပြတ်သားနေ၏။
သူသည် လက်ထဲမှ ပဲများကို ဂရုတစိုက် ခွာနေသည်။
သူ၏မျက်နှာချင်းဆိုင်တွင် ဆံပင်ဖြူအဘွားအိုတစ်ဦးက ဟင်းရွက်များကို လက်ချောင်းထိပ်များဖြင့် ဆိတ်နေလေသည်။
အလွန် တိတ်ဆိတ်အေးချမ်းနေပုံ ရပေသည်။
"အပြင်ဘက်စခန်းက လျိုရှောင်ကျဲ... သခင်လေးဖန်းကို ဂါရဝပြုပါတယ်"
လျိုကြီး အပြုံးကို အတင်းညှစ်ထုတ်လိုက်ပြီး ရှန်းယီကို သူ့ဘေးသို့ ဆွဲခေါ်လိုက်ပေသည်။
"သခင်လေးဖန်း၊ ဒါက..."
"ငါ သိတယ်။ ငါ့ စီနီယာအစ်မဆီက စာရပြီးပြီ"
ဖန်းဟန်သည် ခေါင်းမမော့ဘဲ ပဲများကို ဆက်ခွာနေပေသည်။ ထိုအစား အဘွားအိုက ရှန်းယီကို စူးစမ်းစွာ ကြည့်နေလေသည်။
"ကောင်းပါတယ်၊ ကောင်းပါတယ်"
လျိုရှောင်ကျဲ တဟားဟား ရယ်မောလိုက်သော်လည်း လီရှင်းဟန်နှင့် ရင်ဆိုင်ရစဉ်ကကဲ့သို့ သက်တောင့်သက်သာ မရှိတော့ပေ။
သူသည် ဘေးသို့ မျက်လုံးအမူအရာ ပြလိုက်ပြီး။
"မင်းရဲ့ စီနီယာအစ်ကို ဖန်းဟန်ကို နှုတ်မဆက်ဘူးလား"
ဤစကားကို ကြားသောအခါ ဖန်းဟန်က ဂရုမစိုက်သလို ပြောလိုက်ပေသည်။
" စီနီယာအစ်ကိုလို့ ခေါ်ဖို့ မလိုပါဘူး။ ငါ့နာမည်ပဲ ခေါ်ပါ"
ဤစကား ထွက်လာသည်နှင့် လျိုရှောင်ကျဲမှာ အနည်းငယ် အနေခက်သွားသော်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိပေသည်။
အမှန်ပင် စာတစ်စောင်တည်းဖြင့် မည်သို့လုပ်ပြီး ဤမျှကြီးမားသော အခွင့်အရေးကို ရယူနိုင်ပါ့မည်နည်း။
"နင်ကောင်စုတ်လေး၊ စကားပြောရင် လူကို ကြည့်မပြောတတ်ဘူးလား" အဘွားအိုက လူငယ်၏ခေါင်းကို ဖတ်ခနဲရိုက်လိုက်ပေသည်။
ဖန်းဟန်က ကျင့်သားရနေပုံပေါ်ပေသည်။ သူ မော့ကြည့်လိုက်ပြီး အသေးဆုံး ဘေးဝင်းလေးကို လက်ညှိုးထိုးပြလိုက်လေ၏။
"အဲဒီမှာ အရင် သွားနေလိုက်။ စီနီယာအစ်မ မင်းကို ပေးစရာရှိတဲ့ အကြွေးကို ငါ ဆပ်ပေးပါ့မယ်"
ဤတစ်ကြိမ်တွင်တော့ လျိုရှောင်ကျဲ နားမလည်နိုင် ဖြစ်သွားရပေသည်။
ရှန်းယီ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိလေ၏။
ဪ... ဒီလိုကိုး
မျှော်လင့်ချက် လုံးဝ မရှိပါဘူးဟု ပြောရလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် ကောင်းကင်မှ ကျလာသော မုန့်ဟင်းခါးအိုးကြီးကိုတော့ သူ တကယ် မခံယူရဲပေ။
ယခု အကြောင်းရင်းကို နားလည်သွားသောအခါ သူ ပိုမို စိတ်သက်သာရာ ရသွားပေတော့သည်။
လင်းပိုင်ဝေ့က သူ့ကို ကျောက်စိမ်းအဆင့် သိုင်းပညာ နှစ်မျိုး ပေးမည်ဟု ကတိပြုထားခဲ့သည်။
လေးပါးညီမျှခြင်းမူလစွမ်းအင်မှာ တစ်ခုအပါအဝင် ဖြစ်ပေသည်။
ပြဿနာ ဖြေရှင်းပြီးသွားလျှင် သူမ ဤကိစ္စကို မေ့သွားနိုင်သည် သို့မဟုတ် သာမန် နတ်ဆိုးနှိမ်နင်းရေးဌာန သိုင်းပညာတစ်ခုခုကို ပေါ့ပေါ့ပါးပါး ပေးပြီး ကိစ္စဖြတ်လိုက်နိုင်သည်ဟု သူ ထင်ထားခဲ့လေ၏။
သူမ ဤမျှ ဂရုစိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ့ရှေ့မှ လူသည်လည်း မဟာစစ်သူကြီး၏တပည့်တစ်ဦး ဖြစ်ပြီး ဤမျှ လေးနက်စွာ ကိုင်တွယ်ဆောင်ရွက်နေသောကြောင့် ပေးမည့် သိုင်းပညာသည် လေးပါးညီမျှခြင်းမူလစွမ်းအင် ထက် မနိမ့်ကျနိုင်ပေ။
"အမ်..."
သူ့အတွက် လုပ်စရာ မရှိတော့သည်ကို မြင်သောအခါ လျိုရှောင်ကျဲသည် လက်သီးဆုပ် ဂါရဝပြုကာ ခွင့်တောင်းပြီး ထွက်ခွာသွားလေသည်။
ရှန်းယီကိုမူ သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်သွားခဲ့သေးပေသည်။
သူ ကြိုတင်သတိပေးခဲ့သော်လည်း ဖန်းဟန်၏ တဲ့တိုး ငြင်းပယ်မှုကို ခံလိုက်ရခြင်းသည် စိတ်ထိခိုက်စရာ ကောင်းမည်ဟု သူ ယူဆထားပုံရလေသည်။
"..."
ရှန်းယီသည် တစ်ဖက်လူကို စိုက်ကြည့်လိုက်ပြီး အခန်းငယ်လေးထဲသို့ လှည့်ဝင်သွားပေတော့သည်။
ဝတ်စုံသစ်မှာ ပိုးသားဖြင့် ပြုလုပ်ထားပြီး ထိတွေ့ရသည်မှာ ချောမွေ့နေပါသည်။
သာမန် ခေါင်းဆောင်များ၏ခါးပတ်များတွင်ပင် ကျောက်စိမ်းများ စီခြယ်ထားသဖြင့် သားသတ်သမားကျန်းက နတ်ဆိုးနှိမ်နင်းရေးဌာန၏ ဖြုန်းတီးမှုကို ဘာကြောင့် မနာလို ဖြစ်ခဲ့သလဲ ဆိုသည်မှာ မဆန်းတော့ပေ။
သူ အကြမ်းဖျင်း ဝတ်ဆင်ကြည့်ရာ အတော်အတန် အဆင်ပြေပေသည်။
ကံမကောင်းစွာဖြင့် မှန်မရှိပေ။
အင်္ကျီလက်များကို သေသပ်အောင် ပြုလုပ်ပြီးနောက် ရှန်းယီသည် ဆေးပုလင်းလေးကို လှမ်းယူလိုက်သည်။
လျိုရှောင်ကျဲ ထွက်ခွာသွားစဉ်က သေချာ ရှင်းမပြခဲ့ပေ။
ဒါ အဖိုးတန်ဆေးဝါး ဆိုတာလား။
ခါးချိတ်တံဆိပ်ပြားကို ချိတ်ဆွဲပြီးနောက် ရှန်းယီသည် ဓားနက်ကြီးကို ကောက်ကိုင်ကာ အပြင်ထွက်ရန် ပြင်လိုက်ပေ၏။
သို့သော် အပြင်ဘက်မှ အဘွားအို၏အသံကို ကြားလိုက်ရလေသည်။
"လူလေး၊ ထမင်းစားရအောင် မြန်မြန် ထွက်လာခဲ့"
စာစဉ်၅ပြီး။