သဘောတူညီမှု
Vol. 49 Ch. 677
ရွေးချယ်ခံစိန်ခေါ်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကန်ရွှမ်းကလန်တစ်ခုလုံးမှာ ထိုအကြောင်းအရာနှင့်ပက်သတ်၍ စိတ်လှုပ်ရှားကာ အံ့သြတုန်လှုပ်နေကြဆဲပင် ဖြစ်သည်။ ယခုတခေါက် ရွေးချယ်ခံစိန်ခေါ်ပွဲသည် ဒဏ္ဍာရီတွင်မည့် ရွေးချယ်ခံတစ်ဦးကိုပါ မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အနာဂတ်ကာလများ၌ ကန်ရွှမ်းကလန်ဆီသို့ ဝင်ရောက်လာမည့် မည်သည့်တပည့်မဆို ယခုရွေးချယ်ခံစိန်ခေါ်ပွဲ အဖြစ်အပျက်အား နားဆင်ရတော့မည်ပင် ဖြစ်သည်။
ဇူယွမ်၏အမည်မှာ ကန်ရွှမ်းကလန်၏ ဒဏ္ဍာရီသမိုင်းမှတ်တမ်းအတွင်း အမြဲတစေ တည်ရှိနေတော့မည် ဖြစ်လေသည်။
..........
အစည်းအဝေးခန်းမ၌
ကလန်ခေါင်းဆောင်ချင်းယန်မှာ အမြင့်ဆုံးပုလ္လင်ပေါ်တွင် ထိုင်နေလျက်ရှိပြီး တောင်ထွတ်ဆရာသခင်များ အသီးသီးမှာ ကလန်ခေါင်းဆောင်၏ ဝဲနှင့်ယာတို့တွင် နေရာယူထားလျက် ရှိသည်။
ရွေးချယ်ခံများမှာ တောင်ထွတ်ဆရာသခင်များထက် တစ်ဆင့်နိမ့်သောနေရာတွင် ထိုင်နေလျက်ရှိကြပြီး ကန်ရွှမ်းကလန်တစ်ခုလုံးအား အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့သည့် လူငယ်လေးအား လေးနက်သောမျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ နွေးထွေးစွာဖြင့် ပြုံးရယ်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဒီနေ့ကတော့ ကန်ရွှမ်းကလန်အတွက် တကယ်ကို ရက်ရာဇာပဲ။ ဇူယွမ် မင်းကောင်းကောင်းလုပ်ပြနိုင်ခဲ့တာပဲ။"
ဇူယွမ်အား ကြည့်ရှုနေသော ကလန်ခေါင်းဆောင်ချင်းယန်၏ မျက်ဝန်းများမှာ လေးစားမှု၊ အသိအမှတ်ပြုမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်ချင်းယန်၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံယူလိုက်ရသောကြောင့် အနည်းငယ် အားတုံ့အားနာ ဖြစ်သွားရသည်။ သူ့အနေဖြင့် ရွေးချယ်ခံစိန်ခေါ်ပွဲအား ပြုလုပ်ခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးကို ရယူလိုသော အတ္တလောဘကြောင့်သာ ဖြစ်သည်။
"ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုက ငါ့တို့ရဲ့ဆရာသခင် ဖန်တီးခဲ့တဲ့ မူလသူတော်စင်ကျင့်စဉ်ကနေ ခွဲထုတ်ထားတာပဲ။ အဲ့ဒါကြောင့် သိုင်းကျန်းခုနစ်ခုလုံး စုံသွားတဲ့အချိန်ကြရင် ကျင့်စဉ်အသစ်တစ်ခုဖြစ်တဲ့ မူလသူတော်စင်ကျင့်စဉ် ထွက်ပေါ်လာလိမ့်မယ်။ သိုင်းကျမ်းခုနစ်ခုလုံးကို ရသွားရုံလေးနဲ့ မူလသူတော်စင်တောင်ကျင့်စဉ်ကို ရလိမ့်မယ်လို့ ဆိုလိုတဲ့သဘောတော့ မဟုတ်ဘူး။"
"ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးကို အထွတ်အထိပ်အဆင့်ထိ ရောက်ရှိသွားတဲ့အချိန်ကြမှ မူလသူတော်စင်ကျင့်စဉ်ကို ရရှိလိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ရှင်းပြပြောဆိုလိုက်သည်။
ဇူယွမ်မှ ကလန်ခေါင်းဆောင်ချင်းယန်၏စကားအား နားလည်ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ စင်စစ်အားဖြင့်လည်း ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးအား စုစည်းနိုင်ရုံမျှဖြင့် မူလသူတော်စင်ကျင့်စဉ်အား ရရှိနိုင်မည်ဆိုပါက အလွန်ပင် လွယ်ကူလွန်းနေပေလိမ့်မည်။
ထို့အပြင် မူလသူတော်စင်ကျင့်စဉ်အား ရရှိခဲ့မည်ဆိုလျှင်ပင် ဇူယွမ်၏ လက်ရှိကျင့်ကြံရေးအဆင့်မျှဖြင့် အသုံးပြုနိုင်လိမ့်ဦးမည် မဟုတ်ပေ။
ထို့ကြောင့် ကန်ရွှမ်းသိုင်းကျမ်းများအား စတင်လေ့လာကျင့်ကြံခြင်းကသာ ပိုမိုသင့်လျော်လိမ့်မည် ဖြစ်သည်။ ယင်းကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးအား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်အထိ ကျင့်ကြံအောင်မြင်သွားသောတစ်နေ့တွင် မူလသူတော်စင်ကျင့်စဉ်အား စတင်သင်ယူလေ့လာရန် အဆင်သင့်ဖြစ်နေလောက်ပြီပင် ဖြစ်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့အောင်ပွဲသတင်းကို ကန်ရွှမ်းကလန်အနေနဲ့ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးကို ဖြန့်ပေးရမယ်။ ဒါက ဝူဟောင်ကြောင့် နာမည်ကြီးနေတဲ့ မြင့်မြတ်သောနန်းတော်ကို တန်ပြန်တိုက်စစ်ဆင်သလို ဖြစ်သွားမှာပဲ။"
လွန်ခဲ့သောရက်များ၌ ဝူဟောင်သည် ကျောင်းထိုက်ရှင်းအား အနိုင်ရရှိကာ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာအား အလဲထိုးရယူနိုင်ခဲ့ခြင်းကြောင့် မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာမှာ တမုဟုတ်ချင်း တိုးတက်သွားခဲ့ရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အောင်ပွဲများစွာ ပန်ဆင်လာခဲ့သော ကန်ရွှမ်းကလန်၏ ကျော်ဇောမှုသတင်းကိုပင် မှေးမှိန်ပျောက်ကွယ်သွားစေခဲ့ရ၏။
ဝူဟောင်မှ ကျောင်းထိုက်ရှင်းအား အနိုင်ရရှိသွားသည့်သတင်းမှာ ကန်ရွှမ်းကလန်မှ တပည့်များစွာ၏ စိတ်ဓာတ်များကိုလည်း ကျဆင်းစေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ ရွေးချယ်ခံစိန်ခေါ်ပွဲအား အနိုင်ရရှိကာ ဒဏ္ဍာရီတွင်မည့် မှတ်တမ်းတစ်ခုအား ရေးထိုးနိုင်ခဲ့ပြီး ဝူဟောင်ကြောင့် ကျဆင်းနေသည့် ကန်ရွှမ်းကလန်မှ တပည့်များစွာ၏ စိတ်ဓာတ်ရေးရာကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့သည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်ချင်းယန်၏ ဆုံးဖြတ်ချက်နှင့်ပက်သတ်ကာ ငြင်းပယ်စရာ အကြောင်းမရှိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ပြီးတော့ ငါမြင့်မြတ်သောနန်းတော်က နန်းဆောင်သခင်ရှန့်ယွမ်နဲ့ စိတ်ဝိဉာဉ်ချင်း ဆက်သွယ်မေးမြန်းပြီးသွားပြီ။"
ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် ဇူယွမ်၏အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ အစည်းအဝေးခန်းမတွင် ရှိနေသောသူများအားလုံးမှာလည်း ကလန်ခေါင်းဆောင်ချင်းယန်အား အာရုံစိုက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ ကန်ရွှမ်းကလန်မှ ကလန်ခေါင်းဆောင်ချင်းယန်နှင့် မြင့်မြတ်သောနန်းတော်မှ နန်းဆောင်သခင်ရှန့်ယွမ်တို့မှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင် သြဇာအာဏာအသက်ရောက်ဆုံးသူများ ဖြစ်ကြသည်။
"ဝူအင်ပါယာနဲ့ ကြီးမြတ်သောဇူအင်ပါယာတို့ရဲ့ ပဋိပက္ခကြားမှာ သူဝင်ပါနေကြောင်းကို ဝန်ခံထားတယ်။"
ဇူယွမ်မှာ မျက်မှောင်ကျုံ့လျက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာတို့၏ ပဋိပက္ခအတွင်း မြင့်မြတ်သောနန်းတော်မှ ကြားဝင်နှောင့်ယှက်နေခြင်းသည် ဇူယွမ်အတွက် အဆိုးရွားဆုံးသတင်းတစ်ခု ဖြစ်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ တည်ငြိမ်သောအမူအရာဖြင့် ဆက်လက်စကားဆိုလိုက်သည်။ "ဒါပေမယ့် ငါသူ့ကို သတိပေးလိုက်တယ်။ မြင့်မြတ်သောနန်းတော်ကသာ ကြားဝင်နေမယ်ဆိုရင် ကန်ရွှမ်းကလန်ကလည်း ငြိမ်နေမှာမဟုတ်ဘူးဆိုတဲ့ အကြောင်းကိုပေါ့။"
ကလန်ခေါင်းဆောင်၏စကားကြောင့် အစည်းအဝေးခန်းမအတွင်း ရှိနေသော လူတိုင်း၏ အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့သာ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုပါက ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၌ အကြီးမားဆုံး တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ လေးနက်ခက်ထန်စွာ ပြောလိုက်သည်။ "ရှမ့်ယွမ်က ဘာလိုချင်တာလဲ။ တိုက်ပွဲဆိုရင်တော့ ကျွန်မတို့ ကန်ရွှမ်းကလန်ကလည်း နှစ်ပေါင်းများစွာ လေ့ကျင့်ထားတာကြောင့် အတော်ပဲ။ အခုချိန်က အရင်က ရန်ငြိုးတွေကို ရှင်းဖို့အချိန်ရောက်ပြီ။"
ကလန်ခေါင်းဆောင်ချင်းယန်မှ လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။ "ရှမ့်ယွမ်က ကန်ရွှမ်းကလန်ကို အလိုမရှိဘူးဆိုပေမယ့် တကယ်သာ ကလန်နှစ်ခု တိုက်ခိုက်ကြမယ်ဆိုရင် ဘာကောင်းကျိုးမှ ဖြစ်မလာနိုင်ဘူးဆိုတာ သူလည်းသိနေတယ်။"
"ဒါပေမယ့် ရှမ့်ယွမ်က ဇူယွမ်ကို မြင့်မြတ်သောနန်းတော်ကို အများကြီး အကျိုးဆုတ်ယုတ်တယ်ဆိုပြီး အပြစ်ပေးချင်နေတယ်။ အဲ့ဒါကြောင့် သူကငါနဲ့ သဘောတူညီမှုတစ်ခု လုပ်လာတယ်။ အဲ့ဒါက ဝူအင်ပါယာနဲ့ ကြီးမြတ်သောဇူအင်ပါယာတို့ရဲ့ တိုက်ပွဲမှာ မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန် နှစ်ဖက်စလုံးက နတ်ဘုံခန်းဝါနဲ့ အဲ့ထက်မြင့်တဲ့ ကျင့်ကြံရေးအဆင့်ရှိတဲ့သူတွေ ဝင်ပါလို့မရဘူးဆိုတဲ့ သဘောတူညီချက်ပဲ။"
တောင်ထွတ်ဆရာသခင်များမှာ ကလန်ခေါင်းဆောင်၏စကားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြရသည်။ "နတ်ဘုံခန်းဝါအဆင့်နဲ့ အဲ့ထက်မြင့်တဲ့ ကျင့်ကြံရေးအဆင့်ရှိတဲ့သူတွေ ဝင်ပါလို့မရဘူးဟုတ်လား။ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ရှမ့်ယွမ်ဆိုလိုချင်တဲ့ သဘောကတော့ ဇူယွမ်က ကန်းမင်တိုက်ကြီးကို ပြန်လို့မရဘူးလို့ ပြောချင်တာပဲ။ ဇူယွမ် ကန်ရွှမ်းကလန်ကနေ ထွက်သွားတာနဲ့တစ်ပြိုင်နက် မြင့်မြတ်သောနန်းတော်က တပည့်တွေရဲ့ တိုက်ခိုက်တာကို ခံရလိမ့်မယ်။"
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်သွားရသည်။ သူသာ ကန်းမင်တိုက်ကြီးဆီသို့ မပြန်ရပါက ကြီးမြတ်သောဇူအင်ပါယာသည် ဝူအင်ပါယာအား ခုခံတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
လက်ရှိအချိန်၌ ဇူယွမ်သည် မူလစဦး ကျင့်ကြံခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း မြင့်မြတ်သောနန်းတော်မှ တပည့်များစွာ၏ တိုက်ခိုက်ခြင်းအား ရင်ဆိုင်ရမည့်အရေးမှာ လွယ်ကူသောကိစ္စတစ်ခု မဟုတ်ပါချေ။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းကိစ္စလောက်မျှနှင့် မြင့်မြတ်သောနန်းတော်မှာ ဝူဟောင်နှင့်ဝူအင်ပါယာတို့အား အကူအညီပေးနေခြင်းသည် အဓိပ္ပါယ်မဲ့သော ကိစ္စရပ်တစ်ခု ဖြစ်သည်။
ချူချင်းမှ သူ၏ဦးခေါင်းအားပွတ်ကာ ပြောလိုက်သည်။ "နတ်ဘုံခန်းဝါအဆင့်နဲ့ အဲ့ထက်မြင့်တဲ့ ကျင့်ကြံရေးအဆင့်ရှိတဲ့သူတွေပဲ ဝင်ပါလို့မရတာဆိုတော့ ကျွန်တော်တို့ကတော့ ဝင်ပါလို့ရတယ်လေ။ ဟုတ်တယ်မလား။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ချူချင်းမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ် ထွက်ခွာတဲ့အချိန်ကြရင် ငါတို့ကန်ရွှမ်းကလန်က တပည့်တွေအကုန်လုံးက ကန်းမင်တိုက်ကြီးကို သွားတဲ့လမ်းတလျှောက် လိုက်ပြီးစောင့်ရှောက်ပေးမယ်။"
ဇူယွမ်မှာ ချူချင်းနှင့် အခြားသော ရွေးချယ်ခံများအား အရိုအသေပြုလိုက်သည်။
ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့မှ တပည့်များ တိုက်ခိုက်ကြမည်ဆိုပါက ကန်ရွှမ်းကောင်းကင်ဒေသအတွင်း သွေးချောင်းစီးမည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာရလိမ့်မည်ဖြစ်ကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိနားလည်နေမိသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ အေးစက်စွာ စကားဆိုလိုက်သည်။ "ရှမ့်ယွမ်က ကန်ရွှမ်းကလန်ပေါ်ထားတဲ့ သူ့ရဲ့ဒေါသတွေအကုန်လုံးကို ဇူယွမ်အပေါ် တမင်ပုံချနေတာပဲ။ နန်းဆောင်သခင် တစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ရပ်က တကယ်တရားလွန်တယ်။"
အခြားတောင်ထွတ်ဆရာသခင်များမှာ မည်သည့်စကားမှ မှတ်ချက်ပြုခြင်း မရှိပါချေ။ ၎င်းတို့မှာ တိုက်ခိုက်ရန်အတွက် မကြောက်ရွံ့ပါသော်လည်း လက်ရှိအခြေအနေများအရ တိုက်ပွဲအား ရှောင်ရှားရန်မှာ ပို၍သင့်တော်သောကြောင့် ဖြစ်သည်။
"ဇူယွမ် မင်းဘယ်အချိန်လောက် ကလန်ကနေ ထွက်သွားဖို့ စဉ်စားထားလဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ မေးလိုက်သည်။
ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောကာ ပြန်လည်ဖြေကြားလိုက်သည်။ "ကလန်ကနေ မထွက်ခွာခင် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ကို ကျင့်ကြံလိုက်ဦးမယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "မင်းက ဆန်းကြယ်သောခန္ဓာငယ်ကို ကျင့်ကြံပြီးသားဆိုတော့ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ကိုကျင့်မယ်ဆိုရင် မြန်မှာပါ။"
ဇူယွမ်မှာ ခက်ခဲသောတိုက်ပွဲအား ရင်ဆိုင်ရတော့မည်ဖြစ်သောကြောင့် အစစအရာရာ သန်မာနေရန် လိုအပ်ပေသည်။
"လူတိုင်းသွားပြီး ပြင်ဆင်ထားကြတော့။ ဒီနေ့က ကန်ရွှမ်းကလန်အတွက် ပျော်စရာနေ့ဆိုတော့ တပည့်တွေကို နည်းနည်းလွတ်လပ်ခွင့်ပေးထားလိုက်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ စကားဆိုလိုက်သည်။
တောင်ထွတ်ဆရာသခင်များနှင့် ရွေးချယ်ခံများအားလုံးမှာ အသီးသီး အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာသွားကြသည်။
အားလုံးထွက်ခွာသွားပြီးသည့်နောက် ကလန်ခေါင်းဆောင်ချင်းယန်မှာ လေးနက်ခက်ထန်သော မျက်ဝန်းများဖြင့် ခေါင်းမော့ကာ ရေရွတ်လိုက်သည်။
"ရှမ့်ယွမ် တပည့်လေးတစ်ယောက်ကို မင်းတကယ်ပဲ အဲ့လောက်ထိ အပြစ်ပေးဖို့ လိုအပ်နေလို့လား။"