ငွေဓားတောင်ထွတ်။
Vol. 1 Ch. 2
ရှုတောင်ဂိုဏ်း၊ ငွေဓားတောင်ထွတ်...။
ချူလျန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး၊ အကြည့်များက စူးရှတောက်ပနေသည်။
အပြင်ဘက်ရှိ အချိန်ကို လှမ်းကြည့်လိုက်ရာ၊ စောလွန်းနေသေးသည်ကို သတိပြုမိလိုက်သည်။ ရဲရဲတောက်နေသော နေမင်းကြီးသည် တောင်တန်းများထက်သို့ တက်ရောက်စပြုနေပြီဖြစ်ပြီး၊ ကောင်းကင်ယံသည် အနီရောင်အရိပ်အယောင်များဖြင့် ခြယ်မှုန်းလျက်ရှိ၏။
သူသည် ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ နှစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၍၊ စောစောထတတ်သည့် အကျင့် ရှိနေပြီ ဖြစ်သည်။
မှန်ပေသည်၊ သူသည် ဤကမ္ဘာမှ မဟုတ်ပေ။
သူသည် မကြာသေးမီကမှ အထက်တန်းကျောင်းပြီးမြောက်ကာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသားတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော တစ်ရက်ကမှ သူသည် ပြည်နယ်တစ်ခုလုံးတွင် တတိယအဆင့် ရရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။
သို့သော် နောက်တစ်နေ့ အိမ်မှ ထွက်လာစဉ်၊ အရက်မူးနေသူတစ်ဦး မောင်းနှင်လာသည့် ကားတိုက်ခံရပြီး လေထဲသို့ လွင့်စင်သွားခဲ့ရသည်။
ပြန်လည် နိုးထလာချိန်တွင်၊ သူသည် ထူးဆန်းအံ့ဩဖွယ် ကောင်းသော ကမ္ဘာတစ်ခုသို့ ရောက်ရှိနေတော့သည်။
ဤကမ္ဘာကို ထူးဆန်းသည်ဟု ဆိုရခြင်းမှာ၊ သောင်းကျန်းနေကြသော မိစ္ဆာသတ္တဝါများ၊ ပျံသန်းနေသော နဂါးနှင့် မြွေများ၊ ကောင်းကင်ဘုံထက်ပင် ကျော်လွန်သော မိစ္ဆာနတ်ဘုရားနှင့် ဝိညာဉ်များ၏ လွှမ်းမိုးမှုတို့ကြောင့် ဖြစ်သည်။
လူသားတို့၏ အသက်သည် မြက်ပင်၊ ဖွဲကဲ့သို့ မခိုင်မြဲချေ။
လူ့လောက၏ ငြိမ်းချမ်းရေးကို မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့ ဦးဆောင်သော အင်မော်တယ်ဂိုဏ်းများက ပူးပေါင်း၍ မကောင်းဆိုးဝါး အင်အားစုများကို နှိမ်နင်းကာ ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဤကမ္ဘာတွင် လူသားကျင့်ကြံသူများသည်လည်း အလားတူ စွမ်းအားကြီးမားကြ၏။ သိုင်းပညာရှင်များသည် လက်ဗလာဖြင့် တောင်များကို ခွဲခြမ်းနိုင်ပြီး၊ စာသင်သားများသည် ထောင်ချီသော စစ်တပ်နှင့် ယှဉ်နိုင်သည့် စွမ်းရည်များကို ပြသကြသည်။
တာအိုမဟာဆရာသခင်ကြီးများသည် လေနှင့် မိုးကို အမိန့်ပေးနိုင်ပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လက်ချောင်းလေးဖြင့်ပင် နဂါးများကို နှိမ်နင်းနိုင်သည်ဟု ဆိုကြသည်။
ဤခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်သည် မိဘမဲ့တစ်ဦး ဖြစ်သည်။ သူ၏ မိသားစုတစ်ခုလုံး မိစ္ဆာနှင့် မကောင်းဆိုးဝါးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရပြီး၊ သူတစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။
သူ့ကို တစ်စုံတစ်ယောက်က ကယ်တင်ခဲ့ပြီး၊ ယခုအခါ သူ၏ ဆရာသခင် ဖြစ်လာခဲ့သည်။ ဆရာသခင်သည် သူ၏ မွေးရာပါ ကျင့်ကြံခြင်း ပါရမီကို အသိအမှတ်ပြုကာ တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခင်ပိုင်ရှင်သည် မကောင်းဆိုးဝါးများအပေါ် ပြင်းထန်သော အမုန်းတရား ထားရှိခဲ့ပြီး၊ တန်ခိုးစွမ်းရည်များနှင့် သိုင်းကွက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်လိုစိတ် ပြင်းပြခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ တောင်ပေါ်မှ ဆင်းသက်ပြီး မိစ္ဆာများကို နှိမ်နင်းရန် ဖြစ်သည်။
သို့သော် သူ၏ လွန်ကဲသော စိတ်အားထက်သန်မှုနှင့် စိတ်မရှည်မှုတို့က သူ၏ တာအိုစိတ်အခြေအနေကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ အဆင့်တက်လှမ်းရန် ကြိုးစားနေစဉ်တွင် ထိန်းချုပ်မှု လွတ်ကင်းသွားပြီး၊ ဝိညာဉ် ပြန့်ကျဲသွားခဲ့ရသည်။
ဘဝဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရနိုင်ကြောင်း သက်ပြင်းချရင်းသာ ဆိုရပေမည်။
ချူလျန်၏ ဝိညာဉ် ဤကမ္ဘာသို့ ပထမဦးစွာ ရောက်ရှိလာစဉ်က၊ သူ ကြောက်လန့်တုန်လှုပ်ခဲ့ရသည်။ ငြိမ်းချမ်းသော ခေတ်ကာလတွင် ကြီးပြင်းလာသော လူငယ်တစ်ဦး အနေဖြင့်၊ မိစ္ဆာနှင့် မကောင်းဆိုးဝါးများ လွှမ်းမိုးထားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခြင်းက သူ့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
အထူးသဖြင့် အမွေဆက်ခံရရှိခဲ့သော မှတ်ဉာဏ်များထဲတွင်၊ ယခင်ပိုင်ရှင်၏ မိဘများနှင့် ချစ်ခင်ရသူများ မကောင်းဆိုးဝါးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ကြေကွဲဖွယ် မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။ ၎င်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာအား ကြီးမားစွာ ထိခိုက်စေခဲ့သည်။
သို့သော် ကြောက်ရွံ့မှုသည် မလုံလောက်သော ခွန်အားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သူ မကြာမီ သဘောပေါက်သွားသည်။
အားနည်းသူများသည် ကြောက်ရွံ့မှု သံသရာထဲတွင် အမြဲတစေ ရှင်သန်နေထိုင်ကြရသည်။ ဤစိုးရိမ်ပူပန်မှုမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ၊ ပိုမို သန်မာလာရန်သာ ဖြစ်၏။
ဤခန္ဓာကိုယ်၏ မွေးရာပါ ကျင့်ကြံခြင်း ပါရမီနှင့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းတစ်ခု ဖြစ်သော ရှုတောင်ဂိုဏ်းနှင့် ဆက်နွယ်နေမှုကြောင့်၊ သူ၏ ခရီးစဉ်အစသည် ကောင်းမွန်သည်ဟု ဆိုရပေမည်။
ပို၍ ထူးခြားသည်မှာ၊ သူ ကူးပြောင်းရောက်ရှိလာပြီးနောက်၊ သူ၏ ဝိညာဉ်တွင် သိမ်မွေ့နက်နဲသော အပြောင်းအလဲ တစ်ခုကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းသည် ထိုစေတီတော်၏ ထွက်ပေါ်လာမှုပင် ဖြစ်ချေသည်။
သူ တရားမှတ်တိုင်း၊ ကြီးမားသော အဖြူရောင် စေတီတော်ကြီး တစ်ဆူသည် သူ၏ စိတ်ထဲတွင် ပေါ်လာလေ့ ရှိသည်။ မိစ္ဆာတစ်ကောင်ကို အောင်မြင်စွာ သတ်ဖြတ်လိုက်တိုင်း၊ စေတီတော်က သူ့အား ဆုလာဘ်တစ်ခု ပေးအပ်လေ့ ရှိသည်။
ဤဖြစ်ရပ်ဆန်းသည် ယခင်ပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် မရှိခဲ့ပေ။ စေတီတော်သည် သူနှင့်အတူ ဤကမ္ဘာသို့ လိုက်ပါလာသကဲ့သို့ပင် ဖြစ်သည်။
ဤစေတီတော်သည် ဒဏ္ဍာရီလာ ရွှေလက်ချောင်းများ ဖြစ်နိုင်မည်လော...။
အစပိုင်းတွင် ချူလျန်သည် မိစ္ဆာကြီးများကို အမဲလိုက်ရန် မဝံ့ရဲခဲ့ပေ။ ထို့အစား သူသည် ရှုတောင် ဝန်းကျင်ရှိ ကျေးရွာများနှင့် မြို့များမှ အုတ်ဂူများ၊ သင်္ချိုင်းကုန်းများကဲ့သို့သော နေရာများကို ရှာဖွေပြီး၊ မီးအိမ်မိစ္ဆာ အချို့ကိုသာ သတ်ဖြတ်ခဲ့သည်။
မီးအိမ်မိစ္ဆာများသည် သေဆုံးသူများ၏ လက်ကျန် အငြိုးအတေးများမှ မွေးဖွားလာသော မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မီးအိမ်များတွင် တွယ်ကပ်နေသော တစ္ဆေမီးတောက်များ အဖြစ် ပေါ်ထွက်လာကြသည်။
ညဘက်တွင် သူတို့သည် လွင့်မျောနေတတ်ပြီး သက်ရှိလူသားများနှင့် ဝင်တိုက်မိတတ်ကြသည်။ ထိုသို့ ဖြစ်ပွားပါက၊ မီးအိမ်မိစ္ဆာသည် လေထဲတွင် လွင့်ပြယ်သွားရလေ့ ရှိသည်။
တိုက်မိသော လူသည် အဆိုးဆုံး အနေဖြင့် ခေတ္တခဏမျှ နေမကောင်း ဖြစ်သွားနိုင်သည်။ မီးအိမ်မိစ္ဆာများသည် ကျင့်ကြံသူများ၏ ရှေ့တွင် လုံးဝ စွမ်းအားမရှိကြပေ။
အမှန်တကယ်တွင်၊ သူတို့သည် အလွန် အားနည်းလွန်းသဖြင့် ချစ်စရာပင် ကောင်းနေသေးသည်။
မီးအိမ်မိစ္ဆာတစ်ကောင်ကို သန့်စင်ခြင်းအတွက် ဆုလာဘ်မှာ၊ ကျင့်ကြံခြင်းကို အားဖြည့်ပေးသော ချီစုစည်းဆေးလုံး ဖြစ်သည်။ ဤဆေးလုံးသည် ရှားပါးသည်ဟု မဆိုနိုင်သော်လည်း၊ အများအပြား စုဆောင်းထားပါက သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေသည်။
တစ်ခါက သူသည် လူများကို သတ်ဖြတ်နေသော ခံစစ်စွမ်းအား ကောင်းမွန်သည့် ကြီးမားသော ကျောက်ရုပ်မိစ္ဆာတစ်ကောင်နှင့် မတော်တဆ တွေ့ဆုံခဲ့ရသည်။ ရှည်လျား ပင်ပန်းခက်ခဲသော တိုက်ပွဲတစ်ခုအပြီးတွင်၊ ချူလျန်သည် ၎င်းကို အောင်မြင်စွာ ခြေမှုန်း သတ်ဖြတ်နိုင်ခဲ့သည်။
ထိုအချိန်က စေတီတော်ဖြူသည် သူ့အား ပထမဆုံးအကြိမ် မှော်ဝင်ပစ္စည်း တစ်ခုဖြင့် ဆုချီးမြှင့်ခဲ့သည်။ ယင်းသည် ပင့်ကူမိစ္ဆာမအား မူလသဏ္ဌာန် ပေါ်လာစေရန် တွန်းအားပေးခဲ့သော ရွှေအုတ်ခဲပင် ဖြစ်ချေသည်။
[မိစ္ဆာဖော်ရွှေအုတ်ခဲ - ဤအုတ်ခဲဖြင့် လူတစ်ဦး၏ ဦးခေါင်းကို ရိုက်လိုက်သောအခါ၊ ဖုံးကွယ်ထားသော မည်သည့် မိစ္ဆာကိုမဆို ချက်ချင်း မူလသဏ္ဌာန် ပေါ်လာစေသည်။ အကယ်၍ ထိုသူသည် ရုပ်ဖျက်ထားသော မိစ္ဆာမဟုတ်ပါက၊ နာကျင်မှုနှင့် မူးဝေမှုကို အတိုင်းအတာတစ်ခုအထိ ခံစားရပေလိမ့်မည်။ ဤပစ္စည်းသည် အမှန်နှင့် အမှားကို တိကျစွာ ခွဲခြားပေးနိုင်ကြောင်း အာမခံသည်။]
ဤပစ္စည်းနှင့် ပတ်သက်၍၊ ချူလျန်သည် သောက်ကျိုးနည်းလောက်အောင် အလွန်တရာ လက်တွေ့ကျသည်ဟု ယူဆသည်။
ကျင့်ကြံခြင်းလောကတွင် ဆေးလုံးများ၊ မှော်ဝင်ပစ္စည်းများနှင့် တန်ခိုးစွမ်းရည်များကို အလွန် တန်ဖိုးရှိသည်ဟု သတ်မှတ်ကြသည်။ ရှုတောင်ဂိုဏ်း၏ တပည့်များပင်လျှင်၊ အရင်းအမြစ်များနှင့် တန်ဖိုးရှိသော ပစ္စည်းများကို လဲလှယ်ရန်အတွက် ဂိုဏ်းကိုယ်စား တာဝန်များကို ထမ်းဆောင်ကြရသည်။
သို့သော် ချူလျန်သည် မိစ္ဆာများကို သတ်ဖြတ်ရုံဖြင့် ဤတန်ဖိုးရှိသော ပစ္စည်းများကို ရယူနိုင်လေသည်။ ပိုမို အစွမ်းထက်သော မိစ္ဆာများကို သတ်ဖြတ်လေလေ၊ သူရရှိသော ပစ္စည်းများ၏ အဆင့်အတန်း မြင့်မားလာလေလေ ဖြစ်ပြီး၊ သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို ပိုမို တိုးတက်စေသည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် ချူလျန်သည် ‘မိစ္ဆာများကို ကြောက်ရွံ့သောကြောင့် မိစ္ဆာများကို သတ်ဖြတ်နေရသည်’ ဟူသော ဝိရောဓိ ဖြစ်နေသည့် ယုတ္တိဗေဒထဲတွင် ပိတ်မိနေသည်ကို တွေ့ရှိလိုက်ရသည်။
ရှုထောင့်တစ်နေရာမှ ကြည့်လျှင်၊ သူသည် ယခင်ပိုင်ရှင်၏ ဆန္ဒအချို့ကို ဖြည့်ဆည်းပေးနေခြင်းပင် ဖြစ်ချေသည်။
...
ချူလျန်တစ်ယောက် အဝတ်အစား လဲလှယ်ဝတ်ဆင်ပြီး ဆံပင်စည်းနှောင်ရန် အချိန်ယူလိုက်သည်။ ထို့နောက် မျက်နှာသစ်ရန် ရေသွားခပ်သည်။ ထိုအခါမှသာ သူ အိပ်ရာမှ တရားဝင် နိုးထလာပြီဟု ယူဆနိုင်ပေသည်။
တံခါးကို တွန်းဖွင့်လိုက်ပြီး၊ သစ်သားအိမ်ငယ်လေးထဲမှ ထွက်ကာ ကျယ်ပြောလှသော ကောင်းကင်နှင့် ငြိမ်းချမ်းသော တိမ်တိုက်များကို ငေးကြည့်လိုက်သည်။
ဧပြီလ၏ နွေနှောင်းပိုင်း ဖြစ်သဖြင့်၊ လေပြေလေညင်းသည် မြက်ပင်နှင့် သစ်ပင်နံ့များကို သယ်ဆောင်လာသည်။ သူသည် ကျေးငှက်သံများ၊ မွှေးပျံ့သော ပန်းရနံ့များဖြင့် တန်ဆာဆင်ထားသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားသည်။
တောင်ကုန်း၏ တစ်ဝက်ခန့်ကို ကွေ့ဝိုက်ပြီးနောက်၊ တောင်ထိပ်တွင် တည်ရှိသော နန်းဆောင်တစ်ခုသို့ ရောက်ရှိလာသည်။
ဆရာသခင်ကို တွေ့ဆုံရန် လာခဲ့ခြင်းပင် ဖြစ်ပေသည်။
နန်းဆောင်၏ ပင်မတံခါး ပွင့်ဟနေပြီး၊ တံခါးပေါက်ကို ကျော်ဖြတ်သွားသောအခါ၊ သလွန်ထက်တွင် အေးဆေးသက်သာစွာ လဲလျောင်းနေသော ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ယင်းသည် ဆံပင်ရှည်များနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဆံချည်မျှင်များ သူမ၏ မျက်နှာပေါ်သို့ ကျဆင်းနေပြီး၊ တစ်ဝက်ခန့်ကို ဖုံးကွယ်ထားသော်လည်း၊ ကျန်တစ်ဝက်ကိုမူ နူးညံ့တောက်ပစွာ ဖော်ပြနေသည်။
သူမ၏ မျက်နှာသွင်ပြင်သည် သိမ်မွေ့စွာ ရေးဆွဲထားသော မှင်ပန်းချီကား တစ်ချပ်နှင့် တူနေပြီး၊ ပန်းရောင် ဖျော့ဖျော့လေး သမ်းနေသည်။ လည်တိုင်မှာမူ ကြွေထည်ကဲ့သို့ သေသပ်လှပသော ပုံသဏ္ဌာန် ရှိနေသည်။
သူမသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ လဲလျောင်းနေသည့်တိုင် လပြည့်ဝန်းအလား သူမ၏ ရင်သား ပြည့်ဖြိုးမှုကို အလွယ်တကူ မြင်တွေ့နိုင်သည်။ သူမ၏ ရင်ဘတ်သည် အသက်ရှူသံနှင့်အညီ စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး၊ ရင်နှစ်မွှာကြား တည်ရှိနေသော ကြက်သွေးရောင် တောက်ပသည့် ကျောက်စိမ်းဆွဲပြားက အာရုံဖမ်းစားစေနိုင်သည်။
သူမ၏ ခါးကို ဖဲကြိုးတစ်စဖြင့် သပ်ရပ်စွာ စည်းနှောင်ထားပြီး၊ အောက်ပိုင်းတွင်မူ ဆွံကားသော တင်ပါးများနှင့် ဖြူဖွေးသွယ်လျသော ပေါင်တံနှစ်ဖက်က အပြင်ဘက်သို့ ဆန့်ထွက်နေကာ နူးညံ့အိစက်သော အသွင်အပြင်ကို ဆောင်နေသည်။
သူမ၏ လက်ဘေးတွင် ကြီးမားသော အရက်ဗူးသီးခြောက်ကြီး တစ်လုံး ချိတ်ဆွဲထားသည်။ ချူလျန် တံခါးပေါက်ကို ကျော်ဖြတ်ဝင်ရောက်လာသောအခါ၊ တိုးညှင်းသော ဟောက်သံကိုပင် ကြားလိုက်ရသည်။
ဤအချက်များက သူမ၏ စည်းကမ်းမဲ့မှုကို ပြသနေသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း၊ ချူလျန်၏ ခြေသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ အမျိုးသမီးသည် ချက်ချင်း နိုးထလာပြီး မျက်လုံးများ ပွင့်လာသည်။
"လေးစားရပါသော ဆရာသခင်..." ချူလျန် တံခါးဝမှ လှမ်းနှုတ်ဆက်လိုက်သည်။
မှန်ပေသည်၊ ဤအမျိုးသမီးသည် ချူလျန်၏ဆရာသခင် တီနွီဖုန့်ဖြစ်ပြီး၊ ရှုတောင်ဂိုဏ်း၏ တောင်ထွတ် (၃၆)ခုအနက် တစ်ခုဖြစ်သော ငွေဓားတောင်ထွတ်၏ တောင်ထွတ်သခင်မ ဖြစ်ချေသည်။
"အမ်း... မိုးတောင်လင်းနေပြီလား..." တီနွီဖုန့် ရေရွတ်လိုက်ပြီး လူးလှိမ့်ကာ ထထိုင်လိုက်သည်။
သူမ၏ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး၊ တို့လိုတွဲလျောင်းနှင့် ပခုံးသားတစ်ဖက်ပင် ပေါ်နေသည်။ မြင်ကွင်းအရ ဗလက်ကာယအပြုခံထားရသော ဇာတ်ဝင်ခန်းနှင့်ပင် တူနေချေသည်။
ရှုပ်ပွနေသော အဝတ်အစားများကို ပြန်လည် ပြင်ဆင်ခြင်း မပြုဘဲ၊ သူမသည် ခေါင်းကို ကုတ်လိုက်ပြီး ချူလျန်ကို မှုန်ဝါးဝါး စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း ဘာလို့ ဒီရောက်နေတာလဲ..."
သူမ အိပ်မှုန်စုံဝါး ဖြစ်နေသေးကြောင်း ထင်ရှားပေသည်။
"အမ်..." ချူလျန် ခေါင်းမော့လိုက်ပြီး ပြန်ဖြေလိုက်သည်။ "လေးစားရပါသော ဆရာသခင်... ဆရာသခင်က စက္ကူကြိုးကြာနဲ့ သတင်းစကား ပို့လိုက်တယ်လေ... ကျွန်တော် ပြန်ရောက်ရင် လာတွေ့ပါဆိုလို့..."
"အဲဒီလို ဖြစ်ခဲ့တာလား..." တစ်ညလုံး သောက်စားထားသဖြင့် အမူးမပြေသေးသော ပုံစံဖြင့် အမျိုးသမီးက မေးလိုက်သည်။
သူမသည် ခေါင်းကို ကုတ်လိုက်ပြီး ရုတ်တရက် အာမေဋိတ်သံ ပြုလိုက်သည်။ "အိုး.. မှတ်မိပြီ…"
အနည်းငယ် သမ်းဝေပြီးနောက်၊ သူမသည် အဝတ်အစားများကို ပြင်ဆင်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ လဲလျောင်းနေစဉ်က သိပ်မသိသာခဲ့သော အရပ်ရှည်ရှည်၊ ကောက်ကြောင်းလှပသည့် ခန္ဓာကိုယ်အလှကို ဖော်ပြလိုက်သည်။
"ဂိုဏ်းချုပ် မနေ့က တောင်သခင်တွေကို အစည်းအဝေး ခေါ်တယ်... (၁၀)နှစ် တစ်ကြိမ် ကျင်းပတဲ့ ရှုတောင် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်ဖို့လေ... မင်း ကြားဖူးတယ် မဟုတ်လား... တောင်ထိပ်အသီးသီးက တပည့်တွေ တပည့်ခေါင်းဆောင်ဘွဲ့အတွက် ယှဉ်ပြိုင်ကြတဲ့ ပွဲလေ..."
"ကျွန်တော် သိပါတယ်..."
"အစည်းအဝေးမှာ ဟိုသောက်အဘိုးကြီး ဝမ်ရွှမ်လင်နဲ့ အကြီးအကျယ် စကားများခဲ့ရတယ်... တပည့်ခေါင်းဆောင်ဘွဲ့က ကျောက်စိမ်းဓားတောင်ထွတ်ဆီပဲ ရောက်မှာပါ ဆိုပြီး ဖင်ခေါင်းကျယ်နေတဲ့ သူ့ရဲ့ ထောင်လွှားတဲ့အပြုအမူကို ငါ သည်းမခံနိုင်ဘူး... ချီးပဲ.."
တီနွီဖုန့်သည် အဖြစ်အပျက်ကို ပြန်ပြောရင်း ဒေါသထွက်လာသည်။ "သေချာတာပေါ့... ငါ သူနဲ့ ငြင်းခုန်ကြရော... ဆဲလည်း ဆဲဆိုခဲ့သေးတယ်.. ပြီးတော့ လောင်းကြေးထပ်လိုက်တယ်လေ..."
"တကယ်လို့ ကျောက်စိမ်းဓားတောင်ထွတ်ရဲ့ တပည့်တစ်ယောက်က တပည့်ခေါင်းဆောင်နေရာ ရသွားရင်... ငါက သူ့ကို ဖီးနစ်ဝိညာဉ် သွေးကျောက်စိမ်း လက်ဆောင်ပေးရမယ်... အေး... ငါ့ရဲ့ ငွေဓားတောင်ထွတ်က တပည့်တစ်ယောက်ကသာ တပည့်ခေါင်းဆောင် ရသွားခဲ့ရင်... ဝမ်ရွှမ်လင်က မဟာတောင်ထွတ်သခင် ရာထူးကနေ ဆင်းပေးပြီး ငါ့ကို လွှဲပေးရမယ်..."
ပြောပြီးသည်နှင့် တီနွီဖုန့်သည် ချူလျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါ မင်းကို ခေါ်လိုက်တာက... ငါတို့ရဲ့ ငွေဓားတောင်ထွတ်ကနေ ဘယ်သူ့ကို ရှုတောင် ထိပ်သီးဆွေးနွေးပွဲမှာ ဝင်ပြိုင်ခိုင်းရင် ကောင်းမလဲ မေးချင်လို့..."
"..." ချူလျန် ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားပြီးမှ တီးတိုး ပြောလိုက်သည်။
"လေးစားရပါသော ဆရာသခင်... ငွေဓားတောင်ထွတ်မှာ တပည့်ဆိုလို့ ကျွန်တော် တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလား..."
"သိပ်ကောင်းတယ်…" တီနွီဖုန့် လက်ခုပ်တီးပြီး အော်ဟစ်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် အကြံပြုလိုစိတ် ရှိတာ ငါ သိပ်ဝမ်းသာတယ်…"
[ဘာသာပြန်သူ၏ ပန်ကြားချက် - တီနွီဖုန့် ဆိုတာ ဖီးနစ်ဧကရီလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုချင်တာက တီနွီဖုန့်ဟာ အလောင်စရိုက်ရှိသူမျိုးလို့ ဖော်ပြချင်တာပါပဲ…။
ဒီစာစဉ်လေးက အခွီလိုင်းကိုမှာ အနည်းငယ် သရော်စာပုံစံဘက်ကိုလည်း သွားပါတယ်။ ထို့အတွက် အချို့နာမည်အသုံးတွေ၊ ဇာတ်ကောင်တွေ၊ ဇာတ်ဝင်ခန်းအချို့က နာမည်ရှိ၊ နာမည်ကြီး ဇာတ်ကား၊ ဝတ္တုအချို့ကို ဟာသဆန်ဆန် သရော်ထားတာတွေ ပါပါတယ်။
ကျွန်တော် လက်လှမ်းမီသလောက်၊ တတ်နိုင်သလောက် ကြိုးစားရှာဖွေပြီးလည်း ရှင်းပြပေးသွားပါမယ်။
သို့ပေသိ၊ ရည်ညွှန်းသမျှအကုန်ကို မသိနိုင်တာကြောင့် ထိုက်သင့်သလောက် ဖွဲ့သီမပေးနိုင်ခဲ့ရင် ဘာသာပြန်သူ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း…။ ]