ဓားလဲလှယ်ရေးခန်းမ။
Vol. 1 Ch. 3
ချူလျန်သည် နဖူးပေါ်တွင် မေးခွန်းသင်္ကေတကြီး ရှိနေသကဲ့သို့၊ သူ၏ ဆရာသခင်ကို နားမလည်နိုင်စွာဖြင့် ငေးကြည့်လိုက်မိသည်။
"လေးစားရပါသော ဆရာသခင်... ကျောက်စိမ်းဓားတောင်ထွတ်က ဂိုဏ်းတောင်ထွတ်တွေအားလုံးထဲမှာ အစွမ်းအထက်ဆုံးလေ... သူတို့မှာ တပည့်ပေါင်း (၁၀၀)နီးပါး ရှိသလို... ရွှေအမြုတေအဆင့် ရောက်နေတဲ့ နာမည်ကြီး အဖွဲ့ဝင်တချို့တောင် ရှိသေးတယ်... သူတို့က တပည့်ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေး အများဆုံးရှိတာ အမှန်ပဲလေ... ကျွန်တော်ကတော့... လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ဝိညာဉ်အသိအမြင်အဆင့်ကို ရောက်တာလေ..." သူ မနေနိုင်ဘဲ မေးမြန်းလိုက်မိသည်။
တပည့်ခေါင်းဆောင် ဆိုသည်မှာ ရှုတောင်ဂိုဏ်း မျိုးဆက်သစ်တပည့်တိုင်း၏ မျက်နှာစာကို ကိုယ်စားပြုသည်။ ထိုရာထူးအတွက် ပြိုင်ဆိုင်မှုသည် သေချာပေါက် ပြင်းထန်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ မဟာတောင်ထွတ်သခင် ရာထူးကို ရရှိခြင်းသည် တောင်သခင် (၃၆)ဦးအနက် ဂုဏ်အရှိဆုံး၊ အလေးစားခံရဆုံးနှင့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခြင်းပင်။
အကယ်၍ အစောင့်အရှောက်အကြီးအကဲ (၄)ဦးသာ ဂိုဏ်းချုပ် မဖြစ်နိုင်သည့် အခြေအနေမျိုး ပေါ်ပေါက်လာပါက၊ မဟာတောင်ထွတ်သခင်သည် ဂိုဏ်းချုပ်သစ် ဖြစ်လာရန် ဒုတိယ ဦးစားပေး ဖြစ်လာပေလိမ့်မည်။
တိနွီဖုန့်မှာမူ…။
သူမသည် ရှုတောင်ဂိုဏ်း၏ ဘေးဒုက္ခဆိုးကြီးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
ယစ်ထုတ်ကြီး၊ တိုက်ခိုက်ရေးကျွမ်းကျင်သူနှင့် ဒေါသကြီးလွန်းသူအဖြစ် သိုင်းလောက တစ်ခုလုံးတွင် လူသိများသည်။
သို့ပေသိ၊ တိနွီဖုန့်သည် သူမ ကျင့်ကြံထားသော အစွမ်းထက်သည့် စွမ်းရည်များကြောင့် တောင်သခင်ရာထူးကို ပြိုင်ဘက်များအား အမှောက်သိပ်ကာ ရယူနိုင်ခဲ့သည်။
သို့သော်၊ ရှုတောင်ဂိုဏ်းချုပ်သည် သူမ၏ မကောင်းသော ဩဇာလွှမ်းမိုးမှုများ သက်ရောက်မည်ကို စိုးရိမ်သဖြင့်၊ သူမအား တပည့်များ ပေးအပ်ရန် ဝန်လေးနေခဲ့သည်။
နောက်ပိုင်းတွင် သူမသည် သူရဲကောင်းဆန်သော လုပ်ရပ်များ ပြုလုပ်ရန် တောင်ပေါ်မှ ဆင်းသက်ခဲ့ပြီး၊ ထိုအချိန်တွင် ကျင့်ကြံခြင်း ပါရမီရှိသော ချူလျန်ကို ကိုယ်တိုင် ရွေးချယ်ကာ တပည့်အဖြစ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
သူမကိုယ်တိုင် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သဖြင့်၊ မည်သူကမျှ ကန့်ကွက်နိုင်ခြင်း မရှိခဲ့ပေ။
ထို့နောက်တွင်မူ၊ တပည့်လက်ခံခြင်းသည် ထင်သလောက် ပျော်စရာမကောင်းကြောင်း တွေ့ရှိသွားသောအခါ၊ သူမသည် နောက်ထပ် တပည့်လက်ခံခြင်း မရှိတော့ပေ။
ယခုအခါ၊ တိနွီဖုန့်သည် သူမ၏ တစ်ဦးတည်းသော တပည့်ကို တပည့်ခေါင်းဆောင်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေလိုပြီး၊ သူမကိုယ်တိုင်လည်း မဟာတောင်ထွတ်သခင်ရာထူးကို ရယူလိုနေသည်။
ချူလျန်ခမျာ အတော်လေး အံ့အားသင့်သွားရသည်။
သူမ ဘယ်လိုများ ဤသို့သောကိစ္စမျိုးကို ကြိုးစားကြည့်ရန် စိတ်ကူးမိပါသနည်း…။
တိနွီဖုန့်သည် လျှောက်လာပြီး ချူလျန်၏ ပခုံးကို ပုတ်လိုက်သည်။ "မင်း ဒီလောက်ကြီး ဖိအားများနေစရာ မလိုပါဘူး... ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အနည်းဆုံး နှစ်ဝက်လောက် အချိန်ရသေးတယ်... သေချာ ပြင်ဆင်ထားလိုက်ရုံပါပဲ... တကယ်လို့ မင်းသာ တပည့်ခေါင်းဆောင် ဖြစ်လာခဲ့ရင်... မင်းဆရာမ ငါက မင်းကို ထိုက်တန်အောင် ဆုချမှာပါ... မင်း ကြိုက်တာ တောင်းလို့ရတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ၊ ချူလျန်သည် တိနွီဖုန့်၏ ရင်ဘတ်ကို လှမ်းကြည့်လိုက်သည်။
"ဟမ့်..." တိနွီဖုန့်၏ အကြည့်များ ရုတ်တရက် စူးရှသွားပြီး လက်ညှိုးထိုးကာ မေးလိုက်သည်။ "မင်း ဘာတွေ တွေးနေတာလဲ..."
"လေးစားရပါသော ဆရာသခင်... အထင်မလွဲပါနဲ့..." ချူလျန် ပြောလိုက်သည်။
"ဆရာသခင်က ဖီးနစ်ဝိညာဉ် သွေးကျောက်စိမ်းလိုမျိုး အဖိုးတန်ရတနာကို လောင်းကြေးထပ်လိုက်တာ တွေးပြီး... ကျွန်တော် ထိပ်သီးဆွေးနွေးပွဲအတွက် အကောင်းဆုံး ပြင်ဆင်ရမယ်လို့ တွေးနေတာပါ... ဒါပေမဲ့... တပည့်ခေါင်းဆောင်နေရာ ရဖို့က တော်တော် ခက်ခဲလိမ့်မယ်... တကယ်လို့ ကျွန်တော် ရှုံးနိမ့်သွားရင် ဆရာသခင် အပြစ်မတင်ပါနဲ့..."
"အို... မင်းက ကျောက်စိမ်းကို ကြည့်နေတာကိုး..."
တိနွီဖုန့်သည် လည်ပင်းမှ ရင်ညွှန့်ထက်သို့ တွဲလောင်းကျနေသော ကျောက်စိမ်းဆွဲပြားကို တို့ထိလိုက်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။
သူမ ဆက်ပြောလိုက်သည်။ "ကိစ္စမရှိဘူး... မင်းတာဝန် မင်းကျေဖို့ပဲ လိုတယ်... တကယ်လို့ မင်းသာ တပည့်ခေါင်းဆောင် ဖြစ်လာပြီး... ငါ မဟာတောင်ထွတ်သခင် ဖြစ်လာရင်... ငါတို့ အရင်းအမြစ် အများကြီးကို သုံးစွဲခွင့် ရကြမှာ... အဲဒီခါကျရင် အရင်းအမြစ်တွေကို (၃၀-၇၀) ခွဲယူကြမယ်လေ... မကောင်းဘူးလား..."
တောက်ပသော အနာဂတ်ကို စိတ်ကူးယဉ်ရင်း၊ သူမ လောဘတကြီး ရယ်မောလိုက်မိသည်။
"ဟီးဟီးဟီး..."
...
ချူလျန်တစ်ယောက် နန်းဆောင်ထဲမှ ထွက်လာပြီး စိတ်ခံစားချက်များကို တည်ငြိမ်အောင် မနည်းထိန်းလိုက်ရသည်။ ထို့နောက် နောက်ထပ် ဦးတည်ရာသို့ သွားရန် ပြင်ဆင်လိုက်သည်။
ယင်းသည် ရှုတောင်၏ အဓိကတောင်ထွတ်ဖြစ်သော ကောင်းကင်တက်လှမ်းတောင်ထွတ်ပင် ဖြစ်သည်။
ကောင်းကင်တက်လှမ်းတောင်ထွတ်သည် ဂိုဏ်းချုပ်နေထိုင်ရာ အကန့်သတ်မဲ့နန်းတော် တည်ရှိသည့် နေရာဖြစ်သည်။
ရှုတောင်ဂိုဏ်းအတွက် အလွန် အရေးပါသော နေရာတစ်ခု ဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံ၏ မြို့တော်ကဲ့သို့ပင် ဖြစ်သည်။ ဂိုဏ်း၏ အရေးကြီးသော ကိစ္စရပ်များကို ဤနေရာတွင် စီမံခန့်ခွဲလေ့ ရှိသည်။
လက်လေးတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်၊ ချူလျန်၏ လက်ကောက်သည် ဓားပျံတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူ၏ ရှေ့တွင် အလျားလိုက် ပျံဝဲနေသည်။ သူ ဓားပေါ်သို့ တက်လိုက်သည်နှင့်၊ ဓားသည် ငွေဓားတောင်ထွတ်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။
ယခုအခါ၊ သူသည် ဓားစီးနင်းပြီး လေထဲတွင် ပျံသန်းနေခြင်းပင် ဖြစ်ချေသည်။
လေတိုးသံများ နားထဲတွင် မြည်ဟိန်းနေပြီး၊ ဓားအောက်တွင် အဆုံးမရှိသော တိမ်ဖြူပင်လယ်ကြီး ရှိနေသည်။
တောင်ထွတ် (၃၆)ခုသည် တိမ်ပင်လယ်ထဲမှ ထိုးထွက်နေကြပြီး၊ ခန့်ညားထည်ဝါသော တောင်ထွတ်များနှင့် ကြမ်းတမ်းသော တောင်ထွတ်များ ရောနှောနေသည်မှာ၊ ဟော့ပေါ့အိုးထဲမှ အမယ်စုံများ ဆူပွက်နေသော ဟင်းရည်မျက်နှာပြင်ပေါ်သို့ ပေါ်လာသကဲ့သို့ပင် ဖြစ်နေချေသည်။
တောင်တန်းများကြားတွင် အလင်းတန်းများစွာ ဖြတ်သန်းသွားလာနေကြသည်။ သူတို့အားလုံးသည် ရှုတောင်ဂိုဏ်းမှ တပည့်များ ဖြစ်ကြပြီး၊ ဟိုဟိုဒီဒီ သွားလာနေကြခြင်း ဖြစ်သည်။
မပျံသန်းနိုင်သူများ အနေဖြင့် တောင်ထွတ်များအကြား သွားလာရန် အလွန် ခက်ခဲပေလိမ့်မည်။
ရံဖန်ရံခါတွင် တပည့်အချို့သည် စိတ်ဝိညာဉ်ငှက်များနှင့် အင်မော်တယ်သားရဲများ၏ ကျောပေါ်တွင် စီးနင်းလိုက်ပါသွားကြရာ၊ ဓားပျံစီးနင်းထားသော တပည့်များ လမ်းဖယ်ပေးကြရသည်။
ထိုကဲ့သို့သော သတ္တဝါများကို စီးနင်းနိုင်သူများသည် ပုံမှန်အားဖြင့် တောင်သခင်များ၊ ဂိုဏ်းအကြီးအကဲများ သို့မဟုတ် နောက်ခံကောင်းမွန်သူများ ဖြစ်ကြသည်။
သူတို့ကို စော်ကားမိပါက၊ ကောင်းမွန်သော နောက်ဆက်တွဲများ ရှိမည် မဟုတ်ချေ။
ရှုတောင်ဂိုဏ်းတွင် တပည့်များသည် နေ့စဉ်သုံး ပစ္စည်းများနှင့် ကျင့်ကြံခြင်း အရင်းအမြစ်များကို လဲလှယ်နိုင်ရန်အတွက် ဂိုဏ်းကိုယ်စား တာဝန်များကို ထမ်းဆောင်ကြရသည်။
ဓားလဲလှယ်ရေးခန်းမသည် တာဝန်များ သွားရောက် လက်ခံရယူသည့် နေရာဖြစ်၏။
ကျင့်ကြံခြင်းလောကတွင် ရွှေ၊ ငွေ၊ ရတနာများသည် ကျင့်ကြံသူအများစုအတွက် အရေးမပါလှပေ။
သိုင်းလောကတွင် အသုံးများသော ငွေကြေးများမှာ၊ သန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းတွင် အသုံးပြုသော ဝိညာဉ်ကျောက်တုံးများ၊ ကျင့်ကြံခြင်းကို အထောက်အကူပြုသော ဆေးလုံးများ၊ ဘက်ပေါင်းစုံ အသုံးပြုနိုင်သော အဆောင်လက်ဖွဲ့များနှင့် အလားတူပစ္စည်းများ ဖြစ်ကြသည်။
ထိုအထဲတွင် ဝိညာဉ်ကျောက်တုံးများသည် အတွင်ကျယ်ဆုံး လူအများလက်ခံကြသော ပစ္စည်းပင် ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့်ပင်၊ ရှုတောင်ဂိုဏ်းသည် ဝိညာဉ်ကျောက်တုံးများကို အရည်ကျိုပုံဖော်ပြီး ဂိုဏ်းအတွင်း ငွေကြေးအဖြစ် အသုံးပြုနိုင်သော ဒင်္ဂါးပြားများ ပြုလုပ်ခဲ့ကြသည်။
အစောပိုင်းကာလများတွင် ဒင်္ဂါးပြား ထုတ်လုပ်မှု လုပ်ငန်းစဉ်သည် အတော်လေး အရိုင်းဆန်ခဲ့သည်။
သူတို့သည် ဝိညာဉ်ကျောက်တုံးများကို လုံးဝန်းအောင် ကြိတ်ချေပြီး တစ်ဝက်ခွဲလိုက်ကြသည်။ ၎င်းတို့၏ ပုံသဏ္ဌာန်ကြောင့် ထိုဒင်္ဂါးများကို ပေါင်မုန့်ဒင်္ဂါးဟု အမည်ပေးခဲ့ကြသည်။
သို့သော် ပေါင်မုန့်ဒင်္ဂါးပြားများသည် ပြုလုပ်ရန် လွယ်ကူလွန်းသဖြင့်၊ မကြာမီတွင် တပည့်အချို့သည် အရည်အသွေးနိမ့် အတုများကို ပြုလုပ်လာကြရာ ဂိုဏ်း၏ စီးပွားရေးတွင် ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် ဂိုဏ်းသည် ဒီဇိုင်းကို ထပ်မံမွမ်းမံပြီး ဝိညာဉ်ကျောက်တုံးများကို ရှုပ်ထွေးနက်နဲသော လိပ်ပြာပုံစံ ထွင်းထုခဲ့ကြသည်။ ၎င်းတို့ကို လိပ်ပြာဒင်္ဂါးဟု အမည်ပေးခဲ့ကြသည်။
မွမ်းမံထားသော ဗားရှင်း ဖြစ်သော်လည်း၊ လိပ်ပြာဒင်္ဂါးပြားများတွင်လည်း ပြဿနာ ရှိနေသည်။ ဒီဇိုင်းသည် ရှုပ်ထွေးလွန်းသဖြင့် အမြောက်အမြား ထုတ်လုပ်ရန် ခက်ခဲသည်။ ဆိုလိုသည်မှာ ဂိုဏ်းသည် တိုးပွားလာသော လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့ပေ။
နောက်ဆုံးတွင် ထိုစဉ်က ဂိုဏ်းချုပ်သည် အဖြေရှာတွေ့ခဲ့၏။
ယင်းမှာ ဝိညာဉ်ကျောက်တုံးများကို ရိုးရှင်းသော ဓားငယ်လေးပုံစံ ထွင်းထုပြီး၊ အထူးသီးသန့် ဓားချီ ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ထုတ်လုပ်ရ လွယ်ကူသော်လည်း အတုပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။
ရှုတောင်ဂိုဏ်းသည် ထိုအချိန်မှစ၍ နှစ်ပေါင်းထောင်ချီတိုင်အောင် ဤ ဓားဒင်္ဂါးပြားများကို အသုံးပြုလာခဲ့သည်။ ဤသည်မှာ လဲလှယ်ရေးခန်းမ၏အမည် ဓားလဲလှယ်ရေးခန်းမ ဖြစ်ပေါ်လာရခြင်း၏ မူလအစပင် ဖြစ်ချေတော့သည်။
...
ဓားလဲလှယ်ရေးခန်းမ၏ ဒုတိယထပ်…။
ခမ်းနားထည်ဝါသော အသွင်အပြင် ရှိသော်လည်း၊ ကြီးမားသော ဓားလဲလှယ်ရေးခန်းမသည် (၃)ထပ်သာ မြင့်မားသည်။
သို့သော် ကျယ်ဝန်းသော ဧရိယာနှင့် မြင့်မားသော အမိုးခုံးတို့ကြောင့်၊ အတော်လေး အထင်ကြီးစရာကောင်းသော အသွင်အပြင် ရှိနေသည်။
ကိစ္စရပ် အများစုကို အကူတပည့်များက ကိုင်တွယ်ဆောင်ရွက်ကြသော်လည်း၊ အပေါ်ထပ်မှနေ၍ ကြီးကြပ်နေသော ကြီးကြပ်ရေး အကြီးအကဲများ အနည်းငယ် ရှိနေသည်။
ထို့အပြင်၊ ဤအကြီးအကဲများသည် ရံဖန်ရံခါ ပိုမို ရှုပ်ထွေးသော ကိစ္စရပ်များကို ဖြေရှင်းပေးရန် လိုအပ်တတ်သည်။
ချူလျန်သည် ကြီးကြပ်ရေး အကြီးအကဲတစ်ဦး၏ တိတ်ဆိတ်သော ရုံးခန်းသို့ ရောက်ရှိလာသည်။
"အကြီးအကဲရှန်... ကျွန်တော် ထပ်ပြီး ဒုက္ခလာပေးရပြန်ပါပြီ..." ချူလျန် အခန်းထဲသို့ ဝင်ရောက်ရင်း ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"ဟားဟား…ဘယ်သူများမှတ်တယ်... တူမောင်ချူပါလား" အခန်းထဲရှိ ကြီးကြပ်ရေး အကြီးအကဲ၊ အကြီးအကဲရှန်က ပြောလိုက်သည်။
သူသည် လက်ဝကျယ်သော ဖားဖားလျားလျား ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူသည် ဝဝတုတ်တုတ်နှင့် ထိပ်ပြောင်နေသော လူအိုကြီး တစ်ဦး ဖြစ်သည်။ သို့သော်ငြား၊ သူသည် ချူလျန်ကို ရင်းနှီးစွာ ပြုံးပြလိုက်သောအခါ၊ ထူးခြားစွာ မြင့်မြတ်သန့်စင်သော အမူအရာကို ပြသနေချေသည်။
"ဘာမှ ဒုက္ခရယ် မရှိပါဘူးကွာ... မင်း ပြန်ရောက်လာတာ မြန်သားပဲ... တာဝန်ကို အဆင်ပြေပြေ ပြီးမြောက်ခဲ့ပုံပဲ..." အကြီးအကဲရှန်က ပြောလိုက်သည်။
"အကြီးအကဲ ကျေးဇူးကြောင့် အတော်လေး အဆင်ပြေခဲ့ပါတယ်... ဒါကြောင့် ဒီနေ့ တာဝန်ပြီးမြောက်ကြောင်း လာသတင်းပို့တာပါ..." ချူလျန် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... အဲဒါအတွက် အလျင်လိုစရာ မလိုပါဘူး... အရင်ဆုံး တစ်ပွဲလောက် ကစားရအောင်..."
အကြီးအကဲရှန်သည် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ၊ ဂိုစစ်တုရင်ခုံတစ်ခု သူ့ရှေ့ရှိ စားပွဲပေါ်တွင် ပေါ်လာသည်။
ဘုတ်ပြားနှင့်အတူ အဖြူရောင်နှင့် အနက်ရောင်အစေ့များ ပါဝင်သော ပန်းကန်လုံးငယ် နှစ်လုံးလည်း ပါရှိပေသည်။
"ပြီးခဲ့တဲ့ ပွဲတုန်းက ကျွန်တော် ကံကောင်းလို့ နိုင်ခဲ့တာပါ... အဲဒါကို အကြီးအကဲ မကျေနပ်သေးဘူး ထင်ရဲ့..." ချူလျန် ပြုံးပြီး ပြောလိုက်သည်။
သူ ချက်ချင်း ထိုင်ချလိုက်သည်။ အကြီးအကဲရှန်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ဆန္ဒအနည်းငယ်မျှ မရှိပေ။
"သေချာတာပေါ့ကွာ.. ငါ အိမ်ပြန်ရောက်ပြီး အကြာကြီးကို စဉ်းစားခဲ့ရတာ...နောက်ဆုံးတော့ မင်းရဲ့ ဗျူဟာကို ချိုးဖျက်နိုင်မယ့် နည်းလမ်း တွေ့သွားပြီ...ဟဲဟဲ…"
အကြီးအကဲရှန်က ပထမဆုံး စတင် ရွှေ့လိုက်သည်။
"ဒါဆိုရင်... ကျွန်တော်တို့ အမြဲလုပ်နေကျ အတိုင်းပဲပေါ့... အကြီးအကဲ ရှုံးရင်... အတွင်းသတင်းတချို့ ကျွန်တော့်ကို ပြောပြရမယ်နော်..." ချူလျန်က စသလို၊နောက်သလို လေသံဖြင့် ပြန်ပြောလိုက်သည်။
တစ်နာရီ ကြာပြီးနောက်...
ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်၏ ထောင့်စွန်းသည် အနည်းငယ် ပြောင်းလဲသွားသည်။
လူငယ်လေးသည် လက်များကို အင်္ကျီလက်စများထဲသို့ ပြန်သွင်းလိုက်ပြီး၊ သူသည် မျက်နှာချင်းဆိုင်ရှိ စစ်တုရင်ခုံကို အသေအလဲ စူးစိုက်ကြည့်နေသော လူအိုကြီးကို ကြည့်နေသည်။
လူအိုကြီးသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အကွက်တစ်ခုကို စဉ်းစားရန် ဦးနှောက်ခြောက်နေရှာသည်။
"အကြီးအကဲရှန်... ဒါက တကယ်ပဲ အသေပိတ်ကွက်ပါ..." ချူလျန် ပြုံးပြီး ပြောလိုက်သည်။
"အင်း..." အကြီးအကဲရှန်သည် သူ၏ ပြောင်လက်နေသော ခေါင်းတုံးကို ကုတ်လိုက်ပြီး ဘုတ်ပြားကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်လိုက်သည်။ နောက်ဆုံးတွင်မှသာ အကြည့်လွှဲလိုက်ရလေသည်။
"မင်း ကောင်စုတ်လေး... မင်းက အမြဲတမ်း ပြုံးနေပြီး... ယင်ကောင်တစ်ကောင်တောင် မသတ်ရက်သလို ရိုးသားဖြူစင်တဲ့ပုံစံနဲ့... ဒါပေမဲ့ စစ်တုရင်ခုံပေါ် ရောက်ရင်တော့... မင်းက လုံးဝ ရက်စက်ကြမ်းကြုတ်ပြီး... ရွှေ့လိုက်တဲ့ အကွက်တိုင်းက အသေသတ်ကွက်တွေချည်းပဲ..." သူ ခေါင်းယမ်းကာ ပြောလိုက်သည်။
"အာဗျာ... ကံကောင်းသွားလို့ပါ... ပွဲလယ်တုန်းက ကျွန်တော့် အကွက် ပျက်လုနီးပါး ဖြစ်သွားတဲ့ အကြိမ်တချို့တောင် ရှိခဲ့ပါသေးတယ်..." ချူလျန် နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
"လခွီး... တော်ပါတော့ကွာ... ငါက မင်းတို့လို လူငယ်တွေရဲ့ ထက်မြက်တဲ့ ဦးနှောက်တွေကို မယှဉ်နိုင်တော့ပါဘူး...ဟူး.." အကြီးအကဲရှန် ပြောလိုက်သည်။
သူ နောက်သို့ မှီချလိုက်ပြီး ဗိုက်ကို ပုတ်ကာ ဆက်ပြောလိုက်သည်။ "တာဝန်ပြီးမြောက်ကြောင်း သတင်းလာပို့တာအပြင်... မင်း တာဝန်အသစ် လာယူတာ မဟုတ်လား..."
"အဟဲ.. ဟုတ်ပါတယ်... ဒါပေမဲ့ ဝိညာဉ်အသိအမြင်အဆင့် တပည့်တွေအတွက် တာဝန်တွေက များလွန်းတယ်... အဲဒါက စာရင်းအများဆုံး ကဏ္ဍပဲလေ... ရာပေါင်းနဲ့ကို ချီနေတော့... ဘယ်ဟာ ဘယ်လိုရွေးရမလဲ မသိဘူး ဖြစ်နေတယ်..." ချူလျန် မှတ်ချက်ချလိုက်သည်။
"ခဏလောက် စဉ်းစားပါရစေဦး... မင်းက မိစ္ဆာနှိမ်နင်းတဲ့ တာဝန်တွေကို ပိုကြိုက်တယ်... အင်း... ပိုကောင်းတဲ့ တစ်ခုလောက်..." အကြီးအကဲရှန် ရေရွတ်လိုက်သည်။
ထို့နောက် သူ လက်မြှောက်လိုက်ရာ၊ သူ့နောက်ကျောဘက်ရှိ ဝါးပြွန်တန်းများကြားမှ စာရေးထွင်းထားသော ဝါးချောင်းတစ်ခု ပျံထွက်လာသည်။ ယင်းသည် သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာပြီးနောက်၊ ချူလျန်အား ကမ်းပေးလိုက်သည်။
"ဒါလေး ကြည့်ကြည့်လိုက်..." အကြီးအကဲရှန် ပြောလိုက်သည်။
ချူလျန် ဝါးချောင်းကို ယူလိုက်ပြီး၊ စာလုံးသေးသေးလေးများဖြင့် ရေးသားထားသော စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်။
ရှင်းကျိုးမြို့ရှိ အရာရှိမင်၏ စံအိမ်မှ မိစ္ဆာများကို နှိမ်နင်းပါ…