← Chapters

အဖွဲ့ဖွဲ့ခြင်း။

Vol. 1 Ch. 8

အဖွဲ့ဖွဲ့ခြင်း။

Vol. 1 Ch. 8

ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများတွင် ကျင့်ကြံခြင်းလောက၌ ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်များကို ဖော်ပြထားသည်။

လွန်ခဲ့သောလက ဖြစ်ပျက်ခဲ့သော အကြီးမားဆုံး သတင်းမှာ...

မြူခိုးဖုံး အင်မော်တယ်တောင်တန်း၏ ခေါင်းဆောင်၊ အင်မော်တယ် ကျူးရီ၏ သတင်းပင် ဖြစ်သည်။

သူသည် တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက်၊ အမှောင်အုပ်စိုးသူဂိုဏ်း၏ လက်ယာရံ၊ လက်ဝဲရံ အစောင့်အရှောက်များနှင့် မီးတောင်ထွတ်တွင် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဤမော်ကွန်းဝင်တိုက်ပွဲတွင် အင်မော်တယ် ကျူးရီသည် ငွေဖြူဘုရင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ ခရမ်းရွှေမြို့စားအား ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။ မြို့စားမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဆိုးသွမ်းသော ကျင့်စဉ်လမ်းကို လိုက်စားသည့် ထင်ရှားကျော်ကြားသော ဂိုဏ်းတစ်ခု ဖြစ်သော အမှောင်အုပ်စိုးသူဂိုဏ်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကို တဖြည်းဖြည်း ရရှိလာခဲ့ပြီး၊ ထင်ပေါ်ကျော်ကြားလာမည့် အလားအလာများကို ပြသနေခဲ့သည်။

အင်မော်တယ် ကျူးရီ၏ ရုတ်တရက် တိုက်ခိုက်မှုသည် အမှောင်အုပ်စိုးသူဂိုဏ်းအား ပြင်းထန်စွာ ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။ အမှောင်အုပ်စိုးသူဂိုဏ်း၏ ဂိုဏ်းချုပ် မည်သို့တုံ့ပြန်မည် ဆိုသည့် မေးခွန်းသည်ကား စောင့်မျော်ကြည့်ရှုရပေမည်။

ထို့အပြင် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းအနက်၊ တစ်ခုဖြစ်သော ပကတိတရားသုံးပါး ချိုင့်ဝှမ်းမှ အမျိုးသမီး တပည့်သစ်တစ်ဦး ပေါ်ထွက်လာသည်။

ဤအမျိုးသမီး၏ အမည်မှာ လော့ယောင်ဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။

တစ်လအတွင်း သူမသည် တောင်ပိုင်းနယ်မြေများကို ဖြတ်သန်းသွားလာခဲ့ပြီး၊ ရှာမန်အတတ်ပညာများ ကျင့်ကြံကာ ကျိန်စာသင့်ပိုးကောင်များ မွေးမြူသော ဂိုဏ်း (၃)ဂိုဏ်းကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။

ပကတိတရားသုံးပါး ချိုင့်ဝှမ်းသည် ရှာမန်အတတ်ပညာများနှင့် အဆိပ်များကို အသုံးပြုခြင်းဖြင့် ကမ္ဘာလောကတွင် နေရာယူထားသည်။

ဤဂိုဏ်းသည် ကောင်းမြတ်သော လမ်းစဉ်သက်သက် မဟုတ်သလို၊ ဆိုးယုတ်သော လမ်းစဉ်သက်သက်လည်း မဟုတ်ပေ။

သို့သော်၊ လော့ယောင်၏ ကြောက်မက်ဖွယ်ကောင်းပြီး မကောင်းမှုအားလုံးကို မနားမနေ လိုက်လံနှိမ်နင်းနေမှုကြောင့်၊ ဂိုဏ်းအတွင်းရှိ သူမ၏ ဂိုဏ်းတူတပည့်များပင် ကြောက်ရွံ့တုန်လှုပ်နေကြမည်လောဟု သူ မစဉ်းစားဘဲ မနေနိုင်ပေ။

ရှုတောင်ဂိုဏ်းသည်လည်း ယခုလ ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများတွင် အကျဉ်းချုပ်မျှ ပါဝင်လာခဲ့သည်။

ရှုတောင်ဂိုဏ်း၊ ကျောက်စိမ်းဓားတောင်ထွတ်၏ တောင်ထွတ်သခင် ဝမ်ရွှမ်လင်သည် အရှေ့ပင်လယ်တွင် တံငါသည်များကို ဒုက္ခပေးနေသော ပင်လယ်နဂါးတစ်ကောင်ကို မကြာသေးမီက သတ်ဖြတ်ခဲ့သည်။

ချူလျန် ဤသတင်းကို မြင်လိုက်ရသောအခါ၊ ရင်ထဲတွင် စိုးရိမ်ပူပန်မှု လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားသည်။

သူ၏ ဆရာသခင်နှင့် ဝမ်ရွှမ်လင်တို့၏ ဆက်ဆံရေးသည် အမြဲတစေ ဆိုးရွားခဲ့သည်။ သူမ၏ အကျင့်စရိုက်အရ၊ ဝမ်ရွှမ်လင်သာ လူထုအာရုံစိုက်မှုကို ရရှိစေမည့် ကိစ္စတစ်ခုခု ပြုလုပ်ခဲ့လျှင်၊ သူမ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

သူသည် ဆရာသခင်၏ လုံခြုံရေးအတွက် စိုးရိမ်နေခြင်း မဟုတ်၊ အရှေ့ပင်လယ်၏ ဂေဟစနစ်အတွက် စိုးရိမ်နေခြင်းသာ ဖြစ်ချေသည်။

သူ့တွင် စိတ်တန်ခိုးစွမ်းရည် ရှိနေသည့်အလား၊ ဤအတွေး သူ့စိတ်ထဲသို့ ဝင်ရောက်လာ၍ပင် မဆုံးသေး။ မဝေးလှသောနေရာမှ မီးတောက်တိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး၊ အရှေ့တောင်ဘက်သို့ ဦးတည်သွားလေတော့သည်။

လေထဲမှတဆင့် အသံပို့လွတ်မှုတစ်ခု သူ့ထံသို့ ရောက်ရှိလာသည်။

"ငါ ရက်နည်းနည်းလောက် ခရီးထွက်လိုက်ဦးမယ်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်..."

"..." ချူလျန် ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။

အမြဲတမ်း သန်မာချင်နေသော ဆရာသခင်ပီသပါပေသည်…။

နောက်ဆုံးတွင်၊ သာမန် ပြည်သူလူထုကြား လူကြိုက်အများဆုံး ဖျော်ဖြေရေး အရင်းအမြစ် ဖြစ်သည့် သိုင်းလောက၏ ထူးဆန်းသောပုံပြင်များ ကဏ္ဍရှိနေသည်။

ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများတွင် ဖော်ပြထားသော လေးနက်သည့် သတင်းများနှင့် နှိုင်းယှဉ်လျှင်၊ သိုင်းလောက၏ ထူးဆန်းသောပုံပြင်များတွင် အတင်းအဖျင်းများ၊ အရှုပ်တော်ပုံများ၊ ကောလာဟလများ သို့မဟုတ် အသေးအဖွဲ ကိစ္စရပ်များကို အဓိက ဖော်ပြလေ့ ရှိသည်။

ဥပမာအားဖြင့်၊ ပထမဆုံး သတင်းသည် ယွီမင်းဆက်၏ ဧကရာဇ်မင်းမြတ်နှင့် သက်ဆိုင်သည်။ နဂါးပျံကျောင်းတော်သို့ သွားရောက်လည်ပတ်စဉ်၊ သူသည် အငယ်ဆုံး သမီးတော် ကျင်းယန်မင်းသမီးနှင့် ကျောင်းတော်၏ တပည့်ခေါင်းဆောင် ကျန်းချန်တို့ကို ထိမ်းမြားပေးရန် ကြိုးစားခဲ့သည်။

လူတိုင်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင်၊ ကျန်းချန်က ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

ကျန်းချန်၏ အကြောင်းပြချက်မှာ အချစ်ရေးကိစ္စများသည် သူ၏ သင်ယူလေ့လာမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည် ဟူ၍ ဖြစ်၏။

နဂါးပျံကျောင်းတော်သည် ထိပ်တန်း ကွန်ဖြူးရှပ်ကျောင်းတော်အဖြစ် ဂုဏ်သတင်းကြီးမားပြီး၊ နန်းတွင်းနှင့် နီးကပ်စွာ ဆက်နွယ်နေကာ၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတွင်ပင် အဆင့်မြင့်မားသည်။

ကျောင်းတော်၏ တပည့်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသော ကျန်းချန်သည် ကျင့်ကြံခြင်းကို ဆက်လက် လိုက်စားသည် ဖြစ်စေ၊ နန်းတွင်း အမှုထမ်းသည် ဖြစ်စေ၊ တောက်ပသော အနာဂတ် လမ်းကြောင်းပေါ်တွင် ရှိနေသူ ဖြစ်သည်။

သို့သော်၊ ဤငြင်းပယ်မှုသည် သူ၏ အနာဂတ်အပေါ် မရေရာသော အရိပ်တစ်ခု ကျရောက်စေခဲ့သည်။

သမီးတော်၏ မင်္ဂလာအရေးအတွက် စိုးရိမ်နေသူမှာ ဧကရာဇ်မင်းမြတ် တစ်ပါးတည်းမဟုတ်…။

မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းဝင် ဂိုဏ်းတစ်ခုဖြစ်သော မိုးကြိုးခံတပ်၏ သခင်ကြီးသည်လည်း၊ သူ၏ တစ်ဦးတည်းသော သမီး၊ ဟွမ်လင်းအာအတွက် ထိုက်တန်သော သားမက်တစ်ဦးကို ဆွဲဆောင်ရန် အဖိုးတန်ရတနာ (၁၀)မျိုးကို မင်္ဂလာခန်းဝင်လက်ဖွဲ့အဖြစ် ပေးအပ်မည် ဖြစ်ကြောင်း သတင်းစကား ထုတ်ပြန်ခဲ့သည်။

လူတိုင်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင်၊ ပြည်နယ်ကိုးခု၏ ထူးချွန်သော ပါရမီရှင်များထဲမှ မည်သူကမျှ ကမ်းလှမ်းမှုကို လက်ခံရဲခြင်း မရှိခဲ့ပေ။

အမှန်စင်စစ်အားဖြင့်၊ နောက်ကွယ်တွင် အကြောင်းပြချက်များ ရှိနေပေသည်။

ထင်ရှားသည်မှာ၊ မိုးကြိုးခံတပ် ခေါင်းဆောင်ကြီး၏ သားမက် ဖြစ်လာရန်အတွက်၊ ထူးချွန်သော စရိုက်လက္ခဏာနှင့် အဆင့်မြင့် ကျင့်ကြံခြင်း စွမ်းရည်များ ပိုင်ဆိုင်ထားသော လူငယ် ပါရမီရှင် အများအပြား ရှိနေပေလိမ့်မည်။

ထိုအခွင့်အရေးကို ရယူရန်အတွက်၊ သူတို့သည် အိမ်ထောင်ပြုပြီး မိန်းမဖြစ်သူဘက်သို့ လိုက်နေရန်ပင် ဝန်လေးမည် မဟုတ်ပေ။

သို့သော်၊ ဟွမ်လင်းအာသည် ရက်စက်သော ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သဖြင့် မည်သူမျှ လက်မခံရဲကြခြင်း ဖြစ်သည်။

သူမနှင့် လက်ထပ်လိုသူသည် သူမထက် ကျင့်ကြံခြင်း အဆင့် မြင့်မားရမည်ဟု ပြောဆိုခဲ့သည်။ သို့မဟုတ်ပါက၊ ထိုသူသည် မင်္ဂလာဦးညတွင် သူမရေနဂါးကြီး၏ စားသောက်ဝါးမျိုခြင်းကို ခံလိုက်ပေလိမ့်မည်။

သတင်းအမျိုးမျိုး အကြားတွင်၊ ရှုတောင်ဂိုဏ်းမှ သတင်းတစ်ပုဒ်သည် ခေါင်းကြီးပိုင်း နေရာကို ရယူထားသည်။

ယင်းသည် ရှုတောင်ဂိုဏ်းအတွင်း နတ်သမီးကျန်းဟု လူသိများသော ကျန်းယွဲ့ပိုင်အကြောင်း ဖြစ်သည်။

သူမသည် ကျန်းနန်ရှိ ကြည်နူးလရိပ် စားသောက်ဆိုင်တွင် ကောင်းကင်ဘုရင်ဂိုဏ်းမှ ဖုန့်ချောင်ယန်နှင့်အတူ ညစာ စားနေသည်ကို တွေ့ရှိခဲ့ရသည်။ သူတို့နှစ်ဦးသည် အချစ်ရေးကိစ္စ ရှိနေသည်ဟု သံသယ ဖြစ်ဖွယ် ရှိနေသည်။

အမှန်စင်စစ်အားဖြင့်၊ ကောင်းကင်မဏ္ဍိုင်မျှော်စင်သည် အခြေအမြစ်မရှိသော ပြောဆိုချက်များကို ဘယ်သောအခါမျှ ရေးသားမည် မဟုတ်ပေ။

ကျန်းယွဲ့ပိုင်နှင့် ဖုန့်ချောင်ယန်တို့သည် သူတို့၏ ဆက်ဆံရေးကို အတည်ပြုခြင်း မရှိသေးသဖြင့်၊ သတင်းစာရေးသားသူသည် "သံသယရှိသည်" ဟူသော စကားလုံးကို သတိထား သုံးစွဲခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ထိုသတင်းသည် နတ်သမီးကျန်း၏ သဲသဲလှုပ်ပရိသတ်များ၏ နှလုံးသားကို မည်မျှ ကွဲကြေသွားစေခဲ့သည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။

...

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"

"ကောင်းကင်ဘုရင်ဂိုဏ်းက အဲဒီ ခွေးကောင်က.. ငါ့ရဲ့ ချစ်လှစွာသော ကျန်းကျန်းလေးကို လုယူသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး…"

"နတ်သမီးကျန်း… ကျွန်တော် တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး ရှုတောင်ဂိုဏ်းထဲက တစ်ယောက်ယောက်ကိုပဲ ရွေးချယ်ပြီး ချစ်လိုက်ပါ…"

အကန့်သတ်မဲ့နန်းတော်ရှေ့ရှိ ကျယ်ပြောဖြူဖွေးသော ရင်ပြင်တွင်၊ မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေတော့သည်။

ရံဖန်ရံခါ၌၊ အမျိုးသမီး တပည့်များ၏ ပြန်လည် ချေပသံများ ထွက်ပေါ်လာသည်။

"နင်တို့ နတ်သမီးကျန်းကို ကြိုက်တာတော့ ဟုတ်ပါပြီ... ဖုန့်ချောင်ယန်ကို လိုက်ပြီး နှိမ့်ချနေစရာ မလိုပါဘူး... ဖုန့်ချောင်ယန်က ကြိုးစားအားထုတ်ပြီး ကြင်နာတတ်တဲ့ လူသားစံပြ တစ်ယောက်ပါ…"

"ဟုတ်တယ်... အမှန်ပဲ… အသက် (၁၉)နှစ်နဲ့ သူက ကောင်းကင်ဘုရင်ဂိုဏ်းမှာ တပည့်ခေါင်းဆောင် ရာထူးအတွက် ထိပ်တန်းပြိုင်ဘက် ဖြစ်နေပြီ... နင်တို့လို ဆန်ကုန်မြေလေးတွေက သူ့လိုလူမျိုးနဲ့ ဘယ်တော့များမှ ယှဉ်နိုင်မှာမို့လို့လဲ..."

လူတိုင်းတွင် တူညီသော ဝမ်းနည်းပူဆွေးမှုများ မရှိကြ။ ချူလျန်၏ အမြင်တွင်၊ ဤလူများသည် အလကားသက်သက် ဆူညံသံများ ဖန်တီးနေကြခြင်းသာ ဖြစ်သည်။

သူသည် လူအုပ်ကြီးကို ဖြတ်ကျော်ပြီး ရင်ပြင်တစ်ခုလုံးကို တည်ငြိမ်စွာ ဖြတ်သန်းသွားသည်။ ရှုတောင်ဂိုဏ်း၏ ခန်းမဆောင် (၄)ခုသည် ရင်ပြင်၏ ပတ်လည်တွင် ဝန်းရံထားသည်။

ဂိုဏ်း၏ စည်းကမ်းဥပဒေများကို တာဝန်ယူသော စည်းကမ်းထိန်းသိမ်းရေးခန်းမအပြင်၊ မှော်ဝင်ပစ္စည်းများနှင့် လက်နက်များကို ကြီးကြပ်သော လက်နက်ခန်းမ၊ တန်ခိုးစွမ်းရည် နည်းစနစ်များအတွက် ရည်ရွယ်ထားသော ထိန်းသိမ်းရေးခန်းမနှင့် ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များကို ကိုင်တွယ်သော အဂ္ဂိရတ်ခန်းမတို့ ရှိကြသည်။

ဤခန်းမဆောင် (၃)ခုသည် ရှုတောင်ဂိုဏ်း၏ ဓားဒင်္ဂါးပြားများကို အသုံးပြု၍ ဝယ်ယူနိုင်သော ပစ္စည်းအမျိုးမျိုးကို မကြာခဏ ပြသထားလေ့ ရှိသည်။

ချူလျန်သည် တာဝန်အနည်းငယ် ပြီးမြောက်ပြီးနောက် ဓားဒင်္ဂါးပြား (၂၀)ကို စုဆောင်းနိုင်ခဲ့သည်။

၎င်းသည် မှော်ဝင်ရတနာများ သို့မဟုတ် ကျင့်စဉ်ကျမ်းစာများ ရယူရန် မလုံလောက်သော်လည်း၊ ကျင့်ကြံခြင်းကို အားဖြည့်ပေးသော ဆေးလုံးအချို့ ဝယ်ယူရန် လုံလောက်ပေသည်။

သူသည် အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိလာပြီး၊ ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူများအတွက် ဝိညာဉ်စုစည်းဆေးလုံး (၄)လုံး ဝယ်ယူလိုက်သည်။ ဤဆေးလုံးများဖြင့်၊ သူသည် မကြာမီ ဝိညာဉ်အသိအမြင်အဆင့် အလယ်အလတ် အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်သည်။

အခြား တပည့်များနှင့် နှိုင်းယှဉ်လျှင်၊ သူသည် သူ၏ ဓားဒင်္ဂါးပြား အားလုံးကို ဆေးလုံးများနှင့် လဲလှယ်ရန် စုဆောင်းနိုင်ခဲ့သည်။ ဤသည်မှာ အတော်လေးကောင်းမွန်သော အားသာချက်တစ်ခု ဖြစ်သည်။

သူသည် အဂ္ဂိရတ်ခန်းမထဲမှ ထွက်လာပြီးနောက် ဓားလဲလှယ်ရေးခန်းမဆီသို့ ဦးတည်လိုက်သည်။

တာဝန်များ ပြီးမြောက်ခြင်းနှင့် မိစ္ဆာများကို အမဲလိုက်ခြင်း ခရီးစဉ်ကို ရပ်တန့်ထား၍ မရနိုင်ပေ။

စေတီတော်ဖြူကို ပိုင်ဆိုင်ထားသဖြင့်၊ သူသည် ၎င်း၏ အကျိုးကျေးဇူးများကို အပြည့်အဝ အသုံးချရန် လိုအပ်သည်။

တာဝန်အသစ် တစ်ခု ရွေးချယ်လိုတိုင်း၊ အကြီးအကဲရှန်ကို သွားရောက် ရှာဖွေခြင်းသည် ချူလျန်အတွက် သိပ်မကောင်းလှ။

ဤတစ်ကြိမ်တွင် သူသည် တာဝန်တစ်ခုကို လွတ်လပ်စွာ ရွေးချယ်ရန် အဆင်သင့် ဖြစ်နေချေပြီ။

ဓားလဲလှယ်ရေးခန်းမ၏ ခမ်းနားသော ခန်းမကြီးအတွင်းတွင်၊ ကျောက်စိမ်းသင်ပုန်းပြား အများအပြား ချိတ်ဆွဲထားပြီး၊ တစ်ခုစီတိုင်းတွင် လျင်မြန်စွာ ပြောင်းလဲနေသော တာဝန်များကို ပြသထားသည်။

ဝိညာဉ်အသိအမြင်အဆင့် ရှိသူများအတွက် တာဝန်များ ပြသထားသော သင်ပုန်းပြားပေါ်မှ မြင်ကွင်းသည် ခေါင်းမူးစရာ ကောင်းလောက်အောင်ပင် များပြားလှသည်။

သူ တာဝန်များကို ခဏတာ ကြည့်ရှုလိုက်ရုံမျှ ရှိသေးသည်။ လူတစ်ယောက်၏ အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

"လူမျက်နှာကျောက်စိမ်းပန်းပွင့် ခူးဆွတ်ဖို့ တာဝန်ဗျို့… ဆုလာဘ် ကောင်းတယ်… ဝိညာဉ်အသိအမြင်အဆင့် ရောက်နေတဲ့ ဂိုဏ်းတူတပည့် တစ်ယောက်ပဲ လိုတော့တယ်နော်.. ဒီအဖွဲ့ကို ရွှေအမြုတေအဆင့် စီနီယာတစ်ယောက် ဦးဆောင်ထားတာမို့ လုံးဝလည်း စိတ်ချရတယ်…"

"လူမျက်နှာကျောက်စိမ်းပန်းပွင့် ခူးဆွတ်ဖို့ တာဝန်..."

အော်ဟစ်လိုက်သော အသံပိုင်ရှင်မှာ အနက်ရောင် ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသော တပည့်တစ်ဦး ဖြစ်ပြီး၊ ထူထဲသော မျက်ခုံးများ၊ တောက်ပသော မျက်လုံးများနှင့် သန်မာထက်မြက်သော အရှိန်အဝါတို့ဖြင့် ထင်ရှားပေါ်လွင်နေသည်။

သူ့နောက်တွင် ကျား၊ မ ရောနှောနေသော အခြား တပည့် (၃)ဦး ရှိသည်။ စုစုပေါင်း (၄)ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

‘လူမျက်နှာကျောက်စိမ်းပန်းပွင့်တဲ့လား...’

ချူလျန် ခေတ္တမျှ စဉ်းစားလိုက်သည်။

ဤပန်းပွင့်များအား ခူးဆွတ်ရမည့် နေရာကို သူ သေချာ မသိသော်လည်း၊ ပါဝင်သူ အများအပြား လိုအပ်သော တာဝန်များသည် များသောအားဖြင့် အခက်အခဲ ပိုမိုကြီးမားခြင်း သို့မဟုတ် မိစ္ဆာအများအပြားကို ရင်ဆိုင်ရခြင်းတို့ကို ညွှန်ပြနေကြောင်း သူ နားလည်သည်။

မိစ္ဆာများစွာ ပါဝင်သော တာဝန်များသည် ပုံမှန်အားဖြင့် အလားအလာ ကောင်းမွန်သည်။

အပြုံးတစ်ခုဖြင့် သူ ရှေ့တက်လိုက်သည်။ "မင်္ဂလာပါ... ကျွန်တော် ခင်ဗျားတို့နဲ့ ပူးပေါင်းလို့ ရမလား..."

ဤလူများကို ပုဂ္ဂိုလ်ရေးအရ မသိသော်လည်း၊ သူတို့အားလုံးသည် ရှုတောင်ဂိုဏ်းမှ ဂိုဏ်းတူတပည့်များ ဖြစ်ကြသဖြင့်၊ အတားအဆီး မရှိသော မိသားစုကြီး တစ်ခုကဲ့သို့ပင်…။

"တကယ်လား..." အနက်ရောင်ဝတ်ရုံနှင့် လူငယ်တပည့်သည် စိတ်အားထက်သန်စွာ ပြုံးလိုက်ပြီး ချူလျန်ကို ဆွဲခေါ်လိုက်သည်။

"သိပ်ကောင်းတာပေါ့.. လာ... လာ... တာဝန်ကို မြန်မြန် သွားယူကြစို့... ငါ့နာမည်က လင်းပေ့... မင်းနာမည်ကရော..."

"ချူလျန်..."

"ညီအစ်ကိုချူ... ငါ ပြောပြမယ်... ဒီတာဝန်က တော်တော် လူကြိုက်များတာနော်..."

အဖွဲ့ လူစုံသွားပြီ ဖြစ်၍၊ လင်းပေ့သည် အဖွဲ့ဝင်များအတွက် တာဝန်စာရွက်များ ရယူရန် ကျွမ်းကျင်စွာ ရှေ့တက်ဆောင်ရွက်လိုက်ပြီး၊ အားလုံးကို ပြန်လည် ဝေငှပေးလိုက်သည်။

ချူလျန်ကို တစ်ရွက် ပေးပြီးနောက်၊ သူက စိတ်အားထက်သန်စွာ မေးလိုက်သည်။ "သူငယ်ချင်းချူ... ငါတို့က ကျောက်စိမ်းဓားတောင်ထွတ်ကပါ... မင်းက ဘယ်တောင်ထွတ်ကလဲ..."

ချူလျန် ပြန်ဖြေလိုက်သည်။ "ငွေဓားတောင်ထွတ်ကပါ..."

All Chapters