ချမ်တာ့ရယ်သတ်တာ ခံလိုက်ရတယ်
Vol. 1 Ch. 417
ဘန်း...
ကျန်းရီသည် ခြေထောက်ကိုမြှောက်၍ ထိုသူ၏ ဦးခေါင်းထက် တင်လိုက်သည်။ သူသည် ဦးခေါင်းကို နင်းချေပစ်လိုက်ပြီး ထိုသူ၏ ပါးစပ်ဖျားမှ စကားများကို တမလွန်သို့ ယူဆောင်သွားစေလိုက်သည်။ ထို့နောက် သူသည် သင်္ဘောခန်းအတွင်းသို့ ပြေးဝင်သွားလိုက်သည်။
ဝှစ်...
သူ သင်္ဘောခန်းအတွင်း ရောက်သွားသောအခါ ကျန်းရီသည် မျက်လုံးဝေ့ကြည့်လိုက်ပြီးနောက် ဆွံ့အသွားရလေ၏။ တောက်ကျန့်သည် ကျန့်လင်းအာအား ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း မဟုတ်ပေ။ အထဲတွင် တောက်ကျန့်နှင့် အခြားသူများသည် ထိုင်နေလျက်ရှိပြီး ကျန့်လင်းအာနှင့်အတူ ကျန့်ဂိုဏ်းမှ သက်တော်စောင့်နှစ်ယောက်သည် အပြင်သို့ ပြေးထွက်လာနေကြသည်။
"ခေါင်းဆောင်ငယ်...အကြီးအကဲဟုန်နဲ့ တခြားသူတွေ ချမ်တာ့ရယ် သတ်တာ ခံလိုက်ရပြီ"
အပြင်ဘက်မှ နာကျည်းစွာ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် သင်္ဘောခန်းအဝင်ဝမှ အစောင့်သုံးယောက်ကို ဖိနှိပ်ရန် သတ်ဖြတ်ခြင်းအင်အား ထုတ်လွှတ်စဉ်က ချက်ချင်းထုတ်လွှတ်ပြီး ချက်ချင်းပြန်ရုတ်သိမ်းခဲ့သည်။ အနက်ရောင်နကျယ်ကောင်များနှင့် တိုက်ခိုက်နေကြသူများသည် လူသတ်ငွေ့များကို ခံစားမိလိုက်ကြသော်လည်း သတ်ဖြတ်ခြင်းအင်အား၏ ဖိနှိပ်ခြင်း မခံလိုက်ရသောကြောင့် ကျန်းရီကို သတိမပြုလိုက်မိကြချေ။
"အမ်"
ထိုအော်သံ ထွက်ပေါ်လာသောအခါတွင် ထိုင်နေကြသူများသည် ချက်ချင်းထရပ်လိုက်ကြပြီး ကျန်းရီအား လူသတ်ငွေ့များအပြည့်ဖြင့် ဝန်းရံလိုက်ကြလေသည်။ တောက်ကျန့်သည် ဒေါသတကြီး အော်ဟစ်လာခဲ့သည်။
"ချမ်တာ့ရယ်...မင်း ငါ့လူတွေကို သတ်ရဲတယ်ပေါ့၊ လာကြစမ်း...ဒီခွေးကောင်ကို လာသတ်ကြ"
ကျန့်ဂိုဏ်းမှ သက်တော်စောင့်နှစ်ယောက်သည် ဆွံ့အသွားကြလေသည်။ ကျန်းရီ အသတ်ခံရမလား သူတို့ မသိသော်လည်း သူတို့သာ တိုက်ပွဲအကြား ကြားညှပ်သွားပါက ကျန့်လင်းအာနှင့် သူတို့နှစ်ယောက်သည် အသားစများ ဖြစ်သွားနိုင်လေ၏။
ကျန်းရီသည်လည်း ထိုအချက်ကို နားလည်လေသည်၊ သူသည် အတွင်းသို့ ပြေးဝင်သွားလိုက်ပြီး အတွင်းအားတို့ကို ထုတ်ဖော်ကာ အော်ဟစ်လိုက်သည်။
"အားလုံးရပ်လိုက်ကြ...မရပ်ရင် ငါ ငါ့အသက်ကိုရင်းပြီး တောက်ကျန့်ကို သတ်ပစ်မယ်"
ကျန့်လင်းအာနှင့် သက်တော်စောင့်နှစ်ယောက်သည် ကျန်းရီ၏ အနောက်သို့ အလျင်အမြန် သွားလိုက်ကြသည်။ တောက်ကျန့်၏လူများသည် မျက်လုံးများ ကျဉ်းမြောင်းသွားကြပြီး တွေဝေနေကြသည်။ ကျန်းရီသည် သူတို့၏ အားအကောင်းဆုံးလူများထဲမှ တစ်ယောက်ဖြစ်သော တောက်ဟုန်ကို တစ်ခဏအတွင်း သတ်နိုင်ခဲ့သည်။ သူသာ အသက်ကိုရင်း၍ တိုက်ခိုက်လျှင် ဤနေရာတွင် တောက်ကျန့် သေသွားရန်မှာ ဖြစ်နိုင်ချေရှိလေသည်။
တောက်ကျန့်သည် လူသတ်ငွေ့များ ဖြာထွက်နေသော ကျန်းရီအား လှမ်းကြည့်လိုက်သည်။ သူ့စိတ်နှလုံးသည် တုန်ယင်သွားခဲ့ပြီး တောက်ဂိုဏ်း၏ စွမ်းအားမြင့်သူများနောက် အလျင်အမြန် နောက်ဆုတ်သွားမိလေသည်။ သူ့မျက်လုံးများမှာလည်း ကျဉ်းမြောင်းသွားခဲ့ပြီး အံကြိတ်၍ အမိန့်ပေးလိုက်သည် း။
"တိုက်ကြ...လူအများကြီးကို သူတစ်ယောက်တည်း တိုက်နိုင်မယ်လို့ ငါမယုံဘူး။ သူ့ကိုသတ်ကြ"
"မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်လာမတင်နဲ့"
ကျန်းရီသည် ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူ၏ လူသတ်ငွေ့များမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ ထိုသူများ စတင်တိုက်ခိုက်ရဲလျှင် သူသည်လည်း သတ်ဖြတ်ခြင်း အင်အားကို ထုတ်လွှတ်၍ သူတို့အားလုံးကို သတ်ပစ်ရန် တွေဝေနေမည် မဟုတ်ချေ။
တောက်ဂိုဏ်းသည် မြောက်ဘက်မန့်နိုင်ငံ၏ အင်အားကြီး ဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး တောက်ကျန့်သည် မိုးပြာနဂါးအင်ပါယာ၏ နံပါတ်တစ်ကျောင်းသားဖြစ်သည်။ ရှားယွိမြို့ အဝိုင်းခံရစဉ်က တောက်ဂိုဏ်းနှင့် မိုးပြာနဂါးသင်တန်းကျောင်းလည်း လာရောက်ခဲ့သည်။ ထို့ကြောင့် တောက်ဂိုဏ်းသည်လည်း သူ့ရန်သူဖြစ်သည်ဟု ဆိုနိုင်လေရာ သူတို့ကို သတ်ခြင်းအတွက် အပြစ်မကင်းသလို ခံစားရရန် အကြောင်းမရှိချေ။
ယနေ့ည ဖြစ်ရပ်သည် နားလည်မှုလွဲခြင်း ဖြစ်ပုံရသော်လည်း အခြေအနေသည် ဤအထိရောက်လာပြီးဖြစ်ရာ အပိုစကားများ ပြောနေရန် မလိုတော့ပေ။ ကျန့်လင်းအာ အန္တရာယ်ရှိ၍ မရပေ။ အပြင်တွင် ရုန်းရင်းဆန်ခတ် အခြေအနေများလည်း ဖြစ်နေရာ သူ သတ်ဖြတ်ခြင်းအင်အားကိုသုံး၍ ဤလူအားလုံးကို သတ်ပစ်လိုက်လျှင်တောင် မည်သူမှ သူ့ဇစ်မြစ်ကို သံသယဝင်မည် မဟုတ်ချေ။
တောက်ကျန့် အမိန့်ပေးလိုက်သည်နှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များ အားလုံးသည် လက်နက်အသီးသီးထံ အတွင်းအားများ ပို့လွှတ်လိုက်ကြပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ကျန်းရီသည် နေရာတွင်သာ ရပ်နေခဲ့ပြီး မျက်လုံးများအား မြွေဟောက်တစ်ကောင်ပမာ မှေးကျဉ်းလိုက်သည်။ သူသည် ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်ရာ တစ်ဖက်ရန်သူများသည် စိတ်နှလုံးများ ခြောက်ခြားကုန်ကြလေသည်။
"ရပ်လိုက်"
လူတိုင်း အံကြိတ်၍ တိုက်ခိုက်ကြတော့မည့် အချိန်တွင် တောက်ကျန့်၏ဘေးမှ ဆံပင်ဖြူများနှင့် အဘိုးကြီးသည် ရုတ်တရက် အော်ပြောလာခဲ့သည်။
"သူတို့ကို ပေးသွားလိုက်...ဒီအကြွေးကို ငါတို့ အနာဂတ်မှာ ပြန်ယူမယ်"
"ခုံးလောင်"
တောက်ကျန့်သည် နားမလည်နိုင်သည့် လေသံနှင့် အော်ဟစ်လိုက်သည်။ ကျန်လူများမှာ အလွန်ကြောက်စရာကောင်းသည့် အန္တရာယ်ထံမှ လွတ်မြောက်သွားသည့်အလား ချက်ချင်းစိတ်သက်သာရာ ရသွားကြသည်။ သူတို့သာ တိုက်ခိုက်ရဲလျှင် အားလုံးသေကုန်ကြလိမ့်မည်ဟု သူတို့အလိုလို ခံစားမိခဲ့ကြသည်။
"သူတို့ကို ပေးသွားလိုက်"
ခုံးလောင်သည် တောက်ဂိုဏ်းတွင် လူအလေးစားခံပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူထပ်မံအော်ဟစ်လိုက်သောအခါတွင် အပြင်ဘက်မှ သင်္ဘောခန်းအတွင်း ပြေးဝင်လာကြသူများ အားလုံးသည် ချက်ချင်းနောက်ဆုတ်သွားကြပြီး အနက်ရောင်နကျယ်ကောင်များကို ဆက်လက်တိုက်ခိုက်နေကြသည်။ အတွင်းရှိလူများမှာလည်း စိတ်လိုက်မာန်ပါ မပြုလုပ်ရဲကြတော့ပေ။
ကျန်းရီသည် ထီမထင်စွာ တစ်ချက်ပြုံးလိုက်ပြီး သက်တော်စောင့်နှစ်ယောက်အား ညွှန်ကြားလိုက်သည်။
"ငါ့ခေါင်းဆောင်ငယ်ရဲ့ သင်္ဘောဆီ အရင်ပြန်ဆုတ်ကြ...သခင်မလေးကို ခေါ်ပြီး ငါနောက်က လိုက်ခဲ့မယ်"
"နားလည်ပါပြီ"
ကျန့်ဂိုဏ်းသားများသည် ကျန်းရီ၏ သရုပ်မှန်ကို သိထားကြရာ သူတို့စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားခဲ့သည်။ သူတို့နှစ်ယောက်သည် ကုန်းပတ်ပေါ်တွင် ခြေထောက်၍ စတင်ထွက်ခွာနေပြီဖြစ်သော ချမ်ဂိုဏ်း၏သင်္ဘောထံ ပျံသန်းသွားလိုက်ကြသည်။
"သခင်မလေး...ကျွန်တော်တို့ သွားသင့်ပါပြီ"
ကျန်းရီသည် ရှေ့ရှိ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များကို ကြည့်နေလိုက်သည်။ သက်တော်စောင့်နှစ်ယောက် ထွက်ခွာသွားပြီးနောက်တွင် သူသည် ကျန့်လင်းအာအား ပုခုံးမှ ဆွဲကိုင်ကာ ပြန်လည်ထွက်ခွာသွားလိုက်သည်။
"ဟူး..."
တောက်ဂိုဏ်းသားများသည် အစမှအဆုံးတိုင် မည်သို့မှ မလှုပ်ရှားခဲ့ကြပေ။ ကျန်းရီ အဆိပ်ဆူးမိုးများအကြား ပြန်လည်ဆုတ်ခွာသွားသောအခါမှသာ သူတို့အားလုံး သက်ပြင်းချနိုင်ကြသည်။ တောက်ကျန့်သည် ခုံးလောင်အား အလိုမကျစွာ လှမ်းကြည့်လိုက်သည်။
"ခုံးလောင်...မင်း ဘာလို့ သူ့ကိုမတားတာလဲ။ ငါ့ကို ဒီလောက်လူတွေအများကြီး စောင့်ရှောက်နေတဲ့ကြားက သူတကယ်သတ်နိုင်မှာ မလို့လား"
"ခေါင်းဆောင်ငယ်ကို သတ်ရုံတင် မဟုတ်ဘူး"
ခုံးလောင်၏ မျက်နှာမှာ ပိုမိုလေးနက်သွားခဲ့ပြီး တည်ငြိမ်စွာ ပြောလာခဲ့သည်။
"စောစောက တစ်ယောက်ယောက် လှုပ်ရှားလိုက်တာနဲ့တင် အကုန်လုံး သေသွားနိုင်ချေရှိတယ်"
"ဘယ်လို"
တောက်ကျန့်၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားခဲ့ပြီး မယုံနိုင်စွာ အသံမြှင့်၍ မေးလိုက်မိသည်။
"သူက ဗာဂျရာအဆင့် လူတစ်ယောက်များ ဖြစ်နေမလား"
"မသေချာဘူး။ ဒါပေမယ့် အဲ့ဒီလူက တော်တော်အန္တရာယ်ရှိတယ်လို့ ကျွန်တော် ခံစားနေရတယ်"
ခုံးလောင်သည် မျက်နှာပျက်ပျက်နှင့် ဆက်ပြောလာခဲ့သည်။
"သူက ဗာဂျရာအဆင့် တစ်ပိုင်းဖြစ်နေပြီ၊ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ စွမ်းရည်တစ်ခုခု ပိုင်ဆိုင်ထားတာ ဖြစ်ရမယ်...ဘာပဲဖြစ်ဖြစ်...အဲ့ဒီလူကို ရန်သွားမစတာ အကောင်းဆုံးပဲ"
"ချမ်ဂိုဏ်းမှာ ဒီလိုအရည်အချင်းရှိတဲ့သူ တကယ်ရှိတာပေါ့"
ခုံးလောင်သည် တောက်ဂိုဏ်းတွင် အရေးပါသူတစ်ဦးဖြစ်ပြီး တောက်ကျန့်သည် သူပြောသမျှကို အကြွင်းမဲ့ယုံုကြည်လေသည်။ တောက်ကျန့်၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ပေါ်ထွက်လာခဲ့ပြီး မေးလိုက်မိသည်။
"တောက်ဟုန်တို့တွေ အချည်းနှီးပဲ သေသွားရတော့မှာလား"
"သူတို့ကို ဘယ်လိုလုပ်ပြီး အချည်းနှီး သေခိုင်းရမှာလဲ...ဟီးဟီး"
ခုံးလောင်သည် စဉ်းလဲစွာ ရယ်ချလိုက်ပြီး ပြောလာခဲ့သည်။
"အနက်ရောင် နကျယ်ကောင်တွေ ပေါ်လာပြီဆိုတော့ သူတို့တွေ အနီးအနားမှာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ အခုတော့ နောက်ဆုတ်ကြမယ်။ လူတိုင်း အခြေအနေကို တည်ငြိမ်အောင် ထိန်းပြီးသွားမှ ကျွန်တော်တို့ ဒီကောင်တွေကို သတ်ကြမယ်။ အချိန်ကျလာရင် ချမ်ဂိုဏ်း၊ ကျန့်ဂိုဏ်းနဲ့ ယွင်ဂိုဏ်းက ပူးပေါင်းပြီး ပျားရည်ကို လုကြမှာ...သူတို့ ဂိုဏ်းတွေက အင်အားကြီးတာမှန်ပေမယ့် ကျွန်တော်တို့ အခွင့်အရေးယူပြီး တခြားဂိုဏ်းတွေနဲ့ ပူးပေါင်းမယ်၊ သူတို့ကို အရင် သတ်ပြီးမှ ပျားရည်ကို ဝေစုခွဲကြတာပေါ့။ မဟုတ်ရင် ဘယ်သူမှ ပျားရည်ရလိုက်ကြမှာ မဟုတ်ဘူး"
"ကောင်းပြီ...အခုတော့ လုံခြုံတဲ့နေရာကို အရင်ဆုတ်ကြတာပေါ့"
တောက်ကျန့်သည် မုန်းတီးမှုများ ပြည့်နေသော မျက်ဝန်းများဖြင့် အမိန့်ပေးလိုက်သည်။သူသည် မဲမှောင်နေသော ကောင်းကင်ပြင်သို့ မော့ကြည့်ကာ အံကြိတ်၍ ရေရွတ်လိုက်သည်။
"ချမ်တာ့ရယ်...ငါမင်းကို မသတ်ရရင် ငါ့ကိုယ်ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး"
***
ကျန်းရီတို့လူစုသည် ချမ်ဝမ်ကွမ်၏ သင်္ဘောအား အလျင်အမြန်ပင် လိုက်မှီသွားခဲ့သည်။ ကျန်းရီသည် သူ့အား အညှို့ခံထားရသည့်အလား ငေးကြည့်နေသော ကျန့်လင်းအာအား မြင်သည့်အခါ ချက်ချင်းခေါင်းကိုက်လာခဲ့သည်။ သို့သော်လည်း သူသည် မမြင်ချင်ယောင်သာ ဆောင်ထားလိုက်သည်။
သင်္ဘောတစ်ဝက်ခန့်သာ နေရာတွင် ကျန်ခဲ့ပြီး အခြားသူများမှာ ဆုတ်ခွာသွားကြပြီးဖြစ်သည်။ အနက်ရောင်နကျယ်ကောင်များသည် အုပ်စုများခွဲ၍ ပြေးလိုက်လာကြသည်။ သင်္ဘောများအားလုံးတွင် အကာအကွယ် အလွှာများ လင်းလက်နေကြပြီး စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်များမှာ အတွင်းအားများ မပြတ်သုံး၍ အကာအကွယ်ကို အားဖြည့်နေကြသည်။ ကျန်လူများမှာ အုပ်စုလိုက် အပြင်ထွက်၍ အနက်ရောင်နကျယ်ကောင်များကို သတ်ဖြတ်နေကြသည်။
အနက်ရောင်နကျယ်ကောင်များသည် တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန်မြန်ဆန်ပြီး တိုက်ခိုက်မှု ကြမ်းတမ်းသည့်အပြင် သေစေနိုင်သော အဆိပ်ဆူးများလည်း ရှိသေးသည်။ သို့သော်လည်း ၎င်းတို့တွင် ခိုင်မာသော ခုခံနိုင်စွမ်း မရှိကြပေ။ အတွင်းအားတိုက်ခိုက်မှု တစ်ချက်တည်းကပင် အနက်ရောင် နကျယ်ကောင်အများစုအား ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်စွမ်း သို့မဟုတ် တိုက်ရိုက်သတ်ပစ်နိုင်စွမ်း ရှိလေသည်။
သို့သော်လည်း အနက်ရောင်နကျယ်ကောင်များသည် မရေမတွက်နိုင်အောင် များပြားလေရာ ဂိုဏ်းများသာ တစ်စတစ်စ အင်အားဆုတ်ယုတ်သွားနိုင်ချေရှိသည်။ ၎င်းတို့အားလုံးအား တစ်ရက်၊ နှစ်ရက် အချိန်မယူဘဲ ရှင်းလင်းပစ်ရန်မှာ မဖြစ်နိုင်ချေ။
"ဘာလို့သတ်နေသေးတာလဲ။ ချမ်ဝမ်ကွမ်...သူတို့ကို သတ်နေတာရပ်ခိုင်းပြီး မြန်မြန်ထွက်ခွာခိုင်းတော့။ ပြီးရင် လူရှင်းတဲ့နေရာတစ်ခု ရှာမယ်။ ဒီအနက်ရောင်နကျယ်ကောင်တွေကို ငါရှင်းပေးမယ်"
ဂိုဏ်းသုံးခုသည် အနက်ရောင်နကျယ်ကောင်များကို အလှည့်ကျ တာဝန်ယူ၍ သတ်ဖြတ်နေကြသော်လည်း ၎င်းတို့၏ အရေအတွက်မှာ သိသိသာသာ လျော့ကျသွားခြင်း မရှိသည်ကို ကျန်းရီမြင်နေရသည်။ သူသည် မနေနိုင်တော့ဘဲ ချမ်ဝမ်ကွမ်အား စကားစလိုက်မိသည်။ ဖက်တီး၏ မျက်လုံးများသည် ဝင်းလက်သွားခဲ့ပြီး ရွှတ်နောက်နောက် ပြောလာလေ၏။
"အစ်ကိုကြီး...မင်းစောစောတည်းက ပြောသင့်တယ်။ မင်းလုပ်မယ်ဆိုရင် အားလုံး ဒီလောက်ကြိုးစားနေစရာ မလိုတော့ဘူး။ နောက်တစ်ခါ ဒီလိုမျိုး ဖြစ်လာတဲ့အခါ မင်းအရင်စပြီး လှုပ်ရှားရမယ် ဟုတ်ပြီလား"
"ထွက်သွားစမ်း"
ကျန်းရီသည် ချမ်ဝမ်ကွမ်အား ကန်ထုတ်လိုက်ပြီး ဒေါသထွက်နေသည့် လေသံနှင့် ပြောလိုက်သည်။
"ငါ ဇိမ်ခံဖို့ မင်းဆီလာတာ။ မင်းဒီလောက်တောင် သုံးစားမရဘူးလို့ မထင်ထားမိဘူးလေ။ လမ်းတစ်လျှောက်လုံး မင်းရဲ့ အရှုပ်ထုပ်တွေပဲ လိုက်ရှင်းနေရတယ်။ ငါသာ သိခဲ့ရင် မလာခဲ့ပါဘူး"
"ဟီးဟီး"
ချမ်ဝမ်ကွမ်သည် သူ့အစေခံများရှေ့တွင် အကန်ခံလိုက်ရသော်လည်း မမှုဘဲ စပ်ဖြီးဖြီးနှင့် ပြောလာခဲ့သည်။
"အစွမ်းအစရှိတဲ့သူက အလုပ်ပိုလုပ်သင့်တယ် မဟုတ်ဘူးလား။ မင်းအတွက် တော်တော်ကို ခက်ခဲခဲ့မှာပဲ။ စိတ်မပူပါနဲ့...ပြန်ရောက်တဲ့အခါ ငါမင်းကို သရီးဆမ်းခိုင်းမယ်။"
ဖတ်....
ဤတစ်ကြိမ်တွင် စိတ်ဆိုးဆိုးနှင့် ချမ်ဝမ်ကွမ်၏ ခေါင်းအား ပိတ်ရိုက်လိုက်သူမှာ ကျန့်လင်းအာဖြစ်လေသည်။
"ဖက်တီးစုတ်...အစ်ကိုကျန်းရီကို လမ်းမှားရောက်အောင် ဆွယ်မနေနဲ့"
***