← Chapters

မင်းသမီးက ကျွန်တော့်အိပ်ရာပေါ်တက်ဖို့ လိုလားတယ်ဆိုရင်

Vol. 1 Ch. 418

မင်းသမီးက ကျွန်တော့်အိပ်ရာပေါ်တက်ဖို့ လိုလားတယ်ဆိုရင်

Vol. 1 Ch. 418

သင်္ဘောခန်းအပြင်သို့ ထွက်လာကြသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် သုံးယောက်သည် အနက်ရောင်နကျယ်ကောင်များကို မတိုက်ခိုက်ကြတော့ပေ။ သူတို့သုံးယောက်သည် ကောင်းကင်မှ ကျဆင်းလာသော အဆိပ်ဆူးများကို ပိတ်ဆို့တားဆီးကြပြီး ကျန်လူများသည် အတွင်းအားတိုက်ခိုက်မှုများ ထုတ်ဖော်ကာ သင်္ဘောအား တွန်းကန်အားဖြင့် အရှိန်မြှင့်လိုက်ကြသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် သင်္ဘောသည် မိုင်အတော်များများ ရွက်လွှင့်ခဲ့ပြီးဖြစ်သည်။ အနီးအနားတွင် သင်္ဘောတစ်စီးတစ်လေမှလည်း မရှိတော့ပေ။ နေရာတစ်ခုလုံးသည် မြူများ ဆိုင်းနေပြီး သူတို့အား ထောက်လှမ်းနေသူများလည်း မရှိနိုင်။

"ဟုတ်ပြီ...အားလုံး အထဲလာကြတော့"

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ အနီးအနားတွင် မည်သူမှ မရှိကြောင်း သေချာသွားသောအခါတွင် သူအော်ဟစ်ပြောဆိုလိုက်သည်။ အပြင်ရှိ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များအားလုံး အထဲရောက်လာသောအခါ သူအပြင်သို့ ပြေးထွက်သွားလိုက်သည်။ သူ့လက်ထဲတွင် မီးနဂါးဓား ပေါ်ထွက်လာခဲ့ပြီး သူသည် ဓားကိုဝှေ့ယမ်း၍ မရေမတွက်နိုင်သော မီးနဂါးလေးများကို ထုတ်ဖော်လိုက်သည်။

"သတ်ဖြတ်ခြင်းအင်အား"

သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများသည် နေရာတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး တိုက်ခိုက်နေကြသော အနက်ရောင်နကျယ်ကောင်များ အားလုံးကို ရပ်တန့်သွားစေသည်။

ဖုန်း...ဖုန်း...ဖုန်း...

သတ်ဖြတ်ခြင်းအင်အား၏ ဖိအားကြောင့် အနက်ရောင်နကျယ်ကောင်များသည် မလှုပ်ရှားနိုင်တော့ချိန်တွင် မီးနဂါးငယ်လေးများသည် ပစ်မှတ်များထံ ဆက်တိုက်တိုးဝင်သွားကြသည်။ ကောင်းကင်ထက်တွင် ပေါက်ကွဲမှုများ ဖြစ်သွားခဲ့ပြီးနောက် အနက်ရောင်နကျယ်ကောင်များကြောင့် မှောင်မည်းနေသော ကောင်းကင်ပြင်တွင် လမင်းအလင်းရောင် ဝိုးတဝါး ထွက်ပေါ်လာခဲ့သည်။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းသည် လူတိုင်းအား ဆွံံ့အနေစေခဲ့သည်။

ကျန်းရီသည် လေထုအလယ်တွင် ရှိနေခဲ့ပြီး လေပြည်အသင်္ချေအား မီးနဂါးဓားနှင့် တွဲဖက်၍ နောက်ထပ်နှစ်ကြိမ် ဓားချက်ထုတ်ဖော်လိုက်သည်။ ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြီးနောက် ကောင်းကင်သည် တုန်ယင်နေသော အနက်ရောင်နကျယ်ကောင် အနည်းငယ်သာ ကျန်ရစ်ပြီး လုံးဝရှင်းလင်းသွားခဲ့သည်။

ဝှစ်...

ကျန်းရီ အောက်သို့ ဆင်းသက်လာချိန်တွင် သူ့မျက်လုံးတွင်းမှ အနီရောင်အလင်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းသည် သက်ပြင်းကိုယ်စီ ချမိကြသည်။ အထူးသဖြင့် ကျန့်လင်းအာသည် သတ်ဖြတ်ခြင်းအင်အားကြောင့် အတော်လေး ထိတ်လန့်သွားခဲ့သည်။

အနက်ရောင်နကျယ်ကောင်များသည် အဝါရောင်မျက်လုံးဝိုင်းကြီးများဖြင့် ကျန်းရီအား ထိတ်လန့်တကြားကြည့်ကာ အုပ်စုခွဲ၍ တကွဲတပြားစီ ပြေးထွက်သွားကြသည်။ အနှီတတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲများသည် အသိဉာဏ်အနည်းငယ် ရှိပုံရလေသည်။ ၎င်းတို့သည် သူတို့၏ အပေါင်းအဖော်များ အလွယ်တကူ အသတ်ခံလိုက်ရသည်ကို မျက်မြင်တွေ့ပြီးနောက် ဆက်လက်မတိုက်ခိုက်ရဲကြတော့ဘဲ ထွက်ပြေးသွားကြသည်။

"ပြီးပြီ...ပင်ပန်းတယ်...ငါအိပ်လိုက်ဦးမယ်"

ကျန်းရီသည် အသာလက်ဝှေ့ယမ်းလိုက်ပြီး သူ့အား မကောင်းဆိုးဝါးတစ်ကောင်နှယ် ကြည့်နေကြသူများကို လျစ်လျူရှုလိုက်သည်။ သူသည် သင်္ဘောခန်းအတွင်းရှိ သူ့ကိုယ်ပိုင်အခန်းထံ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။

ဂိုဏ်းသုံးဂိုဏ်းမှ လူများသည် ကျန်းရီ၏ သတ်ဖြတ်ခြင်းနည်းလမ်းများကို မြင်ဖူးသော်လည်း မှင်သက်မိနေကြဆဲပင်။ အနက်ရောင်နကျယ်ကောင်များ အလွန်များပြားလွန်းရာ သူတို့အတွက် တစ်ရက်နှစ်ရက်ခန့် အချိန်ကုန်ပြီးမှသာ ရှင်းလင်းနိုင်လိမ့်မည်။ သို့သော် ကျန်းရီသည် ဓားချက်သုံးချက်တည်းဖြင့် ရှင်းလင်းသွားခဲ့သည်။

"ဟီးဟီး...အားလုံးပဲ ပင်ပန်းသွားကြပြီ။ ခန်းမကြီးထဲမှာ နားလိုက်ကြပါဦး။ ချမ်ရွှယ်...သခင်မလေးလင်းအာအတွက် အခန်းတစ်ခု သွားပြင်ပေးချေ"

ဂိုဏ်းများတွင် သင်္ဘောအမြောက်အများ ပါလာခဲ့သည်။ ယွင်ဖေး၏ ရှေးဟောင်းနတ်ဘုရား လက်စွပ်အတွင်းတွင်လည်း သင်္ဘောများ ရှိလေသည်။ သို့သော် ကျွန်းတွင် ကျန်ခဲ့သည့် သင်္ဘောများမှာ အကောင်းအတိုင်း ရှိလောက်သေးရာ နောက်ထပ် သင်္ဘောများကို သူတို့မဖြုန်းတီးချင်ပေ။ အနက်ရောင် နကျယ်ကောင်များလည်း ထပ်မလာတော့ရာ ဤနေရာတွင် အနားယူရန် ဘေးကင်းလောက်သည်။

ချမ်ဝမ်ကွမ်သည် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးအား ကြည့်လိုက်ပြီးနောက် လူယုတ်မာသံနှင့် ရယ်လိုက်သည်။

"အစ်ကိုဝူရွှမ်း...သင်္ဘောပေါ်မှာ အခန်းတွေ အလုံအလောက် မရှိတော့ဘူး။ ဘာလို့ မင်းတို့နှစ်ယောက် တစ်ခန်းတည်း ပြုံမတိုးလိုက်တာလဲ"

ယွင်ဖေး၏ မျက်နှာမှာ နီရဲသွားခဲ့ပြီး အခန်းတွင်းသို့ ခြေဆောင့်၍ ဝင်သွားခဲ့သည်။

"ဖက်တီးစုတ်...နင် ကြမ်းပြင်ပေါ်မှာ အိပ်လိုက်"

ကျန့်ဝူရွှမ်းသည်လည်း လေးလေးနက်နက်ဟန်ဖြင့် လှည့်ပြောလာခဲ့သည်။

"အင်း...ဝမ်ကွမ်အတွက် ခက်ခဲတော့မှာပဲ။ ငါဒီည မင်းရဲ့အခန်းမှာ အိပ်လိုက်မယ်။ မင်း ခန်းမကြီးထဲမှာပဲ အိပ်ရတော့မယ်"

"ဘာလို့ ငါတစ်ယောက်ပဲ အမြဲ ခံရသူ ဖြစ်နေတာလဲ"

ချမ်ဝမ်ကွမ်သည် ခါးသီးစွာဖြင့် မျက်လုံးအား ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ သူသည် ကျန့်လင်းအာထံ လှမ်းကြည့်လိုက်ပြီး သနားစဖွယ်လေသံလေးနှင့် ပြောလိုက်သည်။

"ညီမလေးလင်းအာ...မင်းအခန်းထဲ ငါဝင်တိုးရင်ရော"

"ထွက်သွားစမ်း"

ကျန့်လင်းအာသည် မျက်နှာအား ပုဝါစဖြင့် ဖုံးထားဆဲဖြစ်သည်။ သူမ၏ မျက်ဝန်းလှလှလေးများတွင် အေးစက်စက်အလင်းများ ဖြတ်ပြေးသွားကာ ပြောလာခဲ့သည်။

"နင် ငါ့အခန်းထဲ ဝင်လာရဲရင် ငါနင့်ကို ကုန်းကုန်းချမ်အဖြစ် ပြောင်းပေးမယ်"

ချမ်ဝမ်ကွမ်၏ ကိုယ်အောက်ပိုင်းသည် ရုတ်တရက် အေးခနဲဖြစ်သွားခဲ့သည်။ အနှီမိန်းကလေးသည် ပြောသည့်အတိုင်း တကယ်လုပ်မည့်ပုံပင်။ ထို့ကြောင့် သူသည် မည်သည့်စကားမှ ဆက်မပြောရဲတော့ပေ။ သူသည် ရွေးချယ်စရာမရှိဘဲ အပြင်တွင်သာအိပ်ရန် ဆုံးဖြတ်လိုက်ရသည်။ သို့သော် သူသည် ဘဝကို မည်သို့ ဇိမ်ကျကျ ဖြတ်သန်းရမည်မှန်း သိသူဖြစ်ရာ နောက်လိုက်တစ်ယောက်အား ထောင့်တစ်နေရာတွင် အိပ်ရာထူထူတစ်ခု ခင်းခိုင်းလိုက်သည်။

ညသည် အလွန်အေးချမ်းနေခဲ့သည်။

မိုးသောက်ချိန်တွင် သင်္ဘောကြီးတစ်စင်းသည် သူတို့ရှိရာသို့ မောင်းနှင်လာခဲ့သောကြောင့် ထိုငြိမ်းချမ်းမှုမှာ ပျက်စီးသွားခဲ့သည်။ ထိုသင်္ဘောပေါ်မှ ကျင့်ကြံသူများသည် မျက်လုံးများ နီရဲနေကြပြီး နောက်မှလိုက်လာသော အနက်ရောင် နကျယ်ကောင်များကို အတွင်းအားတိုက်ခိုက်မှုများ ပစ်လွှတ်နေကြသည်။

"ချမ်ဂိုဏ်းက ညီအစ်ကိုတို့...ကူညီကြပါဦး။ ငါတို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"

သင်္ဘောပေါ်မှ လူများသည် သူတို့ဘက်တွင် အနက်ရောင်နကျယ်ကောင်များ မရှိကြောင်း မြင်သောအခါ ချက်ချင်း အော်ဟစ်လာကြသည်။ ချမ်ဝမ်ကွမ်သည် ချက်ချင်း နိုးသွားကာ အလျင်အမြန် ထလိုက်သည်။ သူသည် 'ထို့ပါ'ဟူသော စာလုံးနှင့် စုတ်ပြတ်နေသည့် အလံကို မြင်သောအခါ ခပ်သွက်သွက် အော်ဟစ်လိုက်သည်။

"မြန်မြန်သွား...မြန်မြန်...အဲ့ဒါ မြောက်ဘက် လျန်နိုင်ငံကပဲ။ သူတို့သေသေကြေကြေ ငါဂရုမစိုက်ဘူး"

ချမ်ဂိုဏ်းမှ လူများသည် အတွင်းအား တိုက်ခိုက်မှုများ ပြိုင်တူ ထုတ်ဖော်လိုက်ကြပြီး ကျိန်ဆဲနေကြသော ထို့ပါဂိုဏ်း၏ ကျင့်ကြံသူများကို ချန်ရစ်ကာ အလျင်အမြန် လစ်ထွက်လာကြသည်။

"အမ်"

တစ်နာရီခန့် ရွက်လွင့်ခဲ့ပြီးနောက်တွင် ချမ်ရွှယ်၏အော်သံ ထွက်ပေါ်လာခဲ့သည်။

"ခေါင်းဆောင်ငယ်...ဟိုမှာနောက်သင်္ဘောတစ်စီး...အဲ့ဒါ မင်းသမီးဖေးယွီရဲ့ သင်္ဘောပဲ။ သူမကို သွားကယ်ချင်လား"

"ငါ့ဖင်ကြီးပဲ သူမကိုကယ်"

ချမ်ဝမ်ကွမ်သည် လက်ကိုခါယမ်းကာ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။

"မြန်မြန်သွား...မြန်မြန်...မဟုတ်ဘူး...ငါတို့အလံကို မြန်မြန်ချလိုက်၊ သူတို့ မမြင်စေနဲ့"

"သိပါပြီ"

ချမ်ရွှယ်သည် သင်္ဘောဦးသို့ ပြေးသွားကာ အနက်ရောင်နကျယ်ကောင်များ၏ အဆိပ်ဆူးများကြောင့် အပေါက်ဗရပွဖြစ်နေသော အလံကို အလျင်အမြန် ချလိုက်သည်။

သို့သော်လည်း သူအလံချသည်မှာ အနည်းငယ်နောက်ကျသွားခဲ့သည်။ ရှားဖေးယွီ၏ သင်္ဘောပေါ်မှ မျက်လုံးကောင်းသော လူတစ်ဦးသည် သူတို့ကို မြင်သွားကာ လှမ်းအော်လာခဲ့သည်။

"ချမ်ဝမ်ကွမ်...မင်းသမီး ဒီမှာရှိနေတယ်။ မင်းသမီးကို ကယ်ဖို့ မြန်မြန် လူလွှတ်လိုက်"

"သူမကို ကယ်လိုက်တော့...ချီးတဲ့မှ"

ချမ်ဝမ်ကွမ်သည် ခပ်တိုးတိုး ဆဲရေးလိုက်သည်။ တစ်ဖက်မှ သူ့ကို မြင်သွားလျှင် သူထွက်သွားရန် မဖြစ်နိုင်တော့ပေ။ မည်သို့ပင် ချမ်ဂိုဏ်းသည် ရှန်ဝူနိုင်ငံ၏ တရားဝင်ဂိုဏ်းတစ်ခု ဖြစ်နေသေးသည်။ သူယခုရှောင်ထွက်သွားပါက တော်ဝင်မြို့တော်သို့ ပြန်ရောက်၍ ရှားဖေးယွီ ပြန်လျှောက်တင်လျှင် ချမ်ဂိုဏ်းသည် အပြစ်သားများ ဖြစ်ကုန်လိမ့်မည်။

သူသည် အကြပ်ရိုက်နေသော လေသံနှင့် ပြောလိုက်သည်။

"ကျန့်ဂိုဏ်းနဲ့ ယွင်ဂိုဏ်းကလူတွေကို ပုန်းခိုင်းလိုက်၊ သူတို့ဆီ ငါတို့ လူတစ်ချို့ လွှတ်ပေးမယ်"

"နားလည်ပါပြီ"

ချမ်ရွှယ်သည် ခေါင်းငြိမ့်လိုက်ပြီး သင်္ဘောအား ခပ်ဝေးဝေးတွင် ရပ်တန့်စေလိုက်သည်။ ထို့နောက် သူသည် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် လူရှစ်ယောက်ကို ဦးဆောင်၍ အနက်ရောင်နကျယ်ကောင်များကို ကူသတ်ပေးရန် ရှားဖေးယွီ၏ သင်္ဘောထံ ရေကူးသွားခဲ့သည်။

အနက်ရောင်နကျယ်ကောင်များသည် အကောင်တစ်သောင်းထက် ပိုမိုများပြားရာ သူတို့တစ်ညလုံး တိုက်ခိုက်ခဲ့ရပုံပေါ်သည်။ အခြေအနေအရ ချမ်ရွှယ်တို့ လူစု၏ အကူအညီနှင့်ဆိုလျှင်တောင် နောက်တစ်ရက်ခန့် သတ်ဖြတ်နေရမည့်ပုံ ပေါ်လေသည်။

ကျန့်ဝူရွှမ်း၊ ယွင်ဖေး၊ ကျန့်လင်းအာနှင့် ကျန်းရီတို့သည် နိုးသွားကြပြီဖြစ်သည်။ သို့သော် သူတို့ထံတွင် ကူညီရန် ရည်ရွယ်ချက် မရှိကြပေ။ ရှားဂိုဏ်းသည် ကျန်းရီ၏ ကမ္ဘာ့ရန်ဖက်ဖြစ်သည်။ သူတို့ အခက်အခဲ ကြုံနေချိန်တွင် သွားမတိုက်ခိုက်ခြင်းကပင် သူတို့တော်လှပြီဖြစ်သည်။

ချမ်ဂိုဏ်း၏ သင်္ဘောသည် ခပ်လှမ်းလှမ်းတွင် ရှိနေခြင်းဖြစ်သော်လည်း အနက်ရောင်နကျယ်ကောင်များကို ဆွဲဆောင်နေသေးသည်။ အနက်ရောင်နကျယ်ကောင်များ၏ တစ်ဝက်ခန့်သည် အုပ်စုမှ ခွဲထွက်ကာ သူတို့၏ သင်္ဘောထံ ဦးတည်လာနေကြသည်။ ချမ်ဝမ်ကွမ်သည် ကြိတ်၍ ကျိန်ဆဲနေခဲ့ပြီး ကျန့်ဝူရွှမ်းတို့မှာလည်း မတတ်နိုင်တော့ဘဲ သူတို့နောက်လိုက်များကို တိုက်ခိုက်ရန် အမိန့်ပေးရတော့သည်။

"မသွားနဲ့...ငါလုပ်မယ်"

ကျန်းရီသည် လက်ကာပြ၍ သင်္ဘောခန်းအတွင်းမှ ထွက်သွားလိုက်သည်။ လူတိုင်းသည် သူတိုက်ခိုက်တော့မည်ဟု ထင်နေခဲ့ကြသည်။ အနက်ရောင်နကျယ်ကောင်များ နီးကပ်မလာခင်တွင် ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို စက္ကန့်ဝက်မျှ ထုတ်ဖော်လိုက်သည်။ အနက်ရောင်နကျယ်ကောင်များသည် တကျီကျီ အော်ကြပြီး ရှားဂိုဏ်း၏ သင်္ဘောထံ ပြန်ပြေးသွားကြသည်။ မည်သည့်အကောင်မှ သူတို့သင်္ဘောထံ ကပ်မလာရဲကြပေ။

"ဝိုး...အစ်ကိုကျန်းရီက တကယ်မိုက်တယ်"

ကျန့်လင်းအာ၏ မျက်ဝန်းလှလှလေးများသည် ကြယ်များကဲ့သို့ တဖျပ်ဖျပ် လက်သွားခဲ့ပြီး ချမ်ဝမ်ကွမ်နှင့် ကျန်လူများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ကျန်းရီသည် အနက်ရောင်နကျယ်ကောင် အုပ်လိုက်ကြီးအား အရှိန်အဝါဖြင့်သာ ခြောက်လွှတ်လိုက်သည်။

"ဟားဟား"

ကျန်းရီသည် အသာပြုံးလိုက်သည်။ သူသည် ပုံမှန်ဆိုပါက သူ့အရှိန်အဝါကို ထုတ်သုံးမည်မဟုတ်ပေ။ ထိုသတ္တဝါများသည် အသိဉာဏ်ရှိကြပြီး ယခင်နေ့က ထွက်ပြေးသွားကြသော အနက်ရောင်နကျယ်ကောင်များသည် အခြားနကျယ်ကောင်များနှင့် ပြန်ဆုံသွားကြလိမ့်မည်။ ယခုလာရောက်သော အနက်ရောင် နကျယ်ကောင်များထဲတွင် ယခင်နေ့က အကောင်များလည်း ပြန်ပါလာလောက်သည်။ ၎င်းတို့သည် သတ်ဖြတ်ခြင်းအရှိန်အဝါကို ခံစားမိသည်နှင့် ဆက်လက်မတိုက်ခိုက်ရဲကြတော့ဘဲ သူတို့၏ အပေါင်းအဖော်များကို ပြန်ဆုတ်ကြရန် အသိပေးလိမ့်မည်။

သူတို့လူစုုသည် ဆက်လက်၍ ပွဲကြည့်နေကြပြီး ချမ်ရွှယ် အချိန်အနည်းငယ်ကြာ တိုက်ခိုက်ပြီးပါက ဆုတ်ခွာရန် ပြင်ဆင်နေကြသည်။ ရှားဖေးယွီ စိတ်ထဲတွင် ကျိန်ဆဲနေပါလျှင်တောင် သူမဘာမှ ပြောနိုင်မည်မဟုတ်ချေ။

ဝှစ်...

သို့သော် မည်သူမှ မမျှော်လင့်ထားကြသည်မှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူနှစ်ယောက်သည် မိန်းမလှလေးတစ်ယောက်အား ခေါ်ဆောင်၍ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် ကောင်းကင်မှ အဆိပ်ဆူးများကို တားဆီးပေးကာ အခြားတစ်ယောက်သည် ရေထဲမှဖြတ်၍ ချမ်ဝမ်ကွမ်၏ သင်္ဘောထံ တက်လာခဲ့လေသည်။

မိန်းမလှလေးမှာ ရှားဖေးယွီ ဖြစ်လေသည်။ သူမသည် သင်္ဘောပေါ်ရောက်သည်နှင့် သူမသည် ချမ်ဝမ်ကွမ်အားကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။

"သခင်လေးဝမ်ကွမ်က...သဘောအရမ်းမကောင်းပါလား...ဟမ်...ဘယ်လိုလုပ်ပြီး ဒီမင်းသမီး အန္တရာယ်တောထဲ ကျနေတာကို ကြည့်နေနိုင်တာလဲ။ ဟမ့်...ရှင် ကျွန်မကို မကယ်ရင် ကျွန်မရှင်နဲ့ လာပုန်းနေမယ်။ ရှင်ကျွန်မကို သင်္ဘောပေါ်ကတော့ မောင်းမချဘူးမလား"

"ဘာကိစ္စ...."

ချမ်ဝမ်ကွမ်၏ မျက်နှာဖောင်းဖောင်းကြီးသည် ချက်ချင်း ပြုံးသွားခဲ့ပြီး အလျင်အမြန် လှိုက်လှိုက်လှဲလှဲ တုံ့ပြန်လိုက်သည်။

"မင်းသမီး...ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ကျွန်တော်က မင်းသမီးကို လာခေါ်ဖို့ လူလွှတ်ချင်ခဲ့တာပါ။ မင်းသမီးက ကျွန်တော့် အိပ်ရာပေါ် တက်ဖို့ လိုလားတယ်ဆိုရင် ဝမ်ကွမ် ဒါ့ထက်ပိုပျော်တာ ရှိမှာ မဟုတ်တော့ပါဘူး"

***

အိပ်ရာ[床] နဲ့ သင်္ဘော[船] နှစ်ခုလုံးကို တရုတ်လို ချွမ်လို့ အသံထွက်ပါတယ်။

***

All Chapters