← Chapters

သဘာဝရဲ့ ဥပဒေသတွေကို လိုက်နာပြီး...မြန်မြန်သွားကြပေလော့

Vol. 1 Ch. 419

သဘာဝရဲ့ ဥပဒေသတွေကို လိုက်နာပြီး...မြန်မြန်သွားကြပေလော့

Vol. 1 Ch. 419

ရှားဖေးယွီသည် ချမ်ဝမ်ကွမ်၏ စကားကို မကြားသယောင်ဖြင့် လှည့်ကြည့်လာကာ ပြောလာခဲ့သည်။

"သခင်လေးဝမ်ကွမ်...ဒီမင်းသမီးက တော်တော်သိချင်နေတယ်။ အနက်ရောင် နကျယ်ကောင်တွေ စောစောက ဒီဘက်ကိုလာတာ အသိသာကြီးပဲ။ ဘာလို့သူတို့ပြန်ဆုတ်လာကြတာလဲ"

ရှားဖေးယွီသည် ပြောနေရင်းဖြင့် ကျန်းရီထံ မသိမသာ လှမ်းကြည့််လိုက်သည်။

ကျန်းရီသည် နှုတ်ဆိတ်နေဆဲဖြစ်ပြီး ချမ်ဝမ်ကွမ်၏ နှာဗူးအကြည့်များသည် ရှားဖေးယွီထံ ရောက်သွားကာ ဝံ့ဝံ့ကြွားကြွားဖြင့် ပြောလိုက်သည်။

"မင်းသမီး မသိဘူးလား။ ဒီသခင်လေးက လောလောလတ်လတ်ပဲ စွမ်းရည်တစ်မျိုး သင်ယူတတ်မြောက်ထားတာ၊ အဲ့ဒါက နတ်ဆိုးသားရဲတွေကို ထွက်ပြေးစေနိုင်တယ်။ ဒီသခင်လေးရဲ့ အော်သံတစ်ချက်က အနက်ရောင် နကျယ်ကောင်တွေ မပြောနဲ့၊ နတ်ဆိုးသားရဲဘုရင်တွေကိုတောင် မောင်းထုတ်ပစ်နိုင်တယ်"

"ခစ်ခစ်"

ရှားဖေးယွီသည် မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်သည်။ ကျန့်ဝူရွှမ်းကမူ မျက်နှာလွှဲသွားခဲ့သည်။ ယွင်ဖေးနှင့် ကျန့်လင်းအာမှာမူ ခေါင်းငုံ့၍ ရယ်ခြင်းအား အတင်းထိန်းချုပ်နေကြသည်။ ကျန်းရီတစ်ဦးတည်းသာ ရုပ်သေကြီးဖြင့် တည်တံ့စွာ ရှိနေခဲ့သည်။ ချမ်ဝမ်ကွမ်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ခရမ်းရောင်နန်းတော်ရှင်အဆင့်ကို ရောက်ရုံလေးသာ ရှိသေးသည်။ သူ့တွင် မည်သည့်ပေါက်ကရ စွမ်းရည် ရှိလာသနည်း။

ရှားဖေးယွီသည်လည်း ထိုသို့တွေးမိသည်သာ။ သူမသည် ကျောက်စိမ်းဖြူသွယ်လက်ဖြင့် ခပ်လှမ်းလှမ်းသို့ ညွှန်ပြကာ ပြောလာခဲ့သည်။

"သခင်လေး ဝမ်ကွမ်မှာ အဲ့လိုစွမ်းရည်ရှိရင် ကျွန်မကို ကူညီပြီး အဲ့ဘက်က အနက်ရောင်နကျယ်ကောင်တွေကို မောင်းထုတ်ပေးစမ်းပါ။ သူတို့လည်း သက်သာသွားတာပေါ့။ ဘယ်လိုသဘောရလဲ"

"ဒါ...ဒါက..."

ချမ်ဝမ်ကွမ်၏ မျက်လုံးများသည် ဟိုကြည့်ဒီကြည့်ဖြစ်သွားခဲ့သည်။ သူ လေကြွားသည်မှာ လွန်လွန်းသွားရာ မည်သို့နိဂုံးချုပ်ရမည်မှန်း မသိတော့ပေ။ ထို့ကြောင့် သူသည် ပါးစပ်ထဲရှိရာကိုသာ ပြောချလိုက်သည်။

"မင်းသမီး...ကျွန်တော့်ကိုယ်က အခုလေးတင် အဲ့စွမ်းရည်ကိုသုံးပြီးတော့ အားနည်းနေတယ်။ ကျွန်တော် အဲ့စွမ်းရည်ကို အခုမထုတ်သုံးနိုင်မှာ စိုးရွံ့မိပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

"ရှင့်ကိုယ်က အားနည်းနေတယ်ပေါ့"

ရှားဖေးယွီသည် ထိုပေါက်ကရဆင်ခြေအား အလွတ်မပေးဘဲ ကိစ္စ၏ အောက်ခြေအထိလိုက်ရန် ဆုံးဖြတ်လိုက်ပုံရလေသည်။ သူမသည် လက်ပေါ်ရှိ လက်စွပ်အားထိကာ ပြောလာခဲ့သည်။

"သခင်လေးဝမ်ကွမ်...ဒီမှာ ဆေးပင်တွေအများကြီးရှိတယ်။ ရှင်ဘာလို့ယူပြီးတော့ အားမဖြည့်တာလဲ။ ရှင်လိုတာကိုသာ ပြောလိုက်"

"..."

ချမ်ဝမ်ကွမ်တစ်ယောက် ဆွံ့အသွားရလေသည်။ ဤမင်းသမီး၏ ဦးနှောက်သည် ယနေ့တွင် တစ်ခုခုဖြစ်နေသည်လော။ သူရှင်းမပြချင်ကြောင်း သိသာနေသော်လည်း သူမသည် ဆက်လက်၍ ရှေ့တိုးနေဆဲပင်။ သူမကို ကူညီရန် သူ့လူများ လွှတ်ပေးသည်ကပင် တော်လှပြီဖြစ်သည်။ ယခု သူသည် သူမအား သူ့သင်္ဘောပေါ်တွင်တောင် နေခွင့်ပြုထားခဲ့သည်။ ချမ်ဝမ်ကွမ်သည် သူမအား ကြောက်လိမ့်မည်ဟု သူမထင်နေသည်လော။

ရှားဖေးယွီသည် ကျန်းရီအား သံသယဝင်နေကြောင်း သူသိသည်။ ထို့ကြောင့် သူသည် ကာကွယ်ပေးချင်သည်။

သူ့မျက်လုံးများသည် ချက်ချင်း တောက်ပသွားခဲ့ပြီး ဟန်လုပ်ပြုံးကာ ပြောလိုက်သည်။

"မင်းသမီးဆီမှာ ကျွန်တော်လိုအပ်တဲ့ အာဟာရဓာတ် မရှိလောက်ဘူး။ ကျွန်တော့်စွမ်းရည်က...အဟမ်း...အပျိုစင်ရဲ့ ယင်ဓာတ် လိုအပ်တာ...ဒါကြောင့်..."

ဖြီ...

ယွင်ဖေး၊ ကျန့်လင်းအာနှင့် ရှားဖေးယွီတို့အားလုံးသည် ပြိုင်တူ တံတွေးထွေးလိုက်မိကြသည်။ ယွင်ဖေးတို့နှစ်ယောက်သားသည် သူတို့၏အခန်းများအတွင်း ချက်ချင်းပြန်ဝင်သွားကြပြီး ကျန်ကိစ္စများကို အမျိုးသားများ ဖြေရှင်းရန် ထားခဲ့ကြလေသည်။ ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မထိန်းနိုင်တော့ဘဲ ရယ်မိကြတော့သည်။ အနှီချမ်ဝမ်ကွမ်သည် အမှန်တကယ်ကို ပေါက်ကရပြောတတ်သူဖြစ်သည်။

ရှားဖေးယွီ၏ မျက်နှာသည် နီရဲသွားခဲ့သည်။ သူမသည် ချမ်ဝမ်ကွမ်အား စိုက်ကြည့်ရုံသာကြည့်နိုင်ပြီး ဆက်မမေးရဲတော့ပေ။ သူမ၏ မျက်ဝန်းများသည် အချိန်အတော်ကြာ မှေးစင်းသွားခဲ့ပြီး ရှားဂိုဏ်းမှ လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"သူတို့ကို သင်္ဘောရွှေ့လာခိုင်းလိုက်၊ သခင်လေးဝမ်ကွမ်ရဲ့ စွမ်းရည်ကို နည်းနည်းငှါး သုံးကြရအောင်"

သေစမ်းကွာ...

ချမ်ဝမ်ကွမ်၊ ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့သည် စိတ်ထဲမှ ပြိုင်တူ ကျိန်ဆဲမိလိုက်ကြသည်။ အနှီရှားဖေးယွီသည် အလွန်စိတ်ရှုပ်စရာ ကောင်းလှသည်။ သင်္ဘောလာလျှင် အနက်ရောင်နကျယ်ကောင် အုပ်လိုက်ပါ ရောက်လာကြမည်ဖြစ်သည်။ ကျန်းရီဝင်မပါနိုင်တော့လျှင် ဂိုဏ်းသုံးဂိုဏ်းမှ လူများသည် ခြေကုန်လက်ပမ်းကျအောင် တိုက်ခိုက်ရလိမ့်မည်။

ရှားဖေးယွီသည် ရှားဂိုဏ်း၏ မျိုးဆက်တစ်ယောက် ဖြစ်နေသေးသည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် ဘာမှမပြောကြတော့ဘဲ ဦးတည်လာနေသော သင်္ဘောနှင့် အနက်ရောင်နကျယ်ကောင်အုပ်ကြီးကိုသာ ကြည့်နေကြတော့သည်။

"တိုက်ပွဲအတွက် ပြင်ဆင်ကြ"

ကျန့်ဝူရွှမ်း အော်ဟစ်လိုက်ချိန်တွင် ကျန့်ဂိုဏ်းသားများသည် လက်နက်အသီးသီးကို ဆွဲထုတ်လိုက်ကြသည်။ ကျန်းရီသည် ရုတ်တရက် စကားပြောလာခဲ့သည်။

"ခေါင်းဆောင်ငယ်ရဲ့စွမ်းရည်ကို နောက်တစ်ကြိမ်သုံးလိုက်တာ ကောင်းမယ်ထင်တယ်။ မဟုတ်ရင် ကျွန်တော်တို့ သေလုမျောပါး မောပန်းကုန်ကြလိမ့်မယ်"

ချမ်ဝမ်ကွမ်သည် ခေါင်းလှည့်၍ ကျန်းရီအား ဆွံ့အစွာ ကြည့်လိုက်မိသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ကျန်းရီ ဘာပြောချင်မှန်း သူချက်ချင်းနားလည်လိုက်လေသည်။ သူသည် ထောင်လွှားစွာ ခေါင်းမော့ရင်ကော့၍ ပြောလိုက်သည်။

"ကောင်းပြီလေ...သင်္ဘောရောက်လာရင် ငါ့အသက်ကိုရင်းပြီး အနက်ရောင်နကျယ်ကောင်တွေကို နောက်တစ်ကြိမ် မောင်းထုတ်ပေးမယ်"

ရှားဖေးယွီ၏ မျက်ဝန်းလှလှလေးများ တောက်ပသွားခဲ့သည်။ သူမသည် သင်္ဘောခန်းအတွင်း ဝင်မသွားဘဲ ကျန်းရီ သို့မဟုတ် ချမ်ဝမ်ကွမ် တစ်ယောက်ယောက်ထံမှ ဟာကွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

"ခေါင်းဆောင်ငယ်ကို ကာကွယ်ကြ"

ကျန်းရီသည် သူ့ဘေးမှ လူအား တစ်ချက်ကြည့်လိုက်သည်။ ထိုသူသည် ချက်ချင်းအော်ဟစ်လိုက်ပြီး ချမ်ဝမ်ကွမ်အား ဝန်းရံလိုက်ကြသည်။ ကျန်းရီသည်လည်း ချမ်ဝမ်ကွမ်နောက် လိုက်သွားလိုက်သည်။ ကုန်းပတ်ပေါ်တွင် လူတစ်အုပ် မတ်တပ်ရပ်နေကြပြီး ချမ်ဝမ်ကွမ်သည် သူ့ကိုယ်မှ အားနည်းလှသည့် အတွင်းအားတို့ကို ထုတ်ဖော်လိုက်သည်။ သူသည် လက်များထံ အတွင်းအားများ ပို့ဆောင်လိုက်ပြီး ထူးထူးဆန်းဆန်း လက်သင်္ကေတအမျိုးမျိုးကို ထုတ်ဖော်လိုက်သည်။ သူ့ပါးစပ်မှလည်း တစ်စုံတစ်ခုကို တတွတ်တွတ် ရွတ်နေလေ၏။ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် ဆွံ့အစွာ ကြည့်မိလိုက်ကြသည်။

"လာနေပြီ...အားလုံးပဲ သတိနဲ့နေကြ"

ချမ်ဂိုဏ်းသားတစ်ယောက်၏ အော်သံနှင့်အတူ လေထုမှာ ပိုမိုလေးလံလာခဲ့သည်။ ရှားဖေးယွီ၏ သက်တော်စောင့်နှစ်ယောက်မှာ သတိအနေအထား ဖြစ်နေကြသော်လည်း ရှားဖေးယွီသည် စိတ်အေးလက်အေး ရှိနေပုံပေါ်လေသည်။ သူမ၏ မျက်ဝန်းဝိုင်းများသည် ကျန်းရီနှင့် ချမ်ဝမ်ကွမ်ကိုသာ မပြတ်အကဲခတ်နေခဲ့သည်။

သင်္ဘောသည် သူတို့နှင့် မီတာသုံးရာခန့်အကွာသို့ ရောက်နေပြီဖြစ်သည်။ အနက်ရောင်နကျယ်ကောင်များမှာလည်း နောက်မှ ကပ်ပါလာကြလေသည်။

"ကောင်းကင်နဲ့ မြေကြီးက မကောင်းဆိုးဝါးတွေကို ရှင်းလင်းဖို့ ငါ့ကိုသင်ပေးခဲ့ပြီး စွမ်းအင်တွေ ချီးမြှင့်ခဲ့တယ်။ မသန့်ရှင်းတဲ့ ဖြစ်တည်မှုတွေကို ရှင်းလင်းဖို့ နတ်မင်းတွေကို ငါဆင့်ခေါ်တယ်။ ရောင်ခြည်စက်ဝန်းက သရဖူနှယ်၊ ကြယ်တွေက ငါ့ခြေအောက်၊ ကမာခွံခြောက်ခုက ဘယ်ဘက်၊ ခြေသည်းခြောက်ခုက ညာဘက်၊ အဝါရောင်နတ်မင်း(ဟွမ်တိ)က အရှေ့၊ သဘာဝရဲ့ ဥပဒေသတွေက အနောက်...ကောင်းကင်ဘုံက ဗိုလ်ကျကြီးစိုးနေတဲ့ မကောင်းသူတွေကို အပြစ်ပေးစေသား။ နတ်ဆိုးတွေကိုသတ်၊ ညကိုသတ်၍ နတ်မင်းထွက်ပေါ်လာလျှင် မကောင်းဆိုးဝါး ဖြစ်တည်မှုများ ရုပ်လုံးပြရဲပါ့မည်လား၊ သဘာဝရဲ့ ဥပဒေသတွေကို လိုက်နာပြီး...မြန်မြန်သွားကြပေလော့"

ချမ်ဝမ်ကွမ်၏ 'စွမ်းရည်'သည် အဆင်သင့် ဖြစ်သွားခဲ့ပုံရသည်။ သူသည် အော်ဟစ်ပြီးသည်နှင့် ခြေကိုဆောင့်၍ လက်ခလယ်အား အရှေ့သို့ ညွှန်ပြလိုက်သည်။ ထိုအခိုက်အတန့်တွင် ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်မသုံးဘဲ သူ၏အရှိန်အဝါ အနည်းငယ်ကိုသာ ထုတ်ဖော်လိုက်သည်။ ကျန်းရီ၏ မျက်နှာထက်တွင်မူ သူ့ခေါင်းဆောင်ငယ်အား အလွန်စိုးရိမ်ပူပန်နေသည့် အမူအရာ ရှိနေခဲ့သည်။

ရှားဖေးယွီနှင့် သူမလူနှစ်ယောက်ကို ဆွံ့အသွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချမ်ဝမ်ကွမ် သူ၏စွမ်းရည်ကို သုံးလိုက်သည်နှင့် အနက်ရောင်နကျယ်ကောင်များ၏ မျက်လုံးများတွင် ကြောက်ရွံ့သွားဟန်များ ပေါ်ထွက်လာကြသည်။ ၎င်းတို့သည် ချမ်ဝမ်ကွမ်ရှိရာဘက်သို့ ကြည့်လာကြပြီး အနက်ရောင်နကျယ်ကောင် အများစုသည် တကျီကျီအသံများ ပြုလုပ်ကာ အားလုံး နောက်ဆုတ်သွားခဲ့ကြသည်။

"ဟူး..."

ချမ်ဝမ်ကွမ်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်လုံးများမှိတ်ချကာ ပျော့ခွေသွားပုံ ဟန်ဆောင်လိုက်လေသည်။ ကျန်းရီနှင့် အခြားလူများသည် သူ့အားအလျင်အမြန် ထိန်းထားလိုက်သည်။ လူတစ်ယောက်သည် အလွန့်အလွန် ထိတ်လန့်သွားသည့်ပုံ သရုပ်ဆောင်၍ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်လေသည်။

"ခေါင်းဆောင်ငယ်...ဘာဖြစ်သွားခဲ့တာလဲ။ ဘာမှဖြစ်လို့မရဘူးနော်...ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ငယ်..."

"ဒါ...ဒါ...ဒါ...ဒါက"

ရှားဖေးယွီသည် ချမ်ဝမ်ကွမ်အား ညွှန်ပြ၍ သူမဘေးမှ သက်တော်စောင့်နှစ်ယောက်အား ဆွံ့အစွာ လှည့်ကြည့်မိလိုက်သည်။ ကျန်းရီနှင့် အခြားသူများ ထူးထူးဆန်းဆန်း ပြုမူကြသည်ကို သူမမမြင်မိပေ။ အနက်ရောင်နကျယ်ကောင်များ အဘယ့်ကြောင့် ပြန်ပြေးကုန်ကြသနည်း။ ချမ်ဝမ်ကွမ်၏ စွမ်းရည်သည် ထိုမျှ အင်အားကြီးသည်လော။

အစောင့်နှစ်ယောက်သည်လည်း မသေချာဟန် ခေါင်းခါပြလာကြသည်။ သူတို့သည် ကျန်းရီအား သေချာစောင့်ကြည့်နေကြသော်လည်း အရာရာမှာ ပုံမှန်သာဖြစ်သည်။ ကျန်းရီသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ သူ့အရှိန်အဝါကိုသာ ထုတ်ဖော်ခဲ့သည်။ သက်တော်စောင့်များအားလုံးလည်း ချမ်ဝမ်ကွမ်ကို ကာကွယ်ရန် အရှိန်အဝါများ ထုတ်ဖော်ခဲ့ကြရာ ထိုသည်မှာ ပုံမှန်သာဖြစ်သည်။

ကျန်းရီ၏ အရှိန်အဝါသည် အခြားသူများနှင့် ကွဲပြားကြောင်း သူတို့မည်သို့သိနိုင်ပါမည်နည်း။ ယခင်အကြိမ်က အနက်ရောင် နကျယ်ကောင်များကို မောင်းထုတ်ရန် သတ်ဖြတ်ခြင်းအင်အားကို သူသုံးခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏အရှိန်အဝါကိုသာ သူထုတ်ဖော်ခဲ့သော်လည်း သူနှင့် အခြားသူများ မတူညီသည့် ကွာခြားချက်ကို အနက်ရောင်နကျယ်ကောင်များ သိကြလေသည်။ နတ်ဆိုးသားရဲများ၏ မျက်လုံးထဲတွင် လူသားတိုင်းသည် အတူတူသာဖြစ်သည်။ သို့သော်လည်း ကျန်းရီသည် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့သည့်အတွက် သူ့အရှိန်အဝါမှာ အခြားသူများနှင့် သိသိသာသာ ကွဲပြားနေသည်။

ကျန်းရီနှင့် အခြားသူများသည် ရှားဖေးယွီတို့အား ဂရုမစိုက်နိုင်ဘဲ 'အားနည်းနေသည့် ချမ်ဝမ်ကွမ်'အား အတွင်းသို့ သယ်ဆောင်သွားရင်း ထိတ်လန့်သယောင် ပြုမူနေကြသည်။ သူတို့သည် ရှားဖေးယွီတို့ လူစုအား လုံးဝလျစ်လျူရှုထားကြသည်။ တစ်ယောက်ဆိုလျှင် ချမ်ဝမ်ကွမ်အား သယ်ဆောင်သွားရင်း ငိုချင်းချသွားခဲ့သေးသည်။

"ခေါင်းဆောင်ငယ်...ကျွန်တော်တို့ကို မထားခဲ့ပါနဲ့"

"ငါဝင်သွားပြီး ကြည့်ဦးမယ်"

ရှားဖေးယွီသည် တစ်ခဏကြာ နှုတ်ဆိတ်နေခဲ့ပြီး ဝင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရှားဂိုဏ်း၏ သက်တော်စောင့်နှစ်ယောက်သည် ဝင်သွားချင်ကြသော်လည်း ချမ်ဂိုဏ်း၏ အစေခံလေးများက ချက်ချင်းတားဆီးလိုက်ကြသည်။

"ဧည့်သည်တော်တို့....အထဲမှာ မိန်းကလေးတွေ ရှိတာမို့ ဝင်သွားလို့ အဆင်မပြေပါဘူး။ အပြင်မှာပဲ စောင့်ကြပါ"

ရှားဖေးယွီသည် လက်ကာပြလိုက်ပြီး ချမ်ဂိုဏ်း၏ အစေခံလေးနောက် လိုက်သွားလိုက်သည်။ အခန်းတွင်းသို့ သူမမရောက်သေးခင်တွင် ချမ်ဝမ်ကွမ်၏ အားနည်းနေသည့်လေသံကို သူမကြားလိုက်ရလေသည်။

"ဂတ်...ဂတ်...မြန်မြန်....အပျိုစင်ရဲ့ ယင်ဓာတ် ငါ့ကို မြန်မြန်ပေးကြ...ငါတောင့်မခံနိုင်တော့ဘူး...အပျိုစင်ရဲ့ ယင်ဓာတ် လိုချင်တယ်...ဂတ်..ဂတ်"

ရှားဖေးယွီ၏ ကိုယ်လေးသည် ဆတ်ခနဲဖြစ်သွားခဲ့သည်။ သူမသည် မျက်နှာစိမ်းသွားသည်အထိ ထိတ်လန့်သွားခဲ့သည်။ အခန်းထဲသို့ သူမ ဝင်မသွားရဲတော့ပေ။ ချမ်ဝမ်ကွမ် စိတ်လွတ်သွားပြီး သူမအား ခုန်အုပ်လာလျှင် မည်သို့လုပ်မည်နည်း။

***

All Chapters