လင်းရီ၏ ချဉ်းကပ်နည်း
Vol. 153 Ch. 2247
“ ပြဿနာ မရှိဘူးလား “
ဝမ်ကျားမေ၏ စကားကို ကြားတော့ လင်းရီ မျက်မှောင်ကြုတ်သွားခဲ့၏။
ဆိုရလျှင် သူ့ဘက်က ဤကိစ္စအပေါ် အတော်လေး မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တာ ဖြစ်သည်။
အမှု၏ ဖြစ်အင်က သုံးစွဲသည့် ဆေးဝါးနှင့် ဆက်စပ်နေလိမ့်မည်ဟု သူ့ဘက်က ယုံကြည်ထားခဲ့သည်။
ယခု ဤသို့သော ရလဒ်ကို ကြားလိုက်ရတော့ လင်းရီမှာ လမ်းပျောက်သလိုကို ခံစားလိုက်ရသည်။
“ အင်း … တကယ်ပဲ ပြဿနာ မရှိဘူး … ငါ နင့်ကို ဝီချက် အပ်လိုက်မယ် … ပြီးရင် နင်ကြည့်လို့ရအောင် ဓာတ်ပုံတွေ ပို့ပေးလိုက်မယ် …”
“ ဟုတ် အစ်မ၀မ် …”
မကြာမီ လင်းရီထံသို့ ဝမ်ကျားမေ၏ သူငယ်ချင်းဖြစ်ခွင့် တောင်းခံလွှာ ရောက်ရှိလာခဲ့ပြီး ဓာတ်ခွဲခန်း စမ်းသပ်မှု ရလဒ်ကိုလည်း ပို့ပေးလာသည်။
ဤနယ်ပယ်ကိုတော့ လင်းရီ ကျွမ်းကျင်သည်။ တိုင်ပင်ဆွေးနွေးဖို့အတွက် မည်သည့် ကျွမ်းကျင်သူကိုမျှ ရှာဖွေဖို့ မလိုအပ်ချေ။
ဝမ်ကျားမေ ပြောသည့်အတိုင်း တကယ်လည်း ပြဿနာကို သူ မမြင်တွေ့မိချေ။
များမကြာမီ ဝမ်ကျားမေထံက ဖုန်းပြန်ဝင်လာခဲ့၏။
“ အရာရှိလင်း … နင်လည်း ရလဒ်ကို ကြည့်ပြီးရောပေါ့ … ဘယ်လိုလဲ … ဘာပြဿနာမှ မမြင်မိဘူးမလား ….”
“ ဟုတ်တယ် … တကယ်လည်း မရှိဘူးပဲ ….”
“ ငါပြောပါတယ် … အချုပ်သားတွေ သောက်နေတဲ့ ဆေးတွေ အားလုံးကို ကိုင်တွယ်တဲ့သူက ငါလေ … လုပ်လာတာ ဒီလောက်နှစ်တွေ ကြာလာပြီကို ဘယ်နားက ပြဿနာ ရှိနိုင်မှာ ….” ဝမ်ကျားမေ ပြောလိုက်ပြီး “ တကယ်လို့ တခြား စစ်ဆေးချင်တာတွေ ရှိရင်လည်း ပြော … ငါ့ဘက်က အပြည့်အဝ ပူးပေါင်းပေးမယ် …”
“ လောလောဆယ်တော့ မရှိသေးဘူး အစ်မဝမ် ….” လင်းရီ ပြောပြီးနောက် မေးလိုက်၏။ “ ဒါနဲ့ စကားမစပ် လင်းဟန်ရော ဘယ်လိုနေသေးလဲ … သူ့ အဖျားက သက်သာသွားပြီလား ….”
“ သူ့အခြေအနေကလည်း နည်းနည်းတော့ ထူးဆန်းတယ် … ဝမ်းဗိုက် အအေးပတ်တာနဲ့လည်း မတူဘူး … ငါ သူ့ကို ဆေးနှစ်လုံး ထိုးပေးထားတာတောင် မသက်မသာသေးဘူး …”
“ မဟုတ်သေးပါဘူး …” လင်းရီ သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး “ ကျုပ် ကြည့်လို့ရအောင် သူ့ရဲ့ သွေးစစ်ချက်လေး တစ်ချက် ပို့ပေးပါလား အစ်မဝမ် …”
“ ခဏလေးစောင့် ….”
ဝမ်ကျားမေက ဖုန်းချသွားခဲ့ပြီး မကြာမီ လင်းဟန်၏ သွေးစစ်ချက်လည်း ပို့ပေးလာခဲ့သည်။
လင်းရီ တစ်ချက်ကြည့်လိုက်သည်။ lymphocyte က ပုံမှန်ပင်။ မည်သည့် ပြဿနာတို့မျှ မရှိချေ။
သို့ပေမယ့် ပုံမှန် မဟုတ်သည့် တစ်နေရာက သူမ၏ monocyte ရာခိုင်နှုန်းက သာမန်လူတို့ထက် သုံးဆမျှ မြင့်မားနေခြင်းပင်။
( စကားချပ် - lymphocyte နဲ့ monocyte က သွေးဖြူဥဆဲလ်(WBCs)တွေပါပဲ။ ကျနော်တို့ ခန္ဓာကိုယ်ရဲ့ immune system ကို ထိန်းသိမ်းပေးတဲ့ အရာတွေပေါ့။ အပြင်ကနေ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ ဗိုင်းရပ်စ် တွေကို တိုက်ခိုက်ပေးတယ်။ ရှင်းလင်းပေးတယ်။ စားသုံးပေးတယ်။
ရိုးရှင်းတဲ့ စကားလုံးလေးတွေနဲ့ ပြောရရင် lymphocyte က 'တိုက်ခိုက်ပေးတဲ့ စစ်သား'နဲ့ တူပြီး monocyte က 'အစောင့်အကြပ်၊ ရှင်းလင်းရေး သမား'နဲ့ တူပါတယ်။ ခုထဲမှာ monocyte က သုံးဆဆိုတော့ သွေးမူမမှန်ဘူးလို့ ယူဆလို့ရတာပေါ့။ )
ထိုသို့သော အခြေအနေက တကယ့်ကို ရှားရှားပါးပါး ဖြစ်၏။
လင်းဟန်၏ သွေးစစ်ချက်က တကယ့်ကို ထူးဆန်းလှသည်။
လင်းရီ အသံမက်ဆေ့ချ်ဖြင့် ၀မ်ကျားမေကို monocyte ရာခိုင်နှုန်း များပြားနေရခြင်း၏ အကြောင်းအရင်းကို စစ်ဆေးခိုင်းလိုက်၏။ ပြဿနာက ထိုနေရာတွင် ရှိနေနိုင်သည်။
“ နှစ်သစ်ကူး ရောက်တော့မှာကို ကြိုးစားလှချည်လား လင်းရီရ …. အလုပ်ကို နေ့တိုင်းနေ့ လာလို့ပါလား …” လီရှန်းဟွေ့က အထဲသို့ ဝင်လာရင်း အလုပ်လုပ်နေသည့် လင်းရီကို မြင်တော့ အရွှန်းဖောက်လိုက်၏။
“ လက်ထဲ လုပ်စရာတွေက တစ်ပုံကြီးကို အခုချိန် အချောင်ခိုနေလို့ကတော့ နောက်နှစ်ကူးသွားမှာပေါ့ဗျ …”
“ စုန့်ကျန်း ရဲစခန်းက ပို့လာတဲ့ အမှုရော အခြေအနေ ဘယ်လိုလဲ … ခရီးတွေ ပေါက်နေပြီလား …”
လင်းရီ ခေါင်းခါယမ်းလိုက်၏။ “ ဆေးစစ်ဆေးချက် ရလဒ်တော့ ထွက်လာပြီ … ပြောပလောက်စရာတွေတော့ မရှိဘူး ….”
လင်းရီ၏ စကားလုံးတို့က လီရှန်းဟွေ့ကိုလည်း အတွေးနက်သွားစေခဲ့သည်။
အကယ်၍ ဆေးဝါးက မှားယွင်းမနေလျှင် ဤအမှုကို ဖြေရှင်းနိုင်မည့် သဲလွန်စ လမ်းကြောင်းလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူတို့နှစ်ယောက် ပြောစရာ စကား ပျောက်ဆုံးနေစဉ်မှာပဲ လင်းဟန်က အပြင်ဘက်မှနေ၍ ရောက်လို့လာပြီး လက်ထဲတွင်တော့ ပတ္တူအိတ်တစ်လုံးကို ကိုင်ထားသည်။
“ မင်းက ဒီကို ဘာလာလုပ်တာ …” လင်းရီ မေးလိုက်၏။
“ ဒီ မနက် ဌာနကို သွားတော့ မမဝမ်ဆီကကြားတာ ဆေးစစ်ဆေးချက် ရလဒ် ထွက်လာပြီကြားတော့ … ဆေးနဲ့ ပတ်သက်လို့က ဘာမှ မှားယွင်းနေတာမျိုး မရှိဘူး … အဲ့တာနဲ့ ငါလည်း ထန်ရုံကျွင်းကို ခေါ်ပြီး စကားဆော့ကြည့်လိုက်တာ …”
ထိုသို့ ပြောပြီးနောက် လင်းဟန်က အိတ်ကို လင်းရီထံသို့ ကမ်းပေးလာသည်။
“ ဒီထဲမှာ မေးမြန်းထားတဲ့ အသံဖိုင်ပါတယ် … နင် အားရင် တစ်ချက် ကြည့်ကြည့်လိုက် … သဲလွန်စ နည်းနည်းပါးပါး တွေ့လို့တွေ့ရငြားပေါ့ ….”
“ ထန်ရုံကျွင်းနဲ့ ပတ်သက်လို့ရော သူက သံသယရ ဝင်စရာလို့ မင်းထင်လား …”
လင်းဟန် ပခုံးတွန့်ပြလိုက်၏။ “ သူ အချုပ်စင်တာ လုပ်လာသာ သက်တမ်း ခြောက်နှစ်ကျော်နေပြီ … အမြဲတမ်း ဒီတာဝန်တွေပဲ ထမ်းဆောင်လာတာ ပြဿနာ ရှိတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး … အရင်နှစ်ကြိမ်က လွဲလို့ပေါ့ ….”
“ ဒါဆိုရင်တော့ တကယ်ကို ထူးဆန်းတယ် …”
“ မျက်မှောင်ကြုတ်မနေနဲ့တော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒီအမှုကို ငါနဲ့ လွှဲထားလိုက် … မင်းမှာ လုပ်စရာရှိရင် သွားလုပ် … ဒီခုရက်ပိုင်း ငါ အားနေတယ် …”
“ ဒါဆိုလည်း ကျုပ် အားမနာတော့ဘူးနော်…. “
လင်းရီလည်း လီရှန်းဟွေ့၏ အစွမ်းအစကို ယုံကြည်သည်။ အမှုက ကြီးတာလည်း မဟုတ်သလို သေးသည်ဟုလည်း ပြောမရသဖြင့် လီရှန်းဟွေ့ကို ကိုင်တွယ်ဖို့ ပေးလိုက်သည်ကလည်း သင့်လျော်သည့် ကိစ္စ ဖြစ်သည်။
လင်းရီ လင်းဟန်ကို ကြည့်လိုက်၏။ “ အခုကစပြီး မင်း အစ်ကိုလီနဲ့ ဒီအမှုကို အတူလုပ်ပေးလိုက် … အဲ့တာဆို ကိစ္စလည်း မြန်မြန် ပြီးတာပေါ့ ….”
“ ရတယ်လေ …” လင်းဟန် ရယ်ရယ်မောမောနှင့် ပြောလိုက်ပြီး သူမ၏ သွင်ပြင်က အများအပြား သက်တောင့်သက်သာ ဖြစ်သွားသည့်ဟန် တူသည်။
“ စကားမစပ် မင်း ဗိုက် အအေးပတ်နေတာ မဟုတ်ဘူးလား … အခုရော ဘယ်လိုနေသေးလဲ …”
“ အများကြီး ကောင်းနေပါပြီ …” လင်းဟန် ရှင်းပြလိုက်၏။ “ သုံးလေးရက်နေရင် သူ့ဘာသူ သက်သာသွားလိမ့်မယ် … စိုးရိမ်စရာ မလိုပါဘူး …”
“ အဲ့တာဆို ကောင်းတယ် …”
အရာအားလုံး စီစဉ်ပြီးသည်နှင့် လင်းရီလည်း ရုံးခန်းထဲက ထွက်ခွာသွားခဲ့သည်။
မာတဲ့ဟုန် အမှုကို လက်လွှဲလိုက်ပြီ ဖြစ်ရာ လီကျန်းချွမ်၏ ကိစ္စအပေါ် အာရုံစူးစိုက်နိုင်မည် ဖြစ်သည်။
လင်းရီ သူ့ကားထံသို့ ရောက်လာပြီးနောက် ကျန်းချောင်ယွဲ့ထံသို့ ဖုန်းခေါ်လိုက်၏။
“ မင်းဘက် အခြေအနေ ဘယ်လိုရှိလဲ ….”
“ အားလုံး သာမန်ပါပဲ …. အိမ်နဲ့ ကုမ္ပဏီကို သွားလိုက် ပြန်လိုက် လုပ်နေတာပဲ …. အတော်လေး အလုပ်များနေပုံရတယ် … သူ့ကို မြင်လိုက်တိုင်းလည်း နားနဲ့ ဖုန်းနဲ့ကို မခွာဘူး …”
“ တခြား တွေ့မိတာတွေရော ရှိသေးလား ….”
“ တခြား တွေ့မိတာတွေလား …….. သူ့ရဲ့ ခြေတံလေးတွေက အတော်လေး ကောင်းတယ် … တင်ပါးကလည်း လုံးလုံးကျစ်ကျစ်လည်း … တကယ့်ကို ကိုးရီးယားစတိုင် … အသားလေးကလည်း ဖွေးလို့ … ခစ်ခစ် ….”
“ ဒီကောင်မလေးကတော့ … အလုပ်အပေါ်မှာပဲ အာရုံစိုက်ထားစမ်း …”
လင်းရီ ကျိန်ဆဲလိုက်ရာ ဖုန်းထဲမှနေ၍ လော့ချီ၏ တဟားဟား ရယ်မောသံက ထွက်ပေါ်လာသည်။ “ ဆရာတူ တပည့် ပီသတယ်လေ .. သူသာ B cup မဟုတ်ခဲ့ရင် ခေါင်းဆောင်ကိုယ်တိုင် စုံစမ်းဖို့ ဒီရောက်နေမယ်ဆိုတာ ကျွန်မ လောင်းရဲတယ် …”
“ ခေါင်းဆောင် … တကယ်က တင်ပြလောက်စရာ ဘာမှ မတွေ့မိလို့ … လီရုံဂျင်းရဲ့ အပြုအမူတွေကလည်း ဘာမူမမှန်တာမှ မပြဘူး … “ ကျန်းချောင်ယွဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် လီရုံဂျင်းက ဆွဲဆောင်မှု ရှိတာတော့ အမှန်ပဲ … အနက်ရောင် စတော်ကင် ၊ ရုံးဝတ်စုံလေးနဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ပြည့်ပြည့်ဝဝ ပေါ်လွင်နေအောင် ဖော်ပြထားတာ …. ကျွန်မလို မိန်းကလေးချင်းတောင် သွားပြီး ကိုင်ကြည့်ချင်မိတဲ့အထိပဲ ….”
“ သေစမ်း … မင်းတို့နှစ်ကောင် သေချာလေး စောင့်ကြည့်ထားကြ …”
ထပ်မံ ကျိန်ဆဲပြီးနောက် လင်းရီ ဖုန်းချကာ လီရုံဂျင်းထံသို့ ဖုန်းခေါ်လိုက်သည်။
“ ဟဲလို ဒါရိုက်တာလင်း ….”
“ ငါ မင်းကို တစ်ခုလောက် မေးချင်လို့ … မင်း ငါ့ကို အမှန်အတိုင်း ရိုးရိုးသားသား ဝန်ခံမယ်လို့ မျှော်လင့်တယ် …”
“ ဒါရိုက်တာလင်းက မေးစရာရှိတယ် ဟုတ်လား …”
“ မင်း ငါ့ကို မနေ့က ပရောဂျက်တစ်ခုကြောင့်မို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးတောင် ကျဉ်းထဲ ကြပ်ထဲ ရောက်နေတယ်လို့ ပြောတယ်နော်… အမှန်အတိုင်းပြောရရင် အဲ့တုန်းကတည်းက ပရောဂျက်ကို အတော်လေး စိတ်ဝင်စားသွားတာ … ဒါရိုက်တာလီ ငါ့ကို အကြောင်းလေး ပြောပြပေးနိုင်မလား ….”
သူ ထိုစကား ပြောလိုက်တော့ တစ်ဖက်ခြမ်းရှိ လီရုံဂျင်းအပေါ် ရှိနေသည့် ဖိအားကို ဖုန်းထဲမှပင် လင်းရီ ခံစားနေရသည်။
“ ဒါက ဆမ်ဆောင်းအုပ်စုရဲ့ အတွင်းပိုင်း ပရောဂျက်ဆိုတော့ အပြင်လူတွေက ဖွင့်ပြလို့က အဆင်မပြေဘူး … ဒါရိုက်တာလင်းကို စိတ်ပျက်မိသွားစေရင်တော့ အားနာပါတယ် …”
“ ဟမ် … ငါတို့ချင်း ကိုယ်ရေးကိုယ်တာ ဆက်နွယ်မှုလေးတွေ ရှိနေတာပဲဟာ နည်းနည်းတောင် ပြောမပြချင်ဘူးလား ….” လင်းရီ အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်၏။
“ အဲ့လို မဟုတ်ပါဘူး … ဒီတိုင်း အုပ်စုရဲ့ အတွင်းရေး ပရောဂျက် ဖြစ်နေရုံတင်ပါ … ဒါရိုက်တာလင်း နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ် …”
“ နားလည်တာက နားလည်တယ် … ဒါပေမယ့် တစ်ချို့ကိစ္စလေးတွေက ဂရုစိုက်ပြီး ကိုင်တွယ်ဖို့ လိုတယ်နော်… မီးနဲ့ ကစားရင် လောင်တတ်တယ် …”
လီရုံဂျင်း အစက တွေးထင်ထားသည်မှာ သူမ ထိုကဲ့သို့ ပြောလိုက်မည်ဆိုပါက လင်းရီ လက်လျှော့သွားလိမ့်မည် ဟူ၍ပင်။ သို့ပေမယ့် ထိုသို့သော မှတ်ချက်မျိုး ပေးလာခဲ့သဖြင့် သူမမှာ အတော်လေး အံ့အားသင့်မိသွားခဲ့၏။
“ ဒါရိုက်တာလင်းက ဘာပြောချင်နေတာလဲ မသိဘူး …”
“ မင်းပြောနေတဲ့ အတွင်းရေး ပရောဂျက်ဆိုတာ E အဆင့် ဗီဇဆေးရည် သုတေသန လုပ်တဲ့ ပရောဂျက် မဟုတ်လား …”
ရိုးရှင်းသည့် စကားလေး တစ်ကြောင်းပင်။
သို့ပေမယ့် လီရုံဂျင်း၏ နားစည်ဝထဲတွင်တော့ မိုးကြိုး ပစ်ခွင်း လိုက်သည့်နှယ်ပင်။
သူမဘက်က လျှို့ဝှက်ထားပါသော်လည်း လင်းရီဘက်က ဤမျှ လွယ်လင့်တကူ ရိပ်မိသွားလိမ့်မည်လို့ ထင်မထားခဲ့ချေ။
နှစ်ဖက်လုံး အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။
စက္ကန့်မိနစ်တို့က ဖြည်းဖြည်းချင်း ရေတွက်နေသည်။
နှစ်ဖက်လုံးကလည်း တစ်ဖက်၏ နှလုံးခုန်သံကို တစ်ဖက်က ကြားနေရလျက် …..
လင်းရီမှာ လီမိသားစုက E အဆင့် ဗီဇဆေးရည်ကို သုတေသန ပြုလုပ်နေပါတယ်ဆိုတဲ့ သက်သေ ရှိလားမေးလျှင် ၊ အဖြေကတော့ နိုး … မရှိဘူး။ သူက ဒီတိုင်း မိမိကိုယ်ကို တတ်သိကြောင်း နည်းလမ်းဖြင့် လီရုံဂျင်းကို လှည့်စားဖို့ ကြိုးစားနေခြင်းပင်။