← Chapters

သေသည်အထိ တိုက်ခိုက်ခြင်း

Vol. 153 Ch. 2249

သေသည်အထိ တိုက်ခိုက်ခြင်း

Vol. 153 Ch. 2249

လင်းရီသည် လီရုံဂျင်းနှင့် အတူ ကားထဲသို့ ဝင်ထိုင်ပြီး လီကျန်းချွမ်တို့ သားအဖ နေထိုင်ရာ ဗီလာသို့ ထွက်ခွာလာခဲ့သည်။

လမ်းတွင် လင်းရီဘက်က သူ့အစီအစဉ်ကို ပြောပြပြီး လီရုံဂျင်းကလည်း နားစိုက်ထောင်နေသည်။

သို့ပေမယ့် သူမ နားထောင်လေလေ ၊ သူမ ပိုပြီး ကြားမိလေလေ၊ ပို၍ ကြောက်လန့်မိလာလေလေပင်။

ဤလူက ရိုးရှင်းစွာဖြင့် အကျပ်ကိုင်ခြင်း ၊ မက်လုံးပေးခြင်းနှင့် စိတ်သဘော နည်းပရိယာယ်များကို အဆုံးစွန်ထိရောက်အောင် အသုံးချနေလျက် ရှိသည်။ သူမ၏ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ဆိုပါက လီကျန်းချွမ်တို့ သားအဖမှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မယ့် နည်းလမ်းကို စဉ်းစားနိုင်လိမ့်မှာ မဟုတ်ချေ။

ဤမျှ နှစ်တွေ ကြာလာပြီးမှ နောက်ဆုံး၌ သူမ အမြင်ကို ဖမ်းစားနိုင်သည့် ယောက်ျားတစ်ယောက်နှင့် ဆုံတွေ့ရပြီ ဖြစ်၏။

“ ကားကိုရပ်လိုက် …”

လီရုံဂျင်း အတွေးထဲ နစ်မြောနေပြီး ခံစားချက်တို့ ပြင်းထန်နေစဉ် လင်းရီ၏ စကားသံကြောင့် တုန်ယင်ပြီး လန့်နိုးလာခဲ့၏။

“ မြန်မြန် … လာနေတဲ့ Type-R ကို လမ်းပိတ်ထားလိုက် ….”

လီရုံဂျင်း လှမ်းကြည့်လိုက်တော့ အနီရောင် Civic Type-R တစ်စင်းက မျက်နှာချင်းဆိုင်မှ ချဉ်းကပ်လာနေသည်။

ကားနှင့် ပတ်သက်၍ မည်သည့် မှားယွင်းမှုကိုမျှ မမြင်တွေ့ရချေ။ သို့သော်လည်းပဲ ကားကို မြင်သည်နှင့် လင်းရီ ဘာကြောင့် စိတ်ခံစားချက်တို့ ပြင်းထန်လာရသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေမိသည်။

“ မမလေး ….” ဒရိုင်ဘာ၊ စွန်းရှန်းရှီက မေးလိုက်၏။

“ ကားကို ပိတ်ဆို့ထားလိုက် ….”

လီရုံဂျင်း၏ အမိန့်ကို လက်ခံရရှိသည်နှင့် စွန်းရှန်းရှီက လီဗာကို နင်းကာ စတီယာရင်ဘီးကို တစ်ရာ့ရှစ်ဆယ်ဒီဂရီ လည်လိုက်ပြီး ကားကို ပိတ်ဆို့လိုက်သည်။

ထိုအချိန်အခိုက်အတန့်မှာပဲ လင်းရီ ကားထဲက ထွက်ဖို့ ဟန်ပြင်သည်။

“ မင်းတို့နှစ်ယောက်လုံး မသေချင်ဘူးဆို ကားထဲမှာပဲ နေကြ … ဘယ်သူမှ အပြင်ထွက်မလာခဲ့ကြနဲ့ ….”

လီရုံဂျင်း၏ မျက်ဝန်းတို့ ကြောင်အမ်းစွာ ပြူးကျယ်သွားခဲ့သည်။ မည်သည့် အကြောင်းအရင်းတို့ကြောင့် လင်းရီ ဤမျှ စိတ်တုန်လှုပ်နေရလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။

သူမ အမြင်တွင် ဤလူက မည်သို့သော အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တည်ငြိမ်သည့် ဟန်ပန် ရှိသည်ဟူ၍ပင်။ ယခုလို အမူအရာမျိုး ပြသလာဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

သို့သော် ယခု … မေးခွန်း မေးမြန်းနေဖို့ အချိန် မရှိတော့... ။

လင်းရီ ကားထဲက ထွက်သွားပြီး Type-R ကလည်း သူနှင့် မီတာ အနည်းငယ်အကွာတွင် ရပ်တန့်သွားခဲ့သည်။

ကားထဲတွင် လီရုံဂျင်းနှင့် စွန်းရှန်းရှီတို့က အာရုံစူးစိုက်မှု အပြည့်ဖြင့် ဘေးရှိ ကားကို ကြည့်နေခဲ့ကြ၏။ သို့ပါသော်လည်း ဒရိုင်ဘာက လူရွှင်တော် မျက်နှာဖုံး တပ်ဆင်ထားသည်ကို မြင်တော့ သူမတို့မှာ အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြ၏။

မျက်နှာဖုံးပေါ်ရှိ အနှီအပြုံးက မြင်တွေ့ရသည့်လူကို ပြောမပြနိုင်လောက်သည့် ကြောက်ရွံ့မှုတို့အား ပေးစွမ်းနေလျက်ရှိသည်။

ကားအပြင်ဘက်တွင် လေပြင်းတစ်ချက်က လင်းရီ၏ အင်္ကျီအနားစများကို ကျီစယ် တိုက်ခတ်သွားခဲ့ပြီး အချိန်သည်လည်း ရပ်တန့်သွားသယောင် ထင်ရသည်။

ရေခဲမြစ်က အေးခဲနေရာမှ ရေအေးတို့ ဖြတ်သန်းစီးဆင်းသွားသည့်နှယ်ပင်။

တွေးနေစရာ မလိုလောက်အောင်ကိုပဲ အနက်ဝတ်နှင့်လူက လီကျန်းချွန်အတို့ သားအဖကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်သည်။

ထို့ကြောင့် သူ့ စိတ်ထဲတွင် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည့် မေးခွန်းပုစ္ဆာတစ်ပုဒ်တွင် နောက်ဆုံး၌ အဖြေတစ်ခု ရှိလာခဲ့ပြီ ဖြစ်၏။

ဖရီးမေဆင်နှင့် မားမွန်း အဖွဲ့အစည်းတို့က မတူညီဘဲ လုံးဝ အမှီခိုကင်းလွတ်လပ်သည့် အဖွဲ့အစည်းများ ဖြစ်သည်။ မဟုတ်ပါက လီကျန်းချွမ်တို့ သားအဖ အဆင့်လောက်ကို ကိုင်တွယ်ဖို့ရာအတွက် ဤမျှ အဆင့်ရှိသည့် တစ်စုံတစ်ယောက်ကို သတ်ဖို့ စေလွှတ်လိုက်မှာ မဟုတ်ချေ။

ထိုသို့ဖြင့် အချိန်သည် တစ်မိနစ် ကျော်ခန့် အေးခဲနေသည်။

လေးလံ ဖိနှိပ်နေသည့် ခံစားချက်က မွန်းကြပ်ဖွယ် ကောင်းလွန်းလှ၏။

အထူးသဖြင့် E အဆင့်သို့ ရောက်နှင့်နေသည့် စွန်းရှန်းရှီပင်။ လင်းရီထံမှ ထုတ်လွှတ်နေသည့် အရှိန်အဝါတို့အား သူမ ရှင်းရှင်းလင်းလင်း ခံစားနေရလျက် ရှိသည်။

ဤလူက ထင်မှတ်မထားလောက်အောင် လေးနက်လာခဲ့ပြီး သူ ထုတ်လွှတ်လာခဲ့သည့် စွမ်းအင်နှင့် ဖျက်စီးစွမ်းအားတို့က သူမ စိတ်ကူးယဉ်နိုင်သည်ထက်ကို ကျော်လွန်နေသည်။

ချလပ် …

ထိုအချိန်မှာပဲ ကားတံခါး ပွင့်ဟလာပြီး တိတ်ဆိတ်နေမှုကို ဖြိုခွင်းသွားခဲ့သည်။

အနက်ဝတ်နှင့်လူ ကားထဲက ထွက်လာခဲ့၏။ အံ့အားသင့်ဖို့ ကောင်းစွာဖြင့် သူ့လက်ထဲတွင် အနက်ရောင် လက်ဆွဲ သေတ္တာ တစ်လုံးကို သယ်ဆောင်လာသည်။

ဤမြင်ကွင်းက အတော်လေး ရင်းနှီးသယောင် ရှိလှ၏။ သူတို့နှစ်ဦး ပတ်သက် ဆက်စပ်ခဲ့မှု နီးပါးတိုင်းက ထို အနက်ရောင် သေတ္တာလေး ကြောင့်ပင်။ ဤ သေတ္တာက သူတို့နှစ်ဦးကို ဆက်စပ်ပေးသည့် တံတားတစ်စင်းဟု ယူဆရမလိုတောင် ဖြစ်နေသည်။

လင်းရီ တစ်ဦးတည်းသာလျှင် ထိုလူ အဘယ်ကြောင့် သေတ္တာကို ထုတ်လာခဲ့လဲဆိုတာကို နားမလည်နိုင်ဖြစ်နေခဲ့၏။ ဘာကြောင့်ဆိုတော့ ယင်းက မလိုအပ်သောကြောင့်ပင်။

အနက်ဝတ်နှင့်လူက ကားရှေ့သို့ လမ်းလျှောက်လာခဲ့ပြီး သေတ္တာကို ကားအဖုံးပေါ်သို့ တင်ကာ ၎င်းအပေါ်သို့ ပုတ်ပြလိုက်၏။

လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ပေါ့ပါးသည့်လေသံဖြင့် ပြောဆိုလိုက်သည်။

“ ငါ သဘောအကျဆုံးက မင်းလို လူစားမျိုးတွေပဲ … ဒီတော့လည်း လက်သီးနဲ့ပဲ ဖြေရှင်းကြတာပေါ့ …”

အနက်ဝတ်နှင့် လူက မည်သည့် စကားတစ်ခွန်းကိုမျှ မဆိုချေ။ သို့သော် သူ့ ရည်ရွယ်ချက်တို့က သိသာရှင်းလင်းလှ၏။

အနိုင်ရသူက အနက်ရောင် သေတ္တာကို ယူသွားနိုင်မည်။

လျင်မြန်စွာဖြင့် … အနက်ဝတ်နှင့်လူက တိုက်ခိုက်သည့် ကိုယ်ဟန်ကို ဖွဲ့စည်းလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ သူ့ဘက်က လက်ဦးမှု ရယူပြီး တိုက်ခိုက်လာသည်။

ဘန်း …

အနက်ဝတ်နှင့် လူက ခြေထောက်ထဲသို့ ခွန်အားများ ပေါင်းထားပြီး လင်းရီထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။

“ အရမ်း မြန်တာပဲ ….”

အနှီ ရိုးရှင်းသည့် လှုပ်ရှားမှု တစ်ချက်လေးကပင် စွန်းရှန်းရှီကို ချွေးအေးတို့ စီးကျလာစေခဲ့၏။

လူရွှင်တော် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့်လူက သန်မာသူ ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့သော်လည်းပဲ ဤမျှ ဖြုံဖို့ ကောင်းသူ ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သူ့ထံက သာမန်လျှံကာ လက်သီးတစ်ချက်ကပင် သူမကို ချက်ချင်း သတ်ဖြတ်သွားနိုင်လေသည်။ အနိုင်ယူနိုင်ရုံ သပ်သပ်မဟုတ်ပေ။

ထိုအချိန် အခိုက်အတန့်မှာပဲ လင်းရီသည်လည်း တူညီစွာ လှုပ်ရှားလာခဲ့သည်။

ဘန်း ဘန်း ဘန်း …

သူတို့နှစ်ဦး၏ လက်သီးနှင့် ခြေကန်ချက်တို့ အချင်းချင်း ထိတွေ့နေကြပြီး အချိန်တစ်ခုလောက်အထိ မည်သူက အောင်နိုင်သူ ဖြစ်မလဲဆိုတာကို ဝေခွဲဖို့ ခက်ခဲလှ၏။

ပနားမားတွင် နောက်ဆုံး အကြိမ်တုန်းက အနက်ဝတ်လူနှင့် တွေ့ဆုံခဲ့သည့် အချိန်ကို လင်းရီ ရှင်းလင်းစွာ မှတ်မိသေးသည်။

တစ်နှစ်ကျော် ကြာညောင်းပြီးနောက် စနစ်၏ အကူအညီဖြင့် သူသည်လည်း ဒီ-အဆင့်မှ စီ-အဆင့်သို့ တိုးတက်လာခဲ့၏။

သို့သော် အနက်ဝတ်လူနှင့် အဆင့်ကလည်း စီအဆင့်သို့ ရောက်ရှိနေဟန်ပင်။ ယင်းက သူ့ကို အတော်လေး နားလည်ရ ခဲယဉ်းနေစေတော့၏။

သူ့ ပြိုင်ဘက်ရဲ့ ခွန်အားက ဘာကြောင့် ဒီလောက်ထိ လျင်လျင်မြန်မြန်နဲ့ တိုးတက်လာနေရတာလဲ …

လင်းရီ အတွေးလွန်နေချိန် အခိုက်အတန့်မှာပဲ သူ့ဘက်က ဟာကွက် တစ်ခုကို ဖော်ပြလိုက်မိသကဲ့သို့ ဖြစ်သွားခဲ့၏။

အနက်ဝတ်နှင့်လူ၏ ခြေကန်ချက်က သူ့ဟာကွက်တည့်တည့်ကို ရိုက်ခတ်လာသည်။

ချက်ချင်းဆိုသလို လင်းရီ ဟန်ချက် ပျက်သွားခဲ့ပြီး အံကြိတ်၍ နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ဝှစ် … ဘန်း

လင်းရီ၏ ခန္ဓာကိုယ်က ခရီးသည်ထိုင်ခုံ ဘေးတံခါးပေါက်ဝသို့ အရှိန်ပြင်းစွာ ရိုက်ခတ်သွားခဲ့သည်။

ပြင်းထန်လှသည့် အရှိန်နှုန်း သက်ရောက်မှုကြောင့် ကားပင် အနည်းငယ် လှုပ်ခါ သွားခဲ့လေသည်။

အားးးးးးးး …..

ကားထဲမှ ‌နေ၍ လီရုံဂျင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ စွန်းရှန်းရှီးကလည်း ချက်ချင်းလက်ငင်းပဲ သူမကို ကာကွယ်ဖို့ လုပ်သည်။

တစ်ချက် လဲကျသွားပြီးနောက် အနက်ဝတ်နှင့်လူ၏ တိုက်ခိုက်မှုတို့က တစ်ခုပြီးတစ်ခု ကျရောက်လာသည်။

သို့ပေမယ့် ဒီ အဆင့် တိုက်ခိုက်ရေး နည်းစနစ်ကို ရရှီပြီးနောက်တွင် လင်းရီ၏ လယ်ဗယ်အဆင့်က တုန်လှုပ်ဖွယ်ရာ ပြောင်းလဲသွားခဲ့လေပြီ။

ထိုကဲ့သို့ အရေးမသာသည့် အခြေအနေ၌မှာပင် သူ့နည်းသူ့ဟန်ဖြင့် ခုခံတိုက်ခိုက်နေလျက် ရှိသည်။

အနက်ဝတ်နှင့်လူက နောက်သို့ တစ်ချက် ပြန်ဆုတ်သွားခဲ့ပြီး လေထဲသို့ ခုန်တက်ကာ ကန်ချက်တစ်ခုက လင်းရီထံသို့ ဝင်လာသည်။

အန္တရာယ်ကို အာရုံခံမိတော့ လင်းရီ သူ့ခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်၍ ဘေးသို့ ရှောင်တိမ်းလိုက်ပြီး တန်ပြန်တိုက်ခိုက်မှု တစ်ခုကို ချက်ချင်း ပြုလုပ်သည်။

ဘန်း …

လင်းရီ တည့်လက်သီး တစ်လုံး ပစ်ခွင်းလိုက်ပြီး ထိုးနှက်ချက်က အနက်ဝတ်နှင့် လူ၏ ပခုံးတည့်တည့်သို့ သွားရောက်ထိမှန်သည်။

လက်သီးနှင့် အသားတို့ ထိတွေ့သည့် အသံက ကားတစ်ခုကိုလျှင် ချိုင့်ဝင်သွားစေဖို့ လုံလောက်သည်။

နှစ်ဦးကြား တိုက်ခိုက်မှုက ယာယီ ငြိမ်သက်သွား၏။

လင်းရီလည်း ဘီအဆင့် ဖိုက်တာတစ်ယောက်ပင်လျှင် သူ့ထိုးနှက်ချက်ကို အပြည့်အဝ ခံယူလိုက်ရမည်ဆိုပါက ချောင်မှာ မဟုတ်လိမ့်ကြောင်းကို ယုံကြည်ချက် ရှိသည်။ အထူးသဖြင့် သူ၏ အင်အားတိုးမြင့်ထားသည့် လက်မောင်းများနှင့် ထိုးနှက်ချိန်တွင် ဖြစ်၏။

ထို့ကြောင့် အနက်ဝတ်နှင့်လူ၏ အခြေအနေသည်လည်း နေသာလိမ့်မှာ မဟုတ်ချေ။

သို့တိုင် အနက်ဝတ်နှင့်လူမှာတော့ ခံစားချက် ကင်းမဲ့သည့် စက်တစ်ခုနှယ် သူ့ကို မည်မျှပင် ထိုးနှက်နေစေကာမူ ၊ နာကျင်ဟန် လုံးဝ မပြပေ။ မျက်နှာဖုံးရှိ အပြုံးက လူကို ကြောင်တောင်တောင်နိုင်စေသည်။

ထိုသို့သော ထူးဆန်းသည့် အပြုံးနှင့် မျက်နှာဖုံးကို တစ်ချိန်လုံး ဝတ်ဆင်ထားသည်က လူကို ကျောရိုက်ခိုက်သွားစေသည်အထိကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်နိုင်လှသည်။

စက္ကန့်အနည်းငယ်ကြာ အေးခဲသွားပြီးနောက် အနက်ဝတ်နှင့်လူက နောက်တစ်ကြိမ် တိုက်စစ်ဆင်လာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ သူ၏ လှုပ်ရှားမှုတို့က ယခင် တစ်ကြိမ်ကထက်ပင် ပို၍ပို၍ ပြင်းထန်လာသည်။ သူ၏ တိုက်ခိုက်မှုပုံစံတို့က လင်းရီထက်ပင် ထိန်းမနိုင်သိမ်းရ ဖြစ်လာခဲ့ပြီး နည်းစနစ်နှင့် ပုံစံတို့ကလည်း ပိုပြီး ရှင်းလင်းလာခဲ့သည်။

လင်းရီ တိတ်တဆိတ် အံ့အားသင့်သွားခဲ့၏။ တစ်ဖက်လူ အသုံးပြုနေသည်က ပြင်းထန်လက်သီး ရှစ်ကွက်ပင်။

အနက်ဝတ်နှင့်လူက မယုံကြည်နိုင်စရာကောင်းလောက်အောင် လျင်မြန်လှပြီး လင်းရီ၏ လည်မျိုထံသို့ အဟုန်ပြင်းသည့် လက်သီးဖြင့် ရောက်ရှိလာခဲ့သည်။

လင်းရီလည်း ခွန်အားငှားယူသည့် နည်းလမ်းဖြင့် တန်ပြန်တိုက်ခိုက်ရန်အတွက် ထိုက်ချိပုံစံကို ဖွဲ့စည်းလိုက်သည်။

သွေဖည်သွားသည့် အရှိန်ကို အခွင့်ကောင်းယူ၍ သူ့ ခန္ဓာကိုယ်ကို မြားကိုင်းသဏ္ဌာန် ပြုလုပ်ပြီး အနက်ဝတ်နှင့် လူထံသို့ သံမဏိလက်သီး တိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။

သို့သော် သိသာစွာဖြင့် … အနက်ဝတ်နှင့်လူက လင်းရီ၏ ဤအကွက်ကို ကြိုတင် မျှော်လင့်ထားဟန်ရပြီး လင်းရီ တိုက်ခိုက်တော့မည့် အချိန်မှာပဲ နောက်သို့ ခြေလှမ်းဆုတ်သွားခဲ့ကာ သံမဏိလက်သီးအကွက်၏ ခွန်အားအများအပြားကို အချည်းနှီး ဖြစ်သွားစေခဲ့သည်။

သူတို့၏ နှီးနှောဖလှယ်မှုက ပြင်းထန်သော်လည်းပဲ လက်ရည်ညီစွာ တည်ရှိနေသည်။ မည်သည့် ဘက်ကမျှ အသာစီး မရနေခဲ့ချေ။

ထိုအချိန်မှာပဲ သေနတ်သံ တစ်ချက်က ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ချိန်ခွင်လျှာကို လုံးဝ ရိုက်ချိုးသွားခဲ့၏။

All Chapters