လူသတ်သမား
Vol. 153 Ch. 2250
ရုတ်ချည်း ပစ်ခွင်းလာသည့် သေနတ်သံက နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှု အနေအထားကို အကြမ်းပတမ်း ရပ်တန့်လိုက်သည်နှင့် ဆင်တူသည်။
အနက်ဝတ်နှင့်လူက စကေးကျကျ နောက်သို့ ခြေလှမ်းများစွာ ဆုတ်ပြီး ကျည်ဆံကို ရှောင်တိမ်းလိုက်သည်။
လင်းရီ ခေါင်းလှည့်ကြည့်လိုက်တော့ သေနတ်ပစ်ခတ်လိုက်သည့်လူက လီရုံဂျင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
“ မင်းကို ဘယ်သူက ပစ်ဖို့ ပြောလို့လဲ …” လင်းရီ အေးစက်စွာ စကားဆိုလိုက်၏။ သူ၏ လေသံက တစ်စုံတစ်ယောက်ကို အစိမ်းလတ်လတ် ဝါးစားချင်နေသည့်နှယ် ဖြစ်နေသည်။
လင်းရီ၏ မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်လိုက်ရတော့ လီရုံဂျင်းမှာ မည်သို့ ခွန်းတုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့၏။
သူမက လင်းရီကို ကူညီချင်ပြီး ပြဿနာကို ရိုးရိုးရှင်းရှင်းလေးပဲ ဖြေရှင်းလိုက်ချင်သည်။
သို့ပေမယ့် လင်းရီအတွက်မူကား …. အနက်ဝတ်လူနှင့် တိုက်ခိုက်ရသည်က သူ့အတွက် မစ်ရှင်ထက်ကို ပို အရေးကြီးသည့် ကိစ္စ တစ်ရပ် ဖြစ်နေခဲ့သည်။
မြင်သာရှင်းလင်းသည့် ရလဒ် ထွက်ပေါ်လာခြင်း မရှိပါဘဲ သူတို့နှစ်ဦး ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးကြသည်။ လီရုံဂျင်း၏ သေနတ်သံက တိုက်ပွဲကို ရပ်တန့်ဖို့ အချက်ပြသံနှင့် တူညီသော်လည်းပဲ လင်းရီကတော့ သူ့လက်သူ့ခြေဖြင့် မျှမျှတတ အနိုင်ယူလိုခဲ့သည်။
အနက်ဝတ်နှင့်လူက နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်သွားခဲ့ပြီး ကား အဖုံးပေါ် တင်ထားသည့် အနက်ရောင် လက်ဆွဲ သေတ္တာကို ယူလိုက်သည်။
ထို့နောက် တည်ငြိမ်သည့် အမူအရာဖြင့် လင်းရီထံသို့ ပစ်ပေးလိုက်၏။
သို့သော် လင်းရီက မဖမ်းယူခဲ့သည့်အတွက် သေတ္တာက လမ်းမပေါ် ပြုတ်ကျသွားခဲ့၏။
အနက်ဝတ်နှင့်လူ၏ ရည်ရွယ်ချက်က ရှင်းလင်းမြင်သာသည်။ သူ့ဘက်က အရှုံးဝန်ခံနေခြင်းပင်။ သို့ပေမယ့် လီရုံဂျင်း၏ ကူညီမှုကြောင့် ဖြစ်၏။
သူမက ပစ်စတိုတစ်လက်နှင့် ရိုးရှင်းသည့် အမျိုးသမီးတစ်ဦးမျှသာ ဆိုသော်လည်းပဲ ချိန်ခွင်လျှာ ညီမျှနေသည့် အချိန်၌ ကောက်ရိုးလေးတစ်မျှင်ကပင် ဟန်ချက်ကို ပျက်ပြားသွားစေဖို့ လုံလောက်၏။
ထို့ကြောင့် အနက်ဝတ်နှင့်လူက သေတ္တာကို ကမ်းပေးလာခဲ့ခြင်းပင်။
ယခင် ပနားမားတုန်းကကဲ့သို့ လင်းရီထံက ဘက်စ် ၁၀ ကီလိုကို သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် လုယူသွားခဲ့ခြင်း မဟုတ်ဘဲ သူ့ အသင်းသားများ၏ ကူညီမှုဖြင့် လုယူသွားခဲ့ပုံနှင့် သဘောတရားချင်း ဆင်တူသည်။
ထို့ကြောင့် ဤတစ်ကြိမ် ဖြစ်ရပ်ကို လင်းရီဘက်က စည်းကမ်းချိုးဖောက်သည်ဟု သူ မထင်မိပေ။
သူ ရှုံးသွားခဲ့သည်။ မျှမျှတတ ရှုံးသွားခဲ့၏။ ရှုံးနိမ့်မှုကို ဆင်ခြေဆင်လက် ပေးနေစရာ အကြောင်းမရှိချေ။
လမ်းပေါ် ပြုတ်ကျနေသည့် အနက်ရောင် သေတ္တာကို လင်းရီ တစ်ချက် ကြည့်လိုက်ပြီး ခြေထောက်နှင့် တစ်ချက် တို့၍ အနက်ဝတ်နှင့်လူထံ ပြန်တွန်းပို့ပေးလိုက်သည်။
“ ငါ့ဘက်ခြမ်းက စည်းကမ်းချိုးဖောက်ခဲ့တယ် … ဒီတော့ ဒီတစ်ချီကို ငါ့ဘက်က ရှုံးတယ် မှတ်လိုက် …. ပစ္စည်းကို မင်း ယူသွား ….”
သေတ္တာက သူ့ဘက်က ပြန်ရောက်လာတာကို မြင်သော်လည်းပဲ အနက်ဝတ်နှင့်လူက မလှုပ်ရှားခဲ့ပေ။
ထိုအစား လှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ကားတံခါးကို ဖွင့်၍ ကားထဲသို့ ဝင်ရောက်သွားခဲ့သည်။
အင်ဂျင်သံ အသက်ဝင်လာခဲ့ပြီး အနက်ဝတ်နှင့်လူက ဗန်ပိုင်းယားမြို့စားမင်းကဲ့သို့ အိန္ဒြေအပြည့်နှင့် ကားကို အဝေးသို့ မောင်းထွက်သွားခဲ့၏။
ညလမ်းမကြီးက တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားခဲ့ပြန်သည်။ လင်းရီ၏ ခန္ဓာကိုယ် အားအင်ချိနဲ့သွားခဲ့ပြီး နာကျင်မှုဖြင့် လမ်းပေါ်သို့ ထိုင်ချသွားခဲ့၏။
တိုက်ခိုက်နေစဉ်အတောအတွင်း သူ့ဘက်က ထိခိုက်ဒဏ်ရာ မရသည့်သဖွယ် ထင်ရသော်ငြားလည်း တိုက်ကွက်ဖလှယ်မှု တစ်ခုချင်းစီတိုင်းက အသားချင်းအသား ဆန့်ကျင်တိုက်ခိုက်မှုပင်။ လင်းရီ၏ ခန္ဓာကိုယ်က သံမဏိနှင့် ထုဆစ်ထားလျှင်ပင် အနက်ဝတ်နှင့်လူသည်လည်း ခေသူ တစ်ဦး မဟုတ်။ သူတို့နှစ်ဦးက လက်ရည်ညီပြီး ယခုလို အခြေအနေမျိုး၌ မည်သူ့ဘက်ကမျှ သာ၍ ကောင်းမွန်နေမှာ မဟုတ်ချေ။
ထိုအချိန်အခိုက်အတန့်မှာပဲ လီရုံဂျင်းက ကားထဲမှ ပြေးထွက်လာခဲ့သည်။
“ နင် ဘယ်လိုနေသေးလဲ .. နာသွားသေးလား …. ငါ နင့်ကို ဆေးရုံခေါ်သွားပေးမယ် ….”
“ ထွေထူး မဟုတ်ပါဘူး … ဒီလောက်နဲ့တော့ မသေနိုင်သေးဘူး ….” လင်းရီ အသက်မရှူဘဲ ပြောလိုက်ပြီး “ ဗီလာဆီ အရင်ပြန်ကြစို့ … ကျန်တဲ့ကိစ္စ နောက်မှ ပြောကြမယ်…..”
“ နင် အဆင်ပြေတာ သေချာပါတယ်နော်…. တကယ်လို့ နင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ ဥက္ကဌကျီကို ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူး ….”
“ မပူနဲ့ … ငါ့အသက်ငါ မင်းတို့အကုန်လုံးထက် တန်ဖိုးထားတယ် … ငါ ပြောတဲ့အတိုင်းသာလုပ် …”
“ ကောင်းပြီလေ …”
လီရုံဂျင်းနှင့် စွန်းရှန်းရှီတို့နှစ်ဦး လင်းရီကို မတ်တပ်ထဖို့ တွဲထူပေးလိုက်၏။
ကားတံခါး တစ်ဖက်က ပြင်းထန်စွာ ထိခိုက်သွားခဲ့သော်လည်းပဲ ကား၏ စွမ်းဆောင်ရည်အပေါ်တွင်တော့ မည်သည့် အကျိုးသက်ရောက်မှုတို့မျှ မရှိသဖြင့် မကြာမီ အချိန်တိုအတွင်းမှာပဲ လီကျန်းချွမ်တို့သားအဖ ယာယီနေထိုင်ရာ ဗီလာသို့ ရောက်ရှိလာခဲ့သည်။
အပြင်ဘက်မှ ကြည့်မည်ဆိုပါက ဗီလာနှင့်ပတ်သက်၍ အရာအားလုံးက ပုံမှန်ပင်။ အတွင်း၌ မီးများကလည်း တောက်ပစွာ လင်းထိန်နေပြီး အင်းစက်မြည်တမ်းသံများ ၊ ပုစဉ်းရင်ကွဲသံများ ၊ ငှက်တို့ သီကျူးသံများနှင့် လတ်ဆတ်သည့် မြက်ခင်း၏ သင်းရနံ့ကို ရရှိနေလျက် ရှိသည်။
လင်းရီက လမ်းကို ဦးဆောင်ပြီး လီရုံဂျင်းက အလယ်မှ လိုက်လာ၍ စွန်းရှန်းရှီက နောက်မှ လိုက်ပါလာခဲ့ကာ သူတို့သုံးဦးအတူ ဗီလာထဲသို့ ဝင်လာခဲ့ကြသည်။
သူတို့အထဲသို့ ရောက်လာသည်နှင့် သွေးများပေကျံနေသည့် အလောင်းနှစ်လောင်းကို ချက်ချင်း မြင်တွေ့လိုက်ရ၏။
လီကျန်းချွမ်နှင့် လီယင်ဟုန်တို့ နှစ်ဦးက သွေးအိုင်ထဲတွင် အသက်ဝိဉာဏ်ကင်းမဲ့စွာ လဲလျောင်းနေသည်။
လင်းရီ နေရာသို့ ချက်ချင်းပြေးသွား စစ်ဆေး၏။ နှစ်ဦးလုံးတွင် အသက်ရှင်နေသေးသည့် အသက်လက္ခာဏာတို့ မရှိတော့ပေ။ အနက်ဝတ်နှင့်လူက လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ရမည်။
သူ့အစွမ်းအစတို့ဖြင့် လှုပ်ရှားလာခဲ့မည်ဆိုပါက ဤနှစ်ယောက်ကို ချမ်းသာမပေးသည်က သဘာဝပင်။ သို့သော် ထိုအချိန်မှာပဲ တစ်ခုခု မူမမှန်သည်ကို လင်းရီ သတိပြုမိလိုက်၏။
လီကျန်းချွမ်က ကြမ်းပြင်နှင့် မျက်နှာအပ်လျက် လဲလျောင်းနေသည်။ သို့သော် သူ့လက်များက တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားသည့်နှယ် ထင်ရသည်။ လင်းရီ ညင်သာစွာ ပင့်မကြည့်လိုက်တော့ ၎င်းအောက်တွင် သွေးဖြင့် ချိနဲ့စွာ ရေးသားထားသည့် စုတ်ချက်တစ်ချို့ကို မြင်တွေ့လိုက်ရ၏။
“ ကျိုး …..”
ဤ စကားလုံးကို မြင်တော့ လင်းရီ၏ မျက်ခုံးတို့ တင်းကြုတ်သွားခဲ့သည်။
လီကျန်းချွမ်က အဘယ်ကြောင့် ဤစကားလုံးကို ချန်ထားရစ်ခဲ့ရတာလဲဆိုတာကို သူ သိပ်နားမလည်နိုင် ဖြစ်နေမိသည်။ သို့ပေမယ့် ဤစကားလုံးများကို သူ့ဘဝ နောက်ဆုံးအချိန်တွင် လက်ကျန် အင်အားတို့အား ဖျစ်ညှစ်ပြီး ရေးသားထားသည်ကတော့ ကျိန်းသေသည်။
ပုံမှန်ဆိုပါက သေမှုသေခင်း ဖြစ်စဉ်တွင် သေလူက သူ့ကို သတ်သွားသည့် လူသတ်သမား၏ နာမည်ကို ရေးသားထားဖို့က များ၏။
တစ်နည်းဆိုရသော် အနက်ဝတ်နှင့် လူပင်။
သို့သော် ထူးဆန်းနေသည်ကလည်း ၎င်းအချက်ပဲ ဖြစ်၏။
သူသည်ပင် အနက်ရောင်ဝတ်ပြီး လူရွှင်တော် မျက်နှာဖုံးနှင့်လူက မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိလေရာ ဤ စောက်ငတုံး နှစ်ကောင်ကလည်း သိနိုင်စရာ အကြောင်း မရှိမည်မှာ သေချာသည်။
ဆိုတော့ … သူ ရေးသွားတဲ့ ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ဘာကို ပြောချင်နေတာ ဖြစ်မလဲ ။
“ မမလေး … ကျွန်မ ဆေးသေတ္တာ တွေ့လာခဲ့ပါပြီ …”
လင်းရီ အဆိုပါ မေးခွန်းများအား အတွေးနက်နေစဉ်တွင် စွန်းရှန်းရှီက ဆေးသတ္တာကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။
“ ဆေးအရင်ထည့်ထားလိုက်… ဒီကကိစ္စ တခြားလူတွေ ကိုင်တွယ်လိမ့်မယ် …”
“ ထားလိုက်တော့ … မင်းတို့နှစ်ယောက်က ဘာမှကွာတာ မဟုတ်ဘူး .. ငါဖို့ D cup နာ့စ်တစ်ယောက် ရှာပေးမယ်ဆိုရင်တော့ ငါ ဖျစ်ညှစ်ပြီး လက်ခံပေးလိုက်ပါ့မယ်လေ ….”
“ ရှန်းရှီက D ပဲ … သူက အရည်အချင်း မီတယ် ….”
“ လခွမ်း …”
လင်းရီ ကျိန်ဆဲပြီး စွန်းရှန်းရှီထံ အကြည့်ရောက်သွားခဲ့သည်။ “ ငါ အရင်က သေချာ မကြည့်တော့ သတိမထားခဲ့မိဘူး … မင်းက ကိုယ့်ရဲ့ ကတ်ကောင်းတွေကို ရင်ဘက်မှာ သေချာဝှက်ထားတာပဲ …”
“ အဲ့ဒီ နှစ်ခုက သိပ်ကြီးလွန်းနေရင် မမလေးကို ကာကွယ်ဖို့က အဆင်မပြေဘူးလေ … ဒါကြောင့်မို့ ရင်စည်းဝတ်ထားတာ … အဲ့တာကြောင့်မို့ သိပ်မကြီးတဲ့ပုံ ဖြစ်နေတာ ….” စွန်းရှန်းရှီက တည်တည်ငြိမ်ငြိမ်ပဲ ပြောလာခဲ့ပြီး “ ပြီးတော့ ကျွန်မက ဟွာရှတိုင်းရင်းဆေးပညာကိုလည်း သင်ယူထားတယ် … ရှင့်ကို သက်သာရုံ ကုသပေးဖို့လောက်က ပြဿနာ မရှိဘူး … ဒါပေမယ့် ရှင့်ရဲ့ ရှပ်အင်္ကျီကို ချွတ်ဖို့ သိပ်ရှက်နေတယ်ဆိုရင်တော့ ကျွန်မဘက်ကလည်း အတင်းအကြပ် တွန်းအားမပေးပါဘူး ….”
“ မင်းစကားက ဘာလဲ …. ငါ လင်းရီကို ရန်စ လိုက်တာလား …. ငါ့ကို ဒီလိုပြောလိုက်တာနဲ့ ရှက်ကိုးရှက်ကန်း ဖြစ်သွားမယ့် လူပျိုလေးလို့ ထင်နေတာလား ….” လင်းရီပြောလိုက်ပြီး “ ဒဏ်ရာက တကယ်လည်း နည်းနည်းနာတယ် … ငါ့ကို ညင်ညင်သာသာလေး လုပ်ပေးဦး …”
လင်းရီ သူ့ရှပ်အင်္ကျီကို ချွတ်လိုက်တော့ စွန်းရှန်းရှီမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်မိသွားခဲ့သည်။
ခန္ဓာကိုယ်ပေါ်တွင် စောနက တိုက်ပွဲကြောင့် ဖြစ်ပေါ်နေသည့် အပြာရောင်နှင့် ခရမ်းရောင် အညိုအမည်း ဒဏ်ရာတို့က ကြောက်ဖို့ကောင်းသော်လည်းပဲ ရှော့ခ်ရဖွယ်ကောင်းအောင် ထိတ်လန့်ဖွယ်ရာ ကောင်းသည့် အမာရွတ်များနှင့် နှိုင်းစာကြည့်လိုက်လျှင် ယင်းတို့က မပြောပလောက်တော့ချေ။
‘ ဒီလူ …. ဒီလောက် ငယ်ငယ်လေးနဲ့ တမူထူးခြားတဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီး အမာရွတ်တွေက သူ ပေးဆပ်ခဲ့ရတဲ့ တန်ကြေး ဖြစ်ရမယ် …
သူနဲ့ ယှဉ်ရင် ငါက မှီဖို့အဝေးကြီး လိုနေသေးတာပဲ ….'
စွန်းရှန်းရှီက လင်းရီကို ဆေးထည့်၊ ဆေးစည်းဖို့ ကူညီပေးသည်။
ပြီးတော့ လင်းရီ၏ အာရုံကလည်း ထို စကားလုံးအပေါ် အာရုံစူးစိုက် ကျရောက်နေသည်။
သံသယရှိနေရန် မလိုဘဲ လီကျန်းချွမ်က လူသတ်သမားကို တိုက်ရိုက်ညွှန်းဆိုနေခြင်းပင်။
သို့သော် ပြဿနာကလည်း လူသတ်သမားကို လီကျန်းချွမ် မသိကြောင်း သေချာနေသည်။
ထို့ကြောင့် ဤနေရာတွင် လွဲနေသည့် နားလည်မှု တစ်ချို့တော့ ရှိရမည်။ အဆိုပါ နားလည်မှုလွဲနေသည့်အရာကို ဖြေရှင်းနိုင်သည်နှင့် လူသတ်သမားကိုလည်း ကောက်ချက်ချနိုင်ပြီ ဖြစ်၏။
“ နင် လီကျန်းချွမ်ရဲ့ ရန်သူတွေ အကြောင်း စဉ်းစားကြည့်လို့ ရတယ် … ဒီလိုလုပ်လာတာ သူတို့တွေ ဖြစ်နိုင်တယ် ….”
လီရုံဂျင်းက အတော်လေး ထက်ထက်မြက်မြက်ရှိ၏။ အတွေးနက်နေသည့် လင်းရီ၏ ဟန်ပန်ကို မြင်တော့ ထိုစကားလုံးများ ပြောကြားလာသည်။
“ အခု လောလောဆယ်မှာ လီကျန်းချွမ်ကို သတ်ချင်တဲ့သူက ဖရီးမေဆင် တစ်ခုတည်းပဲ …. ဒါပေမယ့် ဒီစုတ်ချက်တွေနဲ့ ‘ကျိုး’ စကားလုံးက ဟွာရှက တစ်ယောက်ယောက်ကို ညွှန်းဆိုနေတယ်ဆိုတာ အသိသာကြီးပဲ …. ဖရီးမေဆင်တော့ လုံးဝ မဖြစ်နိုင်ဘူး… သေချာပေါက် တခြား တစ်ယောက်ပဲ ဖြစ်ရမယ် ….”
“ ဒီပြဿနာရဲ့ အဓိကက ဗီဇဆေးရည်ပဲ …. တွေးကြည့်လိုက်လေ … ဟွာရှမှာ လီကျန်းချွမ်နဲ့ ဒီအပိုင်းမှာ ဆက်နွယ်နေနိုင်တာ ဘယ်သူတွေ ရှိလောက်လဲ ….”
“ ဗီဇဆေးရည်လား ….”
ရုတ်တရက်ဆိုသလို လင်းရီ၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး လီရုံဂျင်း၏ အရိပ်အမြွက်ပေးမှုဖြင့် သူ့ဘက်က တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားခဲ့ဟန်ရသည်။