ဒီတိုင်း စီးပွားရေးလုပ်ငန်းရှင် လူငယ်ပါပဲ
Vol. 153 Ch. 2253
“ ဘာလဲ စောက်အဘိုးကြီး … မင်းတူလေးနဲ့ ချိတ်ပေးချင်နေတာလား …”
“ အေး ဟုတ်တယ် …” လီတုံးရန်က ရယ်မောရင်း ပြောလိုက်ပြီး “ ငါ့တူက ဒီနှစ်ဆို အသက် ၃၂ … မီလိလေးနဲ့ မတိမ်းမယိမ်းဆိုတော့ လိုက်ဖက်တယ် … ပြီးတော့ အခုဆို ဒုဗိုလ်မှူးကြီးလည်း ဖြစ်နေပြီ … သူတို့နှစ်ယောက်သာ ပေါင်းဖက်လိုက်မယ်ဆိုရင် နေနဲ့လ ၊ ရွှေနဲ့မြပဲ …”
“ အင်း … တကယ်လည်း လိုက်ဖက်တယ် ထင်ရတယ် … ဒါပေမယ့် မင်း ခြေတစ်လှမ်းနောက်ကျသွားပြီ …” လျန်ချွင်းရှောင်က ဂုဏ်ယူဝံ့ကြွားသည့် ဟန်ပန်ဖြင့် “ ငါ့သမီးမှာက ကောင်လေး ရှိနေပြီ … ဒီနေ့တောင် သူနဲ့ အတူ ပါလာမှာ … မင်းရဲ့ စိတ်ကူးလေးတွေ အလုပ်မဖြစ်မှာကိုတော့ စိုးရိမ်မိသား …”
“ ဟမ် … မီလိလေးက ကောင်လေးတောင် ရနေပြီပေါ့ … အဲ့ကောင်က ဘာလုပ်တာလဲတဲ့ …”
လီတုံးရန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဘာကြောင့်ဆိုတော့ ထိုသတင်းမျိုး သူ တစ်ခါမှ မကြားဖူးသောကြောင့်ပင်။
“ သူက ကျိုးဟိုင်မှာ ကုမ္ပဏီတစ်ခုပိုင်တယ် …”
ကျုံးဝေ့တပ်ဖွဲ့ထဲရှိ လင်းရီ၏ အထောက်အထားနှင့် စပ်လျဉ်း၍မူကား လျန်ချွင်းရှောင် မဖော်ပြခဲ့ချေ။
လျှို့ဝှက်ထားရမည့် အခြေအနေဖြစ်သဖြင့် စကားများများပြောလျှင် အမှားပါသွားနိုင်သည်။
“ ဆိုတော့ သူက ကုမ္ပဏီပိုင်ရှင်ကြီးပေါ့ ….”
လီတုံးရန်က ဂရုမစိုက်သည့် ပုံစံဖြင့် ပြောလိုက်ပြီး “ သိပ်ကောင်းတဲ့ ရွေးချယ်မှုကြီးတော့ ဟုတ်မနေပါဘူး … မီလိရဲ့ အနာဂတ် အလုပ်အကိုင် လမ်းကြောင်းအတွက်ဆိုရင် ဘာမှ အများကြီး အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး …”
“ ငါလည်း ဘယ်တတ်နိုင်မှာ… သူ့ဘာသူ ရှာတွေ့တာပဲလေ … ပြီးတော့ ငါ့အကျင့်နဲ့ မီလိကို မထိန်းချုပ်နိုင်တာ မင်းလည်း သိသားနဲ့ …. သူလုပ်ချင်တာ လုပ်ပါလေ့စေ …”
လျန်ချွင်းရှောင်က ထိုသို့ စကားစလာတော့ လီတုံးရန်မှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိတော့ချေ။ သို့ပေမယ့် နေရာက ထွက်တော့ ထွက်မသွားခဲ့။ လျန်ရူရွှယ်၏ ကောင်လေးက မည်သို့သော လူစားမျိုး ဖြစ်ကြောင်းကို သူ မြင်တွေ့ချင်နေသည်။
ထို့ကြောင့် သူလည်း အောက်ရှိ စစ်သားများ စစ်ရေးလေ့ကျင့်နေသည်ကို အတူ ကြည့်ရှုနေတော့သည်။
“ အဖေ ….”
လျန်ရူရွှယ်၏ အသံကို ကြားတော့ လျန်ချွင်းရှောင် အသံလာရာ ဘက်ကို လှည့်ကြည့်လိုက်သည်။ လျန်ရူရွှယ်က သူ့ထံသို့ သော့သော့လေး ပြေးပြီး လာဖက်၏။
သားအဖနှစ်ယောက်မှာ လွမ်းဆွေးကြည်နူးမှုအပြည့်ဖြင့် အကြာကြီး ပွေ့ဖက်နေကြသည်။
“ ကဲ ရပြီ … အခု လွှတ်တော့ … ဒီမှာ မင်း ဦးလေးလီလည်း ရှိနေသေးတယ် ….”
လျန်ရူရွှယ်က တခစ်ခစ်ရယ်မောရင်း လွှတ်ပေးလိုက်ပြီး လီတုံးရန်ကို နှုတ်ဆက်လိုက်သည်။
“ ဟယ်လို ဦးလေးလီ … မတွေ့ဖြစ်တာတောင် အတော်ကြာပြီ … ဦးလေးလည်း ဝိတ်တွေ ကျလာလိုက်တာ ဘာလဲ … ဒေါ်လေးက အနိုင်ကျင့်နေလို့လား ဟုတ်လား …”
“ အနိုင်ကျင့်တာ မဟုတ်ရပါဘူးကွာ ….” လီတုံးရန် ပြောလိုက်ပြီး “ တစ်လောတုန်းက သည်းခြေကျောက်တည်လို့ ဘာစားစား ၊ စားလို့လည်း မကောင်းဘူး… အဲ့တာကြောင့် ဝိတ်တွေ ကျကုန်တာ ….”
“ ဟင် … အဲ့တာ ပေါ့သေးသေး မဟုတ်ဘူးနော်… သေချာလေး ဂရုစိုက်ဦး ….”
“ ကြည့်စမ်း …. မီလိလေးက လိမ္မာသိတတ်လိုက်တာ သူများကိုတောင် ဂရုစိုက်ပေးတတ်နေပြီ….” လီတုံးရန်က ရယ်မောလိုက်ပြီး “ အားရင် အိမ်ဘက် လာလည်လှည့်ဦး … မင်းရဲ့ ဒေါ်လေးကျန်းကို ဝက်ခြေထောက် ထပ်လုပ်ခိုင်းထားမယ် …. တုန်းပေမှာ သီချင်းနားထောင်ခိုင်းပြီး မွေးထားတဲ့ ဝက်တွေလေ … သိပ်အရသာ ရှိတာ …”
လျန်ရူရွှယ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။
“ အခုလောလောဆယ် ဝက်ခြေထောက်အကြောင်း မပြောကြစို့ ….”
လီတုံးရန် ကျယ်လောင်စွာ တဟားဟား ရယ်မောလိုက်ပြီး အနီးနားရှိ လင်းရီထံသို့ အကြည့်ရောက်သွားခဲ့၏။
ပြောပြနေစရာ မလိုလောက်အောင်ကို ဤကောင်လေးက လျန်ရူရွှယ်၏ ကောင်လေးဖြစ်မှန်း သိသာသည်။
အပြင် သွင်ပန်းသဏ္ဌာန်အရ ကြည့်ရှုမည်ဆိုပါက နှစ်ယောက်မှာ တကယ်လည်း လိုက်ဖက် ညီလှသည်။
သို့သော် လျန်ရူရွှယ်၏ အဆင့်အတန်းက သာမန်မဟုတ်။ ရန်ကျင်းရှိ လျန်မိသားစု၏ အဆင့်အတန်းကို မဆိုထားနှင့်၊ သူမ၏ ကိုယ်ပိုင် အရည်အချင်း အစွမ်းအစ တစ်ခုတည်းကပင် ရွယ်တူ အများစုကို ဖိနှိပ်နိုင်နေပြီး ဖြစ်သည်။
အင်မတန် နည်းပါးသည့် လူတစ်ချို့ကသာ သူမနှင့် လိုက်ဖက်ညီနိုင်သည်။
ဘာမဟုတ်တဲ့ ပါမွှား ကုမ္ပဏီလေး ပိုင်ဆိုင်ထားသူက မီလိလေးနှင့် ထိုက်တန်ဖို့ ဝေးစွ ဖြစ်၏။
သို့ပေမယ့် နှစ်ယောက်က အတူ ရှိနေပြီ ဖြစ်သဖြင့် သူ့ဘက်က ထိုသို့ ထုတ်ပြောလို့လည်း မကောင်းပေ။
“ အန်ကယ်လျန် ၊ အန်ကယ်လီ ….”
လင်းရီ ချဉ်းကပ်လာပြီး အပြုံးဖြင့် မိတ်ဆက်လိုက်သည်။
“ အေး …. ဒါနဲ့ မင်းမျက်နှာက ဘယ်လိုဖြစ်တာ …” လျန်ချွင်းရှောင် မေးမြန်းလိုက်ပြီး “ နှုတ်ခမ်းထောင့်မှာလည်း ညိုနေတယ် … သူ မင်းကို ရိုက်လိုက်တာလို့တော့ ငါ့မပြောနဲ့နော်….”
လျန်ချွင်းရှောင်သည်လည်း လင်းရီ၏ အစွမ်းအစကို ကောင်းမွန်စွာ သဘောပေါက်ထားသည်။ ပုံမှန်ဆိုပါက သူ့ကို မည်သူကမျှ ရိုက်နှက်နိုင်မှာ မဟုတ်ချေ။
သူ့ ချစ်သမီးချောလေးက ရိုက်နှက်လျင်တော့ သူလည်း မပြောတတ်။
“ ကျွန်တော် လူတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့လို့ပါ… ဒါပေမယ့် အခု ကောင်းသွားပါပြီ … အန်ကယ် စိုးရိမ်ပေးဖို့ မလိုပါဘူး ….”
လျန်ချွင်းရှောင် တဆတ်ဆတ် ခေါင်းညိတ်လိုက်ပြီး လတ်တလော မစ်ရှင်အခြေအနေအကြောင်းကို နားလည်သဘောပေါက်သွားခဲ့သည်။
“ အဖေလည်း အားနေမယ့်တူတူ အိမ်ပြန်စို့လား … ဒီမှာ မနေနဲ့တော့ ….”
“ သွားကြတာပေါ့ ….” လျန်ချွင်းရှောင် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ နင့်အမေကို အလုပ်က သွားကြိုပေးရဦးမှာ ….”
“ အွန်း အွန်း ….”
“ ယောက္ခမကြီးက အလုပ်များနေတာ မဟုတ်ဘူးလား … ဒီအချိန်ကြီး ထွက်လာလို့ အဆင်ပြေပါ့မလား …”
“ ငါ့အမေက အဖေလာကြိုရင် ဘယ်တော့မှ ကုမ္ပဏီမှာ ဆက်မနေတတ်ဘူး ….”
“ အိုး သေစမ်း … နောက်ထပ် ခွေးစာ တစ်ဆုပ်ကြီး စားလိုက်ရပြီ …”
“ ခစ်ခစ် … ကြည့်ပြီး သင်ယူထား ….”
လီတုံးရန်ကို နှုတ်ဆက်ပြီးနောက် သုံးယောက်သား ထွက်ခွာသွားခဲ့ကြသည်။
ထွက်ခွာသွားသည့် လျန်ရူရွှယ်တို့ အုပ်စုကို ကြည့်ရင်း လီတုံးရန်မှာ တိုးညှင်းစွာ သက်ပြင်းချလျက် စိတ်ထဲ အနည်းငယ် နောင်တရနေမိသည်။
သူ လျန်ရူရွှယ်ကို မျက်စိကျနေခဲ့တာ ကြာပြီ ဖြစ်သည်။ သူ့တူလေး၏ ရာထူးအဆင့်က လုံလောက်အောင် မမြင့်သေးသည့် အတွက်သာ အချိန်ဆိုင်းထားခဲ့ရခြင်း ဖြစ်၏။ အဆင့်အတန်းခြင်း ကွာဟမှုက ရွှေလမ်း၊ငွေလမ်း ခင်းဖို့ကိစ္စ ဆွေးနွေးဖို့ကို အတော်လေး မသက်မသာ ဖြစ်စေသည်။
ယခုတော့ … သူ့တူလေးက ရာထူးတိုးပြီ ဖြစ်သော်လည်းပဲ လျန်ရူရွှယ်လေးမှာတော့ တခြားတစ်ယောက် အပိုင် ဖြစ်သွားခဲ့ရ၏။
အတော်လေး ကံဆိုးလှသည်ဟု ဆိုရမည်။
လီတုံးရန် နှုတ်ခမ်းကိုက်လိုက်၏။ လင်းရီ၏ သွင်ပြင်က အတော်လေး စိတ်ကျေနပ်ဖွယ်ရာ ကောင်းလွန်းလှတာကိုတော့ သူ ဝန်ခံရမည်။ အထူးသဖြင့် သူ့အရှိန်အဝါက သာမန်လူတို့ထက်ကို သာလွန်သည်။
လူများလည်း မရှိတော့ရာ လီတုံးရန်လည်း နေရာ၌ ရှည်ကြာစွာ ဆက်မနေတော့ချေ။ ဖြည်းညင်းစွာ လမ်းလျှောက်ရင်း လက်နောက်ပစ်လျက် ရုံးအဆောက်အဦးသို့ ဦးတည်လိုက်၏။
“ ဦးလေး ….”
သူ လှေကားထစ်သို့ ရောက်သည့်အချိန်အခါမှာပဲ တစ်စုံတစ်ယောက် လှမ်းအော်သံကို ကြားလိုက်ရသည်။
အသက်သုံးဆယ် အရွယ်ရှိပြီး အရပ်ဒေါင် ကောင်းကောင်းနှင့် လူငယ်တစ်ဦးက သူ့ထံသို့ ချဉ်းကပ်လာသည်။ သူမတူ သာလွန်အောင် ခန့်ညားနေသည်ဟု မဆိုနိုင်သော်လည်း ဝတ်ထားသည့် ယူနီဖောင်းနှင့် အတော်လေး လိုက်ဖက်လှ၏။
ထိုသူကတော့ လီတုံးရန်၏ တူတော်မောင်၊ လီဟောက်ယွီပင်။
“ ဦးလေး … အခြေအနေ ဘယ်လိုရှိလဲ … ဦးလေးလျန်ကို အဲ့ကိစ္စ ပြောပြလိုက်ပြီလား ….”
“ မင်း အဲ့အတွေးတွေ ခေါင်းထဲက ထုတ်လိုက်တော့ …” လီတုံးရန် ပြောလိုက်ပြီး “ သူ့မှာ အခုကောင်လေး ရှိနေပြီ … ဆွေပြမျိုးပြတောင် ပြပြီးပြီထင်တယ် … နှစ်သစ်ကူးဖို့ဆိုပြီး ဒီတောင် ခေါ်လာတယ် … မင်းအဲ့အကြောင်းတွေးနေတာတွေ တကယ်ပဲ တော်သင့်ပြီ …”
ဤစကား ကြားလိုက်ရတော့ လီဟောက်ယွီ၏ အမူအရာမှာ အေးခဲသွားခဲ့သည်။
“ အဲ့ကောင်က ဘာအလုပ်လုပ်လို့ မီလိလေးက သူ့ကို စိတ်ဝင်စားရတာလဲ ….”
လီဟောက်ယွီမှာ အနည်းငယ် မခံမရပ်နိုင် ဖြစ်နေမိသည်။ လျန်ရူရွှယ်ကဲ့သို့သော မျိုးကောင်း သမီးလေးတစ်ယောက်က သူကဲ့သို့သော ထူးခြားသူ တစ်ဦးနှင့်သာ အပ်စပ်ဖို့ သင့်၏။ သာမန်လူတို့က သူမ၏ ဖိနပ်ကို ကိုင်ပေးဖို့ပင် မတန်ချေ။
“ ကျိုးဟိုင်မှာ ကုမ္ပဏီတစ်ခု ဖွင့်ထားတယ်လို့တော့ ပြောတာပဲ … ငါလည်း သိပ်အများကြီး မေးလို့ မကောင်းတာနဲ့ မမေးဖြစ်လိုက်ဘူး … ဒါပေမယ့် မင်း အဲ့အတွေးတွေ ခေါင်းထဲက ထုတ်လိုက်တော့ ….”
“ ကျွန်တော်က ဘယ်လိုလုပ် မတွေးဘဲ နေနိုင်မှာလဲဗျာ …” လီဟောက်ယွီက စိတ်ပျက်လက်ပျက်ဖြစ်နေပြီး တစ်ချိန်တည်းတွင် မခံမရပ်နိုင်ဖြစ်စွာ ဆိုလိုက်သည်။
“ ဒါပေမယ့် ကျွန်တော့်အထင် သူတို့တွေ လက်ထပ်ဖို့အထိတော့ သေချာဦးမယ် မထင်ဘူး … အဆင့်အတန်းချင်း ကွာဟမှုက သိပ်ကြီးမားလွန်းနေတယ် … ပြီးတော့ စစ်တပ် အသိုင်းအဝိုင်းထဲကလည်း မဟုတ်ဘူး … “
“ အဲ့တာ မင်းအတွေးလေ … သေချာတာ တစ်ခုကတော့ မင်းမှာ အခွင့်အရေး မရှိတော့ဘူး … ငါ့တူ … မင်း တော်လိုက်ပါတော့ကွာ ….” လီတုံးရန် ပြောလိုက်၏။ ထို့နောက် စကားကို ဆက်ပြောသည်။ “ ဒါပေမယ့် စီးပွားရေး လုပ်ငန်းရှင် လူငယ်လေးနဲ့ မီလိလေးက မလိုက်ဖက်တာတော့ အမှန်ပဲ … သူတို့နှစ်ယောက် တကယ်ပဲ လက်တွဲ ဖြစ်သွားမလား ဆိုတာကတော့ တကယ်လည်း မေးခွန်းထုတ်ချင်စရာပဲ ….”
“ အဲ့တာပဲလေ … သူတို့နှစ်ယောက် လက်မထပ်သေးသရွေ့ ကျွန်တော့်မှာ ကြိုးစားဖို့ အခွင့်အရေး ရှိသေးတယ် ….”
“ အင်း …. မင်းပြောတာလည်း ဟုတ်သလိုလိုတော့ ရှိသားပဲ ….”
“ ဟေ့ … မင်းတို့နှစ်ယောက် ဘာတွေ တိုးတိုးပြောနေကြတာ ….”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပဲ ဆံပင်တို့ တစ်ဝက်ဖြူနေပြီး ဖြစ်သည့် အမျိုးသားတစ်ဦးက စာရွက်စာတမ်း တစ်ခုကို ဖတ်ရှုရင်း မေးလာသည်။
အမျိုးသား၏ နာမည်က မောက်ရှုချွင် ဖြစ်ပြီး လီတုံးရန်၏ အထက်လူကြီး ဖြစ်၏။
“ အလေးပြုပါတယ် ဆာ ….”
ရာထူးဂုဏ်သိမ် ကွာဟမှုကြောင့် လီဟောက်ရန်မှာတော့ နေရာမှာတင် ချက်ချင်း သတိဆွဲပြီး အလေးပြုလိုက်၏။
လီတုံးရန်ကတော့ ပြုံးလျက်ပဲ ခွန်းတုံ့ပြန်လိုက်သည်။
“ ကျုပ်တူလေးက လျန်ကြီးရဲ့ သမီးကို စိတ်ဝင်စားနေတာလေ … အဲ့တာ သူ့ကိုယ်စား ပြောခိုင်းနေတာ … ဖြစ်ချင်တော့ မီလိလေးက ကောင်လေးနဲ့ … သူ့မှာ ဟပ်ကော့ကြီး ကျန်ရစ်ခဲ့ရပြီလေ ….”
မောက်ရှုချွင်က တခဏခန့် တွေးတောပြီး ပြန်မေးလိုက်သည်။ “ မင်းပြောနေတာ အကြီးအကဲလျန်ရဲ့ မြေးလား ….”
“ ဟုတ်တယ် ဟုတ်တယ် … သူပဲ ….”
“ ငါ မှတ်မိတာ မှန်မယ်ဆိုရင် အကြီးအကဲလျန်ရဲ့ သားမက်က လင်းရီပါ … အတော်လေး အားအင်ပြည့်ဝတဲ့ လူငယ်လေးပါပဲ ….”
“ ဟမ် …”
ဤစကားကြားတော့ တူဝရီး နှစ်ယောက်မှာ ကြက်သေသေသွားခဲ့ကြသည်။
မောက်ရှုချွင်၏ အဆင့်အတန်းဖြင့်ဆိုပါက ကျိုးဟိုင်မှ ဘာမဟုတ်သည့် စီးပွားရေး လုပ်ငန်းရှင် လူငယ်လေးကို မည်သို့ သိနိုင်စရာ အကြောင်းရှိလိမ့်မည်နည်း။ အကယ်၍ တစ်နေရာရာ၌ ကြားဖူးနားဝရှိလျှင်ပင် စကားထဲ ထည့်ပြောလောက်စရာ လူပုဂ္ဂိုလ် မဟုတ်ဘူးဆိုပါက မသိချင်ယောင် ဆောင်သွားမှာ ဖြစ်ပြီး ယခုလို ထုတ်ပြောလာမှာ မဟုတ်ချေ။
“ ဆရာက သူ့ကို သိလို့လား ….” လီတုံးရန်က စကားအစ်ကြည့်လိုက်၏။