ဒီကောင်လား အဲ့လို၀ယ်မယ့် ကောင်စားမျိုး
Vol. 153 Ch. 2255
“ ဟင် … နင်တို့က ကာဗွန်ချစ်ပ်တွေ ထုတ်နိုင်နေပြီပေါ့ …”
သူမက semiconductor နယ်ပယ်ထဲက မဟုတ်သော်လည်းပဲ ထိုသတင်းကို ကြားသိလိုက်ရသည့်အချိန်၌ ရှန်းရှုရီမှာ အံ့အားမသင့်ဘဲ မနေနိုင်ပေ။
ကာဗွန် အခြေပြုချစ်ပ်တို့က semiconductor နယ်ပယ်သို့ မည်မျှ ကြီးမားသည့် သက်ရောက်မှုတို့ ဖြစ်လာစေမလဲဆိုတာကို သူမ ကောင်းစွာ သတိပြုမိသည်။
ဤသည်က သံသယ ဖြစ်စရာ မလိုလောက်အောင်ကို တတိယအကြိမ်မြောက် စက်မှုတော်လှန်ရေးကြီး ဖြစ်၏။
“ ချစ်ပ်ဒီဇိုင်းတွေ ဆွဲထားပြီးပြီ .. ဒါပေမယ့် တစ်ချို့ အစိတ်အပိုင်းတွေကကျ စစ်တပ် နယ်ပယ်နဲ့ ဆက်စပ်ဖို့ အလားအလာတွေ ရှိတယ် … အဲ့ဒီအပိုင်းတွေကိုကျတော့ ကျွန်တော့်ဘက်က သိပ်ပြီး ကောင်းကောင်း မတွယ်နိုင်ဘူးလေ … ဒါကြောင့်မလို့ အန်တီရှန်းလည်း ပါဝင်ပြီး ကျွန်တော့်ကို ကူညီပေးပါဦးလားလို့ပါ …”
ရှန်းရှုရီ ခေတ္တမျှ တွေးတောလိုက်ပြီး ထို့နောက် လျန်ရူရွှယ်ကို ကြည့်လိုက်သည်။
လျန်ရူရွှယ်၏ အကြည့်တို့ ဂနာ မငြိမ်ဖြစ်သွားခဲ့ပြီး တောင်ကြည့်၊ မြောက်ကြည့်နှင့် မိခင်ဖြစ်သူနှင့် အကြည့်ချင်း မဆုံဝံ့ဖြစ်နေသည်။
“ ဒါ သတင်းကြီးပဲ … လင်းရီက ငယ်သေးတော့ အထက်အကြီးအကဲတွေရဲ့ ရည်ရွယ်ချက် အမြင်က ဘယ်လို ရှိလဲဆိုတာကို ပြည့်ပြည့်ဝဝ ဖမ်းဆုပ်နိုင်သေးဦးမှာ မဟုတ်ဘူး … ပြီးတော့ ချစ်ပ် နည်းပညာဆိုတာ ငါတို့ရဲ့ အားနည်းချက် … စစ်တပ်နဲ့ ပတ်သက်လာမယ်ဆိုရင်တော့ ဂရုစိုက်ခါမှ တော်ကာကျမှာ … မဟုတ်ရင် ပြဿနာ တက်သွားနိုင်တယ် …”
ရှန်းရှုရီမှာ ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။ သူမလည်း အနှီ ဒုန်းဝေးလှသည့် ခင်ပွန်းဖြစ်သူကို မည်သို့ ပြုလို့ပြုရမှန်း မသိတော့ချေ။
တစ်ဖက်သူက သူမလက်ထဲသို့ ငွေသွန်းလောင်းထည့်ပေးလာပြီး နှုတ်ပိတ်ထားပေးစေချင်နေသည်မှာ သိသာသည်။ သို့ပေမယ့် ဒင်းက ထိုအချင်းအရာကို မဖမ်းဆုပ်မိပေ။
ရှန်းရှုရီ သူမ၏ ဆံပင်ကို သပ်လိုက်ပြီး ချင့်ချိန် နေဟန်ဖြင့် “ နှစ်သစ်ကူးပြီးသွားရင် ဒီကိစ္စကို ငါ ဝန်ကြီးဌာနနဲ့ စကားပြောကြည့်ပေးမယ် … လှုပ်ရှားဖို့ဆို ငါတို့ဘက်က အပြည့်အဝ အစီအစဉ် ဆွဲထားမှ ဖြစ်မှာ …”
“ ပြဿနာ မရှိဘူး … ကျွန်တော်က အန်တီရှန်း စီစဉ်တာ မှန်သမျှ နားထောင်ဖို့ အသင့်ပဲ ….”
“ ကောင်းပြီလေ … နောက်ကျနေပြီ ဆိုတော့ အကုန်လုံး ဆေးကြောသန့်စင်ပြီး အိပ်ယာဝင်ကြတော့ …” ရှန်းရှုရီ ပြောလိုက်သည်။ “ ဒါပေမယ့် နင်တို့နှစ်ယောက် မနက်ဖြန် စောစောထရမယ် .. နှစ်သစ်ကူးနေ့ဆိုတော့ တစ်ခုခု ယူသွားပြီး အကြီးအကဲလုဆီ သွားလည်လိုက်ကြဦး ….”
“ ဟုတ် …”
နှစ်ယောက်သား ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး လျန်ရူရွှယ်က လင်းရီကို သွားတိုက်တံ အသစ်တစ်ချောင်း ကမ်းပေးလာသည်။ ထို့နောက် မှန်ရှေ့တွင် နှစ်ယောက်အတူ မတ်တပ်ရပ်၍ သွားတိုက်ကြတော့၏။
လျန်မိသားစုက ကြွယ်ဝသော်ငြားလည်း အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့၏ ဘဝနေထိုင်မှု ပုံစံက သာမန် မိသားစုတို့နှင့် ခြားနားခြင်း မရှိပေ။ အိမ်၏ အတွင်းပိုင်း အပြင်အဆင်နှင့် စပ်လျဉ်း၍မူကား ကျီချင်းရန်၏ အိမ်လောက်ပင် ကြွယ်ဝခြင်း မရှိဟု အတွေးဝင်မိသွားနိုင်သည်။
ယင်းကလည်း စစ်တပ်နှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ မိသားစုတို့၏ ထူးခြားပြီး ရိုးရှင်းသည့် ဘဝနေထိုင်မှု ပုံစံ တစ်မျိုး ဖြစ်နိုင်ပေသည်။ ဤသည်က တကယ်ပဲ ရိုးစင်းမှုကို နှစ်သက်၍လော၊ ဒါမှမဟုတ် ခမ်းခမ်းနားနား နေထိုင်ဖို့ မဖြစ်နိုင်၍ပဲလော၊ အကြောင်းအရင်းကိုတော့ ကာယကံရှင်တို့သာ သိရှိပေလိမ့်မည်။
“ ဘာလို့ ငါ့ကို တွန်းတာလဲ …”
သွားတိုက်နေစဉ် လျန်ရူရွှယ်က သူမ၏ တင်ပါးဖြင့် လင်းရီကို တွန်းလိုက်၏။
“ နေ့ခင်းကြောင်တောင် ဘာတွေ အိပ်မက်မက်နေတာ ….”
“ ဒီည ဘယ်သိုင်းကျင့်ရင် ကောင်းမလဲ စဉ်းစားနေတာလေ …”
“ ငါ နင့်ကို လိမ်ချိုးပစ်ဦးမယ် …” လျန်ရူရွှယ်၏ လက်တစ်ဖက်က လင်းရီ၏ ခါးသို့ ရောက်သွားခဲ့ပြီး သူ့အသားနုနုကို ဆွဲလိမ်ပစ်လိုက်သည်။
“ အမေတို့ ဒီမှာ ရှိနေတာကို စဉ်းတောင် မစဉ်းစားနဲ့ …”
“ ငါ မင်းအိပ်ခန်းထဲ တစ်ခါ နေဖူးပါတယ်ဟ … အသံလုံတယ် … ဘာစိုးရိမ်စရာမှ မရှိဘူး ….”
“ မရဘူး … မရဘူးဆို မရဘူးပဲ ….”
“ မင်းပြောတာ မှန်တယ် …. မင်းအသံက တအားကျယ်မှန်း မေ့သွားလို့ … ငါ့နှယ်လေ … ဘာလို့ မေ့သွားရပါလိမ့် … ဘယ်သူမှ မရှိတဲ့အချိန်ထိ စောင့်ကြတာပေါ့ ….”
“ ထွက်သွားစမ်း …”
သွားတိုက်ပြီးနောက် နှစ်ဦးမှာ သူတို့၏ အိပ်ခန်းထဲသို့ ရောက်လာခဲ့ြသည်။
လျန်ရူရွှယ်ဘက်က အတော်လေး စိတ်ကောင်းဝင်နေသည်။ မည်သို့ပင်ဆိုစေ သူမတို့နှစ်ဦး၏ ဆက်ဆံရေးတွင် အရေးကြီးသည့် အရာများအားလုံးက စီစဉ်ချမှတ်ပြီး ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ကျန်ရှိတော့သည်က ပုံမှန်အတိုင်းလေး စီးမြောသွားဖို့ပင်။
အိပ်ခန်းထဲတွင် နှစ်ဦးမှာ ဘာမျှ မလှုပ်ရှားခဲ့ကြပေ။ စကားအနည်းအကျဉ်း ပြောဆိုပြီးနောက် ရိုးရိုးရှင်းရှင်းပဲ အိပ်ရာဝင်လိုက်ကြ၏။
နောက်တစ်နေ့ နံနက်ခင်း ၊ ခုနစ်နာရီထိုးသည့် အချိန်၌ လင်းရီ မျက်လုံး ပွင့်လာခဲ့သည်။ အိပ်ရာပြောင်းလိုက်သည်က သူ့အတွက်လည်း အိပ်ရ ခဲယဉ်းစေသည်။
ထိုအချိန်တွင် လျန်ရူရွှယ်မှာတော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်ပြီး အိပ်ရာထမည့် အရိပ်အယောင် မမြင်ရသေးချေ။
အဝတ်စားလဲပြီးနောက် လင်းရီသည် လျန်ရူရွှယ်၏ တင်ပါးကို တစ်ချက် ပုတ်လိုက်၏။
“ ထဖို့ အချိန်ရောက်ပြီ … ငါတို့ ဒီနေ့ အကြီးအကဲလုဆီ သွားလည်ရမှာ .. နောက်မကျစေနဲ့….”
“ ငါ မစားတော့ဘူး .. နင်ပဲ စားနှင့်…. ငါ ထပ်အိပ်လိုက်ဦးမယ် …”
လျန်ရူရွှယ် တစ်ဖက်သို့လှည့်သွားခဲ့ပြီး အိပ်ရာက ထမည့်ဟန် မပြပေ။
လင်းရီ ဆွံ့အသွားခဲ့၏။ လျန်ရူရွှယ်၏ အိပ်ရေးအကျင့်က ပြောင်းလဲ၍ မရနိုင်သည့် ပုံပင်။
ရွေးချယ်စရာ မရှိပါဘဲ သူလည်း အိပ်ခန်းထဲက ထွက်သွားခဲ့ရသည်။
ရေချိုးခန်းထဲတွင် ရေစက်ကျသံများကို လင်းရီ ကြားနေရ၏။ ရှန်းရှုရီက မီးဖိုချောင်ထဲတွင် အလုပ်များနေသဖြင့် လျန်ချွင်းရှောင် ဖြစ်ဖို့ များ၏။
“ အဲ့ကောင်မလေး အိပ်နေတုန်းပဲလား …”
လင်းရီ ခေါင်းညိတ်ပြလိုက်၏။ သမီးဖြစ်သူအကြောင်း အမေထက်ပိုပြီး မည်သူက သိနိုင်မည်နည်း။
“ အိပ်လည်း အိပ်နိုင်ပါပေ့ … လျန်မိသားစုရော ၊ ငါတို့ ရှန်းမိသားစုထဲမှာပါ သူ့လို မိန်းကလေးမျိုး တစ်ယောက်မှတောင် မပါဘူး …”
“ ဗီဇသန္ဓေပြောင်းသွားတာ နေမှာပေါ့ဗျာ ….”
“ ကဲပါ ထားလိုက်တော့… သူ့ကို ပစ်ထားလိုက်…. ရေချိုးခန်း နောက်တစ်ခု အားတယ် … အဲ့မှာသွားပြီး ရေချိုးလိုက်… ပြီးရင် မနက်စာ လာစားတော့ … မဟုတ်ရင် အီကြာကွေးနဲ့ ပေါက်စီတွေ အေးကုန်တော့မယ် …”
လင်းရီ ခေါင်းညိတ်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ရှန်းရှုရီ၏ နေအိမ်တွင် သူ အတော်လေး လွတ်လပ်သည်ဟု ခံစားနေရ၏။ ချင်ရင်ယွဲ့ကြောင့် သူ့ကို အပြင်လူ တစ်ယောက်ကဲ့သို့ ဘယ်တုန်းကမှ သဘောမထားတာမျိုးလည်း ဖြစ်နိုင်သည်။
လင်းရီ ကိစ္စပြီးစီး၍ အပြင်သို့ ထွက်လာချိန်၌ လျန်ချွင်းရှောင်က သူ့အား လက်ဝှေ့ယမ်းပြနေသည်ကို မြင်တွေ့လိုက်ရသည်။ “ လာခဲ့ … မနက်စာစားရင်း ငါနဲ့ တစ်ခွက် အတူ လာသောက်ပေးဦး ….”
“ အန်ကယ်လျန်က အစောကြီး ကိုင်နေပြီပေါ့ …” လင်းရီ ပြုံးလျက် မေးလိုက်၏။ “ အီကြားကွေးနဲ့ ပေါက်စီကို အရက်နဲ့ မြည်းရမှာ ပထမဆုံးအကြိမ်ပဲ …”
“ မနှစ်တုန်းက မီလိ ပြန်လာတော့ သူတို့နှစ်ယောက်က အသင့်စား အာလူးကြော်ထုပ်တွေ စားကြတာကွ … ဒါတွေက အတော်လေး မဆိုးဘူး ပြောရမှာ …” လျန်ချွင်းရှောင်က တဟားဟား ရယ်မောရင်း ပြောလိုက်ပြီး “ အခု ငါ့ သားမက်လောင်းလည်း ဒီရောက်နေပြီဆိုတော့ ငါနဲ့ သောက်လို့ ရပြီပေါ့ ဟားဟားဟား …”
“ ကျွန်မ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ် .. နောက်တစ်ခါဆိုရင်တော့ ရမယ်မကြံနဲ့ …”
“ မြန်မြန် … ငါ စိမ်ထားတဲ့ အရက်သွားယူပေးစမ်းပါ …”
ရှန်းရှုရီက စာကြည့်ခန်းထဲသို့ ဝင်သွားပြီး လျန်ချွင်းရှောင် ချက်ထားသည့် အိမ်ချက် အရက်ကို ယူပေးလိုက်သည်။ သို့သော် စားဖို့အတွက် စားပွဲတွင် ဝင်မထိုင်ချေ။ ထိုအစား လျန်ရူရွှယ်၏ အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
အမေနှင့် သမီးနှစ်ယောက် အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက်တွင် လျန်ရူရွှယ် အိပ်ရာက မထချင် ၊ ထချင်နှင့် ထလိုက်ရ၏။
ပုံမှန်နေ့တွင် ဖြစ်မည်ဆိုပါက ရှန်းရှုရီ ယခုလို လုပ်မှာ မဟုတ်ပေ။ သို့သော် လျန်ရှန့်ဟော်၏ နေရာသို့ သွားလည်ဖို့ ရှိသည့်အတွက် နောက်ကျလို့ မကောင်းပေ။
လျန်ရူရွှယ်က အိပ်ခန်းထဲကနေ ရှုပ်ပွသည့် ဆံပင်ပုံစံနှင့် ထွက်လာခဲ့ပြီး ထပ်ခါတလဲလဲ သမ်းဝေနေသည်။
လျန်ရူရွှယ်မှာ ပိုပိုပြီး အိပ်စက်လာနိုင်ကြောင်းကို လင်းရီ သတိထားမိလိုက်သည်။
မနက်စာစားသောက်ပြီးနောက် လင်းရီလည်း လျန်ချွင်းရှောင်နှင့် ဆေးဖြစ်ဝါးဖြစ်၊ တစ်ခွက်သောက်ပေးလိုက်သည်။
“ စားပြီးရင် နင်တို့နှစ်ယောက်ဖို့ အားလုံး အဆင်သင့် ပြင်ထားပေးပြီးသား … ကားပေါ်တင်ပြီးသာ ယူသွားပေးလိုက်တော့ ဟုတ်ပြီလား…”ရှန်းရှုရီ ပြောလိုက်သည်။
“ ဟုတ် …”
လျန်ရူရွှယ်မှာ မျက်နှာသစ်ပြီး ဆိုသော်ငြားလည်း အပြည့်အဝ မနိုးသေးသည့်ပုံပင်။ ပေါက်စီ သေးသေးလေး တစ်လုံး ကိုက်ပြီးနောက် ရပ်တန့်လိုက်၏။
ရန်ကျင်း၏ နှစ်သစ်ကူးရာသီဥတုအခြေအနေက အတော်လေး အေးစိမ့်လှသည်။ မြောက်ပိုင်းလောက် မအေးသော်ငြားလည်း ထူထူထဲထဲတော့ ဝတ်ဆင်ရ၏။
မနက်စာ စားပြီးနောက် လျန်ရူရွှယ် အနက်ရောင် အနွေးဘောင်းဘီ၊ ဘွတ်ဖိနပ်နှင့် အနက်ရောင် သားမွေးကုတ်ကို ဝတ်ဆင်လိုက်၏။ ကုတ်က ပါးသယောင် ထင်ရသော်လည်း အတွင်းတွင်တော့ နွေးနွေးထွေးထွေး ရှိသည့် ပုံစံမျိုး ဖြစ်၏။
အားလုံး အဆင်သင့် ဖြစ်သည်နှင့် နှစ်ယောက်မှာ လုပေချိန်၏ နေအိမ်သို့ မောင်းထွက်လာခဲ့ကြ၏။
ယခင်ကလည်း ဤနေရာသို့ တစ်ကြိမ် ရောက်လာခဲ့ဖူးသဖြင့် လမ်းကြောင်းကိုတော့ သူတို့တွေ ရင်းနှီးနေလေပြီ။
လင်းရီတို့နှစ်ဦးကို မြင်တော့ စုန့်ယွီကျန်းက ရွှင်ပြသည့် အပြုံးကြီး တစ်ခုဖြင့် နွေးနွေးထွေးထွေး ကြိုဆိုလာသည်။
“ ပြောခဲ့ပေါင်းလည်း များလှပြီ … လာမယ်ဆိုလည်း လူရောက်လာရင်ကိုပဲ ရပြီလို့ဆိုနေတာကို ဘာလို့ ဒီလောက်အများကြီးတွေ ယူလာပြန်တာလဲ …”
“ ဒါတွေ အကုန် လင်းရီ ကြောင့်လေ... သူက အများကြီး ဇွတ်၀ယ်နေတာ ….” လျန်ရူရွှယ်က ပြုံးလျက် ဆိုလိုက်၏။
“ အဲ့ကောင်စုတ်လေး ကောင်းကြောင်းတွေ ပြောပေးမနေနဲ့ …” လုပေချိန်က ဆတ်ခနဲ စကားပက်လိုက်ပြီး “ သူ အရင် တစ်ကြိမ် ရောက်လာခဲ့တုန်းက နွားနို့ တစ်ဘူးနဲ့ ချယ်ရီသီး တစ်ဖာလားပဲ ပါတယ် … ပေါင်းလိုက်ရင် ယွမ် ၂၀၀ တောင် မကျဘူး … နင် အခု ယူလာခဲ့ပေးတာတွေ တွက်ကြည့်လိုက်ရင် ယွမ် သောင်းဂဏန်းကျော်တယ် … ဒီကောင် ဝယ်ခဲ့ပေးတာတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး …”
စာစဉ် (၁၅၃) ပြီး၏။
လူက အတော်လေး နေမကောင်းလို့ စာစဉ် ကြန့်ကြာသွားတယ်ဗျာ။ အစားကို ပုံမှန်မစားဘဲ ဖြစ်ကတတ်ဆန်း စားခြင်းရဲ့ ကျေးဇူးတွေပေါ့။ အလူးလူးအလဲလဲ ခံလိုက်ရတယ်။ စောင့်ပေးကြတဲ့ ရောင်းရင်းတို့ကို ကျေးဇူးတင်ပါတယ်ဗျ။ အခုတော့ ပြန်သက်သာလို့ ကောင်းကောင်း ရေးနိုင်နေပါပြီ။ အရင်လို စာအုပ်တွေ ပြန်ထွက်ပါမယ်နော။ 🥰