မရိုမသေလုပ်မှု
Vol. 1 Ch. 420
ရှားဖေးယွီသည် သူမ၏ သင်္ဘောပေါ် ပြန်ရောက်သွားသော်လည်း ဝေးရာသို့ ရွက်လွှင့်မသွားခဲ့ပေ။ သူမသည် ချမ်ဝမ်ကွမ်၏ သင်္ဘောထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းပြီး အနောက်မှ လိုက်ပါလာခဲ့သည်။ သူမသည် ချမ်ဂိုဏ်း၏ သင်္ဘောနောက်သို့ လိုက်ပါက လုံခြုံသည်ဟု ခံစားနေရကြောင်း သိသာသည်။
ချမ်ဝမ်ကွမ်သည် ပြောစရာစကားပင် ပျောက်ဆုံးနေခဲ့သည်။ အချိန်တစ်ခုကြာ ရွက်လွှင့်ပြီးနောက် သူသည် သင်္ဘောအား ရပ်ခိုင်းလိုက်တော့သည်။ မဟုတ်ပါက ပို၍ဒုက္ခပေးမည့် ရင်းနှီးသူ အခြားတစ်ယောက်နှင့် ထပ်တွေ့နိုင်လေသည်။
ကျန်းရီသည် ထိုသို့သော ကိစ္စများကို ခေါင်းထဲ မထားဘဲ သူ့အခန်းထဲတွင် မှော်ကျင့်စဉ်များကိုသာ အေးအေးချမ်းချမ်း လေ့လာနေခဲ့သည်။ သူသည် သုံးခုမြောက်ကြယ် အသွင်ပြောင်းရန်အတွက် လိုအပ်သော အတွင်းအားကိုပင် အချိန်ပေး၍ မကျင့်ကြံခဲ့ပေ။ သူသာ ကျင့်ကြံခြင်း တစ်ခုတည်းကို အားကိုးနေပါလျှင် သုံးခုမြောက်ကြယ် အသွင်ပြောင်းရန်အတွက် ဆယ်စုနှစ်တစ်ခုစာခန့် ကြာသွားနိုင်သည်။ ထို့ကြောင့် ရှားယွိမြို့ထံပြန်၍ ကောင်းကင်ကျောက်တုံးများ သွားယူရဦးမည်ဖြစ်သည်။
သူသည် အခန်းထဲတွင် တစ်နေ့လုံးနေ၍ ကိုယ်ပွားအသင်္ချေ မှော်ကျင့်စဉ်အား ကျင့်ကြံနေခဲ့သည်။ ကျန်းရီသည် ကိုယ်ပွားသုံးခု ထုတ်ဖော်နိုင်ပြီ ဖြစ်သည့်အတွက် အောင်မြင်မှု အနည်းငယ် ရခဲ့သည်ဟု ဆိုနိုင်လေသည်။ သို့သော်လည်း ကိုယ်ပွားများကို သူမထိန်းချုပ်နိုင်သေးပေ။ ချက်ချင်းကြီး တိုးတက်သွားရန် မဖြစ်နိုင်လေရာ ဖြည်းဖြည်းမှန်မှန်ချင်း လေ့လာသွားမှရမည်ဖြစ်ကြောင်း သူနားလည်သည်။
ကောင်းကင်သည် မှောင်ရီပျိုးလာခဲ့ပြီဖြစ်ပြီး အခြားသင်္ဘောများသည်လည်း တိုက်ခိုက်လာကြသော အနက်ရောင်နကျယ်ကောင်များကို သတ်ဖြတ်ပြီးကြလောက်ပြီ ဖြစ်သည်။ ချမ်ဝမ်ကွမ်သည် ယခင်ရပ်နားခဲ့သည့် ကျွန်းထံ ပြန်သွားကြရန် အမိန့်ထုတ်လိုက်သည်။ အနက်ရောင် နကျယ်ကောင်များ ထိုနေရာတွင် ပေါ်လာခြင်းဖြစ်ရာ ၎င်းတို့၏ အသိုက်မှာလည်း အနီးအနားတွင်သာ ရှိလိမ့်မည်။
ဝှစ်...
ထိုခဏတွင် ရှားဖေးယွီ၏ သင်္ဘောပေါ်မှ ပုံရိပ်တစ်ခု ပျံသန်းလာခဲ့သည်။ ထိုသူသည် အော်ပြောလာခဲ့သည်။
"မင်းသမီးရဲ့ အမိန့်အရ...မင်းသမီးယွင်ဖေး၊ သခင်လေးဝမ်ကွမ်၊ သခင်လေးဝူရွှမ်းနဲ့ ချမ်တာ့ရယ်တို့ကို စားသောက်ပွဲတက်ဖို့ ဖိတ်ကြားပါတယ်"
ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့သည် လက်ဖက်ရည်သောက်လျက်ရှိပြီး အစားစားတော့မည့်ဆဲဆဲတွင် ဖြစ်သည်။ ထိုဆင့်ခေါ်မှုကို ကြားသောအခါ သူတို့အားလုံး မျက်နှာပျက်ကုန်ကြသည်။ စားသောက်ပွဲသည် ကောင်းသောဖိတ်ခေါ်ခြင်း မဖြစ်နိုင်။
"ငါမသွားဘူး၊ ငါနေမကောင်းဘူးလို့ ပြောလိုက်"
ယွင်ဖေးသည် ရှားဖေးယွီအား ကြည့်မရခဲ့ပေ။ သူမသည် မှုန်ကုပ်ကုပ်ဖြင့် ထရပ်ကာ သူမအခန်းထံသို့ ပြန်သွားခဲ့သည်။ ကျန့်ဝူရွှမ်းသည်လည်း လက်ခါယမ်း၍ စကားပြောရင်း ယွင်ဖေးနောက် လိုက်သွားခဲ့သည်။
"ယွင်ဖေးမသွားရင် ငါလည်းမသွားဘူး။ ဒီမှာ စားတာက ပိုပြီး သက်တောင့်သက်သာရှိတယ်"
"..."
ချမ်ဝမ်ကွမ်သည် မျက်လုံးလှန်လိုက်မိသည်။ ယနေ့နံနက်ခင်းတွင်မှ သူအလွန်အားနည်းသွားသယောင် ဆောင်ခဲ့သည်။ စားသောက်ပွဲကို သူသွားတက်ပါလျှင် ရှားဖေးယွီ သတိထားမိသွားမည်မှာ သေချာပေါက်ပင်။ မင်းသမီးတစ်ပါးက ဖိတ်ကြားခြင်းကို မည်သူမှ သွားမတက်ရောက်လျှင် အရှက်ခွဲလိုက်ခြင်းနှင့် အတူတူပင်။ ရှားဖေးယွီ မည်သို့ တွေးမည်နည်း။
ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် သူတို့၏ အခန်းများထံ ဝင်သွားကြပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့ဘဲ ကျန်းရီ၏ အခန်းထံ သွားရတော့သည်။ သူသည် တံခါးခေါက်ကာ ပြောလိုက်သည်။
"အစ်ကိုကြီး...ရှားဖေးယွီက စားသောက်ပွဲတစ်ခု စီစဉ်ထားပြီး မင်းကို ဖိတ်လိုက်တယ်။ ဘာလို့မသွား..."
"မသွားဘူး"
ထင်ထားသည့်အတိုင်းပင် ကျန်းရီ၏ တည်တင်းနေသော လေသံထွက်ပေါ်လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် ပြောလိုက်သည်။
"အစ်ကိုကြီး...မင်းက အခု ချမ်ဂိုဏ်းရဲ့ အစေခံတစ်ယောက်နော်၊ မင်းသမီးက ဖိတ်တာကို မင်းမသွားရင် ဖြေရှင်းရခက်လိမ့်မယ် မဟုတ်လား"
"မင်းဟာမင်း ရှင်းလိုက်"
ကျန်းရီသည် တည်ငြိမ်စွာ ပြန်ပြောဆဲပင်။ ဤတစ်ကြိမ်တွင် သူသည် အခန်းတံခါးအား ဆွဲဖွင့်ကာ ချမ်ဝမ်ကွမ်ထံ ပျင်းရိစွာ ကြည့်လာခဲ့သည်။
"ရှားဖေးယွီက အတော်လေးကြည့်ကောင်းတယ်။ သူမ အထီးကျန်နေမှာပဲ။ စားသောက်ပွဲကို မင်းတစ်ယောက်တည်းသွားတက်ရင် မင်း သူမကို နမ်းဖို့ အခွင့်အရေးတောင် ရလာနိုင်သေးတယ်"
ငါ့ဖင်ကြီးပဲ သူမကိုနမ်း...
ချမ်ဝမ်ကွမ်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။
"အစ်ကိုကြီး...မနက်က ငါအားနည်းပြီး သေလုမျောပါး ဖြစ်သွားခဲ့တာလေ။ တစ်ရက်တည်းနဲ့ ငါပြန်ကောင်းသွားမယ်လို့ ဘယ်သူကယုံမှာလဲ။ ယွင်ဖေးနဲ့ အစ်ကိုဝူရွှမ်းကို မင်းသွားပြီး နားချကြည့်ပါလား။ သူတို့ကို သွားခိုင်းလိုက်၊ ဘယ်သူမှ မသွားရင် ရှားဖေးယွီ အရှက်ကွဲလိမ့်မယ်။ ပြီးတော့ မင်းက အခု ချမ်ဂိုဏ်းရဲ့ အစေခံလေ၊ အစေခံတစ်ယောက်က မင်းသမီးရဲ့ အမိန့်တော်ကို ဘယ်လိုလုပ်ပြီး ဖီဆန်ရဲတာလဲ။ အစ်ကိုကြီး...မင်းက ငါ့အတွက် ခက်ခဲအောင် လုပ်နေတာပဲ"
"ဟူး..."
ကျန်းရီသည် ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။
"ကောင်းပြီ...ငါသွားပြီး ရှားဖေးယွီ ဘာကြံနေလဲဆိုတာ ကြည့်လိုက်မယ်"
စကားဆုံးသည်နှင့် ကျန်းရီသည် လှည့်ထွက်လိုက်သည်။ ချမ်ဝမ်ကွမ်သည် သူ့အား နောက်မှ အလျင်အမြန် ဆွဲလာခဲ့သည်။
"အစ်ကိုကြီး...မင်းဒီလိုပုံနဲ့ စားသောက်ပွဲ သွားတက်မလို့လား။ သပ်သပ်ရပ်ရပ်လေး ဝတ်သွားသင့်တယ် မဟုတ်လား"
"ငါ့ဖင်ကြီးပဲ သပ်သပ်ရပ်ရပ်ဝတ်"
ကျန်းရီသည် နှာမှုတ်လိုက်ပြီး တိုက်ခိုက်ရေး ဝတ်စုံတစ်ခုကို ဝတ်ဆင်၍ ထွက်လာခဲ့သည်။ ရှားဖေးယွီ၏ သင်္ဘောပေါ်သို့ သူရောက်သွားသောအခါ အစေခံလေးတစ်ဦးသည် သူ့အား သင်္ဘောခန်းငယ်တစ်ခုအတွင်း ခေါ်ဆောင်သွားခဲ့သည်။
ရှားဖေးယွီသည် လှပစွာ ဝတ်စားထားခဲ့သည်။ သူမ၏ ဝတ်စုံရင်ဘတ်သည် အတော်ဟိုက်လေရာ နက်ရှိုင်းသော မျဉ်းကြောင်းလေးတစ်ခုကို အတိုင်းသား မြင်နိုင်လေသည်။ သူမသည် ဆံထုံးအား မြင့်မြင့်ထုံးထားပြီး ဆံစရှည်နှစ်ခုမှာ နားထင်နှစ်ဖက်မှ ကျဆင်းနေသည်။ သူမ၏ ဦးခေါင်းထက်မှ ရွှေဆံထိုးသည်လည်း ထင်ရှားစွာ တောက်ပနေခဲ့သည်။
သူမသည် တစ်ဦးတည်း ရောက်လာသည့် ကျန်းရီအား မြင်သောအခါ အံ့အားသင့်သွားပုံ မပေါ်ဘဲ ခပ်ရေးရေးသာ ပြုံးလိုက်သည်။ ထိုအပြုံးမှာ သူမအား ပို၍ရင်သပ်ရှုမောဖွယ် ဖြစ်သွားစေသည်။
"မင်းသမီးကို နှုတ်ဆက်ပါတယ်"
ကျန်းရီသည် အသာဦးညွှတ်ရုံသာ ဦးညွှတ်လိုက်ပြီး ဒူးမထောက်ခဲ့ပေ။
"ကျွန်တော့်ရဲ့ ခေါင်းဆောင်ငယ်က အားနည်းနေတုန်းပါပဲ။ မင်းသမီးယွင်ဖေးက မနေ့ညက ကိစ္စကြောင့် ကြောက်လန့်သွားလို့ သခင်လေးဝူရွှမ်းက သူမကို အဖော်ပြုပေးနေရတယ်။ ကျွန်တော်က မင်းသမီးကို တောင်းပန်ဖို့ လာခဲ့တာပါ"
"အိုး...ဒီမင်းသမီးက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသွားတာပဲ"
ရှားဖေးယွီသည် အသာပြုံးလိုက်ပြီး ကျန်းရီ၏ ကျင့်ဝတ်ထုံးတမ်း ကင်းမဲ့ပုံကို လျစ်လျုရှုထားခဲ့သည်။ သူမသည် အစေခံများအားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ကျန်းရီအား လက်ဟန်ပြရင်း ပြောလာခဲ့သည်။
"ချမ်တာ့ရယ်...ထိုင်ပါဦး၊ သူတို့မလာမှတော့ ငါတို့ပဲ စားကြတာပေါ့"
"ဒါက..."
ကျန်းရီသည် အကြပ်ရိုက်သွားဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။
"ဒီအစေခံက နိမ့်ကျပါတယ်။ ကျွန်တော်က ဘယ်လိုလုပ်ပြီး မင်းသမီးနဲ့အတူ ထိုင်ရဲမှာလဲ။ ဒီအစေခံ ပြန်လိုက်တာက ပိုသင့်တော်ပါလိမ့်မယ်။ မင်းသမီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
"ထိုင်..."
ရှားဖေးယွီသည် ဒေါသထွက်သွားဟန် မပြသော်လည်း သူမ၏ တော်ဝင်မျိုးနွယ် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
"ဒီမင်းသမီးက ထိုင်ခိုင်းရင် မင်း ထိုင်လိုက်သင့်တယ်။ ဘာလဲ။ ငါ့အမိန့်ကို ဆန့်ကျင်ချင်လို့လား"
သေစမ်း...
ကျန်းရီသည် အံကြိတ်၍ ခန်းမငယ်အတွင်းရှိ သစ်သားထိုင်ခုံတစ်ခုထက်တွင် ထိုင်ချလိုက်ရသည်။ သူသည် စားပွဲပေါ်မှ စားသောက်ဖွယ်ရာများကိုကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိသည်။
ရှားဖေးယွီသည် မျက်နှာထက်မှ အပြုံးအား ပြန်ဆင်မြန်းလိုက်ပြီး ကျန်းရီ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် တောက်ပနေခဲ့ပြီး စိတ်ပါလက်ပါ ပြောလာခဲ့သည်။
"ချမ်တာ့ရယ်...သူရဲကောင်းတစ်ယောက်ကို သူ့ရဲ့ဇာတ်မြစ်နဲ့ တန်ဖိုးဖြတ်လို့ မရဘူးလို့ ဒီမင်းသမီးတွေးတယ်။ မင်းက အားကောင်းပြီး ရှန်ဝူနိုင်ငံရဲ့ ပုန်းကွယ်နေတဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ပဲ။ ပြန်ရောက်ရင် ဒီမင်းသမီးက ခမည်းတော်ကို လျှောက်တင်ပြီး ရှင့်ကို စစ်သူကြီးရာထူး ချီးမြှင့်ပေးမယ်"
လာပြန်တာပဲ...
ကျန်းရီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ရှားဖေးယွီသည် လင်းယွဲ့နှင့် အကြံတူသော်လည်း ပို၍ ယုံချင်စဖွယ်ကောင်းအောင် ပြောနိုင်လေသည်။ သူမသည် အဆင့်အတန်းအားဖြင့် ချမ်ဝမ်ကွမ်ထက်မြင့်ရာ သူ၏ အကြီးအကဲဆိုလျှင်လည်း မမှားပေ။ ကျန်းရီသည် သူ့သရုပ်မှန်ကို မဖော်ချင်သေးရာ ရွေးချယ်စရာမရှိဘဲ သူမကို ရိုရိုကျိုးကျိုး ဆက်ဆံ၍ အဖော်ပြုပေးနေရလေသည်။
သူ၏ မျက်ဝန်းများသည် နှာဗူးအကြည့်များအား ချက်ချင်းထုတ်ဖော်လိုက်ပြီး ရှားဖေးယွီ၏ ရင်ဘတ်သို့ကြည့်ကာ ပြုံးလိုက်သည်။
"မင်းသမီးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ငယ်ငယ်ထဲက အရိုင်းအစိုင်းတစ်ယောက်ပါ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာကြောင့် ကျွန်တော်အရာရှိ မလုပ်ချင်ပါဘူး။ ဟီးဟီး...အာဏာရှိရမှာထက်စာရင် တာ့ရယ်က မိန်းမလှလေးတွေကို ပိုသဘောကျပါတယ်"
"ချမ်တာ့ရယ်...မင်းက တော်တော် ရာဂစိတ်ပြင်းတာပဲ"
ရှားဖေးယွီသည် ဉာဏ်များလျှင်တောင် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်ပေ။ သူမ၏ မျက်လုံးများသည် ဒေါသကြောင့် စူးလက်သွားခဲ့သည်။ ထို့နောက် သူမသည် အပြုံးတုတစ်ခုကို ဖန်တီးရင်း ပြောလာခဲ့သည်။
"ဒါက ပုံမှန်ရက်တစ်ရက်ဆိုရင် မင်းကို မရိုမသေလုပ်မှုကြောင့် ငါအပြစ်ပေးပြီးနေပြီ။ ဒါပေမယ့် ဒီမင်းသမီးက ဒီနေ့စိတ်ကောင်းဝင်နေတာမို့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။ ချမ်တာ့ရယ်...မင်းနိုင်ငံတော်ကို ကောင်းကောင်းအမှုထမ်းသရွေ့ မိန်းမလှလေးတွေ မရမှာကို စိတ်ပူစရာ မလိုဘူး။ ငါပြန်ရောက်ရင် ခမည်းတော်ကို မင်းဆီ လှပတဲ့ ကိုယ်လုပ်တော်တွေ ချီးမြှင့်ခိုင်းပေးမယ်"
"ဟီးဟီး...ဒါဆိုရင် အကောင်းဆုံးပါပဲ"
ကျန်းရီသည် ဝက်လက်တစ်ချောင်းကို လက်ဖြင့်ကောက်ကိုင်လိုက်ပြီး ဝါးလိုက်သည်။ ထို့နောက် သူသည် ရှားဖေးယွီ၏ ရင်ဘတ်အား နောက်တစ်ကြိမ် အသေအချာ ကြည့်လိုက်ပြီး သိသိသာသာ တံတွေးမျိုချကာ ပြောလိုက်သည်။
"သူတို့က မင်းသမီးလောက်လှရင် ပိုပြီးတော့ ကောင်းမှာပါ...ဟီးဟီး"
ဒီလူက ကျန်းရီ ဟုတ်နိုင်လား...
ရှားဖေးယွီသည် အလွန်သံသယဖြစ်နေခဲ့သည်။ ကျန်းရီတွင် မည်သို့များ ဤသို့နှာဗူးအကြည့်များ ရှိနိုင်ပါမည်နည်း။
သူ ကျန်းရီ မဟုတ်လျှင် ယနေ့နံနက်မှ ကိစ္စကို မည်သို့ရှင်းပြမည်နည်း။ ချမ်ဝမ်ကွမ်တွင် အနှီထူးထူးဆန်းဆန်းစွမ်းရည် အမှန်တကယ် ရှိနေသည်လော။
မဖြစ်နိုင်ပေ။ ချမ်ဂိုဏ်းသားသည် ကျင့်ကြံရခြင်းကို မကြိုက်ကြပေ။ ချမ်ဝမ်ကွမ်၏အင်အားမှာလည်း အလွန်နိမ့်ကျလှသည်။ တစ်စုံတစ်ယောက်က သူ့အား အစွမ်းထက်ကျင့်စဉ်တစ်ခု ပေးလာလျှင်တောင် သူသင်ယူနိုင်မည်မဟုတ်။
ရှားဖေးယွီသည် အတွေးထဲတွင် နစ်မျောနေခဲ့သည်။ ချမ်တာ့ရယ်သည် ကျန်းရီနှင့် ဆင်တူနေသည့်အပြင် သတ်ဖြတ်ခြင်းအင်အားမှာလည်း သံသယဝင်စရာအချက်ဖြစ်သည်။ သူ၏ နှာဗူးအကြည့်များသည် သရုပ်ဆောင်ထားခြင်းပေလော။
ရှားဖေးယွီသည် ဆတ်ခနဲ ဖြစ်သွားခဲ့ပြီး ပို၍ပင် အသက်ရှူမှားလောက်ဖွယ် အပြုံးကို ဆင်မြန်းလိုက်သည်။ သူမရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။ ချမ်တာ့ရယ် ကျန်းရီဟုတ်မဟုတ် သက်သေပြရန်မှာ အလွန်လွယ်ကူလှသည်။
***