← Chapters

အနက်ရောင် နကျယ်ကောင်များ၏ အသိုက်

Vol. 1 Ch. 421

အနက်ရောင် နကျယ်ကောင်များ၏ အသိုက်

Vol. 1 Ch. 421

သက်သေပြရန် နည်းလမ်းမှာ ကျန်းရီသည် သူမနှင့် မအိပ်ရဲသော်လည်း ချမ်တာ့ရယ်မှာ အိပ်ရဲလိမ့်မည်။

ရှားဂိုဏ်းသည် ကျန်းရီ၏ ရန်သူဖြစ်သည်။ ကျန်းရီမှာ သစ္စာကြီးသော လူကောင်းတစ်ယောက်ဖြစ်မှန်း ရှားဖေးယွီ သိသည်။ ကျန်းရီသည် မိန်းကလေးတစ်ယောက်နှင့် ပတ်သက်ပြီးလျှင် တာဝန်ယူမည့်လူစားဖြစ်သည်။ ကျန်းရီနှင့်ရှားဂိုဏ်းသည် ရန်သူဖြစ်ရာ ကျန်းရီသည် သူမနှင့် ဘယ်သောအခါမှ အိပ်မည်မဟုတ်။

ချမ်တာ့ရယ်သည် ကျန်းရီမဟုတ်ပါက သူမ ကိုယ့်ကိုယ်ကို နှိမ့်ချလိုက်သည်နှင့် ဆွဲဆောင်မှုဒဏ်ကို ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်။ သူ သူမနှင့် အိပ်တော့မည်ဆိုပါက လူခေါ်၍ သူ့အားတားဆီးလိုက်မည်။ ထို့နောက် သူ့အား ပြစ်မှုကျူးလွန်းကြောင်း စွပ်စွဲမည်။ ဤနည်းဖြင့် ချမ်တာ့ရယ်သည် သူမအပေါ် သစ္စာရှိလာလိမ့်မည်။ ထိုနည်းလမ်းမှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်သည်။

ရှားဖေးယွီသည် လျှို့ဝှက်စွာ ပြုံးလိုက်ပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် စားသောက်ခြင်းကိုသာ အာရုံစိုက်ထားသော်လည်း အနည်းငယ်သာ စားနိုင်လေသည်။ သူမသည် ကျန်းရီ၏ ရာဂလွှမ်းသော အကြည့်တို့ကြောင့် ခံတွင်းပျက်သွားခဲ့ခြင်းဖြစ်သည်။ သူသည် သူမအား ဝါးစားတော့မတတ် တစ်ချိန်လုံး လိုက်ကြည့်နေခဲ့သည်။ သူမသည် သူ့ရှေ့တွင် အဝတ်မပါဘဲ ထိုင်နေမိသည့်အလားပင် ခံစားလာရသည်။

ရှားဖေးယွီသည် ကျန်းရီ စားပြီးသည်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် သူမသည် ကျက်သရေရှိရှိ ထရပ်လိုက်ပြီး လည်ပြန်လှည့်ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။

"ချမ်တာ့ရယ်...အထဲကို လိုက်လာခဲ့၊ ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်"

ငါ့ကို မြှူဆွယ်တော့မလို့လား...

ကျန်းရီသည် စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ သူသည် ယခင်အကြိမ်တည်းက လုံလောက်နေပြီဖြစ်၍ သူမနှင့်အတူ လိုက်ပါကစားပေးချင်စိတ် မရှိပေ။ သူသည် လက်နှစ်ဖက်ကိုဆုပ်၍ ရိုရိုကျိုးကျိုး ပြောလိုက်သည်။

"မင်းသမီးမှာ ပြောစရာတစ်ခုခုရှိရင် ကျေးဇူးပြုပြီး ဒီမှာပြောပါ။ ကျွန်တော် အထဲကို လိုက်ဝင်ရင် တော်တော်လေး အရိုအသေမဲ့ရာ ကျသွားမှာပါ"

"ဟက်....အခုတော့ မရိုမသေလုပ်တယ်ဆိုတာကို နားလည်သွားပြီလား"

ရှားဖေးယွီ၏ မျက်ဝန်းများသည် ပိုးမျှင်များနှယ် သားကောင်အား ရစ်ပတ်ပစ်ရန် ရည်ရွယ်ထားကြသည်။ သူမသည် ကျန်းရီအား ကြည့်ကာ ပြောလာခဲ့သည်။

"ငါမင်းကို ဝင်လာခိုင်းရင် ဝင်လာလိုက်လေ။ ဒါက အမိန့်ပဲ။ မင်းက ငါ့ကို အာခံတော့မလို့လား"

ကျန်းရီသည် ဆွံ့အသွားခဲ့ရသည်။ ဤမင်းသမီးသည် လှည့်စားတမ်း ကစားရသည်ကို စွဲလမ်းနေသည်လော။

သူသည် သူမနှင်အတူ အချိန်ဖြုန်းနေချင်စိတ် မရှိတော့ပေ။ သူသည် ချက်ချင်း လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး မင်းသမီး၊ ခေါင်းဆောင်ငယ်က ကျွန်တော် မင်းသမီးရဲ့ အခန်းထဲကို ဝင်ရင် ကျွန်တော့်ခြေထောက်တွေကို ချိုးပစ်မယ်လို့ ရာဇသံပေးထားပါတယ်။ ဒါကြောင့် မင်းသမီး ဘာပဲလုပ်ချင်ချင် ပြောချင်ချင် ဒီမှာပဲပြောပြီး ဒီမှာပဲ လုပ်ပါ"

ယခုအကြိမ်တွင် ဆွံ့အသွားရသူမှာ ရှားဖေးယွီဖြစ်သည်။ ချမ်တာ့ရယ်သည် သူမ သူ့အား မြှူဆွယ်တော့မည်ဟု သံသယ ဝင်နေခြင်းပေလော၊ ချမ်ဝမ်ကွမ်မှ ချမ်တာ့ရယ် သူမနှင့် ပူးပေါင်းသွားမည်အား စိုးရိမ်နေခြင်းပေလော သူမ မသိတော့ပေ။ သူမသည် စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောလိုက်သည်။

"ငါဘယ်သူ့ကိုမှ မပြောဘူး၊ မင်းလည်း မပြောနဲ့။ ဒါဆို ဒီကိစ္စကို ချမ်ဝမ်ကွမ် ဘယ်လိုလုပ်ပြီး သိမှာလဲ"

ကျန်းရီသည် ပြုံးရင်း ပြောလိုက်သည်။

"မင်းသမီးက ကျွန်တော်နဲ့ အဲ့ဒါလုပ်ချင်လို့လား။ ဒီနေ့တော့ ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော် ဒီကို မလာခင် ခေါင်းဆောင်ငယ်က ဒီလိုဖြစ်လာမှာစိုးလို့ဆိုပြီး ကျွန်တော့်ရဲ့ အတွင်းခံမှာ သော့ခတ်ထားပါတယ်။ နောက်တစ်နေ့မှ ဆိုရင်ရော...မင်းသမီး ကျွန်တော့်ကို မယုံရင် ကျွန်တော်ပြပါ့မယ် "

ကျန်းရီသည် ပြောရင်းဖြင့် ခါးစည်းကြိုးကို ဖြေကာ အပေါ်ဝတ်ရုံရှည်ကို ချွတ်လိုက်သည်။ ထို့နောက် ခါးကိုင်း၍ ဘောင်းဘီရှည်ကို ချွတ်ချရန် ပြင်လိုက်သည်။ ရှားဖေးယွီသည် ထိတ်လန့်သွား၍ ချက်ချင်းမျက်နှာလွှဲလိုက်သည်။ သူမသည် ဒေါသကို ဆက်လက်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"ချမ်တာ့ရယ်...ရဲတင်းလိုက်တာ၊ ဒီမင်းသမီးကို ကာအိန္ဒြေပျက်ပြားအောင် ပြုမူရဲတယ်ပေါ့။ လာကြစမ်း...ဒီရွံစရာအကောင်ကို လာသတ်ကြ"

ဝှစ်...ဝှစ်...

အပြင်မှ သက်တော်စောင့်များသည် ချက်ချင်းပြေးဝင်လာကြသည်။ သူတို့၏ လက်နက်များတွင် အတွင်းအား အရှိန်အဝါများ ထွက်ပေါ်နေကြပြီး ကျန်းရီအား သတ်ပစ်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

ကျန်းရီသည် သွားများပေါ်သည်အထိ ပြုံးလိုက်သည်။ သူသည် တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း အနှီမင်းသမီးနှင့် ငြိစွန်းသွားမည်ကို ကြောက်လေသည်။ သူသည် အော်သံအချို့ ပြုလုပ်လိုက်မည်နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဘယ်လို...မင်းသမီးက ကျွန်တော့်ကို သေစေချင်တာလား။ ကျွန်တော်တို့ ချမ်ဂိုဏ်းရဲ့ ခွင့်ပြုချက်တော့ အရင်တောင်းသင့်တယ်မဟုတ်လား"

ဝူး...ဝူး...

ချက်ချင်းပင် ချမ်ဂိုဏ်း၏ သင်္ဘောပေါ်မှ အော်သံများ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး လူများစွာ ပြေးထွက်လာကြသည်။ တစ်ယောက်သည် အဝေးကပင် အော်ဟစ်လာခဲ့သည်။

"တာ့ရယ်...ဘာဖြစ်တာလဲ"

ရှားဂိုဏ်းမှ လူများသည် မလှုပ်ရှားရဲကြတော့ပေ။ ချမ်ဂိုဏ်း၊ ကျန့်ဂိုဏ်းနှင့် ယွင်ဂိုဏ်းမှ လူများသည် သူတို့ထက် အဆပေါင်းများစွာ များပြားသည်။ ချမ်ဝမ်ကွမ်တို့ လူစုမှ ပုန်ကန်ပါက သူတို့အားလုံး သေရပေလိမ့်မည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ချမ်တာ့ရယ်...မင်းက တော်တော် သတ္တိရှိတာပဲ၊ တော်တော်သတ္တိရှိတယ်"

ရှားဖေးယွီသည် သူ့အား စိုက်ကြည့်ရင်း အံကြိတ်၍ ပြောလာခဲ့သည်။

"မင်းဆက်ပြီး သတ္တိရှိနေပါစေလို့ ငါဆုတောင်းတယ်"

"မှားနေပါပြီ"

ကျန်းရီသည် မျက်နှာငယ်ငယ်နှင့် ပြန်ပြောလိုက်သည်။

"မင်းသမီး ကျွန်တော့်ကို အထင်လွဲနေတာပါ။ မင်းသမီးကို ကျွန်တော် တော်တော်သဘောကျတာပါ။ ကျွန်တော်က ကျေးလက်ဒေသမှာ မွေးခဲ့တာမို့ ထုံးတမ်းစဉ်လာတွေကို မသိပါဘူး။ တာ့ရယ်ရဲ့ အပြုအမူက ရိုင်းစိုင်းကောင်း ရိုင်းစိုင်းသွားနိုင်ပေမယ့် မင်းသမီးအပေါ်ထားတဲ့ အချစ်က စစ်မှန်ပါတယ်"

ရှားဖေးယွီသည် ထိုစကားများကို မကြားခင်က အဆင်ပြေနေသေးသည်။ ယခု သူ၏ ဖွင့်ဟမှုကို နားထောင်ပြီးသောအခါတွင် သူမသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်လာခဲ့သည်။ သူမသည် ကျန်းရီအား လက်ညှိုးထိုးရင်း ဒေါသတကြီး အော်ပြောလာလေ၏။

"ထွက်သွား...အခုသွားတော့"

"နားလည်ပါပြီ"

ကျန်းရီသည် ပုခုံးတွန့်ရင်း လှည့်ထွက်လာခဲ့သည်။ သူသည် အပြင်ရောက်၍ ဂိုဏ်းသုံးခုမှ လူများကို မြင်သောအခါ ပြုံး၍ပြောလိုက်သည်။

"အကုန်အဆင်ပြေတယ်။ မင်းသမီးက ချမ်ဂိုဏ်းရဲ့ အရေးပေါ် အချက်ပေးသံကို နားထောင်ချင်တယ်ဆိုလို့ ငါအော်ပြနေတာ"

ဂိုဏ်းသုံးဂိုဏ်းမှ လူများသည် ဘာဖြစ်ခဲ့သည်ကို မသိသော်လည်း ရှားဖေးယွီ၏ ဒေါသတကြီး အော်သံကို ကြားလိုက်ကြရာ ကျန်းရီ၏ လက်ချက်ဖြစ်မှန်း သိလိုက်ကြသည်။ သူသည် တစ်ခုခုကို မထီမဲ့မြင် ပြုခဲ့ပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးသည် ကျန်းရီနှင့်အတူ ရွှင်မြူးစွာ ပြန်လာခဲ့ကြသည်။ မသိပါလျှင် အောင်ပွဲကြီးတစ်ခု ရလာ၍ သူတို့စိတ်လှုပ်ရှားနေကြသည့်အလား။

ကျန်းရီ ပြန်ရောက်သွားသောအခါတွင် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်း မေးခွန်းထုတ်မှုကို ရှောင်လွှဲ၍ မရတော့ပေ။ ကျန်းရီသည် ချမ်ဝမ်ကွမ်၏ နားပူနားဆာလုပ်မှုအား သည်းမခံနိုင်တော့သည့်အဆုံးတွင် ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်ရတော့သည်။ ချမ်ဝမ်ကွမ်တို့နှစ်ယောက်သည် လုံးဝဆွံ့အနေခဲ့ကြသည်။ ကျန်းရီတစ်ဦးတည်းသာလျှင် အလိုလိုက်ခံ မင်းသမီးတစ်ပါးကို ထိုသို့ပြုမူရဲခြင်း ဖြစ်လိမ့်မည်။

နှစ်ယောက်သား၏ လွန်လွန်ကဲကဲ အမူအရာများကိုမြင်သော် ကျန်းရီသည် နှာခေါင်းအသာကုတ်၍ သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။ သူတို့သည် ဤသို့သော အသေးအဖွဲ ကိစ္စလေးကိုပင် မှင်တက်နေကြသည်။ လင်းယွဲ့ကို သူမည်သို့ နောက်ပြောင်ခဲ့ကြောင်း ပြောပြမိလျှင် ထိုနှစ်ယောက်မှာ လန့်လွန်း၍ သေသွားကြလေမည်လော။

***

သင်္ဘောသည် ဆက်လက်၍ ရွက်လွင့်နေဆဲဖြစ်သည်။ အံ့အားသင့်စရာကောင်းစွာပင် ရှားဖေးယွီသည် ခွဲထွက်မသွားဘဲ ချမ်ဝမ်ကွမ်တို့အနောက်မှ လိုက်ပါနေဆဲဖြစ်သည်။ နှစ်နာရီခန့် ရွက်လွင့်ပြီးနောက်တွင် ကျွန်း၏ အနီးတစ်နေရာဆီသို့ သူတို့ ရောက်ရှိသွားခဲ့သည်။

ကျွန်းသို့ အခြားဂိုဏ်းနှစ်ခု၏ သင်္ဘောများ ပြန်ရောက်နေကြပြီဖြစ်သည်။ သို့သော်လည်း သင်္ဘောအပြင်ဘက်ရှိ အစောင့်များမှာ မျက်လုံးများ ရဲရဲနီနေခဲ့သည်။ သူတို့သည် တစ်ရက်နှင့်တစ်ည မရပ်မနား တိုက်ခိုက်ခဲ့ကြရမှန်း သိသာလှသည်။

ထိုသူများသည် သူတို့ဂိုဏ်းသုံးခုမှလူများ အားအင်အပြည့်ဖြင့် ရွှင်ရွှင်လန်းလန်း ရှိနေကြဆဲဖြစ်ကြောင်း မြင်သည့်အခါ မနာလိုဖြစ်မိကြသည်။ နောက်ကျနေပြီဖြစ်သော်လည်း သင်္ဘောစုကြီးမှာ အနက်ရောင်နကျယ်ကောင် အသိုက်ကို ရှာမတွေ့နိုင်သေးပေ။ ကျန်းရီသည် သူတို့အား ကျွန်းအနီးတွင် တစ်ညအနားယူရန်နှင့် နောက်တစ်နေ့မှ အနက်ရောင်နကျယ်ကောင်များ၏ အသိုက်ကို ရှာဖွေကြရန် အမိန့်ပေးလိုက်သည်။

ညလယ်ခန့်တွင် သင်္ဘောများ တစ်စီးပြီးတစ်စီး ရောက်လာကြသည်။ သူတို့အားလုံးသည် ညည်းတွားနေကြသည်။ ဂိုဏ်းအများစုသည်လည်း လူအချို့ ဆုံးရှုံးခဲ့ရသည်။ သခင်လေး၊ သခင်မလေးများသည် မိုးသောက်ချိန်တွင် လူစုကြသည်။ သူတို့မှာ ခြေကုန်လက်ပမ်းကျနေကြပြီဖြစ်သည်။ သူတို့နှင့်အတူ အနက်ရောင်နကျယ်ကောင်များကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဟင်းချက်ဖို့ မီးမွှေးကြ...စားပြီးတာနဲ့ အနက်ရောင်နကျယ်ကောင်တွေရဲ့ အသိုက်ကိုရှာဖို့ သွားကြမယ်"

ကျန်းရီအမိန့်ပေးပြီးနောက် ချမ်ဝမ်ကွမ်သည် သူ့လူများကို ခပ်သွက်သွက် လုပ်ကြရန် လောဆော်လိုက်သည်။ ကောင်းကောင်းစားသောက်ပြီးနောက် သူတို့လူစုသည် ကျန်လူများကိုပင် အသိမပေးဘဲ ထွက်ခွာလာကြသည်။ ညဘက် ပြန်ရောက်လာကြသော သခင်လေး၊ သခင်မလေးတို့သည်လည်း သူတို့လူများကို စတင်ရှာဖွေခိုင်းခဲ့သည်။ လောလောလတ်လတ် ပြန်ရောက်လာကြသူတို့သည် စိတ်ထဲမှ ကျိန်ဆဲမိကုန်ကြသည်။ လူတိုင်းသည် စတင်ရှာဖွေနေကြပြီဖြစ်ရာ သူတို့ မလှုပ်ရှားပါက လက်ဗလာဖြင့် အိမ်ပြန်ကြရမည်ဖြစ်သည်။

ဂိုဏ်းအားလုံးသည် ရှာဖွေခြင်းကို စတင်လိုက်ကြသည်။ သူတို့သည် ကျွန်းကိုဗဟိုပြု၍ ဘေးပတ်ဝန်းကျင်အား ရှာဖွေကြခြင်းဖြစ်သည်။ မွန်းတည့်ချိန်တွင် ကျင်းရှန်နိုင်ငံမှ သင်္ဘောစုများသည် အနက်ရောင် နကျယ်ကောင်များ၏ အသိုက်ကို အရင်ဆုံး ရှာတွေ့သွားကြသည်။

အသိုက်အား ရှာတွေ့သော်လည်း ကျင်းရှန်နိုင်ငံမှ လူများသည် ရှေ့တိုးမသွားရဲကြပေ။ အဘယ့်ကြောင့်ဆိုသော် အသိုက်သည် ကြယ်တံခွန်ကျွန်းထက် နှစ်ဆခန့်ရှိသော ကျွန်းကြီးပေါ်တွင် ရှိနေသောကြောင့်ဖြစ်သည်။ အနက်ရောင် နကျယ်ကောင် အုပ်ကြီးသည် ကျွန်းပေါ်တွင် လှုပ်ရှားသွားလာနေကြသည်။ ထိုကျွန်းသည် အလွန်အန္တရာယ်များကြောင်း ပြောနေစရာမလိုဘဲ သိနိုင်လေ၏။

"အစ်ကိုကြီး...အခုဘာလုပ်ကြမလဲ။ ကျွန်တော်တို့ အသာစီးရအောင် ကျွန်းကိုပတ်ပြီး အနောက်ဘက်ကနေ ဝင်ရင်ရော"

ချမ်ဝမ်ကွမ်သည် ကုန်းပတ်ပေါ်တွင် ရပ်နေခဲ့သည်။ သူ့မျက်လုံးများတွင် လောဘရိပ်များ ရှိနေလေ၏။ ကျန်းရီရောက်နေသော်လည်း အကျိုးအမြတ်အများဆုံး ရမည့်သူမှာ ချမ်ဝမ်ကွမ်ဖြစ်သည်။ လူတိုင်းသည်လည်း ဝေစုအနည်းငယ်စီ ရကြလိမ့်မည်။ ကျွန်းသည် အလွန်ကြီးမားလွန်းရာ ရှားပါးဆေးပင်များ၊ မှော်ဝင်ဆေးပင်များလည်း ရှိနိုင်သေးသည်။

"မလှုပ်ရှားကြနဲ့၊ ချက်ချင်းပြန်ဆုတ်ကြ...ငါတို့ တစ်ရက်အတွင်း ပြန်လာကြမယ်"

ကျန်းရီသည် လေးလံနေသော လေသံဖြင့်ပြောလိုက်သည်။ သူ့ဘေးမှလူများ ပဟေဠိ ဖြစ်သွားကြသည်ကိုမြင်သော် သူသည် မနီးမဝေးမှ ကျွန်းထံလှမ်းကြည့်ကာ ရှင်းပြလိုက်သည်။

"အဲ့ဒီကျွန်းက တော်တော်အန္တရာယ်များတယ်လို့ ငါခံစားနေရတယ်။ အဲ့ဒီမှာ နတ်ဆိုးသားရဲဘုရင်တွေ ဒါမှမဟုတ် တခြားအင်အားကြီး သတ္တဝါတွေ ရှိနေနိုင်တယ်။ တစ်ချက်မှားသွားတာနဲ့ ငါတို့ ဒီမှာ တစ်သက်လုံးနေသွားရနိုင်တယ်"

***

All Chapters