မေ့မြောနေခြင်း
Vol. 172 Ch. 2459
အာရုံခြောက်ပါးကောင်းကင်မှ တိုက်ပွဲပြီးဆုံးသွားပြီးနောက် ကျန်းချန်ဘုံကျောင်းမှ ထိပ်သီးကျင့်ကြံသူအာလုံးနီးပါးသည် သေသူကသေ၊ ဒဏ်ရာရသူကရခဲ့သည်။ အချိန်တစ်ခုအထိ မည်သူမှ ရီဖူရှင်းနောက်သို့ ဆက်မလိုက်နိုင်ကြပေ။
ယခင်က ကျန်းချန်ဘုံကျောင်းသည် ရီဖူရှင်းကိုလိုက်ဖမ်းခဲ့ခြင်းမှာ မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာနှင့် သူပိုင်ဆိုင်ထားသောအရာများကြောင့် ဖြစ်သည်။
သို့သော် ထိုတိုက်ပွဲအပြီးတွင် လူအားလုံးသည် ရီဖူရှင်း၏ဆုံးဖြတ်ချက်ပြတ်သားမှုကို မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ နတ်ခန္ဓာသည် ၎င်းကိုယ်၎င်း ဖျက်ဆီးသွားကာ ပေါက်ကွဲသွားပြီး အဆုံးမဲ့ လမ်းစဉ်ဖျက်ဆီးလောကနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နတ်ခန္ဓာ မရှိတော့ပေ။
ထို့ပြင် ရီဖူရှင်းအမွေဆက်ခံရရှိထားသော မဟာအင်ပါယာများ၏အမွေအနှစ်များအတွက် ရီဖူရှင်းနောက်သို့ဆက်လိုက်လျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။ ရီဖူရှင်းပြသခဲ့သော ပြတ်သားသည့်ဆုံးဖြတ်ချက်ကြောင့် ရီဖူရှင်းကို ဖမ်းမိခဲ့လျှင်လည်း သူ့ကိုနာခံအောင်ဖိအားပေးရန် ခက်ခဲမည်ဖြစ်ကြောင်း သူတို့သိပေသည်။
ထို့ကြောင့် ရီဖူရှင်းနောက်သို့ ဆက်လိုက်လျှင်လည်း သူတို့အတွက် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်ချေ။
သို့သော် သူတော်စင်ကျန်းချန်သည် ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အနောက်လောကတွင် အဆင့်အတန်းမြင့်မားသူတစ်ဦးဖြစ်လေသည်။ အကယ်၍ ရီဖူရှင်းသည် အခြားသူများ၏လက်အတွင်းသို့ ကျရောက်သွားလျှင်လည်း သူသည်များစွာစိတ်အနှောင့်အယှက်ဖြစ်မည် မဟုတ်ပေ။
နတ်ခန္ဓာမရှိတော့သဖြင့် ရီဖူရှင်း၏စွမ်းအားသည် အကန့်အသတ်ရှိသွားပြီဖြစ်သည်။ သူသည် မဟာလမ်းစဉ်ကပ်ဘေးကို ကျော်လွှားရှင်သန်နိုင်ခဲ့သူများကို မယှဉ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ထိုတိုက်ပွဲသည် အနောက်လောကမှလူများကို ကောင်းကင်ဒေသမှကျင့်ကြံသူတစ်ဦးအကြောင်းကို သိရှိသွားစေလေသည်။ ထိုကျင့်ကြံသူသည် ငွေဖြူရောင်ဆံပင်နှင့်ပါရမီရှင်တစ်ဦးဖြစ်ပြီး မူလဘုံတွင် ပွက်လောရိုက်သွားစေခဲ့သူတစ်ဦးဖြစ်ပေသည်။
သို့သော် ထိုအခိုက်တွင် အပြင်လောက၌ဖြစ်ပျက်နေမှုအားလုံးသည် ရီဖူရှင်းနှင့် မဆိုင်သကဲ့သို့ပင်။ သူသည် သတိလစ်မေ့မြောနေရာမှ ပြန်မနိုးထလာသေးပေ။ ဤအကြိမ်တွင် သူရရှိခဲ့သော စိတ်ဒဏ်ရာသည် လွန်စွာကြီးမားကြောင်း ထင်ရှားပေသည်။ သူ၏လက်ရှိအဆင့်နှင့် သူ့စိတ်ဝိညာဉ်၏အင်အားနှင့်ပင် သူရရှိခဲ့သောသက်ရောက်မှုကို ခံနိုင်သည်ဆိုရုံသာခံနိုင်ခဲ့လေသည်။ ထို့ကြောင့် သူသည် ထိုတိုက်ပွဲပြီးကတည်းက သတိလစ်မေ့မြောနေခဲ့ခြင်းပင်။
အချိန်သည် နှေးကွေးစွာကုန်ဆုံးသွားသည်။ ထိုတိုက်ပွဲ၏သက်ရောက်မှုသည် ကျန်ရှိနေသေးသော်လည်း အချိန်ကုန်လာသည်နှင့်အမျှ ထိုတိုက်ပွဲအကြောင်းကို ပြောဆိုသူ နည်းပါးလာသည်။ သို့သော် အနောက်လောကမှကျင့်ကြံသူများသည် အာရုံခြောက်ပါးကောင်းကင်သို့ မပြတ်သွားနေကြရာ အာရုံခြောက်ပါးကောင်းကင်တွင် ခြေရှုပ်နေဆဲဖြစ်သည်။ သူတို့သည် နတ်ခန္ဓာက ၎င်းကိုယ်၎င်းဖောက်ခွဲဖျက်ဆီးလိုက်သဖြင့် ဖြစ်ပေါ်လာသော လမ်းစဉ်ဖျက်ဆီးလောကနယ်ပယ်ကို သူတို့ကိုယ်တိုင် တွေ့မြင်လိုနေကြသည်။ ၎င်းသည် လူအားလုံး၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လေသည်။ အထူးသဖြင့် စွမ်းအားကြီးသော ကျင့်ကြံသူများကို ပို၍ဆွဲဆောင်နိုင်ပေသည်။
နတ်ခန္ဓာသည် ၎င်းကိုယ်၎င်း ဖောက်ခွဲဖျက်ဆီးသွားပြီး ၎င်း၏ကိုယ်ပိုင်နယ်ပယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် အမှီခိုကင်းသောနယ်ပယ်တစ်ခုကို အမှန်ပင် ဖန်တီးနိုင်ခဲ့သည်။ ထိုနယ်ပယ်သည် ၎င်း၏ပတ်ဝန်းကျင်နှင့် လုံးဝလိုက်လျောညီထွေမရှိသည့်ပုံပင်။ ထို့ပြင် ထိုအထဲသို့ မည်သူမှ ပေါ့ပေါ့တန်တန် မဝင်ဝံ့ချေ။ ထိုအထဲသို့ ဝင်လိုက်လျှင် သူတို့၏မဟာလမ်းစဉ်စွမ်းအားများ အလွယ်တကူပျက်ဆီးပျောက်ကွယ်သွားပေလိမ့်မည်။
လူတိုင်းသည် လမ်းစဉ်ဖျက်ဆီးနယ်ပယ်အတွင်းရှိ စွမ်းအားကို ခံစားလိုက်မိသောအခါ သူတော်စင်ကျန်းချန်အကြောင်းကို တွေးမိသွားကြလေသည်။ ထိုတိုက်ပွဲတွင် ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူများသည် မည်ကဲ့သို့ ကြောက်မက်ဖွယ်အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသနည်း။
ကောလာဟလများအရ ကျန်းချန်ဘုံကျောင်း၏အရှင် သူတော်စင်ကျန်းချန်သည် မသေဆုံးသွားသေးပေ။ ထိုသတင်းသည် ကျန်းချန်ဘုံကျောင်းမှ လာခဲ့သည်ဖြစ်ရာ ယုံနိုင်လောက်ပေသည်။ သူတော်စင်ကျန်းချန်၏အခြေအနေကို ဆုံးဖြတ်ရန် ကျန်းချန်ဘုံကျောင်းမှသတင်းထက် အခြားမည်သည့်သတင်းကို ပို၍ယုံနိုင်မည်နည်း။ သို့သော် သူတော်စင်ကျန်းချန်သည် ကျန်းချန်ဘုံကျောင်းကို ပြန်မလာသေးပေ။
ထိုလမ်းစဉ်ဖျက်ဆီးနယ်ပယ်အတွင်းရှိ အရှိန်အဝါကို ခံစားခဲ့မိသူတိုင်းသည် သူတော်စင်ကျန်းချန်တစ်ယောက် သေဆုံးမသွားခဲ့လျှင်လည်း လွန်စွာပြင်းထန်သောဒဏ်ရာရသွားမည်ဖြစ်ကြောင်း နားလည်ကြသည်။ သူတော်စင်ကျန်းချန်သည် မြင်နိုင်သောအနာဂတ်တွင် ကျန်းချန်ဘုံကျောင်းသို့ ပြန်လာဦးမည်မဟုတ်ကြောင်း သူတို့သိကြသည်။ ထို့ပြင် သူသည် သူ၏တည်နေရာကို ကောင်းစွာဖုံးကွယ်ထားမည်ဖြစ်သည်။
ထိုအချိန်အတွင် ကျင့်ကြံသူအများအပြားသည် ကျန်းချန်ဘုံကျောင်းသို့သွား၍ ထိုနေရာတွင် ပွင့်ပွင့်လင်းလင်းနေကာ စောင့်ဆိုင်းနေကြသည်။
သူတော်စင်ကျန်းချန်အပြင် ရီဖူရှင်းသည်လည်း ထိုအခိုက်တွင် အခြေအနေမကောင်းပေ။
ရှေးဟောင်းတောင်ထွတ်ပေါ်ရှိ ခြောက်ကမ်းပါးစောင်း၌ အဆောက်အဦးတစ်ခုရှိလေသည်။ ထိုအဆောက်အဦးသည် လွန်စွာတိတ်ဆိတ်နေပြီး လှပသောမိန်းမပျိုလေးသည် အတွင်း၌ တိတ်တဆိတ်ထိုင်နေ၏။ သူမနောက်တွင် ငွေဖြူရောင်ဆံပင်နှင့်လူငယ်တစ်ဦးသည် မည်သည့်လှုပ်ရှားမှုမှမရှိ၊ မည်သည့်အသံမှမထွက်ဘဲ လှဲလျောင်းနေလေသည်။ သို့သော် အသက်ရှူနေကြောင်းကိုတော့ တွေ့ရလေသည်။ ထိုအသက်စွမ်းအင်သည် သူ့ကိုယ်ပေါ်တွင် စီးဆင်းနေသည်။ ရီဖူရှင်းသည် သတိမေ့မြောနေသော်လည်း ထိုအသက်စွမ်းအင်သည် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အာဟာရပေးနေပုံပေါ်လေသည်။ တဖြည်းဖြည်းဖြင့် ရီဖူရှင်း၏မျက်နှာပေါ်တွင် အသက်ဓာတ်များ ပေါ်နေပေသည်။
ထိုတိုက်ပွဲအပြီးတွင် ရီဖူရှင်းသည် သေဆုံးလုနီးပါးဖြစ်ခဲ့သည်ကို ဟွာဂျီယူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ဆန်းကြယ်သောအားတစ်ခုသည်သာ သူ၏အားနည်းနေသော အသက်ဓာတ်ကို ထိန်းသိမ်းပေးထားခြင်းဖြစ်သည်။ ထိုအားသည် ရီဖူရှင်း၏ အစွမ်းထက်သော ကိုယ့်ကိုယ်ကိုကုသနိုင်စွမ်းနှင့် ဆက်စပ်နေလေသည်။ ဟွာဂျီယူသည်လည်း ထိုအကြောင်းကို များစွာသိထားပြီး ရီဖူရှင်း၏အသက်စွမ်းအင်သည် မည်မျှစွဲမြဲကြောင်းကိုလည်း သိပေသည်။ ထို့ကြောင့် သူမသည် စိုးရိမ်နေသော်လည်း ရီဖူရှင်းသည် တဖြည်းဖြည်းပို၍ကောင်းလာမည်ဖြစ်ကြောင်း သူမယုံကြည်လေသည်။ ရီဖူရှင်းသည် သူ့ကိုယ်သူ ကုသနိုင်လေသည်။ သူပြန်ကောင်းလာရန် အချိန်တစ်ခုသာ လိုပေသည်။
*****
အချိန်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ရီဖူရှင်းတို့အုပ်စု အနောက်လောကသို့ ရောက်လာသည်မှ နှစ်နှစ်ပင် ရှိခဲ့ပေပြီ။
ဤခရီးသည် ကြာလိမ့်မည်ဟု ရီဖူရှင်းမထင်ခဲ့သော်လည်း သူတို့အနောက်လာကသို့ ရောက်ရှိပြီး နှစ်နှစ်ကြာသည်အထိ သူသတိမေ့မြောနေလိမ့်မည်ဟုလည်း သူမထင်ခဲ့ပေ။ သူ နိုးထမလာသေးပေ။
ရှေးဟောင်းတောင်ထွတ်ပေါ်ရှိ ခြံဝင်းလေးအတွင်း၌ လူတစ်ယောက်သည် ရှေ့သို့လျှောက်လာ၏။ သူမသည် သူမရှေ့ရှိ အမျိုးသမီးနှင့် ထိုနေရာတွင် တိတ်တဆိတ်လှဲလျောင်းနေသောအမျိုးသားတို့ကိုကြည့်ကာ တီးတိုးပြောလိုက်သည်။
“သူ့ရဲ့အသက်အရှိန်အဝါက ပြန်ပြည့်ဝလာပါပြီ။ ဒါပေမဲ့ ဘာလို့ နိုးမလာသေးတာလဲ”
ထိုသို့မေးလိုက်သူမှာ ဟွာချင်းချင်းဖြစ်သည်။ ဟွာဂျီယူသည် ခေါင်းလှည့်၍ ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်းသည် အသက်အရှိန်အဝါဖြင့် အပြည့်အဝဖုံးလွှမ်းခံထားရပြီး မဟာလမ်းစဉ်၏စွမ်းအင်လှိုင်းများသည်ပင် သူ့ကိုဝန်းရံထားလေသည်။ သူ၏အသက်ရှူနှုန်းသည် ပုံမှန်ဖြစ်လာပြီဖြစ်၏။ သို့သော် သူသည် သတိမေ့မြောနေဆဲပင်။
ဟွာဂျီယူသည် သူမ၏ခေါင်းကို အသာအယာခါ၍ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
“သူ့အသက်ရှူနှုန်းကတော့ မှန်သွားပါပြီ။ သူအဆင်ပြေသွားမှာပါ။ သူသတိမေ့နေသေးတာက သူ့ရဲ့စိတ်ဝိညာဉ်က အပြည့်အဝပြန်မကောင်းသေးလို့ ဖြစ်မယ်။ တိုက်ပွဲမှာ သူ့စိတ်ဝိညာဉ်ရဲ့စွမ်းအားတွေကိုပဲ သုံးခဲ့ရတာမလား”
“အဲ့ဒါက ပိုကောင်းတဲ့ဘက်ကို ဦးတည်နေတာလည်း ဖြစ်နိုင်ပါတယ်”
ဟွာချင်းချင်းသည် နူးညံ့စွာပြောလိုက်ပြီး ဟွာဂျီယူက ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဖြစ်နိုင်ပေသည်။ ရီဖူရှင်းသည် သူ၏စွမ်းအားများကို များစွာအသုံးပြုပြီးနောက် အပြည့်အဝပြန်ကောင်းလာလျှင် သူ၏အလျှော့မပေးတတ်သည့်ဇွဲကြောင့် ပို၍ပင်သန်မာလာနိုင်သည်။ သူ၏အသက်ဝိညာဉ်သည် အမြဲလိုလိုပင် မတွေးနိုင်လောက်အောင် ခံနိုင်ရည်ရှိရာ ကြောက်စရာပင် ကောင်းနေခဲ့လေသည်။
“လူငယ်လေးတွေရော ဘယ်လိုလဲ။ သူတို့ တောင်ပေါ်က ထပ်ဆင်းသွားပြန်ပြီလား”
ဟွာဂျီယူမေးလိုက်သည်။ သူမပြောသော လူငယ်လေးများဆိုသည်မှာ ဖန်းစွင်၊ လင်ကလေးနှင့် အခြားသူများဖြစ်သည်။ ထိုလူငယ်လေး လေးယောက်သည် ဤနေရာတွင် အတန်ကြာနေထိုင်ပြီးနောက် တောက်အောက်သို့ဆင်းကာ မြို့ထဲလှည့်ပတ်ကြည့်လေ့ရှိလေသည်။ တိုက်ပွဲ၏သက်ရောက်မှုသည် လျော့ပါးလာပြီဖြစ်ပြီး ထိုအကြောင်းကို သိသည့်သူမရှိသလောက်ဖြစ်လာသည်။ အနည်းဆုံး သူတို့ရှိနေသည့် ဗြမ္မာ့ကောင်းကင်တွင် ထိုတိုက်ပွဲအကြောင်းကို ဂရုစိုက်သည့်သူမရှိတော့ပေ။
“အင်း...”
ဟွာဂျီယူ ခေါင်းညိတ်ပြလိုက်သည်။
“သူတို့က ငယ်သေးတယ်ဆိုတော့ ငါတို့လို တစ်နေရာတည်းအကြာကြီးမနေနိုင်တာ နာလည်ပေးနိုင်တာပါ။ သူတို့တောင်အောက်ဆင်းသွားတာလည်း အတွေ့အကြုံသွားရှာတာပါ။ သူတို့ကို ဒီလိုခေါ်လာရတဲ့ နဂိုရည်ရွယ်ချက်ကလည်း အဲ့ဒါအတွက်ပဲမလား”
“ဦးလေးထျယ်လည်း သူတို့နဲ့ပါသွားပါတယ်... ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ဒီမြို့ထဲမှာ ဦးလေးထျယ်ရဲ့ကျင့်ကြံခြင်းအဆင့်က သူတို့ကိုလုံခြုံအောင် ကာကွယ်ပေးနိုင်ပါတယ်”
ဟွာချင်းချင်း ဆက်ပြောလိုက်၏။
ဟွာဂျီယူသည် လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။
လူငယ်လေးဦးသည် သူမကို ဆရာကတော်အဖြစ် လေးလေးစားစား ဆက်ဆံကြသည်။ သူတို့သည် သူမကို သူတို့၏မိခင်တစ်ဦးအဖြစ် သဘောထားကြကြောင်း သူမရှင်းရှင်းလင်းလင်းခံစားမိလေသည်။ ယခုတွင် သူမတို့အုပ်စုသည် မိသားစုတစ်စုကဲ့သို့ပင်ဖြစ်ပြီး။ သူမသည် ထိုလူငယ်လေးများကိုလည်း သူမ၏သားသမီးများကဲ့သို့ စတင်သဘောထားလာမိပြီဖြစ်သည်။ အမှန်တွင် ထိုလူငယ်လေးဦးစလုံးသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများဖြစ်၍ မည်သည့်အန္တရာယ်ကြီးကြီးမားမားမှ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ထိုသို့မြို့ထဲ လှည့်လည်သွားနေသည်ကို စိုးရိမ်စရာမရှိပေ။
“ချင်းချင်း... နင့်ရဲ့ကိစ္စကတော့ ထပ်ပြီး နှောင့်နှေးနေတော့မှာပဲ”
ဟွာဂျီယူသည် ဟွာချင်းချင်းကိုကြည့်၍ ပြောလိုက်သည်။ ဤအနောက်လောကသို့ခရီးစဉ်သည် ဟွာချင်းချင်းအတွင်းဖြစ်သော်လည်း သူမတို့သည် အာရုံခြောက်ပါးကောင်းကင်တွင် ပြဿနာများနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူထင်ခဲ့မိမည်နည်း။ သူတို့သည် ထိုပြဿနာများအကြားတွင် မည်သည့်ရွေးချယ်စရာမှ မရှိခဲ့ချေ။
ယခုတွင် နှစ်နှစ်ကုန်ဆုံးသွားပြီဖြစ်ပြီး ထိုခရီး၏ မူလရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်ရန် အချိန်မည်မျှ လိုလိမ့်ဦးမည်ကိုလည်း သူမတို့မသိပေ။
“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ကိစ္စကလည်း ဘယ်လောက်ကြာမလဲမသိဘူးလေ။ အခုမလုပ်နိုင်သေးလည်း ကိစ္စမရှိပါဘူး။ ငါ နင့်ရဲ့ဘေးမှာ နေနိုင်ရင် လုံလောက်ပါပြီ”
ဟွာချင်းချင်းသည် ပြုံး၍ ပြောလိုက်သည်။ သူမ၏အပြုံးသည် သူမဘေးမှလူများကို သက်တောင့်သက်သာဖြစ်သွားစေနိုင်စွမ်း ရှိလေသည်။
“သူက အနောက်လောကကို လာခဲ့ပြီဆိုတော့ အဲ့ကိစ္စက ပြီးမြောက်သွားမှာပါ”
ဟွာဂျီယူပြောလိုက်သည်။ သူမသည် သတိမေ့နေသောရီဖူရှင်းကိုကြည့်၍ တီးတိုးပြောလိုက်သည်။
“သူလည်း မကြာခင်နိုးလာတော့မှာပါ”