အကြွင်းမဲ့ဗုဒ္ဓပြက္ခဒိန်
Vol. 172 Ch. 2460
လွန်ခဲ့သောရက်ပိုင်းအတွင်း၌ ဗြမ္မာ့ကောင်းကင်သည် အလွန်အမင်းစည်ကားနေခဲ့လေသည်။ ပွဲတော်တစ်ခုကို ငံ့လင့်နေသကဲ့သို့ပင်။ မြို့တွင်းရှိ လူတိုင်းသည် မီးပုံးများကို ချိတ်ဆွဲကြပြီး ထိုမီးပုံးများထဲတွင် ဗုဒ္ဓဆီမီးခွက်များ ထွန်းညှိထားကြလေသည်။ မီးပုံးများအပြင်ဘက်တွင်လည်း “ဗုဒ္ဓ”ဟူသော စကားလုံးကို ရေးထိုးထားကြသည်။
ဗြမ္မာ့ကောင်းကင်မှ ကျင့်ကြံသူအများအပြားသည်လည်း ထိုနေ့တွင် ဘုံကျောင်းကဲ့သို့နေရာများကို သွားရောက်ခဲ့ကြသည်။ ဗြမ္မာ့ကောင်းကင်တစ်ခုလုံးသည် ထူးခြားသောအငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။
တဖြည်းဖြည်းဖြင့် လွန်ခဲ့သောနှစ်နှစ်က အာရုံခြောက်ပါးကောင်းကင်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအကြောင်းကို ပြောဆိုသူ နည်းပါးလာပြီဖြစ်သည်။ ထိုတိုက်ပွဲ၏ရိုက်ခတ်မှုများကို အခြားပွဲတော်ကြီးတစ်ခုက လွှမ်းခြုံသွားတော့မည့်ပုံပင်။
ဗြမ္မာ့ကောင်းကင်ရှိ စားသောက်ဆိုင်တစ်ခုတွင် ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြပြီး အရက်သောက်သူသောက်၊ စကားပြောသူပြောနှင့် စည်းကားနေ၏။ လူငယ်လေး လေးယောက်သည် ထိုဆိုင်ရှိတစ်နေရာတွင် ထိုင်နေလေသည်။ ထိုလူငယ်လေး လေးယောက်သည် လွန်စွာငယ်ရွယ်သေးသော်လည်း သူတို့၏ဟန်ပန်စရိုက်သည် ထူးခြားနေလေသည်။ သူတို့သည် ရီဖူရှင်း၏တပည့်လေးယောက် ဖြစ်လေသည်။
ဖန်းစွင်၊ လင်ကလေး၊ ထျယ်ထိုနှင့် သောယွီတို့ လေးဦးဖြစ်သည်။
သူတို့သည် ထိုအခိုက်တွင် တိတ်ဆိတ်နေ၏။ သူတို့သည် စကားများစွာမပြောဘဲ နားထောင်ရန်သာ ပို၍စိတ်ဝင်စားနေသည်။ သူတို့သည် သူတို့ပတ်ပတ်လည်ရှိ လူများပြေဆိုဆွေးနွေးနေသည့်အရာများကို အံ့အားသင့်နေကြသည်။
“အကြွင်းမဲ့ဗုဒ္ဓပွဲတော်...”
ဖန်းစွင်၏မျက်လုံးများသည် ကျီးကန်းတောင်းမှောက်ဖြစ်နေပြီး ထိုအကြောင်းအရာအသစ်ကို အတော်လေးစိတ်ဝင်စားနေသည်။ သူသည် အနောက်လောကတွင် ထိုကဲ့သို့ပွဲတော်မျိုးရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သူတို့နားလည်သလောက်ဆိုရမည်ဆိုလျှင် အကြွင်းမဲ့ဗုဒ္ဓပွဲတော်သည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသောပွဲတော်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ရက်ပေါင်းတစ်ရာကြာအောင် ကျင်းပတတ်လေသည်။ ထိုပွဲတော်ကို ဗုဒ္ဓအားလုံး၏အရှင်ဖြစ်သော အကြွင်းမဲ့ဗုဒ္ဓ၏အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။
ဟိုးရှေးရှေးတုန်းက ဗုဒ္ဓအားလုံး၏အရှင် အကြွင်းမဲ့ဗုဒ္ဓသည် ဗောဓိပင်အောက်တွင် ဉာဏ်အလင်းပွင့်ခဲ့ပြီး သူ၏ယုံကြည်မှုများကို အနောက်လောကတွင် ဖြန့်ဝေခဲ့သည်။ သူ့ကို ဗုဒ္ဓအားလုံး၏အရှင် အကြွင်းမဲ့ဗုဒ္ဓဟု ဘွဲ့အမည်ပေးခဲ့ကြသည်။ သူသည် အနောက်လောကအနှံ့လှည့်လည်၍ ဗုဒ္ဓလမ်းစဉ်များကို သင်ကြားပေးခဲ့ပြီး လောကအတွင်းရှိ သက်ရှိများအတွင် အလင်းဆောင်ကြဉ်းပေးခဲ့လေသည်။ ထို့ကြောင့် အနောက်လောကသည် ယနေ့ခေတ်တွင် ထိုကဲ့သို့စည်ပင်ဝပြောနေခြင်းပင်။
ဗုဒ္ဓအားလုံး၏အရှင် အကြွင်းမဲ့ဗုဒ္ဓ၏အထိမ်းအမှတ်အဖြစ် နှောင်းလူများသည် နှစ်တစ်ရာလျှင်တစ်ကြိမ် အကြွင်းမဲ့ဗုဒ္ဓပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ အကြွင်းမဲ့ဗုဒ္ဓပွဲတောင်အတွင်း၌ အနောက်လောကအတွင်းရှိ မည်သည့်ကျင့်ကြံသူမှ သတ်ဖြတ်ခြင်းကို မလုပ်ရပေ။ တိုက်ခိုက်ခြင်းကိုပင် မလုပ်ရပေ။ သွေးထွက်သံယိုကိစ္စများကို တားမြစ်ထားပေသည်။
ထိုပွဲတော်ကျင်းပချိန် ရက်တစ်ရာအတွင်း၌ အနောက်လောကရှိနေရာအနှံ့မှ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် ဗုဒ္ဓဩဝါဒများကို ဟောပြောဖြန့်ဖြူးကာ လူများကို ကောင်းမှုများလုပ်ရန် သင်ကြားပေးကြလေသည်။
တစ်နည်းဆိုရလျှင် ထိုအကြွင်းမဲ့ဗုဒ္ဓပွဲတော် ကျင်းပရာရက်တစ်ရာအတွင်း၌ အဆုံးမဲ့သောအနောက်လောကသည် လုံးဝဥဿုံငြိမ်းချမ်းသောအပိုင်းအခြားအတွင်းသို့ ရောက်သွားမည်ဖြစ်ပြီး စံပြလောကတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထိုအတောအတွင်း၌ သတ်ဖြတ်မှုများ၊ လုယက်မှုများနှင့် သိမ်းပိုက်စိုးမိုးမှုများ ရှိမည်မဟုတ်ပေ။ မလိုက်နာသူများသည် ဗုဒ္ဓတရားစီရင်မှုနှင့်အညီ အပြစ်ပေးခံရမည်ဖြစ်သည်။
ထို့ပြင် ဤအကြိမ်အကြွင်းမဲ့ဗုဒ္ဓပွဲတော်သည် ယခင်အကြိမ်များနှင့် ကွဲပြားပြီး ပို၍ပင် ကြီးကျယ်ခမ်းနားပေသည်။
ဤနှစ်သည် နှစ်တစ်ရာလျှင်တစ်ကြိမ်ကျင်းပသော အကြွင်းမဲ့ဗုဒ္ဓပွဲတော် ကျင်းပရမည့်နှစ်ဖြစ်သည့်အပြင် အကြွင်းမဲ့ဗုဒ္ဓပြက္ခဒိန်တွင် နှစ်တစ်သောင်းပြည့်သောနှစ်လည်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် အကြွင်းမဲ့ဗုဒ္ဓပွဲတော်အဆုံးသည် အကြွင်းမဲ့ဗုဒ္ဓပြက္ခဒိန်တွင် နှစ်တစ်သောင်းမြောက်နှစ်၏အစဖြစ်သည်။
ထိုကဲ့သို့သော ကြီးကျယ်ခမ်းနားသည့်ဖြစ်စဉ်မျိုးကို လူတစ်ယောက်၏သက်တမ်းအတွင်း၌ ကြုံတွေ့နိုင်ရန် ခက်ခဲပေသည်။
ထို့ကြောင့်ပင် ဗြမ္မာ့ကောင်းကင်သည် ဗုဒ္ဓလမ်းစဉ်၏ဗဟိုမဟုတ်သော်လည်း လေထဲတွင် ပျော်ရွှင်မှုအငွေ့အသက်များ ထူထပ်နေလေသည်။ လူတိုင်းသည် အကြွင်းမဲ့ဗုဒ္ဓပွဲတော်စတင်မည့်အချိန်ကို ကြိုဆိုရန် အဆင့်သင့်ပြင်နေကြပြီဖြစ်သည်။
“အကြွင်းမဲ့ဗုဒ္ဓပွဲတော် ကျင်းပတော့မယ်... ဆရာလုပ်ချင်တဲ့ ကိစ္စကိုရော ဘယ်လိုလုပ်မလဲ”
လင်ကလေးသည် တီးတိုးရေရွတ်လိုက်သည်။ အကြွင်းမဲ့ဗုဒ္ဓပွဲတော်တွင် သတ်ဖြတ်မှုအားလုံးကို တားမြစ်ထားရာ ယခင်ကဖြစ်ခဲ့သော အဖြစ်အပျက်ကဲ့သို့ ကိစ္စမျိုးကိုလည်း သေချာပေါက် တားမြစ်ထားမည်ဖြစ်သည်။ အကြွင်းမဲ့ဗုဒ္ဓပွဲတော်စသည်နှင့် သူမ၏ဆရာသည် သူလုပ်လိုသည်ကို လုပ်နိုင်ပေလိမ့်မည်။ ထိုအရာသည် အခွင့်အရေးတစ်ခုပင်။
“အင်း...”
ဖန်းစွင်သည်လည်း ထိုအကြောင်းကို တွေးလိုက်သည်။ သူတို့၏ဆရာလုပ်လိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူတို့သေချာမသိသော်လည်း သူတို့မည်သည့်နေရာတွင် ရှိရမည်ကိုမူ သူတို့အကြမ်းဖျင်းသိလေသည်။
အကြွင်းမဲ့ဗုဒ္ဓပွဲတော်သည် အခွင့်အရေးကောင်းတစ်ခုဖြစ်မည်ကို သံသယဖြစ်စရာမရှိပေ။
သို့သော် ယခုတွင် သူတို့၏ဆရာသည် သတိလစ်မေ့မြောနေပြီး မနိုးထလာသေးပေ။ သူသာ အချိန်မီနိုးထမလာနိုင်ပါက အဆင်ပြေမည်မဟုတ်ပေ။
“အကြွင်းမဲ့ဗုဒ္ဓပွဲတော်အတွင်းမှာ စည်းကမ်းဖောက်လိုက်တဲ့သူက ဘာဖြစ်မှာလဲ”
သောယွီက မေးလိုက်သည်။ သူ၏အသံထဲတွင် အေးစက်မှုတစ်ခု ရောယှက်နေလေသည်။ သူတို့ဘေးရှိ လူများသည် သူတို့ဘက်သို့လှည့်လာကြပြီး သောယွီကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေကြသည်။
ထိုလူငယ်လေး လေးယောက်သည် ဗုဒ္ဓလမ်းစဉ်သမိုင်းကို သိပုံမရပေ။
“ဟိုးရှေးရှေးတုန်းက အနောက်ကောင်းကင်အထက်မှာရှိတဲ့ ဗုဒ္ဓအရှင်တစ်ပါးက စည်းမျဉ်းကို ဖောက်ဖျက်ခဲ့တယ်။ နောက်တော့ သူက ပရိနိဗ္ဗန်စံသွားရတယ်။ တစ်နည်းပြောရရင်တော့ နောက်မျိုးဆက်တွေအတွက် သတိပေးချက်တစ်ခုအနေနဲ့ ထာဝရအိပ်စက်သွားရတယ်ပေါ့ကွာ။ အဲ့အချိန်တုန်းက အဲ့ဗုဒ္ဓအရှင်က အနောက်ကောင်းကင်က ထိပ်သီးဗုဒ္ဓအရှင်ဆယ်ပါးထဲက တစ်ပါးပဲ”
သူ့ဘေးမှ ကျင့်ကြံသူတစ်ဦးသည် သာမန်ကာလျှံကာပုံစံဖြင့် ပြောလိုက်လေသည်။ ထို့ကြောင့် ဖန်းစွင်နှင့်အခြားသူများသည် အတန်ငယ်စိုးရိမ်သွားသည်။ သောယွီသည် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ကာ မှတ်သားနေ၏။
“တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားလို့ ကျွန်တော်က ပြန်ခုခံပြီး အဲ့လူကို သတ်မိသွားတယ်ဆိုရင်ရော”
သောယွီသည် အခြေအနေကို ရှင်းရှင်းလင်းလင်းသိချင်သဖြင့် ဆက်ပြောလိုက်သည်။ အကြွင်းမဲ့ဗုဒ္ဓပွဲတော်သည် သူ့ဆရာအတွက် အခွင့်အရေးကောင်းဖြစ်နိုင်သည်ဟု သူအာရုံရနေသည်။ အကယ်၍ သူ၏ဆရာနိုးထမလာပါက သူတို့သည် ဆရာလုပ်ချင်သည့်ကိစ္စကို ဆရာကတော်အားလုပ်ခိုင်း၍ သူတို့ကကူညီပေးမည်ဖြစ်သည်။
ထို့ပြင် ထိုကိစ္စသည် မိန်းကလေးဟွာချင်းချင်းနှင့် တစ်နည်းနည်း သက်ဆိုင်နေပုံပေါ်လေသည်။
“အဲလိုဆိုရင် အပြစ်မရှိပါဘူး”
သူ့ဘေးမှလူက ပြန်ပြောလိုက်သည်။ သောယွီသည် ခေါင်းညိတ်ပြလိုက်ကာ ပြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
သူသည် ယခုတွင် အကြွင်းမဲ့ဗုဒ္ဓပွဲတော်၏ အခြေခံအနည်းငယ်ကို နားလည်သွားပြီဖြစ်၍ ဆက်၍မမေးတော့ပေ။
“မင်းရဲ့ ဟန်ပန်အနေအထားက ထူးခြားတာပဲ။ မင်းက အင်အားကြီး ကလန်တစ်ခုကဖြစ်ရမယ်။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မင်းဒီကိစ္စတွေကို သိထားသင့်တာပေါ့”
သူတို့ဘေးမှ ဝတ်စုံဖြူဝတ်ဆင်ထားသည့် ခံ့ညားသောအမျိုးသားတစ်ဦးသည် သူ၏အရက်ခွက်ကို ကိုင်တွယ်လှည့်ပတ်ရင်း ပြုံး၍မေးလိုက်သည်။
“ဒီတော့ မင်းတို့က ဘယ်ကလဲဆိုတာ ငါမေးလို့ရမလား”
စားသောက်ဆိုင်အတွင်းရှိ ကျန်လူများသည်လည်း ထိုလေးဦး၏ထူးခြားမှုကို သိကြလေသည်။ ထိုလေးဦး၏ ဟန်ပန်အမူအရာသည် အဆင့်မြင့်ပေသည်။ သူတို့သည် သေချာပေါက် သာမန်လူများမဟုတ်နိုင်ပေ။ သို့သော် အကြွင်းမဲ့ဗုဒ္ဓပွဲတော်၏စည်းမျဉ်းများသည် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတိုင်းသိသည့် သာမန်ဗဟုသုတသာဖြစ်ပေသည်။ ကလေးများသည်ပင် ထိုစည်းမျဉ်းအကြောင်းကို သိပေသည်။
ထိုလေးဦးသည် မည်သည့်အကြောင်းကိုမှ သိသည့်ပုံမပေါ်သဖြင့် အလွန်ထူးဆန်းနေလေသည်။
ဖုန်းစွင်သည် ထိုလူ၏မေးခွန်းကို ကြားလိုက်သောအခါ သူ၏မျက်ဝန်းများထဲတွင် နိုးကြားမှုများပေါ်လာသည်။ ထိုလူသည် အတော်လေးထက်မြက်သည်ဟု သူတွေးလိုက်မိသည်။ သူပြုံး၍ ပြန်ဖြေလိုက်၏။
“ကျွန်တော်တို့လေးယောက်က ကလေးဘဝကတည်းက ကျွန်တော်တို့ဆရာနဲ့အတူ လူသူဝေးရာမှာ ကျင့်ကြံနေခဲ့လို့ပါ။ ကျွန်တော်တို့ အပြင်လောကထဲကို ရောက်လာတာ မကြာသေးပါဘူး။ ဒီလောကထဲက တချို့အကြောင်းတွေကို ကျွန်တော်တို့မရင်းနှီးတာ မထူးဆန်းပါဘူး”
သူသည် လိမ်ညာနေခြင်းမဟုတ်ပေ။ သူတို့သည် အမှန်ပင် လေးမျက်နှာရွာထဲတွင်သာ ကျင့်ကြံနေခဲ့ခြင်းမဟုတ်ပေလော။ သူတို့သည် လေးမျက်နှာရွာတွင် ကိစ္စများများစားစား မသိခဲ့ရပေ။ ကောင်းကင်ဒေသသည်ပင် သူတို့အတွက် ထူးဆန်းသောနယ်မြေဖြစ်လေရာ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသော အနောက်လောကအတွက်ဆို ပြောနေရန်ပင်မလိုပေ။
“ဒါဆိုရင် ဒါကတိုက်ဆိုင်မှုပေါ့။ ငါလည်း အရင်တုန်းက ငါ့ဆရာနဲ့အတူ လောကထဲကအနှောင့်အယှက်တွေနဲ့ဝေးရာမှာ ကျင့်ကြံနေခဲ့တာပဲ။ ငါလည်း ဒီလောကထဲကို ခြေချတာ မကြာသေးဘူး။ အဲလိုခြေချရတဲ့အကြောင်းကလည်း အကြွင်းမဲ့ဗုဒ္ဓပွဲတော်ကြောင့်ပဲ။ မင်းတို့ ဒီလောကကို လာခဲ့ပြီဆိုတော့ အကြွင်းမဲ့ဗုဒ္ဓပွဲတောင်အကြောင်းကို နည်းနည်းတော့ နားလည်ထားသင့်တယ်... လုံးလုံးမသိနားမလည်တာတော့ မဖြစ်သင့်ဘူးပေါ့။ ပြီးတော့ မင်းတို့က ဒီလိုမေးမြန်းနေပုံထောက်ရင် အကြွင်းမဲ့ဗုဒ္ဓပွဲတော်ကို တော်တော်လေး စိတ်ဝင်စားနေတဲ့ပုံပဲ... မင်းတို့ရဲ့ကလန်ကလည်း အကြွင်းမဲ့ဗုဒ္ဓပွဲတော်အကြောင်းကို မသိကြဘူးလား”
ဝတ်စုံဖြူနှင့်လူသည် ဆက်၍မေးလိုက်သည်။ သူ၏မျက်နှာသည် ခံ့ညားသော်လည်း ထူးခြားသော စဉ်းလဲသည့်ဆွဲဆောင်မှုတစ်ခုရှိနေလေသည်။ သူသည် အသက်(၃၀)ခန့်ရှိသူဟုထင်ရပြီး အတော်လေးအစွမ်းကြီးပုံပေါ်လေသည်။
ဖန်းစွင်တို့လူစုသည် ယခုတွင် အတန်ငယ် စိတ်ရှုပ်နေပြီဖြစ်သည်။ ထိုလူ၏လေသံသည် အနည်းငယ်ခက်ထန်လာ၏။
“အဲ့ဒါ ရှင်နဲ့ဘာဆိုင်လို့လဲ”
လင်ကလေးက အေးစက်စက်ပြန်ဖြေလိုက်သည်။ သို့သော် ဖန်းစွင်က ဝင်မေးလိုက်၏။
“ကျွန်တော်တို့ရဲ့ အကြီးအကဲတွေက ကျွန်တော်တို့ကို အဲ့အကြောင်းမပြောပြခဲ့လို့ပါ။ ကျွန်တော်တို့ ဒီလိုလိုက်မေးမယ်ဆိုတာ သူတို့သိလို့ သူတို့ကိုယ်တိုင်ပြောပြဖို့ မလိုဘူးလို့ ထင်လို့နေမှာပါ။ အဲ့ဒါက ပြဿနာများရှိလို့ပါလား”
ဝတ်စုံဖြူနှင့်လူက ပြုံးလိုက်ပြီး အရက်တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူသည် အရက်ခွက်ကိုချကာ သူတို့ဘက်သို့လှည့်၍ ဖန်းစွင်၏စားပွဲကိုကြည့်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် သူ၏မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းတစ်ခု လက်သွားပြီး ဗုဒ္ဓအလင်းတောက်ပနေလေသည်။ ထိုမျက်လုံးများသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည်ဟု ထင်ရပေသည်။
ထို့ပြင် ထိုအကြည့်တစ်ချက်သည် လူငယ်လေးဦး၏ မျက်နှာထားများကို ရုတ်တရက် ပြောင်းလဲသွားစေလေသည်။ သူတို့သည် သူတို့ပတ်ပတ်လည်တွင် မဟာလမ်းစဉ်၏စွမ်းအင်လှိုင်းများ စီးဆင်းနေသည်ကို ခံစားနေရသည်။ ထိုမဟာလမ်းစဉ်သည် ထူးခြားပေသည်။ ထိုမဟာလမ်းစဉ်သည် သူတို့၏ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်နေလေသည်။
“ဗုဒ္ဓအကြားအမြင်အာရုံ”
စားသောက်ဆိုင်အတွင်းမှ ကျင့်ကြံသူများသည် သူတို့ရှေ့ရှိမြင်ကွင်းကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ဝတ်စုံဖြူနှင့်လူ၏မျက်လုံးများသည် ဗုဒ္ဓမျက်လုံးများအဖြစ်ပြောင်းလဲသွားပုံရပြီး အရာအားလုံးကို ထွင်းဖောက်မြင်နေရသည်ဟု ထင်ရပေသည်။ မည်သည့်ကျင့်ကြံသူမှ ထိုမျက်လုံးများ၏အရှေ့တွင် ပုန်းကွယ်ရန်နေရာရှိမည်မဟုတ်ပေ။
“သူပဲ...”
လူတိုင်းသည် လူတစ်ယောက်ကို တွေးမိသွားကြပြီး စိတ်နှလုံးမသက်မသာဖြစ်သွားကြလေသည်။