ထောင်ချောက်ထဲကျဖို့ ဖိတ်ခေါ်ပါတယ်
Vol. 1 Ch. 422
ကျန်းရီ၏ စကားအဆုံးတွင် ချမ်ဝမ်ကွမ်နှင့် ကျန်လူများသည် ဆက်လက်၍ ရှေ့မတိုးရဲကြတော့ဘဲ သင်္ဘောအား နောက်သို့ တိတ်ဆိတ်စွာ ရွက်လွင့်လာခဲ့သည်။ သူတို့သည် ကျွန်းနှင့် အတော်ဝေးဝေးတွင် ရှိနေခဲ့သည်။ အခြားသင်္ဘောများပေါ်မှ လူများသည် ကျွန်းကိုစောင့်ကြည့်ရင်း၊ အခြားဂိုဏ်းမှလူများ အရင်လှုပ်ရှားမည်ကို သတိထားရင်းဖြင့် အလုပ်ရှုပ်နေကြသည်။ ထို့ကြောင့် ချမ်ဂိုဏ်း၏ သင်္ဘော အနောက်သို့ ရောက်သွားမှန်း မည်သူမှ သတိမပြုမိလိုက်ကြပေ။
ချမ်ဝမ်ကွမ်သည် သင်္ဘောအား ကျွန်းနှင့် မိုင်အတော်များများ အကွာတွင် ရပ်တန့်စေလိုက်သည်။ ကျန်းရီသည် ကျွန်းအား လေ့လာပြီး ယာ့ဇီသားရဲအား လျှို့ဝှက်စွာ ထုတ်လိုက်သည်။ သူသည် လူတိုင်းအား သူပြန်လာသည်အထိ ဤနေရာတွင်သာ စောင့်ကြရန် မှာကြားလိုက်ပြီး ယာ့ဇီသားရဲအား စီးနင်း၍ ပင်လယ်ရေအောက်သို့ ဆင်းသွားလိုက်သည်။
ယာ့ဇီသားရဲသည် အဆင့်မြင့် မှော်စွမ်းအင်ကို ပိုင်ဆိုင်သည်။ ၎င်းသည် လေပေါ်တွင် ပျံနိုင်သလို ရေထဲတွင်လည်း ကူးခတ်နိုင်၏။ ထို့ပြင် ၎င်းသည် ပင်လယ်ထဲတွင် ပို၍မြန်မြန် သွားနိုင်လေသည်။ နည်းလမ်းကျကျပြောရလျှင် ယာ့ဇီသားရဲမှာ ပင်လယ်နတ်ဆိုးသားရဲတစ်မျိုးဖြစ်သည်။ ၎င်းသည် စကြဝဠာနန်းတော်အတွင်းတွင်လည်း ရေခဲပင်လယ်အောက်၌သာ နေထိုင်ခဲ့သည်။
ကျန်းရီ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ မဆိုးပေ၊ သူသည် တစ်နာရီကြာခန့် အသက်အောင့်နိုင်သည်။ ထို့ကြောင့် ပင်လယ်ရေအောက်မှ ပုန်းကွယ်၍ သွားခြင်းမှာ ဘေးကင်းလေသည်။ သူ့အတွက် တစ်နာရီခြားတစ်ခါသာ ရေပေါ်တက်၍ အသက်ရှူရန် လိုအပ်သည်။
သူသည် ယာ့ဇီသားရဲအား အရှိန်အဝါကို ရုတ်သိမ်းခိုင်းလိုက်ပြီး ရေအောက်သုံးကီလိုမီတာခန့်အထိ ဆင်းသွားစေလိုက်သည်။ သူတို့သည် အနက်ရောင်နကျယ်ကောင်များ အခြေချရာ ကျွန်းဆီသို့ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။ ပင်လယ်ထဲတွင် ရေဖိအားမှာ ပြင်းထန်လှသောကြောင့် သူကြိတ်၍ သက်ပြင်းချလိုက်မိသည်။ သူသာ စုန်းနတ်ဘုရားချန်ထားခဲ့သော ရေပြင်ကို ဖြတ်ကျော်ခြင်း မှော်ကျင့်စဉ်ကို တတ်မြောက်ထားပါက ပင်လယ်ထဲတွင် မြေပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ လမ်းလျှောက်နိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် မည်မျှသက်တောင့်သက်သာ ရှိလိုက်မည်နည်း။
တစ်နာရီမကြာလိုက်သော အချိန်အတွင်း ကျွန်းအနီးသို့ ကျန်းရီရောက်ရှိသွားခဲ့သည်။ သူသည် သင်္ဘောစုများအနီးသို့ ချည်းကပ်မသွားရဲပေ။ ယာ့ဇီသားရဲသည် ၎င်း၏ အရှိန်အဝါကို ဖိနှိပ်ထားသော်လည်း နတ်ဆိုးဧကရာဇ် အဆင့်သို့ မရောက်သေးသောကြောင့် ၎င်း၏အရှိန်အဝါကို အပြည့်အဝ မဖုံးကွယ်နိုင်သေးပေ။ ယခု ကျွန်းထံ လာရာတွင်လည်း သူတို့နှင့် နီးကပ်လာသော ပင်လယ်နတ်ဆိုးသားရဲများမှာ ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။ သူတို့သာ သင်္ဘောများနှင့် နီးကပ်သွားပါက ပေါ်သွားပေလိမ့်မည်။
သူသည် ယာ့ဇီသားရဲအား ကျွန်း၏ အခြားတစ်ဖက်ခြမ်းဆီ ပတ်သွားခိုင်းလိုက်သည်။ ကျွန်းပေါ်တွင် သင်္ဘောစုများ လုံးဝမရှိကြောင်း သေချာသွားသောအခါ ယာ့ဇီသားရဲအား စကြဝဠာနန်းတော်အတွင်း ပြန်သိမ်းလိုက်ပြီး ရေပြင်ပေါ်သို့ တက်သွားလိုက်သည်။
ဗုန်း...ဗုန်း...
ပင်လယ်ထဲမှ မထွက်ခင်တွင် ကျွန်းသည် စတင်၍တုန်ခါလာသည်ဟု ကျန်းရီခံစားမိလိုက်သည်။ တစ်ဖက်ခြမ်းမှ ကျင့်ကြံသူများသည် စတင်၍တိုက်ခိုက်နေကြခြင်း ဖြစ်ရမည်။
မရေမတွက်နိုင်သော အနက်ရောင်နကျယ်ကောင်များသည် ကောင်းကင်သို့ ပျံတက်လာကြသည်။ ၎င်းတို့သည် ကောင်းကင်နှင့်မြေပြင် နှစ်ခုလုံးတွင် ပြည့်နေခဲ့သည်။ ၎င်းတို့ အရေအတွက် မည်မျှရှိမှန်း မည်သူမှ မသိနိုင်ပေ။ ကျွန်းပေါ်တွင် အနက်ရောင်နကျယ်ကောင်များမှတစ်ပါး အခြားနတ်ဆိုးသားရဲများ မရှိပေ။ အန္တရာယ်သည် မည်သည့်နေရာမှလာမှန်း သူမပြောတတ်တော့ချေ။
ဒီကျွန်းပေါ်မှာရှိတဲ့ အန္တရာယ်က ဘာများလဲ...
ရှေ့ရှိ သစ်ပင်များ ထူထပ်နေသော ကျွန်းအား လှမ်းကြည့်ကာ ကျန်းရီ မတွေးတတ်ဖြစ်လာခဲ့သည်။ အားကောင်းသော နတ်ဆိုးသားရဲ တစ်ကောင်ကောင်ဆိုပါက ၎င်းတို့ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလောက်ပြီဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျွန်းတစ်ဖက်ခြမ်းမှ အတွင်းအားတိုက်ခိုက်မှုများသည် ကောင်းကင်ယံသို့ တစ်ခုပြီးတစ်ခု ထိုးတက်လာနေကြသည်။ ထိုဘက်မှလာသည့် ကြောက်စရာ အရှိန်အဝါတို့နှင့်အတူ အနက်ရောင် နကျယ်ကောင်တို့၏ အငွေ့အသက်များမှာ ပိုမိုသိပ်သည်းလာခဲ့သည်။ လေထုမှာ အလွန်လေးလံနေလေသည်။
လူသားများသည် အစွမ်းကုန် ကြိုးစားတိုက်ခိုက်နေကြသည်။ တစ်ဖက်တွင် အနက်ရောင်နကျယ်ကောင်များမှာ ယခင်နေ့ကထက် လျော့နည်းသွားခြင်း မရှိပေ။
ကျန်းရီသည် အသာတစ်ချက်လှမ်းကြည့်လိုက်ပြီး ကောင်းကင်ပေါ်ရှိ မဆုံးနိုင်သော အနက်ရောင် နကျယ်ကောင်များကို မြင်လိုက်ရာ စိတ်ထဲတွင် လေးလေးနက်နက် တွေးတောနေခဲ့သည်။ ထိုလူများသည် ပါးနပ်သူများဖြစ်ကြသည်။ သို့သော် မည်သည့်အတွက်ကြောင့် ချမ်ဂိုဏ်း၊ ကျန့်ဂိုဏ်းနှင့် ယွင်ဂိုဏ်း၏လူများကို မမြင်သေးဘဲ စတင်လှုပ်ရှားကြသနည်း။ ဂိုဏ်းသုံးခု၏ အလစ်ဝင်တိုက်ခြင်းခံရမည်ကို မကြောက်ကြသည်လော။
သူတို့ အသက်ကိုရင်း၍ အနက်ရောင်နကျယ်ကောင်များ အားလုံးကို သတ်ဖြတ်ပြီးချိန်တွင် သူတို့မှာ ဒဏ်ရာများရ၍ မောပန်းနေကြလိမ့်မည်။ တစ်ဖက်တွင် ဂိုဏ်းသုံးဂိုဏ်းမှ လူများသည် အင်အားကို ချွေတာထားပြီး ရုတ်တရက် ထွက်တိုက်နိုင်သည်။ ထို့နောက် ဂိုဏ်းသုံးခုမှ ပျားရည်ကို လု၍ ထွက်ပြေးခြင်းအား မည်သူက တားဆီးနိုင်ပါတော့မည်နည်း။
သူတို့ ဘာလုပ်နေတယ်ဆိုတာ သိရအောင် ငါအခြေအနေသွားကြည့်ထားတာ ပိုကောင်းမယ်...
ကျန်းရီသည် ထိုလူများ အနက်ရောင် နကျယ်ကောင်များနှင့် အသည်းအသန် တိုက်ခိုက်နေချိန်တွင် ကျွန်းပေါ်သွား၍ ပျားရည်ကိုယူကာ ယာ့ဇီသားရဲဖြင့် ထွက်ပြေးသွားနိုင်သည်။ သို့သော်လည်း သူသည် အန္တရာယ်ကင်းအောင် ကစားရန်သာ ဆုံးဖြတ်လိုက်သည်။
သူသည် ကျွန်းပေါ်သို့ တက်မသွားဘဲ ရေငုပ်၍ ကျွန်းအားပတ်ကာ တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ရေကူးသွားလိုက်သည်။ တိုက်ပွဲဖြစ်နေသည့်နေရာထံ တစ်နာရီအတွင်း သူရောက်ရှိသွားခဲ့သည်။ သူသည် ရေပြင်ပေါ် တက်မသွားသေးဘဲ ကောင်းကင်စိတ်အာရုံကိုသုံး၍ သူ့ပတ်ဝန်းကျင်မှ အခြေအနေကို အကဲခတ်လိုက်သည်။
သူတို့ဂိုဏ်းသုံးခုမှ လူများအပြင် သခင်လေး၊ သခင်မလေးအားလုံးလည်း ရောက်ရှိနေကြပြီဖြစ်သည်။ သို့သော်လည်း ထိုသခင်လေး၊ မမလေးများမှာ သင်္ဘောကြီးတစ်ခုပေါ်တွင် စုစည်းနေကြပြီး အစောင့်အရှောက်များက ကာကွယ်ပေးလျက်ရှိသည်။ ကျန်လူများမှာ သင်္ဘောအသီးသီးပေါ်တွင် နေရာယူထားကြပြီး အနက်ရောင်နကျယ်ကောင်များကို အလှည့်ကျ တိုက်ခိုက်နေကြသည်။
အဆိပ်ဆူးများသည် ကောင်းကင်ပေါ်မှ မိုးရွာကျနေသည့်အလား တဝုန်းဝုန်း ပြုတ်ကျနေသည်။ သို့သော်လည်း သင်္ဘောများတွင် အကာအကွယ်အလွှာများ ရှိနေသည်။ ထိုအကာအကွယ်အလွှာများထံ အတွင်းအားဖြည့်ပေးနေသူများ ရှိနေသရွေ့ အဆိပ်ဆူးများသည် အရံအတားအတွင်း ဝင်လာနိုင်မည် မဟုတ်ချေ။
အဆိပ်ဆူးများ၏ စွမ်းအားသည် အဆိပ်မှလာသည်။ ဆူးကိုယ်တိုင်သည် ခိုင်မာမှု မရှိချေ။ စစ်သည်အချို့သည် ကုန်းပတ်ပေါ်တွင် ရပ်၍ မိမိအလှည့်ရောက်လာမည်အား စောင့်ဆိုင်းနေကြသည်။ အချို့သည် အဆိပ်ဆူးများအား အမှုန့်ဖြစ်သွားစေရန် သို့မဟုတ် လွင့်စင်သွားစေရန် အတွင်းအားများ ပစ်လွှတ်နေကြသည်။ ကျန်လူများသည် ကောင်းကင်ထက်မှ အနက်ရောင်နကျယ်ကောင်များအား အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်နေကြသည်။
ဤကဲ့သို့ ပူးပေါင်းလုပ်ဆောင်နေမှုကြောင့် လုံခြုံမှုရာနှုန်းမှာ သိသိသာသာ တိုးမြင့်သွားသည်။ တစ်ချိန်တည်းတွင် အနက်ရောင်နကျယ်ကောင်များကို သတ်ဖြတ်နိုင်နှုန်းသည်လည်း တိုးလာခဲ့သည်။ သို့သော် အနက်ရောင်နကျယ်ကောင်များသည် များပြားလွန်းရာ တစ်နေ့နှင့်တစ်ည အချိန်ယူတိုက်ခိုက်မှသာ ၎င်းတို့အားလုံးအား သတ်ဖြတ်နိုင်လိမ့်မည်။
သူတို့က တကယ်ရော တိုက်ခိုက်နေကြတာလား...
ပင်လယ်ရေအောက်မှ ကျန်းရီသည် မျက်မှောင်ကျုံ့လိုက်မိသည်။ ကျွန်းပေါ်သို့ ခိုးတက်သွားသူ ရှိကြောင်း သူအာရုံမခံမိချေ။ ဂိုဏ်းအားလုံးသည် အနက်ရောင်နကျယ်ကောင်များကိုသာ အရင်ဆုံးတိုက်ခိုက်နေကြသည်။ ထို့နောက်မှ လူတိုင်းသည် ပျားရည်ကို ကိုယ်ပိုင်အစွမ်းအစနှင့် လုလျှင်လု၊ မလုပါက အညီအမျှ ခွဲဝေကြလိမ့်မည်။
ငါအခု သွားလုသင့်လား...
ကျန်းရီသည် ဝေခွဲမရ ဖြစ်နေခဲ့သည်။ ယခုအချိန်သည် အကောင်းဆုံးဖြစ်သည်။ ကျွန်းပေါ်သို့ သူခိုးဝင်နိုင်လျှင် အနက်ရောင် နကျယ်ကောင်၏ ပျားရည်ကို အလွယ်တကူ ရရှိနိုင်သည်။ ထို့နောက် မည်သူမှ မသိလိုက်ခင် သူပြန်ခိုးထွက်လာနိုင်သည်။
"နောက်ထပ် ခြောက်နာရီစောင့်မယ်။ သံသယဝင်စရာ မတွေ့ရရင် ငါလှုပ်ရှားတော့မယ်"
ကျန်းရီသည် အံကြိတ်၍ ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ကျွန်း၏ အခြားဘက်ခြမ်းသို့ ပြန်မသွားဘဲ အနီးအနားမှ ကျောက်တန်းတစ်ခုထံသွားလိုက်သည်။ ထို့နောက် ပင်လယ်ထဲမှ ခေါင်းထွက်ပြူ၍ ပုန်းလျှိုးကွယ်လျှိုးဖြင့် စောင့်ဆိုင်းနေတော့သည်။
နှစ်နာရီ ကြာပြီးသည်အထိ မူမမှန်သည့်အရာ မရှိခဲ့ပေ။ အနက်ရောင်နကျယ်ကောင် တော်တော်များများ အသတ်ခံလိုက်ရပြီး လူသားများဘက်မှ နှစ်ယောက်သေဆုံးကာ ငါးယောက်၊ ခြောက်ယောက်ခန့် ဒဏ်ရာရသွားခဲ့သည်။ အရာရာသည် ပုံမှန်အတိုင်းပင်။
လေးနာရီ ကြာပြီးနောက်တွင်လည်း မည်သည့်ထူးထူးဆန်းဆန်းအရာမှ ဖြစ်မလာခဲ့ပေ။
ခြောက်နာရီကြာ စောင့်ဆိုင်းပြီးနောက် ကျန်းရီ စိတ်မရှည်တော့ချေ။ ထောင်ချောက်တစ်ခု ရှိနေလျှင်ရော ဘာအရေးနည်း။ သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ဗာဂျရာအဆင့်တစ်ယောက်အား ထိုသူတို့ စေလွှတ်ရဲမည်လော။ သူသည် ယာ့ဇီသားရဲနှင့် အတူရှိနေရာ မိန်းမစိုးလင်း ရောက်လာလျှင်တောင် ကိစ္စမရှိပေ။ ထို့ပြင် ခြောက်နာရီကျော် ကြာမြင့်သွားပြီဖြစ်ပြီး ကောင်းကင်သည် မှောင်မဲနေပြီဖြစ်သည်။ ဗာဂျရာအဆင့်တစ်ယောက်ယောက် အနီးအနားတွင် အမှန်တကယ် ရှိနေပါက သူ့အား တိုက်ခိုက်ပြီးနေလောက်ပေပြီ။
ထို့ကြောင့် သူသည် ချက်ချင်းလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကျွန်း၏ မြင်ကွင်းကွယ်ရာ တစ်ဖက်ခြမ်းသို့ ရေကူးသွားလိုက်ပြီး ယာ့ဇီသားရဲအား အပြင်သို့ ထုတ်လိုက်သည်။
ကျန်းရီသည် မီးနဂါးဓားကို ကိုင်၍ ယာ့ဇီသားရဲအား ပုန်းလျှိုးကွယ်လျှိုး စီးနင်းလိုက်သည်။ သူသည် ရှေ့တွင် အန္တရာယ် ရှိမရှိအား ကောင်းကင်စိတ်အာရုံသုံး၍ စစ်ဆေးပြီးနောက် လျင်မြန်စွာ ခရီးဆက်လိုက်သည်။ ပျားရည်အား မြန်နိုင်သမျှ မြန်မြန်ယူ၍ ချက်ချင်းပြန်ရန် သူဆုံးဖြတ်ထားခဲ့သည်။
ကျွန်းသည် အလွန်ကြီးမားလှသော်လည်း ကျန်းရီသည် လျင်မြန်စွာ လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။ သူ့အတွက် ကျွန်း၏အလယ်ဗဟိုသို့ရောက်ရန် နှစ်မိနစ်ခွဲခန့်သာ ကြာမြင့်ခဲ့သည်။ သူလာရာလမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်ကိုမှ သူမခံစားမိခဲ့ပေ။ နတ်ဆိုးသားရဲတစ်ကောင် တစ်လေတောင် ရှိမနေပေ။
"ယာ့ဇီသားရဲ...ကျွန်းပေါ်မှာ အန္တရာယ် ဒါမှမဟုတ် နတ်ဆိုးသားရဲ တစ်ကောင်ကောင်ရဲ့ အရှိန်အဝါကို ခင်ဗျားခံစားမိလား"
ကျန်းရီသည် သူ့နောက်ရှိ ယာ့ဇီသားရဲအား လှည့်မေးလိုက်သည်။ ယာ့ဇီသားရဲသည် သူ့ခေါင်းကြီးအား ခါယမ်း၍ ပြန်ဖြေလိုက်သည်။
"ဒီကျွန်းက အန္တရာယ် ရှိမရှိတော့ ငါမသိဘူး။ ဒါပေမယ့် အနက်ရောင် နကျယ်ကောင်တွေကလွဲပြီး တခြားနတ်ဆိုးသားရဲတွေ မရှိတာတော့ အမှန်ပဲ"
"သွားစို့"
ကျန်းရီသည် ရှေ့သို့ လူဝံတစ်ကောင်ပမာ လျင်မြန်စွာ ပြေးသွားခဲ့သည်။ သူ၏ ကောင်းကင်စိတ်အာရုံသည် မနီးမဝေးနေရာဆီမှ ပျားအုံပုံစံအရာထံ ရောက်ရှိသွားခဲ့သည်။ လန်းဆန်းမွှေးပျံ့သော ရနံ့တစ်ခုကိုပင် သူရနေလေသည်။
"အနက်ရောင်နကျယ်ကောင်တွေရဲ့ ပျားရည်"
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံအား လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှမရှိကြောင်း သေချာသွားသောအခါ သူတွေဝေမနေတော့ဘဲ ဓားတစ်စင်းပမာ ရှေ့သို့ ပြေးထွက်သွားလိုက်သည်။
"ဟားဟား....ကျန်းရီ ထောင်ချောက်ထဲကို လျှောက်သွားပြီ"
တစ်ချိန်တည်းတွင် ကမ်းခြေ၌ ကျောက်ချထားသော သင်္ဘောတစ်စင်း၏ အတွင်းခန်းမကျယ်ကြီး တစ်ခုထဲတွင် ရယ်သံလွင်လွင်တစ်ခု ပျံ့လွင့်သွားခဲ့သည်။
အခန်းထဲတွင် အဖြူရောင်ဖန်လုံးတစ်ခုသည် အလင်းရောင်များ ဖြာထွက်နေခဲ့သည်။ တစ်ဦးမှာ ယခုလေးတင် ရယ်လိုက်သော သိုင်းခန်းမ၏ ဗာဂျရာအဆင့် အကြီးအကဲဖြစ်သည်။ အခြားတစ်ဦးမှာ ကျီထင်ယွီဖြစ်လေသည်။ သူတို့သည် မှော်ပညာရပ်တစ်ခုကို အသုံးပြုထားသည့်အတွက် ကျန်းရီ ကောင်းကင်စိတ်အာရုံသုံး၍ ကြည့်စဉ်က သူတို့အား မတွေ့ခဲ့ခြင်း ဖြစ်လေသည်။
ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ အဖြူရောင်အလင်းများဖြာထွက်နေသည့် ဖန်လုံးထဲတွင် ခပ်ဝါးဝါးပုံရိပ်နှစ်ခု ရှိနေခြင်းဖြစ်သည်။ ပုံရိပ်တစ်ခုမှာ ယာ့ဇီသားရဲ ဖြစ်ပြီး ကျန်တစ်ခုမှာ အနက်ရောင်နကျယ်ကောင်များ၏ ပျားအုံရှိရာအရပ်သို့ ပြေးသွားနေသော ကျန်းရီဖြစ်လေသည်။
ကျီထင်ယွီသည် ကမ္ဘာပေါ်ရှိ မည်သည့်ယောက်ျားသားကိုမဆို စိတ်ပျော့သွားစေနိုင်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့ပြီး ဖန်လုံးအား ကြည့်နေခဲ့သည်။ သူမသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကျန်းရီ...ဒီလောကမှာ ဘယ်သူကများ ရှင့်ကို ဒီတစ်ခါ ကယ်နိုင်ဦးမလဲ"
***