နေနက်မိစ္ဆာနွယ်
Vol. 1 Ch. 423
"ဒီလို ပျားအုံအကြီးကြီးထဲမှာ ပျားရည်တွေ အများကြီးရှိမှာပဲ"
ကျွန်း၏ အလယ်ဗဟိုရှိ သစ်ပင်ကြီးတစ်ပင်ထက်တွင် ပျားအုံကြီးတစ်ခုအား ကျန်းရီမြင်လိုက်ရသည်။ ပျားအုံကြီးသည် နန်းတော်တစ်ခုစာမျှ ကြီးမားလေသည်။ ကျန်းရီ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ထွက်ပေါ်နေလေ၏။ ကျန်းရီသည် သူ့စိတ်ထဲမှ မသင်္ကာဖြစ်နေမှုအား လျစ်လျူရှုထားလိုက်သည်။ ပျားအုံအတွင်းသို့ ကောင်းကင်စိတ်အာရုံဖြင့် သူစစ်ဆေးပြီးပြီဖြစ်သည်။ အတွင်းတွင် နကျယ်ကောင်ဘုရင်မမှတစ်ပါး အနက်ရောင်နကျယ်ကောင်တို့ တစ်ကောင်တစ်လေတောင် မရှိပေ။
အနှီနကျယ်ကောင်ဘုရင်မသည် အနက်ရောင်နကျယ်ကောင် တစ်ကောင်ထက်ပင် အားနည်းရာ စိတ်ပူနေရန် မလိုချေ။ ကျန်းရီသည် သစ်ပင်အား ခုတ်၍ စကြဝဠာနန်းတော်အတွင်း ပစ်ထည့်ရန် ပြင်လိုက်သည်။
ဝှစ်...
သူ့ကောင်းကင်စိတ်အာရုံသည် ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားခဲ့ပြန်သည်။ အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေကြောင်း သေချာသွားသောအခါ မြေခွေးမိစ္ဆာတစ်ကောင်ပမာ လှစ်ခနဲ လှုပ်ရှားလိုက်သည်။ တစ်ချိန်တည်းတွင် မီးနဂါးဓားမှ မီးနဂါးနှစ်ကောင်သည် ပျားအုံကြီး၏အောက်မှ သစ်ပင်ပင်စည်ထံ ပြေးထွက်သွားခဲ့သည်။
ဗုန်း...
မီးနဂါးနှစ်ကောင်သည် သစ်ပင်ပင်စည်အား အမှုန့်များအဖြစ် အလွယ်တကူ ပြောင်းလဲလိုက်သည်။ သစ်ပင်ကြီးသည် အသံကျယ်ကြီးနှင့်အတူ မြေပေါ်လဲကျသွားခဲ့သည်။ ကျန်းရီသည် မီးနဂါးဓားကို နောက်တစ်ကြိမ်ဝှေ့ယမ်း၍ ပျားအုံအထက်မှ သစ်ပင်အပိုင်းအား ခုတ်ဖြတ်လိုက်ပြီး ပျားအုံထံ ပြေးသွားလိုက်သည်။
"ကျိ...ကျိ"
ပျားအုံသည် တစ်စစီ ပြိုကွဲသွားခဲ့သည်။ နကျယ်ကောင်ဘုရင်မသည် ပျံထွက်လာခဲ့ပြီး ကျန်းရီအား အဆိပ်ဆူးများဖြင့် ပစ်ခတ်လေသည်။ သို့သော် ၎င်း၏ အရှိန်သည် အနက်ရောင်နကျယ်ကောင်များထက် နှေးကွေးလေသည်။ နကျယ်ကောင်ဘုရင်မ၏ အော်သံသည် ခပ်လှမ်းလှမ်းတွင် ရှိနေသော အနက်ရောင်နကျယ်ကောင်များအား သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။ အနက်ရောင်နကျယ်ကောင် အုပ်စုသည် နောက်သို့ လျင်မြန်စွာ ပျံသန်းလာကြသည်။
"သေစမ်း..."
ကျန်းရီသည် ကောင်းကင်အလယ်တွင် အဆိပ်ဆူးများအား လျင်မြန်စွာ ရှောင်ရှားနေရင်း တာအိုတိုက်ခိုက်မှုအား ပြုလုပ်လိုက်သည်။ ဆက်တိုက်ဆိုသလိုပင် မီးနဂါးလေးများ သောင်းသိန်းချီသည် ကျန်းရီထံမှ ပြေးထွက်သွားကြသည်။ တာအိုတိုက်ခိုက်မှုမှ အရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ နကျယ်ကောင်ဘုရင်မ၏ အဝါရောင်မျက်လုံးကြည်ကြည်များတွင် ထိတ်လန့်ဆောက်တည်ရာမဲ့မှုများ ပြည့်လျှံနေခဲ့သည်။ ၎င်းသည် အော်ဟစ်မြည်တမ်းရင်း ထွက်ပြေးသော်လည်း အလွန်နှေးကွေးနေခဲ့သည်။ နကျယ်ကောင်ဘုရင်မသည် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းနေသော မီးနဂါးလေးများ၏ တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ခဲ့ပေ။
"အန္တရာယ်ရှိတယ်...ပြေးတော့"
ထိုခဏတွင် ကျန်းရီ၏နောက်တွင်ရှိသော ယာ့ဇီသားရဲ၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ ရင်ထဲတွင် သေစေနိုင်လောက်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိလာပြန်သည်။ သူ့မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူသည် တွေဝေနေခြင်းမရှိဘဲ ချက်ချင်းနေရာရွှေ့ပြောင်းရန် ပြင်လိုက်သည်။ သူ့ကိုယ်မှ အဖြူရောင်အလင်းများ ဖြာထွက်လာခဲ့သည်။
ဗုန်း....
ကြောက်မက်ဖွယ် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျွန်းတစ်ခုလုံး တုန်ခါသွားခဲ့သည်။ ကျွန်း၏ဗဟိုရှိ မြေသားတို့ အက်ကွဲလာသည်။ အနက်ရောင်နွယ်တစ်ချောင်းသည် ရှေးမျိုးစိတ် နတ်ဆိုးသားရဲ တစ်ကောင်၏ အမြီးကြီးအလား မြေသားအက်ကြောင်းအတွင်းမှ တိုးထွက်လာခဲ့သည်။ ထိုအနက်ရောင် နွယ်ပင်ကြီး ထွက်ပေါ်လာသောခဏတွင် ကျွန်းတစ်ခုလုံး၏အထက်မှ လေထုသည် တုန်ခါသွားခဲ့ပြီး မီးနဂါးငယ်လေးများအားလုံး ကြေပျက်သွားခဲ့သည်။
ကျန်းရီ၏ နေရာရွှေ့ပြောင်းမှုသည် လေဟာနယ်၏ တုန်ခါမှုကြောင့် ကျရှုံးသွားခဲ့သည်။ အနက်ရောင်နွယ်ကြီးသည် လျှပ်စီးအလျင်နှင့် တိုးဝင်လာခဲ့ပြီး ကျန်းရီနှင့် ယာ့ဇီသားရဲအား အလွယ်တကူ ချုပ်နှောင်လိုက်လေသည်။
ဝှစ်...ဝှစ်...
ကျွန်း၏အလယ်ရှိ မြေပြင်ကျယ်သည် ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်ထက်သို့ ကျောက်တုံးများ လွင့်တက်လာခဲ့သည်။ ကျွန်းပတ်လည်တွင်လည်း လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး သင်္ဘောများထံ လာရောက်ရိုက်ခတ်လေ၏။ အနက်ရောင်နကျယ်ကောင်များသည် တကျိကျိနှင့် အဆက်မပြတ် အော်ဟစ်နေသော နကျယ်ကောင်ဘုရင်မထံ အလောတကြီး ပျံပြေးလာကြသည်။
"ဒါ...ဒါက"
"အဲ့ဒါဘာကြီးလဲ။ အဲ့ဒါရဲ့ အရှိန်နဲ့ ဖိအားက ဘာလို့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ"
"ဟမ်....ကျွန်းရဲ့ အလယ်ဗဟိုမှာ လူတစ်ယောက်နဲ့ နတ်ဆိုးသားရဲ တစ်ကောင် မဟုတ်လား။ မဟုတ်ဘူး...အဲ့ဒီနတ်ဆိုးသားရဲက ကျန်းရီရဲ့ ယာ့ဇီသားရဲကြီး...ကျန်းရီ ကျွန်းပေါ်ကို ခိုးဝင်သွားတာပဲ"
"ဘုရားရေ...အဲ့ဒီအနက်ရောင်နွယ်ပင်ကြီးက ဘာလဲ။ ယာ့ဇီသားရဲကိုတောင် ချုပ်ထားနိုင်တယ်။ ယာ့ဇီသားရဲက အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်လေ...ဒါဆို အဲ့ဒီအနက်ရောင်နွယ်ပင်ကြီးက နတ်ဆိုးဧကရာဇ်ရဲ့ အမြီးများလား"
"နတ်ဆိုးသားရဲဧကရာဇ်တဲ့...မြန်မြန်ပြေးကြတော့"
လူတိုင်းသည် ဆွံ့အမှင်တက်နေကြသည်။ အထူးသဖြင့် လူပေါ်ကြော့သခင်လေး၊ သခင်မလေးတု့ိဖြစ်သည်။ လူအချု့ိသည် ချက်ချင်းသတိဝင်လာကြပြီး သူတို့၏ သခင်အသီးသီးကို ကာကွယ်ရင်း ထွက်ပြေးကြတော့သည်။
ရုတ်ချည်း ထွက်ပေါ်လာသော အနက်ရောင်နွယ်ကြီး၏ ဇစ်မြစ်ကို မည်သူမှ မသိကြသော်လည်း ချက်ချင်းထွက်မပြေးပါက အသက်ဆုံးရှုံးရမည်ကို လူတိုင်းသိနေကြသည်။ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သော ယာ့ဇီသားရဲပင် မခုခံနိုင်ရာ နတ်ဆိုးဧကရီသာလျှင် အနက်ရောင်နွယ်ပင်ကြီးအား ခုခံနိုင်လိမ့်မည်။
"ဒီနေနက်မိစ္ဆာနွယ်က တကယ်စွမ်းအားကြီးတာပဲ...ဟားဟား...ကျန်းရီတော့ သေပြီ"
ပင်လယ်၏ အရှေ့ဘက်ခြမ်းတွင် ကျီထင်ယွီသည် အဝါရောင် ဝတ်ရုံကို ခြုံ၍ သင်္ဘောပျက်တစ်ခု၏နောက်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူမ၏ဘေးတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သိုင်းခန်းမ၏ အကြီးအကဲ ရှိလေ၏။ သူမ၏ လက်ထဲမှ သလင်းကျောက်ဖန်လုံးသည် အလင်းရောင်များ တောက်ပနေသည်။ အောင်နိုင်သူအပြုံးတစ်ပွင့်သည် သူမ၏ နှုတ်ခမ်းထက်တွင် ပွင့်လန်းလာခဲ့သည်။
သိုင်းခန်းမ၏ အကြီးအကဲသည် ကျီထင်ယွီ၏ပုခုံးအား လက်တစ်ဖက်ဖြင့် အသာပုတ်လိုက်သည်။ သူသည် ခပ်လှမ်းလှမ်းနေရာရှိ အနက်ရောင်နွယ်ပင်ကြီးကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
"နတ်မိမယ်ရဲ့ ခန့်မှန်းချက်က တကယ်တိကျလွန်းလို့ လေးစားမိပါတယ်။ ကျန်းရီတစ်ယောက်ကတော့ အနက်ရောင်နကျယ်ကောင်တွေက နတ်မိမယ်တမင်ဆင်ထားတဲ့ ထောင်ချောက်ဆိုတာ သေတဲ့အထိတောင် သိလိုက်မှာ မဟုတ်ဘူး"
"ဟက်...သွားစို့။ နေနက်မိစ္ဆာနွယ်ရဲ့ ချုပ်နှောင်ခံလိုက်ရရင် နတ်ဆိုးဧကရီတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး"
ကျီထင်ယွီ၏ မျက်နှာထက်တွင် ဝင့်ကြွားဂုဏ်ယူဟန် စိုးစဉ်းမျှ ရှိမနေချေ။ မသိလျှင် သူမလုပ်ခဲ့သည်မှာ အသေးအဖွဲ ကိစ္စလေးအလား ခပ်ဖျော့ဖျော့သာ ပြုံးနေခဲ့သည်။ သူမ၏ လက်ဟန်ပြအပြီးတွင် သိုင်းခန်းမအကြီးအကဲသည် သူမကိုခေါ်ဆောင်၍ ပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ မကြာခင်တွင် နှစ်ယောက်သားသည် ကျယ်ပြောလှသော ပင်လယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြသည်။
ကျွန်း၏ ဗဟိုမှ နွယ်ပင်ကြီးသည် ကျန်းရီနှင့် ယာ့ဇီသားရဲကိုပါ ခေါ်ဆောင်၍ ကျွန်းအောက်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ကျွန်းပေါ်တွင် အလွန်နက်စောက်၍ ရုုပ်ဆိုးလှသော ချိုင့်ကြီးတစ်ခုသာ ကျန်ရစ်လေသည်။
မှန်ပေသည်။
အရာအားလုံးအား ကျီထင်ယွီမှ စီစဉ်အကွက်ချထားခြင်းဖြစ်သည်။ သူမသည် အနက်ရောင်နကျယ်ကောင်များကို ရှန်မိမြို့အနီးတွင် လွှတ်ရန် လူများကို စေခိုင်းအမိန့်ပေးခဲ့သည်။ သိုင်းခန်းမ၏ နောက်ကွယ်မှ ပံ့ပိုးပေးမှုကြောင့်သာ ရတနာရှာဖွေသည့်ခရီးတွင် သခင်လေး၊ သခင်မလေးများစွာ ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
သူမ၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာဖြစ်သည်။
ကျန်းရီကို ဤနေရာသို့ မျှားခေါ်လာ၍ နေနက်မိစ္ဆာနွယ်က သူ့အားသတ်စေရန်ဖြစ်သည်။
ကျန်းရီ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေမှ ထွက်လာသည်နှင့် အနီးအနားတွင် ပုန်းကွယ်နေကြသော သိုင်းခန်းမမှ လူများသည် သူမထံ အကြောင်းကြားလာခဲ့သည်။ သိုင်းခန်းမသည် ဤကျွန်းပေါ်တွင် အနက်ရောင်နကျယ်ကောင်များနှင့် အလွန်ကြောက်စရာကောင်းသော နေနက်မိစ္ဆာနွယ်တို့ ရှိနေသည်ကို သိပြီးသားဖြစ်သည်။
ကျီထင်ယွီသည် သူမ၏ နောက်လိုက်များကို အနက်ရောင်နကျယ်ကောင်များအား ဖမ်းစေ၍ ရှီးနဉ်မြို့အနီးတွင် လွှတ်စေသည်။ ၎င်းတို့အား လူတို့တွေ့သွားပါက နယ်မြေတွင် အုတ်အော်သောင်းနင်း ဖြစ်သွားမည်ဖြစ်ပြီး ဂိုဏ်းအချို့သည် ပျားရည်ကိုရရန် ကြိုးစားကြလိမ့်မည်။
သတင်းများ မြန်မြန်ပျံ့နှံ့စေရန်အလို့ငှါ သိုင်းခန်းမ၏ အဆက်အသွယ်ကို အသုံးချခဲ့သည်။ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းသည်လည်း သိုင်းခန်းမထံမှ သတင်းရခဲ့ခြင်းဖြစ်သည်။ မူလက စုလောရွှယ်သည် လူမလွှတ်ချင်ခဲ့သော်လည်း သိုင်းခန်းမမှ သူလျှိုတစ်ဦး၏ အားပေးအားမြှောက်လုပ်မှုကြောင့် နောက်ဆုံးတွင် စစ်သူကြီးတစ်ဦးကို စေလွှတ်ခဲ့သည်။
အရာအားလုံးသည် ကျီထင်ယွီ၏ အစီအစဉ်ထဲတွင် ပါဝင်ပြီးသားဖြစ်သည်။ သူမသည် အပြင်လူများ မသိကြသော ချမ်တာ့ရယ်၏ သရုပ်မှန်ကိုလည်း သိထားခဲ့သည်။ ယခုမတိုင်မီက ကျန်ဂိုဏ်းများအားလုံးသည် ကျန့်ဂိုဏ်းနှင့်ချမ်ဂိုဏ်းကို မစောင့်ဘဲ အနက်ရောင်နကျယ်ကောင်များကို သွားရောက်တိုက်ခိုက်ကြသည်။ ဤသည်မှာလည်း ကျီထင်ယွီ၏ ညွှန်ကြားမှုအတိုင်း တုကူးယန်သည် လူအများကိုစုစည်းပြီး သဘောတူညီမှု ကြိုတင်ရယူထားသောကြောင့်ဖြစ်သည်။
အဘယ့်ကြောင့် ကျန်ဂိုဏ်းများသည် ဂိုဏ်းသုံးဂိုဏ်းမှ လာအမြတ်ထုတ်သွားမည်ကို မစိုးရိမ်ကြသနည်း။ အဓိကအကြောင်းအရင်းသည်ကား ဂိုဏ်းသုံးဂိုဏ်းမှ ပျားရည်ကို လာရောက်လုယူရဲပါလျှင် သိုင်းခန်းမသည် သူတို့အသက်ရှင်လျက် ပြန်မသွားနိုင်အောင် လုပ်ပေးမည်ဟု တုကူးယန်မှ ကတိပေးလိုက်သောကြောင့် ဖြစ်သည်။ ထိုကြောင့် ဂိုဏ်းပေါင်းစုံသည် နောက်ဆံတင်းမနေဘဲ စိတ်ချလက်ချ တိုက်ခိုက်ကြခြင်းဖြစ်သည်။
ကျီထင်ယွီ၏ ဉာဏ်ပညာသည် အလွန်ကြောက်စရာကောင်းလှသည်။ သူမသည် အရာရာကို အကွက်ချခဲ့ပြီး ကျန်းရီ သူမ၏ ထောင်ချောက်ထဲသို့ ကိုယ့်သဘောနှင့်ကိုယ် လျှောက်လာစေရန် သူမလူလုံးထွက်ပြစရာပင် မလိုခဲ့ချေ။ ဤဖြစ်ရပ်မှာ မမြင်ရသော လက်တစ်ဖက်မှ ကြိုးဆွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိုင်းခန်းမမှလွဲ၍ မည်သူမှ သိနိုင်လိမ့်မည်မဟုတ်ပေ။
***
"ဘာဖြစ်သွားတာလဲ"
ကျွန်းနှင့် အတော်လေးဝေးကွာသော နေရာတွင် ချမ်ဝမ်ကွမ်တို့ လူစုသည် သိုင်းသမားများ ပြန်လည်ဆုတ်ခွာလာကြကြောင်း မြင်လိုက်ရသည်။ သူတို့သည် သင်္ဘောအား ရှေ့တိုး၍ စူးစမ်းလိုက်သော် ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။ ကျွန်းပေါ်တွင် အနက်ရောင်နွယ်ပင်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းရီနှင့် ယာ့ဇီသားရဲ နှစ်ယောက်လုံးကို ပင်လယ်ရေအောက်သို့ ဆွဲချသွားခဲ့ခြင်းဖြစ်သည်။
"အစ်ကိုကြီး"
ချမ်ဝမ်ကွမ်သည် ဆောက်တည်ရာမရ ဖြစ်သွားကာ သင်္ဘောအား ကျွန်းရှိရာသို့ ရွက်လွှင့်ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။ ကျန့်ဝူရွှမ်းမှာလည်း ထူပူသွားခဲ့သည်။ ယွင်ဖေးမှာ ပို၍ပင် ဆိုးသေးသည်။ ကျန်းရီသည် စုန်းနတ်ဘုရား၏ ဆက်ခံသူဖြစ်သည်။ ရှန်မိနိုင်ငံ၏ ကာကွယ်သူလောင်းလျာသည် ဤသို့သေသွား၍ မဖြစ်ပေ။
သို့သော်လည်း သူမသည် ကျိုးကြောင့်သင့်စွာ တွေးခေါ်နိုင်သေးသည်။ ချမ်ဂိုဏ်းသားများ ရွက်လွှင့်ရန်ပြင်ဆင်နေသည်ကို မြင်သောအခါ ချက်ချင်းအော်၍ အမိန့်ပေးလိုက်သည်။
"ရူးရူးမိုက်မိုက် မလုပ်နဲ့။ ဒီလိုသွားလိုက်ရင် ငါတို့ အသက်ကိုပါ သွားလွှင့်ပစ်သလို ဖြစ်သွားလိမ့်မယ်။ ကျန်းရီက ဒီလောက်စွမ်းအားကြီးတာ...ယာ့ဇီသားရဲဆိုရင် အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်တောင် ဖြစ်နေပြီ။ သူတို့တောင် အဲ့ဒီနွယ်ပင်ကို မခုခံနိုင်ဘူးဆိုရင် ငါတို့သွားလို့ရော ဘာထူးမှာလဲ"
ချမ်ဝမ်ကွမ်သည် သူမအား အေးစက်စွာကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
"မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ။ အစ်ကိုကြီးသေမှာကို ငါတို့ ဒီအတိုင်းပဲ ရပ်ကြည့်နေရမှာလား။ မင်းသေမှာ ကြောက်တယ်ဆိုရင်လည်း ငါ့ဟာငါပဲသွားမယ်"
"မင်းဘာတွေပြောနေတာလဲ"
ကျန့်ဝူရွှမ်း ဒေါသထွက်သွားခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်အား ဒေါသတကြီး ကြည့်ကာ ဆူပူလိုက်သည်။
"ယွင်ဖေးက ဒီလိုသဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ တစ္ဆေတောအုပ်မှာ ကျန်းရီနဲ့အတူ တိုက်ခိုက်နေကြတုန်းက မင်းဘယ်ရောက်နေလဲ။ ငါတို့သာ ကျန်းရီကို ကယ်နိုင်မယ်ဆိုရင် ငါ့အသက်ကို စတေးရရင်တောင် ကိစ္စမရှိဘူး။ ပြဿနာက...ငါတို့သေသွားပြီးတဲ့နောက် ဘယ်သူက သူ့ကို သွားကယ်မှာလဲ"
ချမ်ဝမ်ကွမ်သည် ကျန့်ဝူရွှမ်း၏ အအော်ခံရပြီးမှသာ သတိပြန်ဝင်လာခဲ့သည်။ သူသည် လေသံအားလျှော့၍ ရှက်ရွံ့စွာ
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ ထိုင်စောင့်နေလို့တော့ မဖြစ်ဘူးလေ"
ယွင်ဖေးသည် ချမ်ဝမ်ကွမ်ကို အပြစ်မတင်ပေ။ သူမသည် သူ့အားလှည့်ကြည့်၍ ပြောလိုက်သည်။
"အရင်ဆုံး နတ်ဆိုးဧကရီ၊ ကျူးကော့ချမ်ယွမ်၊ ရွှေယို့လန်နဲ့ ငွေပန်းပွင့်ဘွားဘွားဆီ ချက်ချင်းအကြောင်းကြားရမယ်။ ဒုတိယက အနက်ရောင်နကျယ်ကောင်နဲ့ အနက်ရောင်နွယ်အကြောင်း သိတဲ့လူတွေနဲ့ တိုင်ပင်ပြီး အဲ့ဒါကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ နည်းလမ်းရှာကြမယ်။ နောက်ဆုံးတစ်ခုကတော့ ပြဿနာကို ကျန်းရီကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ ဆုတောင်းကြရုံပဲပေါ့"
***