အခန်း (၂၅၅-၂၅၆)
Vol. 23 Ch. 255-256
အခန်း (၂၅၅)။
"အာယွိ၊ အသက်မဲ့ဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် လာမယ်လို့ မင်း ထင်သလား။ ငါ မြက်ခင်းပြင်မှာ ရှိတုန်းက ယူလူလက်ဆီကနေ အသက်မဲ့ဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေအကြောင်း မကြာခဏ ကြားခဲ့ရတယ်။ ဒီ မကောင်းဆိုးဝါး ဂိုဏ်းနှစ်ခုရဲ့ ခေါင်းဆောင်တွေက လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ အသက်မဲ့ဂိုဏ်းရဲ့ ခေါင်းဆောင်က ထာဝရမိခင်ကြီးတဲ့။ အစစ်မှန် လေဟာနယ် ဂိုဏ်းကတော့ လေဟာနယ်ဘုရင်လို့ခေါ်တယ်။ သူတို့ရဲ့ နယ်ပယ်တွေက သိပ်မမြင့်သလို တစ္ဆေအင်မော်တယ်အဖြစ် ကျင့်ကြံထားခြင်း မရှိသေးပေမဲ့၊ သူတို့က တိုက်ခိုက်ရေးမိခင် နတ်ဘုရားမရဲ့ အစစ်မှန် နတ်ဘုရားကိုယ်ပွား ခုနစ်ဖော်ကို ကျင့်ကြံထားပြီး၊ အလွန်မင်း အစွမ်းထက်တယ်။ ကိုယ်ပွား တစ်ခုချင်းစီရဲ့ အစွမ်းက တစ္ဆေအင်မော်တယ်တစ်ပါးရဲ့ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားနဲ့ နှိုင်းယှဉ်နိုင်တယ်။ အစစ်မှန် တစ္ဆေအင်မော်တယ်တစ်ပါး တောင် သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ငါ့အဘိုးတောင် သူတို့ထဲက တစ်ယောက်ယောက်နဲ့ တွေ့ရင်, အနိုင်မယူနိုင်ဘူး။ သူ့ကိုယ်သူ ကာကွယ်ရုံ လောက်ပဲ တတ်နိုင်တယ်။"
ညက မှောင်မိုက်နေတုန်းပင်။
သို့သော်လည်း ကောင်းကင်မှာ ကြယ်အနည်းငယ် ရှိပြီး၊ ကြယ်ရောင်က ဝူယွမ်မြို့တော်တစ်ခုလုံးကို လင်းထန်စေပါသည်။ မြို့ထဲတွင် မှိုင်းမှိုင်း ညို့ညို့ လေထုတစ်ခု ရှိနေသည်။
ဟုန်ယွိသည် ရွှေနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အိမ်တစ်ခု၏ ခေါင်မိုးပေါ်မှာ တင်ပလ္လင်ခွေ ထိုင်နေ၏။ သူက တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ကြိုးစားနေသကဲ့သို့ သူ့ခေါင်းပေါ်ရှိ ကြယ်ရောင်ကောင်းကင်ကို မော့ကြည့်သည်။ အေးမြသော ညလေသည် သူ့ခန္ဓာကိုယ်ကို တိုက်ခတ်ရာ သူ့ ရွှေနက်ရောင်ဝတ်ရုံသည် တရှဲရှဲ မြည်သံများ ထွက်ပေါ်နေသည်။
အိမ်အောက်တွင် မှိန်ဖျော့သော မီးအိမ်အချို့ လင်းနေပါသည်။ အေးစက်ပြီး စိုစွတ်သော မြေပြင်ကို မှုန်ဝါးဝါး မြင်နိုင်သည်။ သစ်သားခြံစည်းရိုးများ၊ သံမဏိသော့အလွှာများ၊ သံကြိုးများနှင့် တံဆိပ်များ၊ ကျားခေါင်း၊ သံချိတ်နှင့် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ရာ အခြားကိရိယာအချို့လည်း ရှိနေသည်။
သစ်သားခြံစည်းရိုးနောက်မှ ညည်းတွားသံနှင့် အော်ဟစ်သံများကို တိုးညှင်းစွာ ကြားနိုင်သည်။ အကယ်၍, ချီကို တွေ့မြင်ခံစားနိုင်သော တာအို ပညာရှင်တစ်ဦးဆိုပါက, အပေါ်စီးမှ ကြည့်လျှင်, ယင်ချီနှင့် မကောင်းဆိုးဝါးချီများစွာကို မြင်ရလိမ့်မည်။ မှုန်ဝါးဝါး ဝိညာဉ်များနှင့် တစ္ဆေသရဲများကဲ့သို့ အရာအချို့လည်း ရှိနေပုံရသည်။ ညစ်ပတ်သော အနံ့ဆိုးလည်း ရှိနေသည်။
သံသယဖြစ်ဖွယ်မရှိပေ။ ဟုန်ယွိ၏ အောက်၌ရှိသော ထိုအဆောက်ဦးကြီးသည် ဝူယွမ်ပြည်နယ်မြို့တော်၏ ထောင်ဖြစ်သည်။
"ထောင်အကြောင်း ကြားရင် သင်္ချိုင်းအကြောင်း ကြားရသလို ဖြစ်တယ်လို့ ပြောကြတာ အံ့သြစရာတော့ မဟုတ်ဘူး။ သူတို့က ထောင်ထဲဝင်မယ့် အစား သေဖို့ကိုပဲ လိုလားကြတယ်။ ဟင်း….၊ ဒီလိုအေးစက်၊ စိုစွတ်ပြီး အနံ့ဆိုးထွက်နေတဲ့ အခန်းထဲမှာ ကြံ့ခိုင်သန်မာတဲ့ လူတစ်ယောက်ကို တစ်ည ပိတ်လှောင်ထားရင်တောင်, အသက်ရူသံ ယဲ့ယဲ့လောက်ပဲ ကျန်လောက်တယ်။ အထူးသဖြင့် သေဆုံးတဲ့အထိ ပိတ်လှောင်ခံရသူတွေရဲ့ ဝိညာဉ်တွေက ထွက်မသွားကြဘူး။ သူတို့က မှောင်မိုက်၊ စိုစွတ်ပြီး နေရောင်မဝင်တဲ့ ထောင့်တွေမှာ စုစည်းနေပြီး၊ ယင်ချီတစ်မျိုးအဖြစ် သိပ်သည်းလာလိမ့်မယ်။ သူတို့က လူတွေရဲ့ သွေးထဲက ယန်ချီကို ဆွဲဆောင်ဖို့ အလွယ်ဆုံးပဲ။ ထောင်ထဲကို ဝင်ရောက်တာနဲ့ သေရလိမ့်မယ်။ ငါ ဥပဒေရေးရာ ဝန်ကြီးတစ်ဦး ဖြစ်လာရင် ပထမဆုံး လုပ်မယ့်အရာက ကမ္ဘာပေါ်ရှိ ထောင်တွေအားလုံးကို ရှင်းလင်းဖို့ပဲ။ ငါ သမိုင်းစာအုပ်တွေကို ဖတ်ခဲ့ဖူးတယ်။ ကပ်ရောဂါ ဖြစ်ပေါ်လာတိုင်း ထောင်တွေကနေ စဖြစ်တာ အများဆုံးပဲ။"
ဟုန်ယွိက သက်ပြင်းချပြီး သူ့အောက်ရှိ ထောင်ခန်းများကို ကြည့်လိုက်သည်။ ကမ္ဘာ၏ ထောင်ခန်းများသည် လူသားများ နေထိုင်နိုင်သည့် နေရာများ မဟုတ်ကြောင်း သူ သိသည်။
အနံ့ဆိုးများ ထွက်နေရုံသာမက အေးစက်ပြီး စိုစွတ်နေသေးသည်။ အကျဉ်းသားများ၏ မစင်နှင့် ဆီးများကိုလည်း မရှင်းလင်းကြပေ။ မည်သူမှလည်း သန့်ရှင်းရေးလုပ်ချင်မည် မဟုတ်ပေ။ ယခုလို ပတ်ဝန်းကျင်မျိုးမှာ ကြံ့ခိုင်သန်မာသည့် လူတစ်ယောက်ကို တစ်ည ပိတ်လှောင်ထားရင်တောင် မစင်ကျင်းထဲမှာ ရှိနေရခြင်းနှင့် ဘာမှ မကွာခြားလှပေ။
ပို၍ ကြောက်စရာ ကောင်းသည်မှာ သေဆုံးသည်အထိ အကျဉ်းချခံရသူများ၏ ဝိညာဉ်များသည် မှောင်မိုက်ပြီး စိုစွတ်နေသည့် နေရောင်မဝင်သော နေရာများမှာ နေရောင်ခြည်နှင့် မထိတွေ့ရသည့်အတွက် ကျန်ရှိနေနိုင်သည်။ ဤအတိုင်း ကာလကြာရှည်စွာ ဆက်ဖြစ်နေမည်ဆိုလျှင်, ထိုဝိညာဉ်များသည် တစ္ဆေအင်မော်တယ်များ၏ အတွေးများကဲ့သို့ ယင်ချီ ဖြစ်လာလိမ့်မည်။ သာမန်လူများသည် ထိုယင်ချီနှင့် ထိတွေ့မိသည်နှင့် ဖျားနာကြလိမ့်မည်။
အကယ်၍, ဤအတိုင်းသာ ကာလကြာရှည် ဆက်ဖြစ်နေမည်ဆိုလျှင်, ထိုယင်ချီများသည် ပို၍ အားကောင်းလာလိမ့်မည်။ ၎င်းတို့ကို မဖျက်ဆီးပစ်လျှင် အန္တရာယ်များသော နာကျည်းဝိညာဉ်များ ဖြစ်လာနိုင်ချေ အလွန်များပါသည်။
ဟုန်ယွိသည် ဝတ္ထုများစွာနှင့် မှတ်စုများကို ဖတ်ခဲ့ဖူးသည်။ သမိုင်းတွင် မြေဧရိယာ မိုင်ထောင်ပေါင်းများစွာကို ပျက်သုဉ်းစေခဲ့သည့် ကြီးမားသော ကပ်ရောဂါများစွာ၏ အရင်းအမြစ်သည် ထောင်မှ အစပြုကြောင်း သူ သိသည်။
သူ့အတွက် အရင်က ရှင်းရှင်းလင်းလင်း မသိသော်လည်း အခုတော့ သူ နောက်ဆုံးမှာ နားလည်သွားခဲ့ပြီ။
ထောင်သည် မစင်ကျင်းနှင့် တူသည်။ သူကိုယ်တိုင်ပင် ထောင်ထဲမှာ တစ်ည ပိတ်လှောင်ခံရဖို့ ဆန္ဒမရှိပါဘူး။
ဟုန်ယွိ ဆုံးဖြတ်လိုက်သည်မှာ, အကယ်၍, သူသည် မင်းသားယုကို ထီးနန်းတက်နိုင်ဖို့ ကူညီပေးနိုင်ခဲ့လျှင်, ပထမဆုံး သူလုပ်မည့်အရာက ဥပဒေဝန်ကြီး ဖြစ်လာဖို့ပင်။ သူ ကမ္ဘာပေါ်ရှိ ထောင်တွေအားလုံးကို သန့်ရှင်းအောင်ထားပြီး ကပ်ရောဂါ၏ အရင်းအမြစ်ကို ဖယ်ရှားပစ်မည်။
"အာယွိ၊ ငါတို့ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်အမှန် လေဟာနယ်တာအိုဂိုဏ်းက ဂိုဏ်းခေါင်းဆောင်တွေ လာမှာကို စောင့်နေကြတယ်။ ဒီဂိုဏ်းခေါင်းဆောင် နှစ်ယောက်က အရမ်း အစွမ်းထက်တယ်။ ငါ့အဘိုးတောင် သူတို့ကို ကြောက်ရတယ်။ နင်မှာတော့ ကမ္ဘာကို ဘယ်လို အုပ်ချုပ်ရမလဲဆိုတာ လေ့လာဖို့ အချိန်အားနေသေးတာလား။”
ရွှေပင့်ကူသည် ဟုန်ယွိ၏ ပခုံးပေါ်တွင် ထိုင်နေပြီး သူမခန္ဓာကိုယ်ကို ယိမ်းထိုးလှုပ်ရှားနေသည်။ သူမ၏ ဗလာ ခြေထောက်နှစ်ချောင်းက လှုပ်ရင်းကာ ဟုန်ယွိ၏ ရင်ဘတ်ကို ကန်ပြီး ပွတ်တိုက်နေသည်။
"တော်ပြီ ကျင်းရွှမ်အာ၊ မလှုပ်နဲ့တော့။ မင်း ထပ်လှုပ်ရင်, ငါ မင်းကို အောက်ကို ကန်ချရလိမ့်မယ်။" ဟုန်ယိသည် သူ့ပခုံးပေါ်တွင် ထိုင်ပြီး၊ ငြိမ်ငြိမ်မနေဘဲ လှုပ်ရှားနေသော ရွှေပင့်ကူကို ဆုပ်ကိုင်လိုက်သည်။ "မင်း ခုနက ပြောတာကို ငါ ကြားမိပါတယ်။ ငါလည်း အသက်မဲ့တာအိုနဲ့ အစစ်အမှန် လေဟာနယ်တာအိုရဲ့ တာအိုပညာရပ်တွေကို လေ့လာနေတယ်။ အသက်မဲ့တာအိုနဲ့ အစစ်အမှန် လေဟာနယ်တာအိုရဲ့ ဂိုဏ်းခေါင်းဆောင်တွေက တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံထားခြင်း မရှိသေးပေမဲ့ သူတို့ရဲ့ အစွမ်းက တစ္ဆေအင်မော်တယ်တွေထက် ခုနစ်ဆ ရှစ်ဆလောက် ပိုအစွမ်းထက်တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။"
"အယ်…၊ အာယွိ၊ နင် ထူးဆန်းတယ်လို့ မထင်ဘူးလား။ ယုတ္တိရှိရှိ ပြောရရင် တစ္ဆေအင်မော်တယ် နယ်ပယ်က တာအိုပညာရဲ့ ပထမဆုံးအဆင့်ပဲလေ။ တစ္ဆေအင်မော်တယ် နယ်ပယ်အထိ ကျင့်ကြံထားသူတွေကိုပဲ အင်မော်တယ်သခင်တွေလို့ ခေါ်နိုင်တယ်။ သူတို့ကတော့ တကယ်ကို နောက်တဆင့်ကို ဝင်ရောက်ခဲ့သွားပြီး သူတို့ရဲ့ အစွမ်းက တခြား တာအိုပညာရှင်တွေကို ကျော်လွန်တယ်။ တကယ်လို့, တစ္ဆေအင်မော်တယ်တစ်ပါးဟာ တစ္ဆေအင်မော်တယ် မဖြစ်သေးတဲ့ တာအိုပညာရှင်တွေနဲ့ တိုက်ခိုက်ရင် တစ္ဆေအင်မော်တယ်ကပဲ သေချာပေါက် အနိုင်ရလိမ့်မယ်။ ဒါပေမဲ့ အသက်မဲ့တာအိုနဲ့ အစစ်မှန် လေဟာနယ်တာအိုရဲ့ ဂိုဏ်းခေါင်းဆောင်တွေဟာ တစ္ဆေအင်မော်တယ်တွေ မဟုတ်ပေမဲ့ သူတို့မှာ တစ္ဆေအင်မော်တယ် တစ်ပါးထက် ဆယ်ဆ ပိုကြီးမားတဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားတယ်။ ဘယ်တစ္ဆေအင်မော်တယ်မှ သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့က မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတွေနဲ့တောင် ယှဉ်နိုင်တယ်။ ငါ ဒီလိုလူမျိုးတွေကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး။ စဉ်းစားရုံနဲ့တင် စိတ်မသက်မသာ ဖြစ်ရတယ်။"
ရွှေပင့်ကူက နှုတ်ခမ်းဆူသည်။
"ဒါနဲ့ပတ်သက်ပြီး၊ ဘာမှ ထူးဆန်းတာ မရှိဘူး။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အသက်မဲ့အနာဂတ်ကျမ်းက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်မှုကို စုစည်းပြီး သူတို့ရဲ့ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံရတဲ့ ပညာရပ်တစ်ခုပဲ။ ဒီပညာရပ်က သေချာပေါက် အစွမ်းထက်တယ်။ ဒါပေမဲ့ ဒီလို စွမ်းအားမျိုးက အပြင်ပန်း ဖြစ်ပြီး ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လို့ မရဘူး။ ဒါကြောင့် သူတို့က ဒီစွမ်းအားကို ပြင်ပခန္ဓာကိုယ်တွေအဖြစ် ကျင့်ကြံကြရတယ်။ အဲဒီ ပြင်ပခန္ဓာကိုယ်တွေ အစွမ်းထက်တာ ရှောင်လွှဲလို့ မရဘူး။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမက မဟူရာနတ်ဆိုးနဲ့ မဟာဖျက်ဆီးခြင်းနတ်ဘုရားတို့ဆိုရင်လည်း မရေမတွက်နိုင်တဲ့လူပေါင်းများစွာရဲ့ ယုံကြည်မှုနဲ့ ကိုးကွယ်မှုကနေ မွေးဖွားလာတာပဲ။ သူတို့ ဘယ်လောက် အစွမ်းထက်လဲ။ မိုနိုဂိုတာရီတောင် သူတို့နဲ့ ယှဉ်နိုင်မယ် မထင်ဘူး။" ဟုန်ယွိသည် စိတ်အားထက်သန်စွာဖြင့်၊ အာမခံချက်ဖြင့် ပြောသည်။ သူသည် အသက်မဲ့အနာဂတ်ကျမ်းကို အလွန် နားလည်ထားပုံရသည်။
"အာယွိ၊ နင် ဒီအကြောင်းကို အများကြီး သိထားပုံရတယ်။ ငါ့ကို ပြောပြပါဦး။ နင်က စာအုပ်တွေ အများကြီး ဖတ်ထားပြီး၊ တာအိုပညာတွေကိုလည်း အများကြီး ဖတ်ထားတယ်ဆိုတာ ငါ သိတယ်။ ငါ့ကို ပြောပြပါဦး။"
ရွှေပင့်ကူက သူမ၏ ခပ်ဖောင်းဖောင်း အဖြူရောင် လက်သေးသေးလေးကို ဆန့်ထုတ်ပြီး ဟုန်ယွိ၏ နားရွက်ဖျားကို ညှစ်သည်။
"ဒီရက်ပိုင်း ငါ နာလန်ယန်လူးဆီက သိမ်းယူခဲ့တဲ့ မတည်မြဲခြင်းဓားကို သန့်စင်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ဖျက်ဆီးခြင်းနတ်ဆိုးအဆောင်နဲ့ ထိတွေ့တိုင်း ငါ ရပ်တန့်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ လေဟာနယ်ထဲက အသေးစား စကြာဝဠာတစ်ခုမှာ အဆုံးမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဖျက်ဆီးခြင်းနတ်ဘုရား တစ်ပါး တကယ်ပဲ ပုန်းအောင်းနေတယ်လို့ ငါ ဝေဝါးဝါး ခံစားမိလို့ပဲ။ အဲဒီနေရာက စကြာဝဠာအိတ်ထဲက အသေးစား စကြာဝဠာလေးတစ်ခုလိုပဲ။ ပုန်းအောင်းနေတာ မဟုတ်ဘဲ ချိတ်ပိတ်ပြီး အကျဉ်းချထားတာနဲ့တူတယ်။ ဒါပေမဲ့ ငါ တိကျတဲ့ အချက်အလက်တွေကို မဖော်ထုတ်နိုင်သေးဘူး။ အသေးစား စကြာဝဠာတစ်ခုကို ဖွင့်ဖို့ဆိုတာက ယန်နတ်ဘုရားနယ်ပယ် အင်မော်တယ်တွေသာ လုပ်နိုင်တဲ့ အရာပဲ။ ငါ့ရဲ့ တာအိုမှော်ပညာက အရမ်း နက်ရှိုင်းခြင်းမရှိသေးတော့ ဖော်ထုတ်လို့ မရဘူး။"
ဟုန်ယွိက ရွှေပင့်ကူကို ပြောသည်။ "ဒါပေမဲ့ ငါ ဒီအမွှေးနံ့သာ မီးထွန်းပူဇော်ခြင်းကနေ မွေးဖွားလာတဲ့ နတ်ဆိုးနတ်ဘုရားတွေအကြောင်း အများကြီး စဉ်းစားမိခဲ့တယ်။ ငါ နိယာမအချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်။ ကျင်းရွှမ်အာ, လူတစ်ဦးရဲ့ ဝိညာဉ်ဆိုတာက အတွေးတွေနဲ့ ဖွဲ့စည်းထားတာ။ မကောင်းတဲ့ အတွေးတွေ၊ ကောင်းတဲ့အတွေးတွေ၊ အရှုံးမပေးလိုတဲ့ အတွေးတွေ စသဖြင့် အတွေးတွေက အများကြီးပဲ။ အဲဒီအတွေးတွေထဲမှာ အဖျက်စွမ်းအား အကြီးမားဆုံး၊ ဆုံးဖြတ်ချက်ခိုင်မာဆုံးနဲ့ အစွမ်းထက်ဆုံး အတွေးက တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ယုံကြည်ခြင်းဆိုတဲ့ အတွေးပဲ။ ငါတို့ပညာရှင်တွေ ဟာ အကြောင်းပြချက်တွေကို ယုံကြည်ကြတယ်။ ငါတို့ဟာ ကိုယ့်နှလုံးသားထဲက အမှန်တရားဆိုတဲ့ ယုံကြည်မူအတွက် ခေါင်းဖြတ်ခံရမယ့် အန္တရာယ်ကို ခံယူပြီး ဧကရာဇ်ကိုတောင် ဆုံးမရဲကြတယ်။ ဗုဒ္ဓဘာသာကို ကျင့်သုံးသူတွေဟာ ဓမ္မကို ယုံကြည်ကြတယ်။ သူတို့ဟာ ဓမ္မကို ရှာဖွေနိုင်ဖို့ သူတို့ရဲ့ ခြေလက်အင်္ဂါ အစိတ်ပိုင်းတွေကိုတောင် ဖြတ်ပစ်နိုင်ကြတယ်။ တာအိုကို ကျင့်သုံးသူတွေဟာ ကောင်းကင်တာအိုကို ယုံကြည်ကြတယ်။ သူတို့က ကောင်းကင်တာအိုအတွက် ခံစားချက်အားလုံးကို မေ့ပစ်နိုင်ကြတယ်။ ဥပမာအနေနဲ့, တိုင်ရှန်တာအိုဂိုဏ်းရဲ့ လျစ်လျူရှုခြင်း မဟာတာအိုပဲ။ သာမန်လူတွေက နတ်ဘုရားတွေကို ယုံကြည်ကြပြီး နတ်ဘုရားတွေက သူတို့ကို ကယ်တင်မယ်လို့ မျှော်လင့်ကြတယ်။ ဒီလို အစွမ်းထက်ပြီး ခိုင်မာတဲ့ အတွေးတွေ စုစည်းလိုက်တဲ့အခါ တကယ့်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲလာလိမ့်မယ်။ အသက်မဲ့အနာဂတ်ကျမ်းက ကမ္ဘာပေါ်ရှိ လူတွေရဲ့ အစွမ်းထက်တဲ့ ယုံကြည်မှုကို အသုံးပြုပြီး၊ လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားကို တိုးမြှင့်ကာ ကန့်သတ်ချက်ကို တစ်ချက်တည်းနဲ့ အောင်မြင်အောင် လုပ်တာပဲ။"
"အဘိုးက လေဟာနယ်တာဂိုဏ်းနဲ့ အသက်မဲ့တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် နှစ်ယောက်စလုံး တစ္ဆေအင်မော်တယ်တွေ မဟုတ်ဘူးလို့ ဘာလို့ ပြောတာလဲ။" ရွှေပင့်ကူက မေးသည်။
"အဲဒါကတော့ သူတို့ဟာ အသက်မဲ့ အနာဂတ်ကျမ်းရဲ့ မပြည့်စုံတဲ့ လက်ရေးမူမိတ္တူကို ကျင့်ကြံနေတာကြောင့် ဖြစ်နိုင်တယ်။ သူတို့ဟာ သူတို့ကို ယုံကြည် ကိုးကွယ်သူတွေရဲ့ အစွမ်းထက်တဲ့ အတွေးတွေကို ပြင်ပခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းဖို့ပဲ ငှားယူနိုင်ကြတယ်။ သူတို့ဟာ အဲဒီယုံကြည်မှု အတွေးတွေကို သူတို့ရဲ့ ကိုယ်ပိုင် ဝိညာဉ်တွေထဲ ပေါင်းစပ်နည်းကို မသိကြဘူး။ ဒါက သာမန် သိုင်းပညာရှင်တစ်ဦးက နတ်ဘုရား လက်နက်တွေ ဒါမှမဟုတ် ရှေးဟောင်းမှော်ရတနာတွေကို အသုံးပြုတာနဲ့ တူတူပဲ။ ဒါကြောင့် သူတို့ဟာ အစွမ်းထက်ပေမဲ့ ကံကြမ္မာရဲ့နှောင်ကြိုးကနေ လွတ်မြောက်နိုင်စွမ်း မရှိကြဘူး။ သူတို့သာ ရှင်ခြင်း သေခြင်းရဲ့ အတားအဆီးကို မအောင်မြင်နိုင်ကြဘူး။ သူတို့ရဲ့ သက်တမ်း ကုန်ဆုံးတာနဲ့ သူတို့ သေဆုံးရလိမ့်မယ်။ သူတို့သာ ခန္ဓာကိုယ်ကို စွန့်ခွာပြီး ပြန်လည်ဝင်စားနိုင်တဲ့ တစ္ဆေအင်မော်တယ်တွေထက် အများကြီး နိမ့်ကျတယ်။"
ဟုန်ယိသည် ရွှေပင့်ကူ၏ လက်သေးသေးလေးကို ပုတ်ထုတ်လိုက်သည်။ "တော်ပြီ, ကျင်းရွှမ်အာ၊ ဆင်းလာခဲ့တော့။ ငါတို့ရဲ့ ရန်သူတွေ ရောက်လာ ပြီ။ ငါ ရောက်လာပြီလို့ပြောရင်, တကယ် ရောက်လာလို့ပဲ။"
ထို့နောက် ဟုန်ယွိသည် ထရပ်ပြီး အဝေးကို ကြည့်လိုက်သည်။ ထို့နောက်, သူက ချိုမြိန်သော အသံဖြင့် ပြောလိုက်ပါသည်။ "အသက်မဲ့တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လား၊ ဒါမှမဟုတ်, လေဟာနယ်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လား မသိဘူး။ ဘာလို့ တစ်ယောက်တည်း ရှိနေတာလဲ။"
ဟုန်ယွိ၏ ချိုမြိန်သော အသံ ထွက်ပေါ်လာချိန်တွင် ရုတ်တက် အသံတစ်ခု ထွက်ပေါ်လာသည်။
ဘန်း…။
မမြင်ရသော စွမ်းအားတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး အိမ်၏ တစ်ဖက်ခြမ်းတွင် ရပ်တန့်သွားပါသည်။
"ဟမ့်၊ ဝူယွမ်ပြည်နယ်မြို့တော် အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်က တာအိုပညာရပ်အချို့ကို သိထားတဲ့ မင်းလိုလူမျိုးကို ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။ ခုနက မင်း အမွှေးနံ့သာနဲ့ ပူဇော်ခြင်းနဲ့ ယုံကြည်ခြင်းရဲ့ အတွေးတွေအကြောင်း ပြောတာကို ငါ ကြားလိုက်ပါတယ်။ မင်း ပြောသမျှ အားလုံး ရှင်းရှင်းလင်းလင်းရှိပြီး၊ ယုတ္တိလည်း ရှိတယ်။ ဒါပေမဲ့ မင်းရဲ့လေသံမှာ ပညာရှင်တစ်ဦးလို မနာလိုမှုအချို့ ရှိနေတယ်။ မင်း ခေါင်မိုးပေါ်မှာ ငါ့ကို စောင့်နေတာလား။ လူငယ်လေး၊ မင်း သတ္တိရှိတာပဲ။ မင်းရဲ့ဆရာသခင်က ဘယ်သူလဲ။ သူ ငါ့ရဲ့ ဂုဏ်သတင်းအကြောင်း မင်းကို ပြောပြမထားဘူးလား။"
အိမ်၏ တစ်ဖက်ခြမ်း၊ ပေတစ်ရာခန့် အမြင့် ကောင်းကင်ယံတွင် ဆံပင်ဖြူဖြူ ရှုံ့တွနေသည့် အသားရေနှင့် အဘွားအိုတစ်ဦး ရှိနေသည်။ ထိုအဘွားအို၏ပုံစံက ချမ်းသာကြွယ်ဝသော မိသားစုတစ်ခု၏ အသက်ရှည်ခြင်း နတ်ဘုရားမတစ်ပါးကဲ့သို့ ထင်မှတ်ရပြီး၊ သူမ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေပါသည်။
ထိုအဘွားအို၏ ဦးခေါင်းနောက်တွင် ရောင်စဉ်ဝိုင်း ခုနစ်ခု ရှိသည်။
ထို ရောင်စဉ်ဝိုင်း ခုနစ်ခုသည် အလွန် ထင်ရှားပြီး အရောင်အမျိုးမျိုး ရှိသည်။ ၎င်းတို့သည် ဘုရားကျောင်းများရှိ တာအိုသခင်များနှင့် ဗုဒ္ဓများ၏ ဦးခေါင်းနောက်ရှိ ရောင်ခြည်တော်များနှင့် အတိအကျ တူနေပါသည်။
ထိုမြင်ကွင်းမျိုးက ဤအဘွားအိုသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားမတစ်ပါး ဖြစ်သည်ဟု လူတွေကို အလွယ်တကူ ထင်မြင်စေနိုင်ပါသည်။
အထူးသဖြင့် ထိုရောင်စဉ်ဝိုင်းများ လှုပ်ရှားသွားသောအခါ, နေရာတစ်ခုလုံး နှိုင်းယှဉ်၍ မရလောက်အောင် ပြင်းထန်သော စိတ်ဝိညာဉ်နှင့် ဝိညာဉ် ဖိအားတို့ဖြင့် ပြည့်နှက်သွားပါသည်။ ထိုဖိအားက သူမကို ကောင်းကင်ဘုံရှိ နတ်ဘုရားတွေနှင့် အတူတူပဲဟု လူတွေကို ခံစားရစေသည်။ ရွှေပင့်ကူ၏ မျက်နှာအမူအရာသည် တည်ကြည်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဘွားအို၏ ဝိညာဉ်စွမ်းအားသည် အလွန် အစွမ်းထက်နေသောကြောင့် ဖြစ်ပါသည်။
“အော်…. ခင်ဗျားက အသက်မဲ့တာအိုဂိုဏ်းရဲ့ ထာဝရမိခင်ကြီး ဖြစ်ရမယ်၊ ဟုတ်တယ်မလား။"
ဟုန်ယွိသည် ထိုအဘွားအိုကို ကြည့်ပြီး သူ့မျက်လုံးများက တခဏတာ တောက်ပသွားပါသည်။ "ခင်ဗျားက မကောင်းဆိုးဝါးမကြီးပဲ။ ခင်ဗျားက တကယ်ပဲ ခင်ဗျားရဲ့ ရုပ်ခန္ဓာကိုယ်နဲ့ ဒီကို လာခဲ့တာလား။ ကျုပ် ခင်ဗျားကို ဖမ်းပြီး တော်ဝင်ချန်ဉပဒေသအရ သုံးရက်လောက် မစင်ကျင်းထဲမှာ စိမ်ထားမှာကို ခင်ဗျား မကြောက်ဘူးလား။"
ဟုန်ယွိသည် ထိုထာဝရ မိခင်ကြီးက သူမ၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ရောက်လာခဲ့သည်ကို ချက်ချင်း မြင်နိုင်သည်။ ထိုအပြင်, သူမ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ပျံသန်းနိုင်အောင် ထိန်းချုပ်ပေးထားသည့်အရာက သူမ၏ ဦးခေါင်းနောက်က ရောင်စဉ်ဝိုင်း ခုနစ်ခု ဖြစ်သည်။
ထိုရောင်စဉ်ဝိုင်း ခုနစ်ခုသည် အလွန် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားပါသည်။ ဟုန်ယွိသည်လည်း ထိုအရာကို မြင်နိုင်ပါသည်။ ရောင်စဉ်ဝိုင်း တစ်ခုချင်းစီက အလွန် အစွမ်းထက်ပြီး ယန်ကျင့်ကျုံလို တစ္ဆေအင်မော်တယ်တစ်ပါးနှင့် ယှဉ်နိုင်သည်။
ထိုအပြင် ထိုရောင်စဉ်ဝိုင်း ခုနစ်ခုသည် ထိုအဘွားအို၏ ခန္ဓာကိုယ်ကို ကာကွယ်ထားပါသည်။ မည်သည့် မှော်ပညာမှ ဖောက်ထွင်း၍ မရလောက်ပေ။ ထိုသို့ပြောရခြင်းမှာ သူ့ပင်ကိုယ် အသိဉာဏ်ပေါ် မူတည်ပြီး ဟုန်ယွိသည် ထိုရောင်စဉ်ဝိုင်း ခုနစ်ခု၏ အကာကွယ် စွမ်းအားသည် ရှင်းယုဆန်၏ ဓာတ်ကြီးငါးပါးတာအိုပညာရပ်နှင့် ဓာတ်ကြီးငါးပါးဓားသိုင်းထက် ပိုအားကောင်းသည်ဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။
သို့သော် ထိုအဘွားအို၏ တာအိုပညာက သခင်ကျိုးနှင့် သခင်ဒွမ်တို့လောက်ပင် အားကောင်းပုံ မပေါ်ချေ။ သူမ တစ္ဆေအင်မော်တယ် နယ်ပယ်ကို လုံးဝ ဖြတ်ကျော်နိုင်ခြင်း မရှိသေးပါဘူး။
ထို့အပြင်, ဟုန်ယွိသည် ထိုအဘွားအို၏ သိုင်းပညာက ရှင်တန်သိုင်းသခင် နယ်ပယ်အထိသာ ရောက်ရှိခဲ့ပုံရပြီး၊ မဟာဆရာသခင်အဆင့်သို့ပင် မရောက်သေးသည်ကိုလည်း မြင်နိုင်သည်။
သူမ တစ္ဆေအင်မော်တယ်တစ်ပါး မဟုတ်သော်လည်း အစစ်မှန် တစ္ဆေအင်မော်တယ်များထက် အများကြီး အစွမ်းထက်ပါသည်။ သူမသည် မိုးကြိုးကပ်ဘေးဒဏ်ကို မခံယူရသေးသော တစ္ဆေအင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်နိုင်လောက်အောင် အစွမ်းထက်သည်။
၎င်းသည် တာအိုပညာ ကျင့်ကြံမှုတွင် အခြေခံအားဖြင့် မရှိသင့်သော အရာဖြစ်သော်လည်း၊ ဟုန်ယွိရှေ့တွင် အမှန်တကယ် ပေါ်လာခဲ့သည်။
"အသက်မဲ့ အနာဂတ်ကျမ်းက တကယ်ကို အစွမ်းထက်တယ်။ ဒီရောင်စဉ်တိုင်း ခုနစ်ခု၊ တစ်ခုချင်းစီက တစ္ဆေအင်မော်တယ်တစ်ပါးရဲ့ ပြင်ပခန္ဓာကိုယ်နဲ့ ယှဉ်နိုင်မှာ သေချာတယ်။" ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပါသည်။
"ဟားဟားဟားဟား၊ ဟားဟားဟားဟား။" အဘွားအိုက ဟုန်ယွိ၏ စကားများကို ကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။ သူမ၏သွားများ အားလုံး ပေါ်နေသော်လည်း သူမ၏ ရယ်မောသံတွင် အေးစက်ပြီး ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
"လူငယ်လေး၊ မင်းက အရမ်းကို မောက်မာလွန်းတယ်။ အမွှေးနံ့သာ မီးထွန်းခြင်းနဲ့ ယုံကြည်ခြင်းရဲ့ နက်နဲ့မူကို မင်း နားလည်နေတယ်လို့ ငါ ကြားလိုက်တုန်းက မင်းရဲ့ အသက်ကို ချမ်းသာပေးပြီး ငါ့ရဲ့ အစေခံ ဖြစ်စေချင်ခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ကောင်းပြီ၊ ငါ မင်းကို သတ်မယ်။ မင်းရဲ့အရိုးတွေကို ပြာဖြစ်တဲ့အထထိ ချေမွပစ်မယ်။ ပြီးတော့ မင်းရဲ့ဝိညာဉ်ကို အကျဉ်းချပြီး မင်းကို ဘယ်တော့မှ ပြန်လည်မွေးဖွားခြင်း မရစေရဘူး။"
အဘွားအိုက ဂရုမစိုက်သည့် လေသံဖြင့် ပြောသည်။
"ခင်ဗျားရဲ့ လက်ရှိ ကျင့်စဉ်အခြေခံလေးနဲ့အတူ ခင်ဗျား ကျင့်ကြံထားတဲ့ နတ်ဘုရားရောင်ဝါ ခုနစ်ခုနဲ့ ကျုပ်ကို သတ်နိုင်မယ်လို့ ခင်ဗျား ထင်နေတာ လား။ ကံမကောင်းစွာပဲ ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်က အရမ်း နိမ့်လွန်းတယ်။ မင်းရဲ့ ကျင့်စဉ်အဆင့်က တစ်ဆင့် ပိုမြင့်ပြီး တစ္ဆေအင်မော်တယ် ကျင့်စဉ် အဆင့်အထိ ရောက်ရှိနေခဲ့ရင်၊ သူနဲ့ငါ နှစ်ယောက်စလုံးက မိုးကြိုးကပ်ဘေးဒဏ်ကို ဖြတ်ကျော်ပြီးသား တစ္ဆေအင်မော်တယ်တွေဆိုတာ ခင်ဗျား သိလိမ့်မယ်။ ခင်ဗျား ဒီကိုလာပြီး အသေခံရဲဦးမှာလား။ ဟင်း…... လူတွေဟာ မျက်လုံးတွေကို ဖွင့်မထားမိဘူးဆိုရင် သံမှိုကို တက်နင်းမိတတ်တယ်။"
ဟုန်ယွိက ခေါင်းခါလိုက်ပါသည်။ ရုတ်တရက် သူသည် လက်ကို မြှောက်လိုက်ပြီး ကြီးမားသော ယန်လေပြင်းသည် ဥပုံစံ မိုးကာတစ်ခုအဖြစ် ပြင်းထန်စွာ ပြောင်းလဲသွားပြီး မိုင်အနည်းငယ် အချင်းဝက်ရှိသော ကောင်းကင်ယံကို ဖုံးအုပ်လိုက်ပါသည်။
"ဟမ်…၊ ဒါက ပုံရိပ်ယောင်လေဟာနယ်ပဲ။ မင်းရဲ့ အတွေးတွေက ယင်လေပြင်း မဟုတ်ဘဲ ယန်ချီဖြစ်နေပြီ။ မင်းက တကယ်ကို မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးပဲ။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဝူယွမ်ပြည်နယ်လို နေရာငယ်လေးမှာ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။"
အဘွားအို၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
မိုးကြိုးကပ်ဘေးဒဏ် တစ္ဆေအင်မော်တယ်တစ်ဦး။ ကမ္ဘာကြီးမှာ စိတ်ကြိုက် သွားလာနိုင်သည့် အစစ်မှန် ထိပ်တန်း တာအိုပညာရှင်တစ်ဦး ဖြစ်ပါ သည်။ သူသည် နတ်ဘုရားများ၏ လျှပ်စီးကပင် မသတ်ဖြတ်နိုင်သည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ရုတ်တရက်ဆိုသလို ထိုအဘွားအိုသည် ထိုကဲ့သို့ ပညာရှင်နှစ်ယောက်ကို တခါတည်း ကြုံတွေ့ခဲ့ရသည်။ သူမ မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။
အဖြစ်ပျက်က သူဌေးတစ်ဦးသည် အိမ်တံခါးရှေ့ ရောက်လာသော သူတောင်းစားတစ်ဦးကို မောင်းထုတ်ဖို့ သွားပြီးမှ ထိုသူတောင်းစားက အယောင်ဆောင်ထားသော မင်းသားတစ်ပါး၊ သို့မဟုတ် ဝန်ကြီးချုပ်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတိုင်းပင်။
အခန်း (၂၅၆)။
အမှန်စင်စစ်၊ ဟုန်ယွိနှင့် ရွှေပင့်ကူတို့သည် တကယ့် မိုးကြိုးကပ်ဘေးဒဏ်ကို ဖြတ်သန်းခဲ့ဖူးခြင်း မရှိသေးပေ။ သူတို့သည် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်ကို စုပ်ယူထားသည့် ပညာရှ၍်များသာ ဖြစ်သည်။
သို့သော် ထိုသို့သော နယ်ပယ်ကို မည်သူမဆို ခန့်မှန်းရခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးကို တစ်စုံတစ်ယောက်က သန့်စင်နိုင်လိမ့်မည်ဟု မည်သူမျှ တွေးထင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူများသည် ကောင်းကင်သို့ ပျံသန်းနိုင်ပြီး မြေကြီးထဲသို့ တူးဝင်နိုင်သည်ကို သိထားရမည်။ သူတို့၏ ဝိညာဉ်များသည် ခက်မာပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည်။ ၎င်းတို့သည် လက်တွေ့အားဖြင့် "ပြိုင်ဘက်ကင်း" တည်ရှိမှုတစ်ခု ဖြစ်သည်။ ၎င်းတို့ကို အနိုင်ယူဖို့ မဆိုးထားနှင့်၊ ရင်ဆိုင်ဖို့ပင် အလွန်ခက်ခဲသည်။
သူတို့ကို အနိုင်ယူရုံသာမက၊ သူတို့၏ သဘာဝလွန်စွမ်းအားကို ချိတ်ပိတ်ပြီး သန့်စင်ရဦးမည်။
ပထမဆုံး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖူးသူပင် ဖြစ်နေပါစေ၊ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးကို သန့်စင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့်၊ ဟုန်ယွိက သူနှင့် ရွှေပင့်ကူတို့သည် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူများဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည့်အပြင်၊ သူတို့ ဖော်ပြသော အတွေးများသည် သန့်စင်သော ယန်စွမ်းအင် ပါရှိပြီး လေဟာနယ်ထဲရှိ ပုံရိပ်ယောင်များသည်ပင် အလွန် လက်တွေ့ဆန်နေသည်ကို မြင်သောအခါ၊ ထာဝရမိခင်သည် အလွန်ပင် ထိတ်လန့်ခဲ့သည်။ သူမသည် ဟုန်ယွိက လိမ်နေသည်ဟု လုံးဝ သံသယမဝင်ခဲ့ပေ။
အကြောင်းမှာ စကားလုံးများသည် အတုအယောင် ဖြစ်နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကို လှည့်စား၍ မရနိုင်သောကြောင့် ဖြစ်သည်။
ဟုန်ယွိသည် မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်း ဖြစ်လာပြီး၊ သူတော်စင်တူယွမ်၏ ဝိညာဉ်ကို သန့်စင်နိုင်ခြင်းမှာ သူတော်စင်တူယွမ်၏ စိတ်ဝိညာဉ်သည် ဒဏ်ရာအပြင်းအထန် ရနေချိန်တွင် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မြှားကို အသုံးပြု၍ ခိုးဝှက် တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်ကို သူမသည် သဘာဝအတိုင်း လုံးဝ စိတ်ကူးမိမည် မဟုတ်ပေ။ ရှေးဟောင်း သူတော်စင် ဧကရာဇ်၏ အင်မော်တယ် ပစ္စည်းဖြစ်သော အင်မော်တယ်ပစ္စည်း အဝါကျောက်စိမ်းကိုပင် အသုံးပြုခဲ့ရပြီး အောင်မြင်စွာ အနိုင်ယူကာ ချိတ်ပိတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူတော်စင်တူယွမ်ကို သန့်စင်သောအခါ၊ သူသည် တစ္ဆေတစ်သောင်းအမိန့်အလံကိုပင် ဖျက်ဆီးပစ်ခဲ့ရသည်။
ဤအခြေအနေများ၊ တိုက်ဆိုင်မှုများနှင့် မှော်ရတနာများ တစ်ခုပြီးတစ်ခု အသုံးပြုခဲ့ရခြင်းသည် ထာဝရမိခင်၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေ သည်ကို မဆိုထားနှင့်၊ မည်သူတစ်ဦးတစ်ယောက်၏ စိတ်ကူးနိုင်စွမ်းမကို ကျော်လွန်နေပါသည်။
သို့သော် ယခုအခါ ဟုန်ယွိသည် သူက မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု ပြောပါက အနည်းနှင့်အများ တိကျမှန်ကန်ပေလိမ့်မည်။ သူ၏ ထူးခြားသော နည်းလမ်းများဖြင့် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် တန်းတူ တိုက်ခိုက်နိုင်လိမ့်မည်။ သူ့ပြိုင်ဘက်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိကောင်းရှိနိုင်သည်။
ရွှေပင့်ကူနှင့် ပတ်သက်၍မူ သူမသည် ပိုမိုအားနည်းသည်။ သို့သော်, ၎င်းသည် ထာဝရမိခင်၏ စိတ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိအောင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ (ခြိမ်းခြောက်နိုင်သည်ဟူ)။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဝူယွမ်ပြည်နယ်လို နေရာလေးမှာ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ နှစ်ယောက်တောင် ရှိနေတာလား။ မိုးကြိုးကပ်ဘေးဒဏ်ကို ဖြတ်ကျော်ခဲ့တဲ့ တစ္ဆေအင်မော်တယ်တွေက သန့်စင်သော ကိုယ်ခံပညာနယ်မြေခြောက်ခု မှာတောင် နည်းနည်းလေးပဲ ရှိတာလေ။ ကမ္ဘာပေါ်က မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှာတောင် ထိပ်ဆုံး နတ်ဆိုးဘုရင် သုံးပါးလောက်ပဲ လျှပ်စီးကပ်ဘေးကနေ အသက်ရှင်နိုင်ခဲ့တာ။"
ထာဝရမိခင်၏ ဦးခေါင်းနောက်ရှိ ရောင်စဉ်ဝိုင်း ခုနစ်ခုသည် ပြင်းထန်စွာ တုန်ခါသွားသည်။ ကြီးမားပြီး ပုံသဏ္ဌာန်မဲ့ ဖိအားလှိုင်းများက ပတ်ဝန်းကျင် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ သူမသည် ခက်ထန်သော အရိပ်မြွက်ဖြင့် ဟုန်ယွိနှင့် ရွှေပင့်ကူတို့ကို စိုက်ကြည့်နေသည်။ သူမသည် ရေရွတ်ပြီးနောက် ကောင်းကင်မှ ပျံထွက်သွားတော့မည့်အလား လှုပ်ရှားလိုက်ပါသည်။
သူမသည် ကြီးမားသော စွမ်းရည်နှင့် အတိုင်းအဆမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ နှစ်ယောက်နှင့် တိုက်ခိုက်ခြင်းရန် သူမစိတ်က တားမြစ်နေဆဲ ဖြစ်သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင် သူမသည် ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။ ထွက်ပြေးခြင်းသည် အကောင်းဆုံး အစီအစဉ် ဖြစ်သည်။
မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ တစ်ဦးတည်းသာဆိုလျှင် သူမ ရင်ဆိုင်တိုက်ခိုက်နိုင်သေးသည်။ သို့သော် မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ နှစ်ဦးနှင့်ဆိုလျှင် မဖြစ်နိုင်တော့ပေ။ သူမသည် အကူအညီ ခေါ်ပြီးမှ တိုက်ခိုက်ရမည်။
"ဟွန့်…၊ မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူ နှစ်ယောက်တောင် ရှိနေတာ။ ဘယ်ဂိုဏ်းကလဲ။ ဘယ်ကျောင်းတော်က ဖြစ်မလဲ။ ဒါမှမဟုတ် မဟာ အကြီးအကဲတွေလား။ သူတို့က ငါ့ကို ဒီမှာ အတိအကျ စောင့်နေကြတယ်။ ငါ သူတို့ကို လမ်းဆုံးနေရာတစ်ခုဆီ ဦးဆောင်ခေါ်သွားတာ ပိုကောင်း တယ်။ တိုက်ခိုက်ရေးမိခင်ရဲ့ မူလဝိညာဉ်အစီအရင်ထဲကို ဝင်စေပြီး လေဟာနယ်တံခါးထဲမှာ အပြီးတိုင် ပိတ်လှောင်ထားရမယ်။ ပြီးရင် အိမ်ရှေ့စံ မင်းသားဆီ သတင်းပို့ပြီး အင်အားအားလုံးကို စုစည်းကာ သူတို့ကို သန့်စင်ပစ်ရမယ်။ ငါ သူတို့ကို မှော်လက်နက်အဖြစ် သန့်စင်ပြီးတာနဲ့ ကမ္ဘာပေါ်မှာ ငါ့ပြိုင်ဘက် ဖြစ်နိုင်တဲ့သူ အရမ်းနည်းသွားလိမ့်မယ်။"
သူမ ပျံတက်သွားသည့် အခိုက်အတန့်တွင်, သူမ၏ စိတ်ထဲမှာ ရက်စက်သော အတွေးတစ်ခု ပေါ်လာသည်။
"ဟွန့်….၊ ခင်ဗျားက ကောင်းကင်ဘုံကို သွားဖို့ လမ်းရှိနေတာတောင်, ငရဲသွားဖို့ ရွေးချယ်ခဲ့တယ်လို့ ပြောနိုင်တယ်။ အခု ပြန်ထွက်သွားဖို့က နောက်ကျလွန်းနေပြီ။" ဟုန်ယွိသည် ထာဝရမိခင်က ရုတ်တရက် ထွက်ခွာသွားမည့် လှုပ်ရှားမှုကို မြင်လိုက်ရသည်။ သူက ပြင်းထန်စွာ ဟစ်ကြွေးပြီး၊ သူ၏ စိတ်နှင့် အတွေးများက ပေါက်ကွဲထွက်ကာ မန္တန်ကို ရွတ်ဆိုလိုက်ရာ ညကောင်းကင်ကြီးသည်ပင် တုန်ခါသွားသည်။
"အနန္တတန်ခိုးရှင် ကောင်းကင်နဂါး၊ ဗုဒ္ဓအပေါင်း သိုဝှက်ထားသော ရတနာ၊ နဂါးဆင်ပညာ၊ အနန္တတန်ခိုးရှင် ကောင်းကင်များ၊ ဘာ ဘာ ဘာ ဘာ ဘုန်း..။"
ဝှီး….။
ညကောင်းကင်ယံတွင် ဧရာမ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းတစ်ပါး ပေါ်လာပါသည်။ ၎င်း၏ ကြီးမားသော လက်သီးသည် တိုင်လုံး အရွယ်အစား ရှိပြီး၊ ထိုထိုးချက်တွင် ဆန်းကြယ်သော ဦးတည်ရာလမ်းကြောင်း၊ ပြိုင်ဘက်ကင်း စွမ်းအားနှင့် အရာအားလုံးကို ဖိနှိပ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားတို့ ပါရှိသည်။ ထိုလက်သီးသည် ထာဝရမိခင်၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ပစ်ဝင်သွားခဲ့သည်။ ထိုထိုးချက်ကြောင့် ဟာရီကိန်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ညကောင်းကင်ရှိ ကြယ်အနည်းငယ်၏ အလင်းရောင်သည်ပင် အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်း၏ ဟာရီကိန်းမုန်တိုင်းကြောင့် ငြိမ်းသတ်ခံရတော့မည့်အလား တဖျတ်ဖျတ် လှုပ်ခါသွားပါသည်။
လက်သီးချက် တစ်ချက်တည်းဖြင့် ကြယ်များ တုန်ခါသွားပြီး ကြယ်ရောင်ပင် ငြိမ်းသတ်တော့မည့်အလား ဖြစ်သွားခဲ့ရသည်။ ၎င်းသည် မည်သည့် ဖိနှိပ်မှု စွမ်းအားမျိုးနည်း။ မည်သည့် စွမ်းအားမျိုးလဲ။
လေဟာနယ်တစ်ခုလုံးသည် ဤလက်သီးချက်ကြောင့် စုတ်ဖြဲခံရတော့မည့်အလား ထင်မှတ်ရပြီး၊ လေဟာနယ် ဖြစ်ပေါ်မလာသေးခင် ရှေးခေတ် ဖရိုဖရဲမြင်ကွင်းမျိုး ဖြစ်ပေါ်သွားပုံရသည်။
အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသည် မူလကတည်းက ခွန်အား၏ သင်္ကေတဖြစ်သည်။ ယခု ဟုန်ယွိသည် သူ၏ အလွန်အဆင့်မြင့် သော မှော်စွမ်းအားဖြင့် ရုပ်လုံးဖော်၍ ထုတ်ဖော်လိုက်သောအခါ, 'ခွန်အား' ဆိုသည့် စကားလုံး၏ အစစ်မှန် အဓိပ္ပာယ်ကို နောက်ဆုံးတွင် ပြသနိုင်ခဲ့သည်။
ဘုန်း။
ထာဝရမိခင်သည် ထိတ်လန့်သွားပါသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကောင်းကင်သို့ ပျံတက်တော့မည့် အချိန်တွင်၊ ရုတ်တရက် အဆုံးမဲ့ ခွန်အားကို ပိုင်ဆိုင်ထားသော ရွှေရောင် တောက်ပနေသည့် ဘုရားလောင်းတစ်ပါးသည် သူမ၏ ခေါင်းပေါ်တွင် ပေါ်လာပြီး သူမကို လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုဘုရားလောင်း၏ လက်သီးချက် စွမ်းအားအောက်တွင် ကြယ်များပင် ငြိမ်းသတ်သွားရသည်။ ပတ်ဝန်းကျင် လေထုသည် ပေါက်ကွဲသွားပြီး ပြင်းထန်သော လေစီးကြောင်းများ အချင်းချင်း ဆွဲငင်ကာ မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာပင်၊ ပြင်းထန်ပြီး ခုခံနိုင်စွမ်းမရှိသော 'ခွန်အား'ဆိုသည့် ခံစားချက်က အရပ်ရပ်မှ ဖိအားပေးလာသည်။
ကောင်းကင်နှင့် မြေကြီးအကြားမှာ အရောင် မရှိတော့ဘဲ ပြင်းထန်ပြီး စစ်မှန်သော ခွန်အားသာ ရှိတော့သည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်လဲ။ တိုက်ခိုက်ရေးမိခင်ရဲ့ မူလဝိညာဉ်၊ နဂါးအခိုးအငွေ့ ကျွန်ုပ်ကို ကာကွယ်ပေးပါ။ အနီရောင် ဧကရာဇ်နတ်ဘုရား ကျွန်ုပ်ကို ကာကွယ်ပေးပါ။"
ဤအရေးကြီးသော အခိုက်အတန့်တွင် ထာဝရမိခင်ဖြစ်သူ အဘွားအိုသည် ထွက်ခွာမည့် အစီအစဉ်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ပြီး သူမ၏ ကိုယ်ခန္ဓာကို တည်ငြိမ်စေကာ သူမ၏ အစွမ်းရှိသမျှဖြင့် တိုက်ခိုက်လိုက်သည်။
သူမ၏ ခန္ဓာကိုယ် တည်ငြိမ်သွားပြီး သူမ၏ ဦးခေါင်းနောက်ရှိ အနီရောင် တောက်ပသော ရောင်စဉ်ဝိုင်း၏ အပြင်ဘက်အလွှာသည် ရုတ်တရက် ပြင်းထန်စွာ ကျယ်ပြန့်လာကာ ပူဖောင်းတစ်ခုကဲ့သို့ အပြင်ဘက်သို့ ဆန့်ထွက်သွားပါသည်။ ကျယ်လောင်သော တုန်ခါသံများအကြားတွင် ၎င်းသည် မုန်တိုင်း လေစီးကြောင်းကို တွန်းထုတ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင်, ဤအနီရောင် ရောင်စဉ်ဝိုင်းသည် ရှေးဟောင်း သူတော်စင် ဧကရာဇ်၏ ကိုယ်ပွားအဖြစ် ပြောင်းလဲသွားပါသည်။ သူသည် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ဦဂခေါင်းပေါ်တွင် အနီရောင် သရဖူကို ဆောင်းထားကာ ခါးပတ်ပတ်လည်တွင် အနီရောင် ဖဲကြိုးများစွာ ရှိနေသည်။ သူ၏အရှိန်အဝါသည် လူသောင်းပေါင်းများစွာက လေးစားရသော ရှေးဟောင်း သူတော်စင် ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်သည်။ သူသည် ပြင်းထန်စွာ ဆင်းသက်လာပြီး အလားတူပင် လက်သီးဖြင့် ထိုးချလိုက်ရာ သူ၏ လက်သီးသည် အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်း၏ လက်သီးနှင့် ဆုံမိသည်။
နတ်ဘုရားနှစ်ပါးနှင့် ဘုရားလောင်းကိုယ်ပွား၏ လက်သီးစွမ်းအားတို့ အပြင်းအထန် တိုက်မိပြီး ဝူယွမ်ပြည်နယ်မြို့တော် တစ်ဝက်အထိ ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။ မရေမတွက်နိုင်သော ခေါင်မိုးကြွပ်များ ဆုတ်ဖြဲခံရပြီး၊ အဝေးမှ ရွှံ့နံရံများစွာသည် လေပြင်းတိုက်ခတ်မှုကြောင့် လွင့်စင်ကာ ပြိုကျသွားကြသည်။ ရွှံ့နံရံများ၏ ရွှံ့အုတ်ခဲများလည်း ကောင်းကင်သို့ လွင့်တက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည် ပြုတ်ကျလာရာ လူများကို ထိတ်လန့်စေပြီး၊ ခွေးများလည်း ဟောင်ကုန်ကြကာ ကမ္ဘာပျက်သည့်အလား ဆူညံနေသည်။
ဘန်း။
အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသည် ပြိုကျသွားပြီး၊ အနီရောင် ဧကရာဇ်နတ်ဘုရားလည်း ထိုနည်းတူ ပြိုကျသွားပါသည်။ ကွာခြားချက်မှာ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းသည် ပြန့်ကျဲသွားပြီးနောက် လရောင်ဘုရင်အဖြစ် ပြောင်းလဲသွားသော်လည်း အနီရောင် ဧကရာဇ်နတ်ဘုရားကတော့ အနီရောင် ရောင်စဉ်ဝိုင်းအဖြစ် ဆက်လက်တည်ရှိပြီး ထာဝရမိခင်၏ ဦးခေါင်းနောက်တွင် ကပ်နေဆဲ ဖြစ်သည်။ သို့သော် ဤ ရောင်စဉ်ဝိုင်းသည် အလွန် မှိန်သွားခဲ့သည်။ ၎င်းသည် အခုနက တိုက်ခိုက်မှုကြောင့် စွမ်းအင်များစွာ ကုန်ဆုံးသွားသကဲ့သို့ ဖြစ်ပြီး၊ လူတစ်ဦး၏ ရုပ်ခန္ဓာစွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်သွားသည့် ခံစားချက်မျိုး ဖြစ်သည်။
"လရောင်ဘုရင်ခန္ဓာကိုယ်၊ မဟာဝိရောစန (Maha-Vairocana)၊ မီးလျှံဗုဒ္ဓ၊ ပြင်းထန်သော အလင်းကျမ်း၊ မကောင်းမှုကို သတ်ဖြတ်ခြင်း၊ နတ်ဆိုးတွေ သတ်ဖြတ်ခြင်း... အနန္တအလင်း၊ အနန္တသက်တမ်း..." (မဟာဝိရောစန - ၎င်းသည် "နေမင်းကဲ့သို့ တောက်ပသော" သို့မဟုတ် "အရာခပ်သိမ်းကို အလင်းပေးသော" ဟု အဓိပ္ပာယ်ရသည်။)
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းအဖြစ် ပြောင်းလဲကာ ထာဝရမိခင်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။ အံ့သြစရာကောင်းသည်မှာ သူတို့သည် လက်ရည်တူဖြစ်ခဲ့ပြီး၊ သူသည် တဖက်လူကို ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူသည် တဖက်လူ၏ တာအိုပညာ နယ်ပယ်က မမြင့်မားသော်လည်း သူမ ကျင့်ကြံထားသော "ကိုယ်ပွား" သည် အစွမ်းထက်ပြီး ရောင်စဉ်ဝိုင်း တစ်ခုက တစ္ဆေအင်မော်တယ်တစ်ပါးနှင့် ညီမျှသည်ကို နောက်ဆုံးတွင် သိရှိခဲ့သည်။
သို့သော် ဟုန်ယွိသည် လုံးဝ ရပ်တန့်ခြင်းမရှိခဲ့ပေ။ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်း ပြိုကျပြီးနောက်၊ ဟုန်ယွိသည် ထပ်မံ ပြောင်းလဲ ကာ လရောင်ဘုရင်ခန္ဓာကိုယ်ကို အသက်သွင်းပြီး မီးလျှံဗုဒ္ဓအဖြစ် ပြောင်းလဲလိုက်သည်။ သူသည် ထာဝရမိခင်၏ ခန္ဓာကိုယ် အပေါ်တည့်တည့်မှ ဖိထိုင်ချလိုက်ရာ ပြင်းထန်သော မီးလျှံများနှင့် ရွှေရောင် မီးပင်လယ်ကြီးသည် တဖက်လူကို ချက်ချင်း ဖုံးလွှမ်းသွားပါသည်။
ဟုန်ယွိသည် မလှုပ်ရှားခဲ့လျှင် အဆင်ပြေနိုင်သော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် သနားညှာတာမှု လုံးဝ မပြခဲ့ပေ။
ဤတစ်ကြိမ်တွင် သူသည် ထာဝရမိခင်ကို အရှင်ဖမ်းပြီး အိမ်ရှေ့စံမင်းသား၏ လျှို့ဝှက်ချက်ကို စစ်ဆေးမေးမြန်းကာ လူသက်သေများနှင့် ပစ္စည်းသက်သေ အားလုံးကို မင်းသားယု၏ အိမ်တော်သို့ ယူဆောင်သွားရန် သေချာပေါက် ဆုံးဖြတ်ထားသည်။ သက်သေအထောက်အထား အားလုံး ရရှိသည်နှင့် သူသည် အင်ပါယာတရားရုံးသို့ အစီရင်ခံပြီး ထိုကိစ္စကို ဖော်ထုတ်လိုက်ပါက အိမ်ရှေ့စံမင်းသား ချက်ချင်း ပျက်စီးသွားလိမ့်မည်။
အိမ်ရှေ့စံမင်းသားသည် နိုင်ငံ၏ အိမ်ရှေ့စံမင်းသားတစ်ပါး ဖြစ်ပါလျက် မကောင်းဆိုးဝါးဂိုဏ်းနှင့် ပူးပေါင်းခြင်းသည် ကြီးမားသော အရှက်ရစရာကိစ္စ ဖြစ်သည်ကို သိထားရမည်။ ဧကရာဇ်က သူ့ကို ကာကွယ်ချင်ရင်တောင် အင်ပါယာတရားရုံးတစ်ခုလုံးက သဘောတူမည် မဟုတ်ပေ။
အင်ပါယာတရားရုံးတွင် ပညာရှင်အရာရှိများ၏ အာဏာသည် အစွမ်းအထက်ဆုံး ဖြစ်ပြီး၊ သူတို့သည် လွှမ်းမိုးမှု အများဆုံး ဖြစ်သည်။ ပညာရှင်အရာရှိများ အမုန်းဆုံးအရာမှာ မကောင်းဆိုးဝါးဂိုဏ်း ဖြစ်ပြီး သူတို့သည် တာအိုဘုန်းကြီးများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကိုပင် မုန်းတီးကြသည်။ အိမ်ရှေ့စံမင်းသား၏ ကိစ္စ ဖော်ထုတ်ခံရသည်နှင့် သူသည် လူတိုင်း၏ စွန့်ပယ်ခြင်းခံရပြီး အနာဂတ်တွင် ထီးနန်းစိုးစံရန် မျှော်လင့်ချက် မဲ့သွားပြီဖြစ်ကြောင်း ပြောနိုင်ပါသည်။ ဧကရာဇ်သည် လူအများ၏ သဘောတူညီမှုကို လိုက်နာပြီး အိမ်ရှေ့စံမင်းသားကို ဖြုတ်ချကာ အိမ်ရှေ့စံမင်းသား အသစ်ကို ခန့်အပ်ရမည်သာ ဖြစ်သည်။
အိမ်ရှေ့စံမင်းသားသည် သဘာဝလွန် စွမ်းအားများကို ကျွမ်းကျင်ပြီးနောက်၊ မကောင်းဆိုးဝါးဂိုဏ်းများကို ကိုယ်တိုင် တိုက်ခိုက်ကာ၊ အင်ပါယာ တရားရုံး၏ ပညာရှင်အရာရှိများထံမှ ထောက်ခံမှု ပိုမိုရရှိအောင် လုပ်ဆောင်ပြီး၊ ထိုအချိန်မှစ၍ သူ၏ ရာထူးသည် တည်ငြိမ်သွားမည်ဟု ဟုန်ယွိလည်း ခန့်မှန်းမိသောကြောင့် ဖြစ်သည်။ ထိုနည်းလမ်းသည် မိမိကိုယ်ကို မြှင့်တင်ရန်အတွက် ဓားပြများကို မွေးမြူပြီး၊ သူတို့ အစာဝလာသော အခါ ပြန်လည်ချေမှုန်းပြီး၊ လူထု၏ စိတ်နှလုံးကို ရယူသည့် နည်းလမ်းမျိုး ဖြစ်သည်။ ဤနည်းလမ်းမျိုးကို သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထား သည်။
ဟုန်ယွိကဲ့သို့သော လူများသည် အိမ်ရှေ့စံမင်းသား တွေးနေသည့်အရာကို သိရှိကြသည်မှာ သေချာပါသည်။
"ငါ့စိတ်ဝိညာဉ် ခုနစ်ပါးကို အင်မော်တယ် မူလဝိညာဉ် အဆင့်အထိ မကျင့်ကြံရသေးတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင်, ဒီရောင်စဉ်ဝိုင်းတွေက သူ့ကြောင့် ဘာလို့ ဒီလောက် အလွယ်တကူ ပျက်စီးသွားမှာလဲ။ ငါ ပြန်သွားပြီး ပြန်လည် လေ့ကျင့်ပြီးမှပဲ အသုံးပြုနိုင်တော့မယ်။ သူ တကယ်ကို မိုးကြိုးကပ်ဘေးဒဏ် ကျွမ်းကျင်သူပဲ။ တကယ်လို့, သူသာ သာမန် တစ္ဆေအင်မော်တယ်ဆိုရင် ငါ့ရဲ့ အနီရောင် ဧကရာဇ်ဝိညာဉ်ကို တစ်ချက်တည်းနဲ့ ဘယ်လို ဖျက်ဆီးနိုင်မှာလဲ။"
"ဟိုင်း…။ ဆန်းကြယ်အမှောင် ရေဆန္ဒ၊ အနက်ရောင် ဧကရာဇ်ဝိညာဉ်၊ ရေဖြင့် မီးကို ငြှိမ်း။"
ထာဝရမိခင်၏ အနီရောင် ရောင်စဉ်ဝိုင်း ပျက်စီးသွားချိန်တွင်, ဟုန်ယွိ ပစ်လွှတ်လိုက်သော မြင့်မြတ်သော အစစ်မှန်နေမီးလျှံသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ လောင်ကျွမ်းနေပြီး သူမအတွက် ခုခံရန် ခက်ခဲစေသည်။
အသက်ရှုချိန် အနည်းငယ်အတွင်းမှာ, သူမသည် သူမ၏ နတ်ဘုရား စွမ်းရည်ကို ပြင်းထန်စွာ အသက်သွင်းပြီး ရောင်စဉ်ဝိုင်း၏ ဒုတိယအလွှာကို အပြင်သို့ ပျံထွက်စေခဲ့ပါသည်။ ထိုရောင်စဉ်ဝိုင်းသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်သည် လက်နှင့် ခြေထောက်များကို မြှောက်လိုက်သောအခါ အနက်ရောင် မီးခိုးများ လှိမ့်တက်လာခဲ့သည်။ သူသည် လှိုင်းများကြား လူးလှိမ့်နေသော ဧကရာဇ်တစ်ပါးကဲ့သို့ မီးလျှံဗုဒ္ဓကို ပိတ်ဆို့လိုက်သည်။
သူမ၏ ပထမအလွှာ အနီရောင် ရောင်စဉ်ဝိုင်းသည် ပြင်ပခန္ဓာကိုယ်ဖြစ်သော်လည်း အင်မော်တယ် မူလဝိညာဉ်အဆင့်အထိ လေ့ကျင့်ထားနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဟုန်ယွိနှင့် တိုက်ခိုက်ပြီးနောက် ၎င်းသည် လုံးဝ ပျက်စီးသွားပြီး ၎င်း၏ စွမ်းအားကို ထပ်မံ အသုံးမပြုနိုင်တော့ပေ။ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် သူမ ပြန်ရောက်ပြီးနောက် ပြန်လည် လေ့ကျင့်ရမည် ဖြစ်သည်။
ယင်းကလည်း ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားက အရမ်း အစွမ်းထက်လွန်းသောကြောင့် ဖြစ်သည်။
သာမန် တစ္ဆေအင်မော်တယ်တစ်ပါးဆိုလျှင် သူမ၏ ပထမအလွှာ ရောင်စဉ်ဝိုင်းနှင့် တိုက်ခိုက်ရန်ပင် ခက်ခဲလိမ့်မည်၊ ပျက်စီးစေဖို့ဆို ပိုလို့တောင် ခက်ခဲဦးမည်။
အသက်မဲ့ဂိုဏ်းသည် နှစ်ပေါင်းများစွာ တည်ထောင်ခဲ့ပြီး လူထုအကြားတွင် အင်အားကြီးမားလာခဲ့သည်။ ဖြောင့်မတ်သော တာအိုဂိုဏ်းများစွာကပင် သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ပေ။ ထာဝရမိခင်၏ အစွမ်းသည် အလွန် အစွမ်းထက်မည်မှာ သဘာဝကျပါသည်။
"ဒါကြောင့် ဒီလို ဖြစ်ခဲ့တာပေါ့။ ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ အသက်မဲ့ အနာဂတ်ကျမ်းဟာ အမွှေးနံ့သာနဲ့ ပူဇော်ပြီး၊ မရေမတွက်နိုင်တဲ့ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှုအတွေးတွေကို စုဆောင်းပြီး ပြင်ပခန္ဓာကိုယ်အဖြစ် သိပ်သည်းရတယ်။ ရှေးခေတ် သူတော်စင် ဧကရာဇ်ကိုလည်း လူတွေက လေးစားခဲ့ကြပြီး၊ ဒီအသက်မဲ့အနာဂတ်ကျမ်းရဲ့ ဓမ္မကာယကိုလည်း အဲဒီနိယာမအတိုင်း ကျင့်ကြံထားတာပဲ။ ဒါက တကယ်ကို ပုန်ကန်တဲ့ ကိစ္စကြီးပဲ။ ဒါကြောင့်လည်း ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေဟာ ဒီကျမ်းကို ကျင့်ကြံသူမရှိသလောက် နည်းပါးကြတာ။ အံ့သြစရာ မဟုတ်တော့ဘူး။"
ဟုန်ယွိသည် မီးလျှံဗုဒ္ဓကို ထုတ်ဖော်ပြီး ထာဝရမိခင်၏ အနက်ရောင် ဧကရာဇ်နတ်ဘုရားနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ပြီးနောက် အသက်မဲ့ အနာဂတ်ကျမ်း၏ ပြင်ပခန္ဓာကိုယ်နှင့် ပတ်သက်၍ ဖြစ်စဉ်များကို အနည်းနှင့်အများ နားလည်လာခဲ့သည်။
ထာဝရမိခင်၏ ဦးခေါင်းနောက်ရှိ ကြီးမားသော ရောင်စဉ်ဝိုင်း ခုနစ်ခုသည် အနီ၊ အနက်၊ အစိမ်း၊ အဝါ၊ စိမ်းပြာ၊ အပြာနှင့် ခရမ်းတို့ ဖြစ်ကြသည်။
ရောင်စဉ်ဝိုင်း တစ်ခုစီသည် အမွှေးနံ့သာတိုင် ထွန်းညှိပြီး ရရှိလာသည့် ကြီးမားသော ယုံကြည်မူစွမ်းအားဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ ဤနတ်ဘုရားများထဲမှ တစ်ပါးစီသည် ရှေးဟောင်း သူတော်စင် ဧကရာဇ်၏ အရှိန်အဝါဖြင့် ဧကရာဇ်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲနိုင်ကြ သည်။ အနီရောင် ရောင်စဉ်ဝိုင်းသည် အနီရောင် ဧကရာဇ်အဖြစ် ပြောင်းလဲပြီး၊ အနက်ရောင် ရောင်စဉ်ဝိုင်းသည် အနက်ရောင် ဧကရာဇ်အဖြစ် ပြောင်းလဲသည်။
ပြင်ပခန္ဓာကိုယ်ဟူသည် ဧကရာဇ်၏ပုံစံများ ဖြစ်သည်။ သေချာသည်မှာ, ဤကိစ္စသည် ပုန်ကန်မှုဖြစ်ပြီး၊ ဘုရင့်နန်းတော်က ၎င်းကို ဖျက်ဆီးပစ်သည် မှာ သဘာဝကျပါသည်။ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီးများသည် ထိုတာအိုပညာကို မကျင့်ကြံကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
သို့သော် ဤတာအိုပညာသည် တကယ်ကို မှော်ဆန်ပြီး၊ ၎င်းသည် ကမ္ဘာပေါ်တွင် ထူးခြားသော ကျင့်ကြံမှု နည်းစနစ်တစ်ခု ဖြစ်သည်။
နတ်ဘုရားတစ်ပါးစီသည် တစ္ဆေအင်မော်တယ်နှင့် ညီမျှသည်။ ရောင်စဉ်ဝိုင်း ခုနစ်ခု၊ ဆိုလိုသည်မှာ တစ္ဆေအင်မော်တယ် ခုနစ်ပါး ရှိသည်ဟု ဆိုလိုသည်။
သို့သော် ဤနတ်ဘုရားများ၏ စွမ်းအားကို လူတစ်ဦး၏ ကိုယ်ပိုင် နတ်ဘုရား စိတ်ဝိညာဉ်ထဲသို့ ပေါင်းစပ်၍ မရနိုင်ပေ။ တစ်နည်းအားဖြင့် ဤ သဘာဝလွန် စွမ်းအားကို ကျွမ်းကျင်လျှင်ပင်, သက်တမ်း ကုန်ဆုံးသောအခါ ဤနတ်ဘုရားများသည် လွင့်ပျယ်သွားကြလိမ့်မည်။ ၎င်းသည် လူတစ်ဦး၏ စွမ်းအားကိုသာ တိုးမြှင့်ပေးနိုင်ပြီး အင်မော်တယ် ကျင့်ကြံမှုအတွက် မည်သည့် အထောက်အကူမှ မပြုပေ။ အမှန်စင်စစ် ၎င်းသည် သိုင်းပညာ ကျင့်စဉ်များနှင့်ပင် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
သိုင်းပညာကို လေ့ကျင့်ပြီး ရှန်တန်သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိခြင်းဖြင့် နောက်ထပ် ဆယ်နှစ် သို့မဟုတ် ငါးဆယ့်နှစ်ခန့် အသက်ရှင်နိုင်သော်လည်း၊ ဤတာအိုပညာကို ကျင့်ကြံခြင်းဖြင့် သက်တမ်း တစ်နှစ်တောင် တိုးလာမည် မဟုတ်ပေ။
"ခင်ဗျားရဲ့ တာအိုပညာ အခြေခံကို ကျုပ် ဖော်ထုတ်ပြီးပြီဆိုမှတော့, ခင်ဗျား ဒီမှာပဲ နေရလိမ့်မယ်။"
ဟုန်ယွိသည် နောက်ထပ် ပြဿနာများ ဖြစ်မလာစေရန် ထာဝရမိခင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူရန် ဆုံးဖြတ်ထားသည်။ အကြောင်းမှာ အဝေးတွင် တစ်စုံတစ်ယောက် အလျင်အမြန် ရောက်လာနေသည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။
ချက်ချင်းဆိုသလို ဟုန်ယွိ၏ မီးလျှံဗုဒ္ဓ၏ ရွှေကိုယ်ထည်သည် ပေါက်ကွဲကာ ကျမ်းစာများစွာအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင် ဧကရာဇ်ကို ဝန်းရံလိုက်သည်။
ချီ၊ ချီ၊ ချီ!
ပွက်ပွက်ဆူနေသော ရေများသကဲ့သို့ အနက်ရောင် ဧကရာဇ်နတ်ဘုရားသည် ရုတ်တရက် ပြိုကျသွားပြီး အနက်ရောင် အလင်းရောင်စဉ်ဝိုင်းအဖြစ် ပြောင်းလဲကာ ထာဝရမိခင်၏ ခေါင်းနောက်တွင် ပြန်ကပ်သွားခဲ့သည်။