← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 23 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 23 Ch. 253-254

အခန်း (၂၅၃)။

တော်ဝင်ချန် အင်ပါယာမြို့တော်။

ကျောက်စိမ်းမြို့တော်။

အိမ်ရှေ့စံမင်းသား၏ အရှေ့ဆောင်နန်းတော်အတွင်း။

နန်းတော်၏ နက်ရှိုင်းသော နေရာအတွင်း, သန့်စင်သော ရွှေပွင့် အနည်းငယ် ကပ်ထားသည့် ကျောက်စိမ်း သရဖူကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေပါသည်။ ထိုလူ၏ မျက်ခုံးနှစ်ခုကြားတွင် ခရမ်းရောင် အငွေ့အသက်တစ်ခု အဆက်မပြတ် ဖုံးလွှမ်းနေ၏။ ထိုအငွေ့အသက်သည် မီးခိုးနှင့် မြူခိုးများကဲ့သို့ ဖြစ်နေပြီး၊ နှိုင်းယှဉ်၍ မရလောက်အောင် နက်နဲပြီး မြင့်မြတ်သော ခံစားချက်ကို ပေးစွမ်းသည်။

အကယ်၍, "အငွေ့အသက်ခံစားမူ"တွင် ကျွမ်းကျင်သော တာအိုပညာရှင် တစ်ဦးသာ သူ့ကို ကြည့်ပါက, ထိုသူသည် အလွန် မြင့်မြတ်ပြီး အနှိုင်းမဲ့ ကြွယ်ဝသော ဘဝကို ပိုင်ဆိုင်ထားကြောင်း သိရှိလိမ့်မည်။ သူ့မျက်နှာတွင် "အိုမင်းခြင်း" သို့မဟုတ် "အမဲအစက်ပျောက်" အရိပ်အမြွက်မျှပင် မရှိပေ။ ယင်းအစား သူသည် "အရှေ့ရပ်မှလာသော ခရမ်းရောင် အငွေ့အသက်" ဟူသည့် ဆွဲဆောင်မူကို ပိုင်ဆိုင်ထားပုံရသည်။

ဤသူသည် တော်ဝင်ချန်မင်းဆက်၏ အိမ်ရှေ့စံမင်းသား ယန်ယွမ် ဖြစ်သည်။ သူသည် အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး လူတစ်ယောက်၏ အကောင်းဆုံးအရွယ်ကို လွန်သွားခဲ့ပြီ။ သို့သော် တော်ဝင်ချန် ဧကရာဇ်သည် ထီးနန်းပေါ်တွင် ရှိနေသေးသောကြောင့် သူသည် အရှေ့ဆောင် နန်းတော်၌သာ ဆိတ်ငြိမ်စွာ နေထိုင်ရသည်။ သူသည် ပုံမှန်အားဖြင့် မျက်နှာပြလေ့မရှိသလို နိုင်ငံကိုလည်း ကြီးကြပ်ခြင်း မရှိပေ။

မူလကတည်းက တော်ဝင်ချန်မင်းဆက်၏ အင်ပါယာတရားရုံးသည် တည်ငြိမ်သည်။ ယွမ်မန်နှင့် ဟွာလော်တို့ကဲ့သို့ ပြင်းထန်သော ရန်သူနိုင်ငံများ ရှိသော်လည်း၊ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးနှင့် ချန်ပီယံမြို့စားတို့ကဲ့သို့ စစ်ဗိုလ်ချုပ်ကြီးနှစ်ဦး ရှိနေခဲ့သည်။ စစ်နတ်ဘုရားများဟု ကျော်ကြားသော ထိုစစ်ဗိုလ်ချုပ်ကြီး နှစ်ဦးသည် ကျူးကျော်မှုများကို တွန်းလှန်ရန် လုံလောက်ရုံသာမက သူတို့၏ နယ်မြေများကိုပါ ချဲ့ထွင်နိုင်ကြ သည်။ နိုင်ငံသည် လက်ရှိတွင် ငြိမ်းချမ်းပြီး တည်ငြိမ်သော ခေတ်တွင် ရှိနေသည်။ ဤအခြေအနေတိုင်း ဆက်ရှိနေသရွေ့ အိမ်ရှေ့စံမင်းသားသည် သူ့ရာထူးဖြင့် သည်းခံနေနိုင်ပါက တစ်နေ့တွင် ထီးနန်းကို စိုးစံရလိမ့်မည်။

သို့သော် ၎င်းသည် ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ် ၃၀ မှ ၅၀ အထိ ကြာနိုင်ပါသည်။

ထို့ကြောင့် တော်ဝင်ချန်မင်းဆက်၏ အင်ပါယာတရားရုံးတွင် မျက်စိရှင်သူတိုင်း အိမ်ရှေ့စံ မင်းသားသည် တင်းတိမ်မည်မဟုတ်ကြောင်း သိကြသည်။ ဧကရာဇ်ပင်လျှင် အိမ်ရှေ့စံမင်းသား၏ မကျေနပ်မှုကို သိသည်။ ထို့ကြောင့် သူသည် မင်းသားများကို အားသွန်ခွန်စိုက် မြှင့်တင်ပေးပြီး သူ၏ အခြား သားတော်များကို အရေးကြီးသော ရာထူးများတွင် တာဝန်ပေးထားခဲ့သည်။ ၎င်းသည် တရားရုံးတွင် အာဏာချိန်ခွင်လျှာကို ဖန်တီးပေးကာ၊ အိမ်ရှေ့စံမင်းသားနှင့် အခြား မင်းသားများကို အချင်းချင်း တိုက်ခိုက်စေပြီး သူကိုယ်တိုင်က ထိုက်တောင်ကဲ့သို့ တည်ငြိမ်စွာ ရှိနေခဲ့သည်။

ဤအချိန်တွင် တော်ဝင်ချန်မင်းဆက်၏ အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် နန်းတော်တွင် ထိုင်နေသည်။ သူသည် ပွပွချောင်ချောင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ လက်များကို ကုလားထိုင်၏ လက်တင်ခုံများပေါ်တွင် တင်ထားသည်။ သူသည် တည်ငြိမ်ပုံရပြီး နိုင်ငံတစ်ခုလုံးကို သူ့လက်ထဲတွင် ချုပ်ကိုင်ထားသကဲ့သို့ပင်။

"ဟင့်.…။"

အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ထိုင်နေသည်။ သူ၏မျက်ခွံများက မှေးစင်းနေပြီး၊ သူ့ပုံစံက ဘာမှမတွေး၊ ဘာမှ မလုပ်သကဲ့သို့ ဖြစ်နေသည်။ ကျယ်ဝန်းသော ခန်းမအတွင်း၌ မိန်းမစိုးများ၊ အစောင့်များ သို့မဟုတ် နန်းတော်အစေခံများပင် မရှိပေ။

ထိုသို့ဖြစ်ရခြင်းမှာ နန်းတော်အစေခံများ၊ မိန်းမစိုးများနှင့် အစောင့်များ အားလုံးသည် အိမ်ရှေ့စံမင်းသားက နက်နက်နဲနဲ စဉ်းစားနေပြီး၊ သူ့ကို အနှောင့်အယှက် မပေးသင့်ကြောင်း သိကြသောကြောင့် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက်, အိမ်ရှေ့စံမင်းသား၏ နှာခေါင်းမှ ခပ်တိုးတိုး နှာခေါင်းရှုံ့သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး နန်းတော်တစ်ခုလုံး အနည်းငယ် မှိန်ကျသွားသည်။ ထို့နောက် ခန်းမ၏ အလယ်ဗဟိုတွင် အမျိုးသမီးတစ်ဦး ပေါ်လာသည်။

ဤအမျိုးသမီးသည် လုံးဝ အဖြူရောင်ဖြစ်ပြီး သူမ၏ ဝတ်ရုံများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ လွင့်နေသည်။ သူမသည် မိုးမခအရွက်သဖွယ် မျက်ခုံးများ၊ ဗာဒံစေ့သဖွယ် မျက်လုံးများနှင့် မက်မွန်သီးသဖွယ် ပါးပြင်များကို ပိုင်ဆိုင်ထားသည်။ သူမသည် ခပ်ဖျော့ဖျော့ အဖြူရောင် တိမ်ဖိနပ် တစ်ရံကို ဝတ်ဆင်ထားပြီး၊ သူမ၏လက်များကို သူမ၏ကျောဘက်တွင် ပစ်ထားပါသည်။ သူမ ပေါ်လာပြီးနောက် ခန်းမအတွင်းရှိ အခြေအနေကို ပေါ့ပေါ့ပါးပါး လေ့လာ အကဲဖြတ်ပြီးမှ သူမ၏ အကြည့်သည် အလယ်တွင် ထိုင်နေသော အိမ်ရှေ့စံမင်းသားဆီသို့ ကျရောက်သွားခဲ့သည်။

"ဝူရှန်၊ မင်းရဲ့ပုံစံအစစ်မှန်နဲ့ တော်ဝင်နန်းတော်ထဲကို တကယ် ဝင်လာတာလား။ ကျွန်တော့်ဆရာက လူသားအင်မော်တယ်တစ်ဦး ဖြစ်လာဆိုတာ ခင်ဗျား သိသင့်တယ်။ သူ့အငွေ့အသက်က သွေးထဲမှာ ဖုံးလွှမ်းနေပြီး နတ်ဘုရားအားလုံး သူ့ဆီပြန်ခေါ်ဆောင်နိုင်ပြီ။ ကျောက်စိမ်းမြို့တော်က တာအိုပညာရှင်တွေ အားလုံးလည်း တချိန်လုံး ဒီဖိအားကို ခံစားနေကြရတယ်။ ကျွန်တော် မကြာသေးခင်က မှော်ပညာရပ်ကို ကျင့်ကြံနေတဲ့အချိန်မှာတောင် ကျွန်တော်ရဲ့ စိတ်ဝိညာဉ်က ချောချောမွေ့မွေ့ မလည်ပတ်ခဲ့ဘူး။ လန်ကျိုးဆိုတဲ့ အဲဒီအစေခံတောင် မြို့တော်ကနေ ထွက်ခွာဖို့ ဆင်ခြေ ရှာခဲ့ရတယ်။" (နတ်ဘုရားဟူသည်မှာ အပ်စိုက်မှတ်ထဲက နတ်ဘုရားတွေကို ဆိုလိုဟန်တူပါသည်။)

အိမ်ရှေ့စံမင်းသားသည် ထိုအမျိုးသမီး ပေါ်လာသည်ကို မြင်သောအခါ မော့ကြည့်လိုက်ပါသည်။ အစကတည်းက မည်သည့်အခါမှ မပြောင်းလဲခဲ့သည့် သူ့မျက်လုံးများတွင် ထူးဆန်းသည့် အရိပ်မြွက် ရှိနေသည်။

"အသင် ပြောစရာ မလိုပါဘူး၊ ဒါတွေကို ကျွန်ုပ် သိပြီးသား။ အခုနက ကျောက်စိမ်းမြို့တော်နဲ့ ဆယ်မိုင်အကွာမှာတုန်း ကတည်းက ပြင်းထန်တဲ့ သွေးနီရောင် ချီနဲ့သွေးကို ကျွန်ုပ် ခံစားခဲ့ပြီးပြီ။ အဲဒါက ကျွန်ုပ်ကို အလွန် စိတ်မသက်မသာ ဖြစ်စေတယ်။ လူသားအင်မော်တယ်လမ်း၊ ရှင်ခြင်းနဲ့ သေခြင်း လျှို့ဝှက်တံခါး၊ ကောင်းကင်နဲ့မြေကြီးရဲ့ တံတား၊ သူ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။ သူက တစ်ခုကို ကျွမ်းကျင်သွားပြီဆိုတာနဲ့ အားလုံးကို ကျွမ်းကျင်သွားလိမ့်မယ်။ အနာဂတ်မှာ သူ့ကို ကိုင်တွယ်ဖို့ ပိုခက်ခဲလာလိမ့်မယ်။"

အိမ်ရှေ့စံမင်းသားက "ဝူရှန်"ဟု ခေါ်လိုက်သော အမျိုးသမီးက ပြောသည်။

သူမ စကားပြောသောအခါ သူမသည် အိမ်ရှေ့စံမင်းသားကိုပင် "အသင်" ဟု လုံးဝ လေးစားမှုမရှိဘဲ သုံးနှုန်းခဲ့ပြီး သူမ၏ အဆင့်အတန်းသည် အလွန်ပင် မြင့်မားကြောင်း ပြသသည်။

"သူက ကျွန်တော့် ဆရာဆိုတော့ သူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ကျွန်တော်က သဘာဝအတိုင်း သိထားပါတယ်။ တကယ်လို့, သူ့ရဲ့ တာအိုနှလုံးသာ အဲဒီတုန်းက မပျက်စီးခဲ့ဘူးဆိုရင်၊ သူ ယခုလို အောင်မြင်မှုမျိုးကို လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ရခဲ့မှာ..."

အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။

"ဒါတွေက အရေးမကြီးပါဘူး။ ဒီနှင်းက ကောင်းကင်ဘုံရဲ့ လက်ဆောင် ဖြစ်နိုင်တယ်။" ဝူရှန်က ဖြည်းဖြည်းချင်း ပြောသည်။ "ဒီနှင်းကျတာ ဒီလောက် ရက်ကြာရှည်ပြီး၊ ကမ္ဘာကြီးလည်း သဘာဝ ဘေးအန္တရာယ်တွေကို ခံစားနေရတယ်။ ကျွန်ုပ်တို့ရဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းကိစ္စတွေ တိုးတက် အောင် လုပ်ဖို့နဲ့ အမွှေးနံ့သာတိုင်နဲ့ မီးပူဇော်မှုကို စုဆောင်းဖို့ အချိန်ကောင်းပဲ။ ဒီဆောင်းရာသီပြီးရင်၊ အမွှေးနံ့သာတိုင်နဲ့ မီးပူဇော်မှု (ယုံကြည်မူ) စွမ်းအား အကူအညီနဲ့ ကျွန်ုပ်က အသင့်ကို ဓမ္မကာယ ကိုးပါး၊ တိုက်ခိုက်ခြင်းမိခင်၊ ဆန်းကြယ်စိတ်ဝိညာဉ်နဲ့ လေဟာနယ်ရဲ့ အင်မော်တယ် မူလစိတ်ဝိညာဉ်တို့ကို စုစည်းရာမှာ ကူညီပေးနိုင်တယ်။ အားလုံး ကိုးခု ပေါင်းစည်းသွားတဲ့အခါ သူက ကျွန်ုပ်တို့အပေါ် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ ဘူး။"

"အလယ်ပိုင်းပြည်နယ်ရဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းကိစ္စတွေက ကောင်းမွန်စွာ တိုးတက်နေပေမဲ့ သူတို့ကို တခဏတာပဲ တိုးတက်အောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ စွမ်းအားကို နတ်ဘုရားအာရုံကို လေ့ကျင့်ဖို့ပဲ အသုံးပြုနိုင်တယ်။ ကျွန်တော်တို့ အောင်မြင်တာနဲ့ ဖျက်သိမ်းပစ်ရမယ်။" အိမ်ရှေ့မင်းသားက ဖြည်းဖြည်းချင်း ပြောသည်။

"ဟုတ်ပါပြီ၊ အသင် ထီးနန်းကို စိုးစံပြီးရင် ဒီဘာသာရေး ဂိုဏ်းကြီးနှစ်ခုကို သေချာပေါက် ဖျက်သိမ်းရလိမ့်မယ်။ အသင် ထီးနန်းကို မစိုးစံနိုင်ဘူးဆိုရင် တောင်, ကျွန်ုပ်တို့ရဲ့ နတ်ဘုရားအာရုံတွေ အဆင့်မြင့် အဆင့်ကို ရောက်တဲ့အခါ အသင် အဲဒီဂိုဏ်းကြီးနှစ်ဂိုဏ်းကို ဖျက်သိမ်းရမှာပဲ။ အသင်က အစိုးရကိစ္စတွေမှာ တိုက်ရိုက်တာဝန်ယူပြီး အင်အားကြီးကြီးမားမားနဲ့ သူတို့ကို ဖျက်ဆီးနိုင်တယ်။ ဒါ့အပြင်, အသင့်ရဲ့စွမ်းရည်တွေကို တရားရုံးက အရာရှိတွေကို မြင်စေပြီး သူတို့ရဲ့ ထောက်ခံမှုကိုပါ ရယူနိုင်သေးတယ်။"

ဝူရှန်ဟု အမည်ရသည့် လှပသောအမျိုးသမီးက ခေါင်းညိတ်ပြီး ပြောသည်။ "ဟုတ်ပါတယ်၊ ကျွန်ုပ်က အဲဒီ နောက်ကွယ်က အကြောင်းရင်းကို နားလည်ပါတယ်။ သေချာတာက, ကျွန်ုပ်က ဘာသာဂိုဏ်းတွေရဲ့ ဩဇာအာဏာကို စွန့်ခွာဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ ဘာသာရေးရဲ့ ဩဇာအာဏာ က ဒီကမ္ဘာကြီးရဲ့ နတ်ဘုရားလက်နက်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။"

"ကျွန်တော်က အရာအားလုံးကို အသင့်အတွက် ထားခဲ့မှာပါ။" အိမ်ရှေ့စံမင်းသားသည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်နှင့်၊ ခန်းမဆောင်၏ အေးစက်နေသော လေထုအတွင်းမှာ လေစီးကြောင်းသည် အဖြူရောင် မြူစုအဖြစ် စုစည်းသွားပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ် မသွားဘဲ မှိန်ဖျော့ဖျော့ မှင်ရောင် ရှုခင်းပန်းချီကားကဲ့သို့ ပုံရိပ်အမျိုးမျိုး ဖြစ်ပေါ်လာပါသည်။

ဝူရှန်ဟုခေါ်သော လှပသော အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပါသည်။ သို့သော် သူမသည် ပြန့်ကျဲရာမှ စုဝေးသွားပြီး၊ တဖန် စုဝေးရာမှ ပြန်လည် ပြန့်ကျဲသွားသော အဖြူရောင် မြူများမှ ဖြစ်ပေါ်လာသည့် ပုံရိပ်အမျိုးမျိုးကို ကြည့်လိုက်ပါသည်။ သူမသည် နက်နဲစွာ စဉ်းစားနေပုံရသည်။

"အသင် မှန်ပါတယ်။ နိုင်ငံရဲ့ နတ်ဘုရားလက်နက်ရဲ့ အာဏာက ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဩဇာအာဏာထက် သဘာဝအတိုင်း ပိုကောင်းပါ တယ်။ အသင် မြင်ရဲ့လား။ အနာဂတ်က ဘယ်လို ဖြစ်မယ်ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် အနာဂတ်ကို နားမလည်သလို ရှင်းရှင်းလင်းလင်း လည်း မမြင်နိုင်ဘူး။"

အိမ်ရှေ့စံမင်းသားသည် စကားပြောပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့ရှိ အဖြူရောင် မြူစုသည် ပျောက်ကွယ်သွားသည်။ "ဒါပေမယ့်, ဝူရှန်..၊ တကယ်လို့, အနာဂတ်တစ်ခု ရှိခဲ့ရင် ကျွန်တော်က အသင့်ကို ကိုယ်လုပ်တော်အဖြစ် သေချာပေါက် ခေါ်ယူမယ်။ ဒီနောက် ကျွန်တော်က မိဖုရားရာထူးကို ဖျက်သိမ်းပြီး အသင့်ကို ကျွန်တော်ရဲ့ ဧကရီအဖြစ် ခန့်အပ်မယ်။ အသင်လည်း ကမ္ဘာရဲ့ မိခင်တစ်ဦး ဖြစ်နိုင်ပြီ။ ကျွန်တော်တို့ နှစ်ယောက်က ရှေးခေတ် နတ်ဘုရား ဧကရာဇ်တွေကို အတုယူနိုင်တယ်။ ကျွန်တော်တို့ဟာ ထာဝရ အတူတကွ ကျင့်ကြံပြီး၊ နဂါးတွေ ကို စီးနင်းကာ ကောင်းကင်ယံမှာ ပျံသန်းပြီး စကြဝဠာတခွင် လှည့်လည်နိုင်ပါတယ်။"

"ဒီစကားတွေကို အသင် ပြောစရာ မလိုဘူး။ ကျွန်ုပ်က ဂိုဏ်းရဲ့အာဏာကို စွန့်ခွာဖို့ ဝန်မလေးနေပေမဲ့၊ ဒီအာဏာကို စွန့်ခွာဖို့ ဝန်လေးသူတွေ မရှိဘူး လို့ ဆိုလိုတာ မဟုတ်ဘူး။ တကယ်လို့, အနာဂတ်မှာ အသင်က ဝဖြိုးတဲ့ ဝက်တစ်ကောင်ကို သတ်ချင်ရင်, အသေခံ တိုက်ခိုက်မယ့်သူတွေ ရှိလာမှာကို ကျွန်ုပ် စိုးရိမ်တယ်။" ဝူရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"အသင်က လေဟာနယ်တာအိုဂိုဏ်းဘက်ကို ပြောနေတာလား။ သူ ရည်မှန်းချက်ကြီးတယ်ဆိုတာ သဘာဝအတိုင်း ကျွန်တော် သိပါတယ်။ ကျွန်တော်က ရည်မှန်းချက်ကြီးတဲ့ လူတွေကို ကြိုက်တယ်။ ရည်မှန်းချက် ပိုကြီးလေ၊ သူက ပိုစွမ်းဆောင်နိုင်လေ ဖြစ်ပြီး၊ ကိစ္စတွေ ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီရည်မှန်းချက်က ကျွန်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ။ တကယ်လို့, သူက သူ့အတွက် ဘာကောင်းလဲဆိုတာ မသိဘူးဆိုရင် ကျွန်တော်က သူ့ကို လက်တစ်ချက် လှန်လိုက်ရုံနဲ့ ပြာအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။"

အိမ်ရှေ့စံမင်းသားက တိုးတိုးလေး ရယ်လိုက်ပါသည်။

"ကျွန်တော် မကြာသေးခင်က သတင်းအချက်အလက် ရခဲ့တယ်။ အလယ်ပိုင်းပြည်နယ်ရဲ့ ဝူယွမ်ပြည်နယ်က အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်က သူ့ရပ်တည်ချက်ကို ဖော်ပြလိုက်ပြီတဲ့။ သူက သူ့လူတွေကို သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ဘာသာဂိုဏ်းတွေနဲ့ ပူးပေါင်းဖို့ အမိန့်ပေးခဲ့တယ်။ သူက ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ပုံရတယ်။"

"ဉာဏ်ကောင်းသူလား။ ဒီလူက တစ္ဆေတစ်ကောင်လို ကောက်ကျစ်ပြီး၊ မြေခွေးတစ်ကောင်လို ယုတ်မာသူပဲ။ ဒီတစ်ကြိမ် ကျွန်ုပ် ဒီကိုလာရတာက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သင့်ကို ပြောပြဖို့ပဲ။ မနေ့ကမှ ဟောင်ချင်းချန်ဟာ သူ့ဝှက်ဖဲတွေကို ထုတ်ဖော်ပြီး ဝူယွမ်ပြည်နယ်တစ်ခုလုံးရှိ ဘာသာရေး ယဇ်ပလ္လင်တွေအားလုံးကို ဖျက်ဆီးလိုက်တယ်။ ခေါင်းဆောင်တွေ အားလုံးကို ဖမ်းဆီးပြီး ထောင်ထဲ ပို့လိုက်တယ်။ တစ်ယောက်မှ မလွတ်မြောက်ခဲ့ ဘူး။ အခုချိန်မှာ သူက သက်သေအထောက်အထား အများကြီးကို စုဆောင်းထားပြီး၊ အင်ပါယာတရားရုံးကို အစီရင်ခံစာတင်ဖို့ ပြင်ဆင်နေပြီ။"

ဝူရှန်က အေးစက်စွာ ပြောသည်။

"ဘာ…။ သူ ဘယ်ကနေ ဒီလိုသတ္တိမျိုး ရခဲ့တာလဲ။ သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ။" အိမ်ရှေ့စံမင်းသားသည် ထိုင်ခုံပေါ်မှာ ထိုင်နေရင်း သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားသော်လည်း ထရပ်ခြင်းတော့ မရှိခဲ့ပေ။ သူက ထူးဆန်းသော လေသံဖြင့် ပြောသည်။ "နောက်ဆုံးတစ်ခေါက် သူ ပလ္လင်တွေကို ဖျက်ဆီးနေတဲ့အချိန်မှာ သူ့ကို လက်ဝါးကြီးနဲ့ ရိုက်နှက်ခဲ့တာ မဟုတ်လား။ တကယ်လို့, ကျီချန်ယွဲ့သာ သူ့ကို မကယ်ခဲ့ဘူးဆိုရင် သူ ဆိုးဆိုးဝါးဝါး သေဆုံးနေလောက်ပြီ။ ဒီတစ်ကြိမ် သူ ဘယ်လိုလုပ် ဒီလောက် အတင့်ရဲနေတာလဲ။ ဒီနေ့, အသင် ကျွန်တော်ဆီ ဒီကိစ္စအတွက် လာခဲ့တာဆိုတော့ တကယ်တမ်း ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ အသင် ရှာဖွေတွေ့ရှိပြီးသား ဖြစ်ရမယ်။"

"ဒါက အရမ်း ရိုးရှင်းပါတယ်။ သူ့မှာ အကူအညီ ရှိနေတယ်။" လှပသော ဝူရှန်က ပြောသည်။

"အကူအညီလား။" အိမ်ရှေ့စံမင်းသား၏ မျက်လုံးများက လင်းလက်သွားပါသည်။ "ဘယ်လို အကူအညီလဲ။"

"ကျွန်ုပ် မတွေ့သေးဘူး။ ကျွန်ုပ် သွားရှာမလို့ပါပဲ။ ဒါကြောင့် ကျွန်ုပ်က အခြေအနေကို အသင့်ဆီ အရင် သတင်းလာပို့တာပါ။" ဝူရှန်က ပြောသည်။

"ဒီလိုဆိုရင် ကျွန်တော်က ဒီကိစ္စကို အသင့်လက်ထဲ အပ်လိုက်ပါ့မယ်။ အသင် သင့်လျော်သလို စီမံလို့ရတယ်။" အိမ်ရှေ့စံမင်းသားက ပြောသည်။

"ဟုတ်ပါပြီ။ ကျွန်ုပ် ဘာလုပ်နေလဲဆိုတာ ကျွန်ုပ် သိပါတယ်။" ဝူရှန်က ပြုံးပြီး ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်သည်။ သူမသည် မှော်ဆန်ဆန် လေဟာနယ်ထဲသို့ လျှောက်လှမ်းသွားပြီး ပျောက်ကွယ်သွားပါသည်။

ဝူရှန် ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို အိမ်ရှေ့စံမင်းသားသည် ထရပ်လိုက်ပါသည်။ သူ့ မျက်လုံးထဲတွင် ခရမ်းရောင် အလင်းတစ်ခု လင်းလက်သွားပြီးနောက် သူသည် ချက်ချင်းပင် အလင်းမြူများဖြင့် ရစ်ပတ်ထားပြီး ကောင်းကင်သို့ ပျံတက်သွားသော "အသက်မဲ့" ကို မြင်လိုက်ရပါ သည်။ (ဤနေရာတွင် “အသက်မဲ့”ဟု အဘယ့်ကြောင့် သုံးနှုန်းခဲ့သည်ကို နားမလည်သေးပါ။ မြုပ်ကွက်ဟု ထင်ပါသည်)။

ထိုအလင်းမြူများတွင် လူများ၏ အမြင်အာရုံကို ရှုပ်ထွေးစေသည့် နည်းလမ်းတစ်ခု ရှိနေပါသည်။ ထိုအလင်းမြူဖြင့် ရစ်ပတ်ထားသည်နှင့် ၎င်းသည် လေဟာနယ်ထဲတွင် မျက်လှည့်ပြသကဲ့သို့ ဖြစ်နေသည်။ လူအများ ရှေ့မှာ ပျံသန်းရင်တောင်မှ သူတို့အနေဖြင့် မမြင်နိုင်ဘူး။ ထိုကြောင့် ခြေရာ လက်ရာလည်း မကျန်ခဲ့ပါဘူး။

"ဟေဝူရှန်၊ ကြိုးကြာလေး၊ မင်းကိုယ်မင်း အရမ်းကြီး အထင်မကြီးဖို့ ငါ မျှော်လင့်တယ်။" အိမ်ရှေ့စံ မင်းသားသည် သူမခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး ကောင်းကင်သို့ ပျံတက်သွားသည့်၊ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားသော မိန်းမလှလေး ဟေဝူရှန်ကို ကြည့်လိုက်သည်။ သူသည် အနည်းငယ် ခေါင်းခါလိုက်ပါသည်။

"ဒါဆို အိမ်ရှေ့စံမင်းသားက ဟေဝူရှန်ရဲ့ နောက်ခံကို သိပြီးသားပေါ့။" အိမ်ရှေ့စံမင်းသား သက်ပြင်းချနေစဉ် ခန်းမ၏ တစ်ဖက်ခြမ်းမှ တုတ်ကောက်ကိုင်ကာ အဘွားအိုတစ်ဦး ထွက်လာပါသည်။

"ဟေဝူရှန် ကျွန်မတပည့် ဖြစ်ခါစတုန်းက ကျွန်မလည်း သံသယဝင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူမဟာ တာအိုပညာကို အလွန် လျင်လျင်မြန်မြန်နဲ့ သင်ယူနိုင်ခဲ့တာကြောင့် ကျွန်မလည်း သူမကို အသက်မဲ့တာအိုဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုအဖြစ် မတတ်တာဘဲ ရွေးချယ်ခဲ့ရတာ။ ဒါ့အပြင် အိမ်ရှေ့စံမင်းသားက သူမကို စိတ်ဝင်စားနေတယ်လေ။" (“အသက်မဲ့” ဟု သုံးနှုန်းခဲ့ခြင်းမှာ အသက်မဲ့တာအိုဂိုဏ်း၏ သူတော်စင်မိန်းမပျိုဖြစ်လို့ဟု ယူဆပါသည်)။

အဘွားအိုက ပြောသည်။

"ထာဝရမိခင်၊ ဝူယွမ်ပြည်နယ်ကို တိုက်ရိုက်သွားပြီး ဟောင်ချင်းချန်နဲ့ သူ့နောက်ကွယ်က လူတွေရဲ့ ဦးခေါင်းတွေကို ယူလာခဲ့ပါ။" အိမ်ရှေ့စံမင်းသားက ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ပြီး ပြောသည်။

ကျောက်စိမ်းမြို့တော်၊ ပန်းကြဲပြည့်တန်ဆာအိမ်တော်။

ပန်းကြဲပြည့်တန်ဆာ အိမ်တော်သည် အကျော်ကြားဆုံး အိမ်တော်တစ်ခုဖြစ်သလို၊ လှပကြော့ရှင်းမှု၏ သန့်ရှင်းသော နယ်မြေတစ်ခုလည်း ဖြစ်ပါ သည်။ ယခုအချိန်တွင် ကျောက်စိမ်းမြို့တော်ရဲ့ အရည်အချင်းအရှိဆုံး မိန်းကလေး ဆုမူသည် မြင့်မားသော အဆောက်အအုံတစ်ခု၏ ပြတင်းပေါက် ဘေးမှာ ထိုင်နေသည်။

အခန်းတစ်ခုလုံးကို ထူထဲသော ကုလားကာဖြင့် ဖုံးအုပ်ထားပြီး၊ သင်းပျံ့နေသော ကျောက်စိမ်းရနံ့က ထိုအခန်းကို နူးညံ့ပြီး ဇိမ်ခံနေရာကဲ့သို့ ထင်ဟပ်စေပါသည်။

ဆုမူသည် သူမ၏ သွယ်လျသော ဆင်စွယ်ရောင် လက်ဖြင့် ပန်းအိုးထဲတွင် ဇီးပန်းတစ်ပွင့်ကို ထည့်လိုက်ပါသည်။

ပြတင်းပေါက် အပြင်ဘက်တွင် ငန်းမွေးများကဲ့သို့ နှင်းများက ထူထပ်စွာ ကျနေသည်။

အလယ်ပိုင်းပြည်နယ်၏ ဝူယွမ်ပြည်နယ်ရှိ နှင်းထူထပ်စွာ ကျခြင်းသည် ရပ်တန့်သွားသော်လည်း ကျောက်စိမ်းမြို့တော်သည် မြောက်ပိုင်းဒေသများအပြင်၊ ရွှဲ့ (နှင်း) ပြည်နယ်နှင့် ပိုမို နီးသောကြောင့် ဆောင်းရာသီ ရောက်လာသည်နှင့် နှင်းများက ရပ်တန့်တော့မည် မဟုတ်ပေ။

ဆုမူသည် ဇီးပန်းပွင့်ကို ဂရုတစိုက် စီစဉ်နေစဉ် လေပြေတစ်ချက်က ကုလားကာကို ရိုက်ခတ်ပြီး ပြတင်းပေါက်မှ စိမ့်ဝင်လာသည်။

"ကြိုးကြာလေးလား။ မကြာသေးခင်ကမှ ကျောက်စိမ်းမြို့တော်ဟာ လူအမျိုးမျိုး၊ ကျွမ်းကျင်သူမျိုးစုံနဲ့ ရှုပ်ယှက်ခတ်နေတယ်။ မင်း တာအိုပညာကို အသုံးပြုတဲ့အခါ ပိုပြီး သတိထားသင့်တယ်။" ဆုမူသည် နောက်ကို လှည့်မကြည့်ဘဲ ဇီးပန်းကို ဆက်လက် စီစဉ်နေသည်။

လေပြေ ရပ်သွားသည်နှင့် လှပသော အမျိုးသမီး၏ ပုံပန်းသဏ္ဌာန် ပေါ်လာသည်။ သူမသည် အိမ်ရှေ့စံမင်းသားနှင့် ယခုလေးတင် တွေ့ဆုံခဲ့သော ဟေဝူရှန် ဖြစ်သည်။

"သူတော်စင်မိန်းမပျိုကို ဂါရဝပြုပါတယ်။"

ဟေဝူရှန် ပေါ်လာပြီးနောက် ဇီးပန်းကို စီစဉ်နေသည့် ဆုမူ၏ နောက်ကျောကို ကြည့်ပြီး ခပ်နိမ့်နိမ့် ဦးညွှတ်လိုက်ပါသည်။

"ကြိုးကြာလေး၊ အခု မင်းက တိုင်ရှန်တာအိုဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးပဲ။ ငါတို့ရဲ့ တိုင်ရှန်တာအိုဂိုဏ်းက တခြား တာအိုဂိုဏ်း အားလုံးထက် သာလွန် တယ်။ ငါတို့ရဲ့ မျက်လုံးထဲမှာ တော်ဝင်အာဏာဆိုတာက အလှည့်ကျ သက်တမ်းတိုးရတဲ့ အာဏာသင်္ကေတတစ်ခုသာသာပါပဲ။ နိုင်ငံရဲ့ နတ်ဘုရား လက်နက်ဆိုတာကလည်း ငါတို့ ဆန္ဒရှိသလို ကစားနိုင်တဲ့ ပစ္စည်းတစ်ခုသာသာပဲ။" ဆုမူက ပြောသည်။ "မင်းက အဲဒီလို စိတ်နေသဘောထားမျိုး မမွေးမြူရသေးဘူး။ ငါတို့ တွေ့ဆုံတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေ မလိုအပ်ပါဘူး။"

"အဲဒီစိတ်နေသဘောထားမျိုးကို ဂိုဏ်းခေါင်းဆောင်နဲ့ သူတော်စင်မိန်းမပျိုတို့ပဲ ကျင့်ကြံနိုင်တာပါ။ ကျွန်မက တော်ဝင်အာဏာနဲ့ ပိုနီးလာလေလေ၊ တော်ဝင်အာဏာရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုသိလေ ဖြစ်ပြီး ဖိအားတစ်မျိုးမျိုးကို မခံစားဘဲ မနေနိုင်ပါဘူး။"

ဟေဝူရှန်က ပြုံးပြီး ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။

ကုလားထိုင်ဘေးမှာ ကြေးနီရောင် ဖီးနစ်ကြေးအင်တုံတစ်ခုရှိပြီး၊ အထဲမှာ မီးသွေးများက မီးလောင်နေသည်။

"သူတော်စင်မိန်းမပျို၊ နှင်းက ပိုပြီး ထူထဲစွာ ကျဆင်းလာနေတယ်။ ဒါကြောင့် သဘာဝ ဘေးအန္တရာယ်အဖြစ် ပြောင်းလဲပြီးပြီ။ ဒီလိုသာ ဆက်သွားရင် အိမ်ရှေ့စံမင်းသား လျှို့ဝှက် တည်ထောင်ထားတဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းရဲ့ စွမ်းအားက ဒီသဘာဝ ဘေးအန္တရာယ်နဲ့အတူ ကြီးထွားလာလိမ့်မယ်။ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို တကယ် ကျွမ်းကျင်သွားမှာ ကျွန်မ စိုးရိမ်တယ်။ သူ ကျွမ်းကျင်သွားတာနဲ့ ထိန်းချုပ်ဖို့ ခက်ခဲသွားလိမ့်မယ်။ ကျွန်မက အိမ်ရှေ့စံမင်းသားရဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲ ရခဲ့ပေမဲ့ ဒီအရေးကြီးတဲ့ အခိုက်အတန့်မှာ သူ့ကို ကျရှုံးစေချင်တယ်။" ဟေဝူရှန်သည် အခိုးအငွေ့ မထွက်သည့်အပြင်, မည်သည့်အမွှေးနံ့သာမျှ မထွက်သည့် မီးဖိုထဲရှိ လောင်ကျွမ်းနေသော မီးသွေးများကို စူးစူးစိုက်စိုက် ကြည့်နေပါသည်။

ဤမီးသွေးမျိုးကို နန်မူရွှေပိုးချည်ဖြင့် ပြုလုပ်ထားသည်။ မင်းစားတစ်ပါး၏ စံအိမ်တော်ပင် ထိုမီးသွေးမျိုးကို မီးရှို့ရန် မတတ်နိုင်ပေ။

"သူက မဟာဓမ္မကာယ လေဟာနယ်ကိုးပါးကို ကျွမ်းကျင်သွားရင်တောင် ကြီးကြီးမားမား ကိစ္စကြီး မဟုတ်ပါဘူး။ ဆရာမှာ သူ့ကိုယ်ပိုင် အကြံဥာဏ် တွေ ရှိနေပါတယ်။ တကယ်လို့, သူ ကျွမ်းကျင်သွားရင်တောင် ပိုကောင်းတာပေါ့။ ဒါဆို၊ နောက်ပိုင်း အဖေနဲ့သား ပြန်တိုက်ခိုက်တဲ့အခါ အင်ပါယာ တရားရုံးလည်း ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး၊ ဆရာအတွက် လူသားဧကရာဇ်ကို ရွေးချယ်ဖို့ ပိုအဆင်ပြေသွားတာပေါ့။" ဆုမူက ပြောသည်။

"ဂိုဏ်းခေါင်းဆောင်မှာ သင့်လျော်ပြီး သူ့စိတ်ကြိုက် ရွေးချယ်ထားတဲ့ လူသား ဧကရာဇ်များ ရှိနေပြီလား" ဟေဝူရှန်က မေးသည်။

"သေချာပေါက် ရှိနေပြီပေါ့" ဆုမူက တိုးညှင်းစွာ ပြောသည်။

"ဘယ်သူလဲ" ဟေဝူရှန်က ဆုမူကို စိုက်ကြည့်ပြီး သူမ၏ မျက်နှာအမူအရာက သတိထားလာပါသည်။

ဆုမူ၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားပြီး သူမသည် စကားလုံးသုံးလုံးကို ထုတ်ပြောလိုက်ပါသည်-

"ချန်ပီယံမြို့စား။"

"ချန်ပီယံမြို့စားလား" ဟေဝူရှန်က အံ့အားသင့်စွာ အော်ပြောလိုက်သည်။ "ဆရာက ဘာလို့ သူ့ကို ရွေးချယ်တာလဲ။"

"သူက သင့်လျော်တဲ့ ရွေးချယ်ခံပုဂ္ဂိုလ်ဖြစ်လို့ပဲ။ သိုင်းသူတော်စင်တစ်ဦးအနေနဲ့ သူက တာအိုပညာတွေကို မကျင့်ကြံခဲ့ဘူး။ ပြီးတော့ သူက ပြန်လည် မွေးဖွားနိုင်တဲ့ တစ္ဆေအင်မော်တယ် တစ်ယောက်လည်း မဟုတ်ဘူး။" ဆုမူက တိတ်ဆိတ်စွာ ပြောသည်။ "ဒီတစ်ကြိမ် သူ ပင်လယ်အပြင်ဘက် အဆုံးမဲ့ တောရိုင်းနယ်မြေကို သွားတုန်းက ဆရာက သူ့ကို အလောတကြီး သွားရောက်တွေ့ဆုံပြီး သူနဲ့ စကားပြောခဲ့တယ်။ အဲဒီအခါမှပဲ သူက လူသားဧကရာဇ် အလောင်းလျာဖြစ်တဲ့ကြောင်း ငါတို့လည်း အတည်ပြုနိုင်ခဲ့တာ။"

"ဂိုဏ်းခေါင်းဆောင်က တောရိုင်းမြေမှာ ချန်ပီယံမြို့စားနဲ့ တွေ့ဆုံခဲ့တာလား။" (ယခင်တောရိုင်းဒေသမှာ တွေ့ဆုံခဲ့တဲ့ အရိပ်မြွက် လုံးဝမပါရှိခဲ့ပါ။ ဒါက မူရင်းစာရေးသူရဲ့ လျှို့ဝှက်မြုပ်ကွက်တွေပါ။

ဟေဝူရှန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားပါသည်။

"ဟုတ်တယ်။ ချန်ပီယံမြို့စားက လက်ရှိ တော်ဝင်ချန် ဧကရာဇ် ယန်ပန်ရဲ့ တရားမဝင်သားလည်း ဖြစ်တယ်။ အင်ပါယာတရားရုံးမှာ ပြည်တွင်း စစ်ပွဲတွေ ဖြစ်လာခဲ့ရင် သူက ပြေလည်အောင် ဖြေရှင်းနိုင်မယ့်လူဖြစ်ပြီး၊ အဲဒီနောက် သူက ထီးနန်းကို စိုးစံလိမ့်မယ်။ ဧကရာဇ်ယန်ပန်နဲ့ အိမ်ရှေ့စံမင်းသား ယန်ယွမ်တို့ သားအဖတို့ကတော့, သူတို့အနေနဲ့ တာအိုပညာကို ထာဝရ အသက်ရှင်ဖို့ ကြိုးစား ကျင့်ကြံရင်း ကမ္ဘာပေါ်မှာရှိတဲ့ ကောင်းမွန်တဲ့ အရာအားလုံးအတွက် အခွင့်ကောင်းယူနိုင်ဖို့ ကြိုးစားကြလိမ့်မယ်။ ဒီလိုမျိုးရော မဖြစ်နိုင်ဘူးလား" ဆုမူက ပြောသည်။ "ချန်ပီယံမြို့စားဟာ အသက် ၁၅ နှစ်မှာ သိုင်းသူတော်စင် ခန္ဓာကိုယ်ကို အောင်မြင်ခဲ့တယ်။ အရင်တုန်းကတော့ ငါတို့လည်း သူက တစ္ဆေအင်မော်တယ်တစ်ပါး ပြန်လည်မွေးဖွားခြင်းလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ဆရာက သူ့ကို တစ်ကြိမ် တွေ့ဆုံခဲ့ပြီး သူက တစ္ဆေအင်မော်တယ် တစ်ပါးရဲ့ ပြန်လည်မွေးဖွားသူတစ်ဦး မဟုတ်ဘူးဆိုတာ သိခဲ့ရလို့ ဒီ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ။"

"သူက ယန်မိသားစုရဲ့ တရားမဝင်သားတစ်ဦးဆိုတော့, သူလည်း မျိုးတူတွေလို ဖြစ်မှာကို ကျွန်မ စိုးရိမ်တယ်။ ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ မျက်လုံးအမြင်က မမှားလောက်ပါဘူး။" ဟေဝူရှန်က တိုးညှင်းစွာ ပြောသည်။

အခန်း (၂၅၄)။

"ဂိုဏ်းခေါင်းဆောင်က ချန်ပီယံမြို့စားနဲ့ အချိန်အကြာကြီး စကားပြောခဲ့ပြီး သူဟာ ယန်ပန်နဲ့ ယန်ယွမ်တို့နဲ့ မတူကွဲပြားကြောင်းကို တွေ့ရှိခဲ့တယ်။ သူ့ခေါင်းထဲမှာ အံ့ဖွယ် စိတ်ကူးတွေ အများကြီး ရှိပြီး ကမ္ဘာကြီးကို အုပ်ချုပ်ဖို့ အလွန် သင့်လျော်တယ်တဲ့။ ဒါ့အပြင် အင်ပါယာတရားရုံးက ရှုပ်ထွေးနေပြီး သူတစ်ယောက်ပဲ အခြေအနေကို ရှင်းလင်းနိုင်မယ်။ ဆရာကလည်း ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ သူ မထွက်ခွာမီ သူ့ကို "မြေအနှစ် ရွှေဆေးလုံး" ကိုးလုံးကိုတောင် ပေးခဲ့ပြီး အဝါရောင်နန်းတော် အတွင်းပိုင်းကမ္ဘာရဲ့ နတ်ဘုရား ၂၄ ပါး အပ်စိုက်မှတ်တွေ စုစည်းနည်းကို တောင် သင်ကြားပေးခဲ့တယ်။ နောက်ဆုံးမှာ သူက ရှင်ခြင်းနဲ့သေခြင်း လျှို့ဝှက်တံခါး၊ ကောင်းကင်နဲ့မြေကြီး တံတားကို ဖြတ်ကျော်ပြီး လူသား အင်မော်တယ် နယ်ပယ်ထဲ ဝင်ရောက်နိုင်မလားဆိုတာပေါ်တော့ သူ့အပေါ်မှာ မူတည်နေတယ်။"

ဆုမူသည် စကားပြောနေစဉ် ပန်းအိုးထဲရှိ ဇီးပန်းများကို တောင်များနှင့် မြစ်များ၏ ပုံသဏ္ဌာန်အဖြစ် ပြင်ဆင်လိုက်ပြီး၊ တောင်အလွှာများကဲ့သို့ ဖြစ်နေသည်။ တောင်များပေါ်တွင် ဇီးပန်းများ ပြည့်နေပြီး တမူထူးခြားသော အနုပညာရသကို ပေးစွမ်းနေပါသည်။

ထင်ရှားသည်မှာ တိုင်ရှန်တာအိုဂိုဏ်း၏ သူတော်စင်မိန်းမပျို၊ ကျောက်စိမ်းမြို့တော်ရှိ အရည်အချင်းအရှိဆုံး အမျိုးသမီးသည်လည်း ပန်းထိုးခြင်း အတတ်ပညာတွင် နက်ရှိုင်းသော နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။

"ဪ၊ ဂိုဏ်းခေါင်းဆောင်က သူ့ကို မြေအနှစ် ရွှေဆေးလုံးတွေ ပေးခဲ့တာလား။ အဝါရောင်နန်းတော် အတွင်းပိုင်းကမ္ဘာရဲ့ နတ်ဘုရား ၂၄ ပါး အပ်စိုက်မှတ်တွေ စုစည်းနည်းကိုတောင် သင်ကြားပေးခဲ့တာလား။ ဒါက အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းထဲက အရေးကြီးတဲ့ နည်းလမ်းတစ်ခုပဲ။ ကျွန်မတောင် မသင်ကြားနိုင်ဘူး။" ဟေဝူရှန်လည်း အနည်းငယ် ထိတ်လန့်သွားပါသည်။

"ဒါပေမဲ့ အဲဒီ အဘိုးကြီး ဟုန်ရွှန်ကျိကလည်း သူ့ကို အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းကို လှည့်ဖြားပြီး ဖတ်ခိုင်းခဲ့တယ်။ သူက အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းထဲ က သိုင်းပညာအားလုံးကို ဖတ်ထားပြီးပြီ။ ဒါကြောင့် သူက အဝါရောင်နန်းတော် အတွင်းပိုင်းကမ္ဘာရဲ့ နတ်ဘုရား ၂၄ ပါး အပ်စိုက်မှတ်တွေ စုစည်းခြင်း နည်းလမ်းကို သေချာပေါက် သိနေတယ်။ ချန်ပီယံမြို့စားက တရားမဝင်သားဆိုတော့, သူက တော်ဝင်နန်းတော်ရဲ့ သိုင်းပညာနဲ့ ဖန်ဆင်းခြင်း တာအိုပညာကို သင်ယူနိုင်တယ်။ သူ့အနေနဲ့ ဟုန်ရွှန်ကျိဆီကနေ အဝါရောင်နန်းတော် အတွင်းပိုင်းကမ္ဘာရဲ့ နတ်ဘုရား ၂၄ ပါး အပ်စိုက်မှတ်တွေ စုစည်းခြင်း နည်းလမ်းကို သင်ယူဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"

ဟေဝူရှန်၏ ဆိုလိုချက်က ရှင်းလင်းပါသည်။ ဟုန်ရွှန်ကျိသည် တော်ဝင်နန်းတော်နှင့် တသားတည်းရှိပြီး တော်ဝင်နန်းတော်ကို သစ္စာစောင့်သိသော လူတစ်ဦး ဖြစ်သည်။ သူသည် အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း၏ လျှို့ဝှက်ချက်ကို သင်ယူခဲ့သောကြောင့်၊ သူက ထိုကျမ်းကို တော်ဝင်နန်းတော်သို့ ပေးနိုင်ပြီး တော်ဝင်နန်းတော်ကလည်း ထိုကျမ်းကို သိနေနိုင်ပါသည်။

"မဟာလမ်းစဉ်ဆိုတာက အလွယ်တကူ လက်ဆင့်ကမ်း ပေးကမ်းလို့ရတဲ့အရာ မဟုတ်ဘူး။ ဟုန်ရွှန်ကျိဟာ အဲဒီအပ်စိုက်မှတ် စုစည်းခြင်းနည်းလမ်းကို သူ့သားကိုတောင် နည်းနည်းလေးပဲ သင်ကြားပေးခဲ့တယ်။ သူ့ရဲ့ သစ္စာရှိ အစေခံ ဝူအိမ်တော်ထန်းကိုလည်း ရှန်ကျင်း နတ်ဘုရား ရှစ်ပါး အပ်စိုက်မှတ်တွေကို သင်ကြားပေးခဲ့တယ်။" ဆုမူက တည်ငြိမ်စွာ ပြောသည်။

"အခု ကျွန်မ စဉ်းစားကြည့်တော့ ဆရာရဲ့ အမြော်အမြင်က တကယ်ကို တိကျပါပေတယ်။ တော်ဝန်ချန် ဧကရာဇ် ယန်ပန်နဲ့ အိမ်ရှေ့စံမင်းသား ယန်ယွမ်တို့ကို ဖယ်ရှားပြီးရင် ချန်ပီယံမြို့စားကပဲ အခြေအနေကို ကင်တယ်နိုင်လိမ့်မယ်။ ဒါပေမယ့် သူက တရားမဝင်သားတစ်ယောက် ဖြစ်နေတုန်း ပဲ။ လူသိရှင်ကြား ထွက်ပြလို့မရဘူး။ သူ ထီးနန်းကို ဆက်ခံချင်ရင်တောင် အနှိုင်းမဲ့ ခက်ခဲဦးမယ်။" ဟေဝူရှန်က ခေါင်းခါပြီး ပြောသည်။

တရားမဝင်သားတစ်ဦးက ဧကရာဇ်တစ်ပါး ဖြစ်လာဖို့, တရားမျှတမှုအရ ပြောရရင်, ၎င်းသည် ထီးနန်းလုယူခြင်းနှင့် ဘာမှမခြားနားပေ။ တော်ဝင် နန်းတော်၏ အရာရှိများ၊ မှူးမတ်များ၊ တော်ဝင်မိသားစုနှင့် ပြည်နယ်အသီးသီး၏ အုပ်ချုပ်ရေးမှူးများကလည်း အသိအမှတ်ပြုကြမည် မဟုတ်ပေ။

အဆင့်အတန်းဆိုတာ စိတ်ကူးလို့မရတဲ့ အရာတစ်ခုပဲ။

"ပြဿနာရှိမှာတော့ သေချာတယ်။ ဒါပေမဲ့ တော်ဝင်ချန် ဧကရာဇ် ယန်ပန်ကိုယ်တိုင် အမိန့်ထုတ်ပြီး ချန်ပီယံမြို့စားရဲ့ ကိုယ်ရေးအချက်အလက်ကို ဖော်ထုတ်ပြီးမှ ထီးနန်းကို လွှဲပြောင်းပေးမယ်ဆိုရင် မငြိမ်မသက်မှုတွေ ရှိလာမှာ မဟုတ်ဘူး။ ကျောက်စိမ်းမြို့တော်ရဲ့ နောက်ဆုံးသတင်းကို မင်း မသိသေးဘူးလား။ ချန်ပီယံမြို့စားက ယွမ်မန်ကို အနိုင်ယူပြီး နိုင်ငံကို စောင့်ရှောက်တဲ့ စစ်သင်္ဘောကြီးကိုတောင် လုယူနိုင်ခဲ့လို့ တော်ဝင်ချန်ဧကရာဇ်က သူ့ကို ယန်ဆိုတဲ့ မျိုးရိုးနာမည်ကို ချီးမြှင့်ခဲ့တယ်လေ။" ဆုမူက ပြောသည်။

"သူ့ကို ယန်မျိုးရိုးနာမည် ချီးမြှင့်ခဲ့တယ်။ ဒါက အရေးကြီးကိစ္စပဲ။ အင်ပါယာတရားရုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်မှာ သေချာတယ်။" ဟေဝူရှန်က ပြောသည်။

"သေချာပေါက် ဖြစ်ခဲ့တာပေါ့။ မနေ့က တရားရုံးအစည်းအဝေးအတွင်းမှာ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက အရာရှိဆယ်ဦးကို ကြိမ်ဒဏ်ပေးခဲ့တယ်။ ဝန်ကြီးချုပ် လီရှန်ကွန်ကိုတောင် တော်ဝင်ချန်ဧကရာဇ်က ရာထူးကနေ နုတ်ထွက်ဖို့ အမိန့်ပေးခဲ့ပြီး၊ သူ့ရဲ့သုံးနှစ်စာ လစာကို ဒဏ်ရိုက်ခဲ့တယ်။" ဆုမူသည် တော်ဝင်နန်းတော်အကြောင်းကို သူမလက်ဖဝါးကဲ့သို့ သိနေသည်။ သူမသည် အင်ပါယာတရားရုံး အစည်းအဝေးကို သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည့်အတိုင်းပင်။

"ဒါနဲ့ ကြိုးကြာလေး၊ မင်းက သူတော်စင်မိန်းမပျိုအဖြစ် အသက်မဲ့တာအိုဂိုဏ်းထဲ ဝင်ခဲ့ပြီး၊ အိမ်ရှေ့စံမင်းသား ယန်ယွမ်နဲ့ ရင်းနှီးခဲ့တယ်။ အသက်မဲ့ အနာဂတ်ကျမ်းရဲ့ လျှို့ဝှက်ချက်ကို မင်း ဖော်ထုတ်နိုင်ပြီလား။" ဆုမူက စကားပြောပြီးနောက် ဟေဝူရှန်ကို မေးသည်။

"ကျွန်မ အခြေခံအားဖြင့် ဖော်ထုတ်ပြီးပြီ။ အိမ်ရှေ့စံမင်းသား ယန်ယွမ်မှာ အသက်မဲ့ အနာဂတ်ကျမ်းရဲ့ မပြည့်စုံတဲ့ လက်ရေးမူမိတ္တူ ရှိတယ်။ ဒီမိတ္တူကျမ်းက အစစ်မှန် အသက်မဲ့ အနာဂတ်ကျမ်းလို အစွမ်းထက်ခြင်း မရှိပေမဲ့ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှုကို စုစည်းပြီး မဟာဓမ္မကာယ ကိုးပါးနဲ့ အင်မော်တယ် မူလစိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်တုန်းပဲ။ အဲဒီမပြည့်စုံတဲ့ အသက်မဲ့ အနာဂတ်ကျမ်းကို ရရှိခဲ့လို့လည်း အိမ်ရှေ့စံမင်းသားက ကမ္ဘာကြီးရဲ့ ပြစ်တင်ရှုတ်ချမှုတွေနဲ့ အရဲကိုးစွန့်စားပြီး မကောင်းဆိုးဝါးဂိုဏ်းကို လျှို့ဝှက်တည်ထောင်ခဲ့တာ။"

"ဒီနှင်းမုန်တိုင်းက သဘာဝ ဘေးအန္တရာယ်အဖြစ် ပြောင်းလဲပြီးသား။ အိမ်ရှေ့စံမင်းသားက ဒီသဘာဝ ဘေးအန္တရာယ်ကို အားကိုးပြီး တပည့်တွေ အများကြီး ထပ်မံ စုဆောင်းလိမ့်မယ်။ နတ်ဘုရား စွမ်းရည်ကို ကျင့်ကြံဖို့ မခက်ခဲဘူး။ ဒါပေမဲ့ ငါ သိသလောက်ဆို တစ်ခုခု ဖြစ်ပျက်ခဲ့ပုံရတယ်။" ဆုမူက ထပ်မံ မေးသည်။

"သူတော်စင် မိန်းမပျိုက တကယ်ကို ထိုးထွင်းမြင်နိုင်ပါပေတယ်။ အလယ်ပိုင်းပြည်နယ်, ဝူယွမ်ပြည်နယ်ရဲ့ ဘာသာရေး ယဇ်ပလ္လင်တွေမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တယ်။ အဲဒီ ဝူယွမ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်က တစ်စုံတစ်ယောက်ရဲ့ အကူအညီကို ရခဲ့ပြီး ရုတ်တရက် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကို စတင်ခဲ့တယ်။ သူ ဘာသာရေး ယဇ်ပလ္လင်တွေကို ဖျက်ဆီးပြီး ပြည်နယ်တစ်ခုလုံးရဲ့ အဓိက ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ငယ်တွေ ကို ဖမ်းဆီးခဲ့တယ်။ ရုပ်လုံးဖော်ခြင်းအဆင့် တာအိုပညာရှင်အချို့ရဲ့ တာအိုပညာတွေကိုတောင် ဖျက်ဆီးပြီး အကျဉ်းချခဲ့တယ်။" ဟေဝူရှန်က ပြောသည်။

"ဟင်…၊ အဲဒီဟောင်ချင်းချန်က မင်းသားယုရဲ့ လူမဟုတ်ဘူးလား။ ဒီလိုဆိုရင် အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်ကို ဘယ်သူ ကူညီနေလဲဆိုတာ မင်း ရှာဖွေတွေ့ရှိပြီးသား ဖြစ်ရမယ်။ ခဏတာလေးအတွင်း ပြည်နယ်တစ်ခုလုံးက ဘာသာရေး ယဇ်ပလ္လင်များအားလုံးကို ဖျက်ဆီးခဲ့ပြီး တစ်ယောက်မှ မလွတ်မြောက်ခဲ့ဘူးဆိုတာကို မင်း သိထားရမယ်။ ရုပ်လုံးဖော်ခြင်းအဆင့် တာအိုပညာရှင်တွေကိုတောင် ဖမ်းမိခဲ့တယ်။ မင်းသားယုက ဒီလောက် တော်တဲ့လူကို ဘယ်တုန်းက စုဆောင်းခဲ့တာလဲ။" ဆုမူသည် ခုနက သူမစီစဉ်ခဲ့သော ဇီးပန်း၏ ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်ပါသည်။

"ဟုတ်ပါတယ်။ အဲဒီလူရဲ့ အဆိုအရဆို, သူက ကျွန်မတို့ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သက်တယ်။" ဟေဝူရှန်က ရုတ်တရက် ရယ်မောလိုက်သည်။

"ဪ….၊ ငါတို့ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သက်နေတာလား။" ဆုမူက သူမခေါင်းကို လှည့်လိုက်ပါသည်။

"သူက အရင် သူတော်စင် မိန်းမပျို မန်ပိုင်ယွန်ရဲ့ သားပါ။ သူ့နာမည်က ဟုန်ယွိတဲ့။" ဟေဝူရှန်က ပြောသည်။

"ဟုန်ရွှန်ကျိရဲ့သားလား။" ဆုမူက မေးသည်။

"ဟုတ်ပါတယ်။ ဟုန်ရွှန်ကျိရဲ့သားပါ။ ဒီနှစ် နွေရာသီအချိန်တုန်းက သူဟာ ဝူယွမ်ပြည်နယ်ကို ဖြတ်သွားခဲ့တယ်ဆိုတာကိုလည်း ကျွန်မ ဝိုးတဝါး ကြားလိုက်မိသေးတယ်။ အဲဒီနောက် ဝူယွမ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်က တိမ်ဖြူစံအိမ်ကို ဖျက်ဆီးခဲ့တယ်။ သူကတော့ အထွဋ်အထိပ် ကောင်းကင်နယ်မြေက သူတော်စင် မိန်းမပျို ကျောက်ဖေးရုန်ကို သတ်ခဲ့တယ်။"

"အထွဋ်အထိပ် ကောင်းကင်နယ်မြေက သူတော်စင် မိန်းမပျို ကျောက်ဖေးရုန်ရဲ့ သေဆုံးမှုကလည်း သူ့နဲ့ ပတ်သက်နေတာလား။"ဆုမူသည် ဖြစ်ရပ်အချို့ကို ပြန်သတိရသွားပုံရပြီး ရုတ်တရက် ပြောလိုက်ပါသည်။ "ဟင်း….။ ငါ အရင်က နတ်ဘုရားလေနိုင်ငံရဲ့ မင်းသမီး လော်ယွန်နဲ့အတူ သူ့ကို ဒီမှာ တစ်ခါဆုံဖူးခဲ့ပုံပဲ။ သူက တာအိုပညာတွေကို သိနေပုံရတယ်။ သူ ဘယ်လို လေ့ကျင့်ခဲ့တာလဲ။ မန်ပိုင်ယွန်က သူ့ကို သင်ပေးခဲ့တာများ လား။"

မကြာမီ ဆုမူသည် သူမ၏ ကိုယ်ပိုင် ထင်မြင်ချက်ကို ပြောင်းလိုက်ပါသည်။ "မဖြစ်နိုင်ဘူး။ မန်ပိုင်ယွန်က သူ့ကို တာအိုပညာ ဘာတစ်ခုကိုမှ သင်ကြားပေးမှာ မဟုတ်ဘူး။ မဟုတ်ရင်, သူဟာ ဝူဝမ်မြို့စားအိမ်တော်မှာ ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်ဘူး။ သူက ကံကောင်းမူအချို့နဲ့ ကြုံတွေ့ခဲ့ပုံရတယ်။ ဟုန်ယွိရဲ့ တာအိုပညာက အားနည်းပုံမရဘူး။ အခွင့်အရေးရရင် ငါ သူ့ကို တွေ့ဆုံပြီး သူ ဘယ်လိုလူလဲဆိုတာ ကြည့်ဦးမယ်။"

"ဪ၊ ဒါနဲ့ မင်း အဲဒီကိစ္စကို အိမ်ရှေ့စံမင်းသားကို ပြောပြပြီးပြီလား။"

ဆုမူက မေးသည်။

"ဒီကိစ္စက ကျွန်မတို့ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သက်နေလို့ ကျွန် အိမ်ရှေ့စံ မင်းသားကို မပြောပြရသေးဘူး။ ကျွန်မက စစ်ဆေးကြည့်ဦးမယ်လို့ပဲ ပြောခဲ့တယ်။" ဟေဝူရှန်က ပြောသည်။

"မကောင်းတော့ဘူး။ အိမ်ရှေ့စံ မင်းသားက မင်းအကြောင်း သိနေမှာ သေချာတယ်။ မင်းရဲ့ကိုယ်ရေးအချက်အလက် ဖော်ထုတ်ခံလိုက်ရပြီ။" ဆုမူ၏ မျက်လုံးများက အရောင်လက်သွားပါသည်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။" ဟေဝူရှန်က မျက်မှောင်ကြုတ်လိုက်သည်။

"မဖြစ်နိုင်ဘူးတာ ဘာမှမရှိဘူး ကြိုးကြာလေး။ မင်းက တော်ဝင်ချန် မင်းဆက်ရဲ့ မင်းသားတွေနဲ့ မြေးတွေကို ဘယ်တော့မှ အထင်မသေးသင့်ဘူး။" ဆုမူက ခေါင်းမော့ပြီး ပြောသည်။

"သူတော်စင် မိန်းမပျို ပြောလိုက်မှပဲ ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါပြီ။" ဟေဝူရှန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

ရုတ်တရက် ဆုမူသည် ထရပ်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမရှေ့ရှိ လေဟာနယ်တွင် အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ဓားရှည်တစ်လက်သည် ထိုလေဟာနယ် အက်ကြောင်းထဲမှ ပျံထွက်လာသည်။

ဓားရှည်သည် လေးထောင့်ပုံသဏ္ဌာန်ရှိပြီး ရှေးဟောင်း လက်ကိုင်ရှည်(ဓားရိုး) ပါရှိသည်။ ဓား၏ ကိုယ်ထည်ပေါ်တွင် ကြယ်အမှတ်အသားများ ရှိနေသည်။ အနီးကပ် ကြည့်လျှင် ဓားပေါ်တွင် မရေတွက်နိုင်သော တွင်းနက်များစွာ စီးဆင်းနေပုံရသည်။

"ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓား။"

ကြိုးကြာလေး၏ မျက်နှာသည် ဓားကို မြင်သောအခါ ဖြူဖျော့သွားသည်။ "သူတော်စင် မိန်းမပျို၊ အသင် ဘာလုပ်နေတာလဲ။"

"အိမ်ရှေ့စံ မင်းသားက ဟုန်ယွိအကြောင်း သိသွားပြီဆိုတော့ သူက ထာဝရမိခင်ကို ကိုယ်တိုင် လှုပ်ရှားပေးဖို့ တောင်းဆိုမှာ သေချာတယ်။ ထာဝရမိခင်က အရင်မျိုးဆက်ရဲ့ တစ္ဆေအင်မော်တယ်တစ်ပါးပဲ။ ပြီးတော့, သူမက အသက်မဲ့ အနာဂတ်ကျမ်းထဲက တိုက်ခိုက်ရေးမိခင် ရွှမ်းလင်ရဲ့ ပြင်ပခန္ဓာကိုယ်ကိုလည်း ကျင့်ကြံထားတယ်။ ငါ တာအိုပညာတစ်မျိုးတည်းနဲ့ တိုက်ခိုက်ရင် သူမကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါလည်း ဒီကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓားကို အသုံးပြုရုံပဲရှိတော့တယ်။" (Doumu Xuanling - Doumu သည် "ကြယ်စုများ၏ မိခင်" သို့မဟုတ် "မြောက်ကြယ်မိခင်" ဟုလည်း အဓိပ္ပာယ်ရပြီး "တိုက်ခိုက်သူမိခင်" (Fighting Mother) ဟူ၍လည်း ဘာသာပြန်ဆိုကြသည်။ သူမအား မီးပူဇော်မှု၊ အသက်ရှည်မှု၊ ကံကြမ္မာ စသည်တို့ကို ထိန်းချုပ်သော နတ်ဘုရားမအဖြစ် ကိုးကွယ်ကြပါသည်။)

ဆုမူက ပြောသည်။

"သူတော်စင် မိန်းမပျို၊ ရှင် ဟုန်ယွိကို ကယ်မလို့လား။"

"ဟုတ်တယ်။ ဒီလူက အထွဋ်အထိပ် ကောင်းကင်နယ်မြေရဲ့ ကျောက်ဖေးရုန်ကို သတ်နိုင်ခဲ့တယ်။ ပြီးတော့ မင်းသားယုထံ ခိုလုံခဲ့တဲ့အတွက် သူက ဟုန်ရွှန်ကျိကို လက်စားချေချင်နေတာ ထင်ရှားတယ်။ သူ အဲဒီတာအိုပညာ အားလုံးကို ဘယ်ကနေ သင်ယူခဲ့လဲ ငါ မသိဘူး။ ဒါပေမဲ့ သူ့မှာ သူ့ကိုယ်ကို ကြီးထွားအောင် ကြိုးစားအတွက် နေရာရှိရမယ်။ ဒါကြောင့်, အိမ်ရှေ့စံမင်းသားရဲ့ လူတွေ သူ့ကို သတ်မှာကို ငါ ခွင့်မပြုနိုင်ဘူး။ အနာဂတ်မှာ ဒီလူက ဟုန်ရွှန်ကျိကို ရင်ဆိုင်ဖို့အတွက် အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်လာနိုင်တယ်။ အခု ဟုန်ရွှန်ကျိကို ကိုင်တွယ်ဖို့က ပိုပိုပြီး ခက်ခဲလာနေတယ်။ ငါတို့အနေနဲ့ ဟုန်ရွှန်ကျိကို သတ်နိုင်မှပဲ ချန်ဧကရာဇ် ယန်ပန်ကို သတ်နိုင်လိမ့်မယ်။"

ဆုမူသည် ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓားကို ဆုပ်ကိုင်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်ပါသည်။ "သူက အစ်မကြီး ပိုင်ယွန်ရဲ့ သားဆိုမှ တော့, ငါ သူ့ကို ကံကြမ္မာကောင်းတစ်ခု ပေးလိုက်ပါ့မယ်။ သူ့ကို ကယ်ပြီးတာနဲ့ ချန်ပီယံမြို့စားထံမှာ ခစားခိုင်းပြီး၊ သူ့အတွက် တောက်ပတဲ့ လမ်းကြောင်းကို ညွှန်ပြပေးမယ်။ အနာဂတ်မှာ ချန်ပီယံမြို့စား ထီးနန်းစိုးစံတဲ့အခါ သူ့ကို မှူးမတ် ဒါမဟုတ် မြို့စားအဖြစ် ခန့်အပ်နိုင်တယ်။ ငါလည်း အစ်မကြီး ပိုင်ယွန်အတွက် အောက်မေ့ဖွယ် စာတမ်းကို ရေးပေးနိုင်ပြီပေါ့။ အနည်းဆုံးတော့ ဒါက ဂိုဏ်းခေါင်းဆောင်ရဲ့ အရင်ဘဝက လောကီရေးရာ အချို့ကို ကူညီ ဖြေရှင်းရာ ရောက်ပါတယ်လေ။"

ဆုမူသည် ထိုစကားကို ပြောနေချိန်မှာ, သူမသည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော အင်မော်တယ်များ သာမန်လူများနှင့် ဆက်ဆံနေသကဲ့သို့ ဖြစ်သည်။ တည်ငြိမ်ပြီး၊ စိတ်ခံစားချက်နှင့် ပတ်သက်သည့် အရာအားလုံးကို လျစ်လျူရူထားသည်။ သူတို့ စိတ်ပါလျှင် ကူညီလိမ့်မည်။ သူတို့ စိတ်မပါရင် တခြား မည်သည့်အရာကိုမှ ဂရုစိုက်မည် မဟုတ်ပေ။

၎င်းသည် တိုင်ရှန်တာအိုဂိုဏ်း၏ အင်မော်တယ် တာအို ဖြစ်ပါသည်။…..

မင်းသားယု၏ စံအိမ်အတွင်းမှာ….။

ကျောက်စိမ်းမြို့တော်။

မင်းသားယု၏ စံအိမ်။

အလုံပိတ်ထားသော လျှို့ဝှက်ခန်းတစ်ခုအတွင်းမှာ, မင်းသား ယုယန်ချန်သည် ပြင်းထန်စွာ အသက်ရှူသွင်းပြီး အသက်ရှူထုတ်နေသည်။ ချီသည် သူ့ပါးစပ်နှင့် နှာခေါင်းပေါက်များမှ စီးထွက်လာပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါကာ၊ တဝှီးဝှီးမြည်ဟီးနေသည်။

ရုတ်တရက်၊ သူသည် ပြင်းထန်စွာ ထရပ်ပြီး ခိုင်မာသော ကိုယ်အနေအထားကို ယူလိုက်ပါသည်။ သူသည် သူ့လက်များကို ဖွင့်ပြီး လက်ဖဝါးများဖြင့် တွန်းထုတ်လိုက်သည်။ လေတိုးအသံက တုန်ခါသွားပြီး ပြင်းထန်သော လေထုက နံရံကို ထိမှန်ကာ တကယ်မှ ပြန်ကန်ထွက်လာသည်။

ထိုလျှို့ဝှက်ခန်းသည် အထူးပုံစံဖြင့် တည်ဆောက်ထားပြီး၊ အထူးသံမဏိဖြင့် ပြုလုပ်ထားကြောင်း သိနိုင်ပါသည်။ အခန်းနံရံကို ရိုက်ခတ်သွားသော လေပြင်းကို ဝေ့လည်စေပြီး တုန်ခါစေနိုင်သည်။ ထိုအခန်းထဲတွင် သိုင်းပညာ လေ့ကျင့်သရွေ့ အဆုံးမဲ့ မုန်တိုင်းသဖွယ် ခံစားမှုမျိုးကို ခံစားရလိမ့်မည်။

မင်းသားယုက သူ့လက်ဖဝါးများဖြင့် ပြင်းပြင်းထန်ထန် တွန်းထုတ်ပြီး တုန်ခါစေသည်။ သူ့ခန္ဓာကိုယ်၏ ပြင်းထန်သော ခွန်အားနှင့် အရှိန်အဟုန်က ပြင်းထန်သော လေလှိုင်းတိုက်ခတ်မှုကို ဆောင်ကြဉ်းလာပြီး အခန်းနံရံကို ပြင်းပြင်းထန်ထန် ထိမှန်ကာ သူ့ခန္ဓာကိုယ်ဆီသို့ တဖန်ပြန်ကန်လာသည်။

ဟူး...

သူသည် သူ့လက်ဖဝါးများကို အဆက်မပြတ် ရိုက်ထုတ်ပြီး တုန်ခါစေသည်။ အခန်နံရံများ တစ်ဝိုက်တွင် လေထုက အဆက်မပြတ် လှည့်ပတ်နေ၏။

လျှို့ဝှက်ခန်းတစ်ခုလုံး ဟာရီကိန်းမုန်တိုင်းဖြင့် ဖုံးလွှမ်းနေသကဲ့သို့ပင်။ မင်းသား ယုယန်ချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များသည် ဟာရီကိန်း မုန်တိုင်းကြောင့် တဖျပ်ဖျပ် လွင့်ခါနေသည်။

သို့သော် မင်းသားယုသည် သတိထားမိပုံမပေါ်ဘဲ ပြင်းပြင်းထန်ထန် ဆက်လက် ရိုက်ထုတ်နေဆဲပင်။ ပတ်ဝန်းကျင်ရှိ လေစီးကြောင်းသည် လျှို့ဝှက်ခန်းထဲတွင် ပြင်းပြင်းထန်ထန် စီးဆင်းနေ၏။ မျက်စိဖြင့် ကြည့်လျှင် ၎င်းသည် ရေ၏အောက်ခြေရှိ လှိုင်းထန်နေသော ရေစီးကြောင်းကဲ့သို့ ဖြစ်နေပါသည်။

ဘန်း...

မင်းသားယုသည် သူ၏ နောက်ဆုံး လက်ဖဝါးကို ရိုက်ထုတ်လိုက်သည်။ လျှို့ဝှက်ခန်းတစ်ခုလုံးရှိ လေစီးကြောင်းများသည် သူရိုက်ထုတ်မူကြောင့် မွှေနှောက်လှုပ်ခါပြီး အဆုံးအစွန်အထိ မြင့်တက်လာခဲ့သည်။ ဤလက်ဖဝါးချက်ဖြင့် လေစီးကြောင်းတစ်ခုလုံး ပြင်းပြင်းထန်ထန် ပြန့်ကျဲသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များသည် အစိပ်အပိုင်းပိုင်း စုတ်ပြဲသွားကာ၊ လိပ်ပြာများကဲ့သို့ လွင့်ပျံသွားခဲ့သည်။

ဝှစ်!

အရာအားလုံး ပြီးဆုံးသွားပြီးနောက် မင်းသားယု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အသက်ရှူသံ ထွက်ပေါ်လာသည်။ မင်းသားယုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ ရွှဲနစ်နေသည်။

"ငါ... ငါ မအောင်မြင်သေးဘူး..." ဟင်း….၊ ငါ ကောင်းကင်ကျမ်းရဲ့ ကြမ္မာလှိုင်းလုံး တွန်းကန်လေလှိုင်းလက်ဖဝါးကို အဆင့်ရှစ်အထိ လေ့ကျင့်ခဲ့ပြီး၊ ကျယ်ပြန့်လှိုင်းလုံး တွန်းကန်လေလှိုင်းလက်ဖဝါးလည်း အဆုံးမဲ့ စွမ်းအားနဲ့ ထုတ်လွှတ်ခဲ့ပေမဲ့ ဒါက လျှို့ဝှက်ခန်းထဲမှာပဲ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ ငါ ဒီအကျိုးသက်ရောက်မှုကို ပွင့်လင်းမြင်သာတဲ့ နေရာမှာ ထုတ်လွှတ်လို့ မရဘူး။ ချန်ပီယံမြို့စားက ဒီလက်သီးပညာကို လေ့ကျင့်ခဲ့ပြီး အသက် ၁၄ နှစ်နဲ့ ဒီလိုနယ်ပယ်အထိ ရောက်ခဲ့ကာ သွေးပြောင်းလဲခြင်း နယ်ပယ်ရဲ့ အထွက်ထိပ်ကို တစ်ခါတည်း ဝင်ရောက်သွားခဲ့ တယ်လို့ ငါ ကြားဖူးခဲ့တယ်။ နောက်တစ်နှစ်အကြာမှာ သူက သိုင်းသူတော်စင်ရဲ့ နယ်ပယ်ထဲ ဝင်ရောက်ခဲ့တယ်။ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ သူ့ရဲ့အရည်အချင်းက ဒီလောက်တောင် ကောင်းတာလား။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီကမ္ဘာမှာ ဒီလိုအရည်အချင်းမျိုး ပိုင်ဆိုင်ထူးသူ ရှိတယ်ဆို တာကို ငါ မယုံဘူး။" မင်းသားယုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ရေရွတ်နေသည်။ (သွေးပြောင်းလဲခြင်းနယ်ပယ်ဟူသည် မဟာဆရာသခင် နယ်ပယ်ကို ရည်ညွှန်းပါသည်)။

ဘန်း.....

တံခါးကို တွန်းဖွင့်လိုက်သည့် လေးလံသော အသံဖြင့် လျှို့ဝှက်ခန်း၏ တံခါးက ပွင့်လာခဲ့ပြီး လူတစ်ဦး ဝင်လာသည်။ ထိုလူသည် မင်းသားယုစံအိမ်၏ သခင်မတစ်ဝက်ဖြစ်သော သခင်မလေးယွန်ချန်း ဖြစ်ပါသည်။ "မင်းသား၊ မင်း မအောင်မြင်သေးဘူးလား။"

ယွန်ချန်း ဝင်လာပြီးနောက် မင်းသားယုသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ချွေးများ ရွှဲနစ်နေသည်ကို မြင်သောအခါ သူမသည် သက်ပြင်းချပြီး သူ့ကို မြေပြင်ပေါ်မှ ကူညီထူလိုက်သည်။ သူမသည် ခြောက်သွေ့သော မျက်နှာသုတ်ပုဝါကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပေးပြီး သူ့အဝတ်များကို ဝတ်ဆင်ပေးသည်။

"ကြမ္မာလှိုင်းလုံး တွန်းကန်လေလှိုင်းလက်ဖဝါးက ရိုးတွင်းခြင်စီသန့်စင်ခြင်းနဲ့ သွေးပြောင်းခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ ငါအသက်ငါးနှစ်ကတည်းက တော်ဝင်မိသားစုရဲ့ လျှို့ဝှက်သိုင်းလေ့ကျင့်ရေး ခန်းထဲမှာ ရွတ်ဆိုပြီး အလွတ်ကျက်ခဲ့တယ်။ အခုထိ လေ့ကျင့်နေတုန်းပဲ၊ ဒါပေမဲ့ ရာနှုန်းပြည့် မအောင်မြင်သေးဘူး။" ယုယန်ချန် သက်ပြင်းချသည်။ "ဒါကြောင့် အခုထိ ငါ မဟာဆရာသခင် နယ်ပယ်မှာ ရှိနေတုန်းပဲ။ အဲဒီတံခါးခုံကို ဖြတ်ကျော်ပြီး သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူး။ ချန်ပီယံမြို့စားကတော့ အသက် ၁၄ နှစ်နဲ့ အဲဒီနယ်ပယ် ကို ရောက်ခဲ့တာ။ ငါဟာ တော်ဝင်မိသားစုမှာ ထူးချွန်တဲ့ တပည့်တစ်ဦး ဖြစ်ခဲ့ပြီး၊ အချိန်အကြာကြီး လေ့ကျင့်ခဲ့တယ်။ ငါ ငယ်စဉ်ကတည်းက ငါ့ခန္ဓာကိုယ်ကို ရှားပါးတဲ့ ဝိညာဉ်ဆေးများစွာနဲ့ သန့်စင်ခဲ့ပြီး ကြေးဝါရောင် အရေပြားနဲ့ သံမဏိအရိုးများ ရတဲ့အထိ လေ့ကျင့်ခဲ့တယ်။ ငါတို့ တော်ဝင်မိသားစုရဲ့ သိုင်းပညာ လေ့ကျင့်ပေးမှု၊ ဝိညာဉ်ဆေးဝါး ပမာဏနဲ့ ကြမ်းတမ်းစွာ လေ့ကျင့်မူတို့က ကမ္ဘာပေါ်ရှိ ဘယ်ဂိုဏ်း၊ ဘယ်သန့်စင်တဲ့ ကိုယ်ခံပညာနယ်မြေနဲ့မှ နှိုင်းစာလို့ မရဘူးလို့ ပြောလို့ရတယ်..."

"ငါ့တို့ တော်ဝင်မိသားစုရဲ့ တပည့်တွေဟာ သိုင်းပညာကို ရူးသွပ်စွာ လေ့ကျင့်ကြရတယ်ဆိုတာ သိထားရမယ်။ အသက် ၁၅ နှစ်မှာ အရွယ်ရောက်ပြီး နောက်တစ်နှစ်အတွင်း ရှင်တန်သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်ရမယ်။ အဲဒီအခါမှပဲ မင်းကို မြို့စားဘွဲ့ ချီးမြှင့်နိုင်တယ်။ တကယ်လို့, မင်းသာ မဟာဆရာသခင် နယ်ပယ်ထဲ ဝင်ရောက်ခဲ့ရင်, မင်းကို မင်းသားဘွဲ့ ချီးမြှင့်လိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ မင်း အသက်ကြီးတဲ့အထိ ရှင်သန်နိုင်ဖို့ အပြင်မထွက်ခိုင်းဘဲ ပိတ်လှောင်ထားကြလိမ့်မယ်။"

ယွန်ချန်းသည် သက်ပြင်းချမိသည်။

"ငါ့အချစ်ဆုံး ညီငယ်တစ်ယောက်ဆို လေ့ကျင့်ရင်း သေဆုံးခဲ့ရတယ်။" ယန်ချန်က သက်ပြင်းချသည်။ "ဧကရာဇ်တစ်ပါးရဲ့ သားမြေးမြစ်တစ်ယောက် ဖြစ်ရတာ မလွယ်ကူဘူး...။ တကယ်လို့, ငါသာ သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်နိုင်ရင် ထီးနန်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ပိုကောင်းလိမ့်မယ်။ သိုင်းသူတော်စင် နယ်ပယ်ကပဲ တာအိုပညာရပ်တွေကို ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ သိုင်းသူတော်စင်ဖြစ်ဖို့က ခက်ခဲလွန်းတယ်။ ငါတို့ တော်ဝင်မိသားစုမှာ စာအုပ်များစွာ ရှိပေမဲ့ အိမ်ရှေ့စံမင်းသားတစ်ပါးပဲ အမြင့်ဆုံး သိုင်းပညာနဲ့ တာအိုပညာကို ကျင့်ကြံနိုင်တယ်။"

"ဒါဆို မင်းသားက ဘာလို့ တာအိုပညာကို ကျင့်ကြံဖို့ မရွေးချယ်ခဲ့တာလဲ။" ယွန်ချန်းက မေးသည်။

"ဒါက အဲဒီတုန်းက ခမည်းတော်ရဲ့ ရည်ရွယ်ချက်ကြောင့်ပဲ။ ယွမ်ချင်း၊ မင်းလည်း ဧကရာဇ် ထိုက်ကျုံးနဲ့ ဧကရာဇ် ကောင်းကျုံးတို့ အကြောင်းကို သိမယ်လို့ ငါ ထင်တယ်။" မင်းသားယုက ပြောသည်။

"တော်ပြီ, ဒီကိစ္စတွေအကြောင်း ဆက်မပြောတော့ဘူး။" ကြင်ယာတော် ယွန်ချန်းက ပြုံးသည်။ "ကျွန်မ မင်းသားကို သတင်းကောင်းတစ်ခု ပြောချင်လို့။"

"ဘာ သတင်းကောင်းလဲ။" မင်းသားယုက မေးသည်။

"ဝူယွမ်ပြည်နယ်က သတင်းတစ်ခု ပို့လိုက်တယ်။ အဲဒါက ဟုန်ယွိဆီက စာပါ။"

"ဟုန်ယွိဆီက စာလား။" မင်းသားယုက သံသယဖြင့် မေးသည်။

"ဟုတ်ပါတယ်။ မင်းသား ကြည့်လိုက်ပါ။" ထိုစကားပြောရင်း ယွန်ချန်းက သူမ၏ခန္ဓာကိုယ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

မင်းသားယုက တွေဝေစွာ ဖွင့်လိုက်သည်။ ရုတ်တရက် စာက မီးလောင်သွားပြီး လေထဲတွင် စကားလုံးအချို့ကို ဖြစ်ပေါ်လာစေပါသည်။

"အိမ်ရှေ့စံမင်းသားက အသက်မဲ့တာအိုဂိုဏ်း၊ လေဟာနယ်ဂိုဏ်းတို့နဲ့ ပတ်သက်တယ်။ မင်းသားအနေနဲ့ စီစဉ်စရာရှိတာတွေ ကြိုတင်စီစဉ်ထားပါ။ ကျွန်တော် လေဟာနယ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းမိပြီး၊ ဂိုဏ်းခေါင်းဆောင်ကို ကျောက်စိမ်းမြို့တော်ကို ခေါ်လာတာနဲ့ အိမ်ရှေ့စံ မင်းသားကို အရေးယူလိမ့်မယ်။… ဟုန်ယွိ…။"

ဘုန်း…၊ မီးတောက်နေသော စကားလုံးအချို့သည် လင်းလက်သွားပြီးနောက် ၎င်းတို့သည် အလင်းစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားပါသည်။

All Chapters