← Chapters

အခန်း (၇၅၇-၇၅၉)

Vol. 64 Ch. 757-759

အခန်း (၇၅၇-၇၅၉)

Vol. 64 Ch. 757-759

အခန်း ၇၅၇ -

မိုးကြိုးနတ်ဆိုးဘုရင် ဝမ်ချုံးလု။

ကောင်းကင်ကိုးပါးနန်းတော်၏ ထောင်မှူးများသည် ရွှမ်ကျောက်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြသည်။

ဤအနက်ဝတ်အဖိုးကြီးသည် ရွှမ်ကျောက်အထွတ်အထိပ်အဆင့် ကျင့်ကြံမှု ၌သာ ရှိသော်လည်း ကောင်းကင်ဆန္ဒဥပဒေ၏ စွမ်းအားကြောင့် ဝမ်ချုံးလုကိုဖိအားပေးနိုင်၏။

“ ပဉ္စမမြောက် အာဏာပါးကွက်သား မိုချွမ်က မှားယွင်းစွာသေဆုံးခြင်းမြို့မှာ ပေါ်ပြီး ဒီထောင်မှူးကတော့ နာကျည်းခြင်းပင်လယ်မှာ ပေါ်လာတယ် ကြည့်ရတာ ကောင်းကင်ကိုးပါး နန်းတော်က မရဏကမ္ဘာကြီးထဲကို စိမ့်ဝင်နေပြီထင်တယ်။ ”

စုရီက အဝေးငေးကြည့်ကာ ရေရွတ်လိုက်သည်။ ရုတ်တရက် ငရဲဘုရင်ကို သတိရသွား၏။ သူမ၏ အဆင့်အတန်းသည် ကြယ်အရာရှိဖြစ်ကာ အာဏာပါးကွက်သား များထက် သာလွန်သည်။

တာအိုကျိန်ဆိုချက်ကို ကြာမြင့်စွာတည်းက ချိုးဖြတ်ထားကာ သူမဂိုဏ်းထံနက်ရှိုင်းသော မုန်းတီးမှုများရှိနေသည်။

ထို့ကြောင့် သူမသည်သာ ဤကြယ်တာရာ ထောင်မှူးကိုမြင်သော် အရမ်းစိတ်ဝင်စားစရာ ကောင်းပေမည်။

စုရီက လှေပေါ်တွင် ပြန်ထိုင်လျက် ငေးကြည့်နေလိုက်၏။ ဝမ်ချုံးလုနှင့် ရင်းနှီးခြင်း မရှိသောကြောင့် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိချေ။

တစ်ဖက်တွင် ဝမ်ချုံးလုသည် ဒဏ်ရာများရရှိထားသော်လည်း တိုက်ပွဲအပေါ် အသာစီးရရှိနေကြောင်း မြင်သာနေ၏။

“ ရွှမ်ကျောက်အဆင့်နဲ့ အလယ်အလတ် ရွှမ်ယုအဆင့်ကြားမှာ ကွာခြားချက်ရှိပေမယ့် ဒီကောင်းကင်ဆန္ဒဥပဒေက ဝမ်ချုံးလုကို တကယ်ဖိအားပေးနိုင်တာပဲ။ ”

စုရီ သက်ပြင်းချလိုက်သည်။ ဤသို့သော မဟာတာအိုစွမ်းအားမျိုး ပထမဆုံးအကြိမ်ပင် မြင်ဖူးခဲ့ခြင်းဖြစ်၏။

ကောင်းကင်ဘုံ၏ အံ့မခန်းစွမ်းအားများ ကဲ့သို့ ဖျက်ဆီးခြင်းရောင်ဝါများစွာ ပြည့်နှက်နေ ချေပြီ။ အာဏာပါးကွက်သား မိုချွမ်သာဆိုသော် ဝမ်ချုံးလူကို ချက်ချင်းသတ်နိုင်မည်။

“ ဟား ဟား ဟား ... ငါဟာ ဒီပင်လယ်ပြင်မှာ နှစ်ပေါင်းများစွာ လှည့်လည် သွားလာခဲ့ပြီး ... ဧကရာဇ်ပေါင်း ရာဂဏန်းရဲ့ ဦးခေါင်းတွေကို ဖြတ်ယူခဲ့ဖူးတယ် ... လုံးဝရှုံးပွဲမရှိ သလောက်ပါပဲ ...

... ဒါကြောင့် မရဏကမ္ဘာကြီးက ထိပ်တန်းမျိုးနွယ်တွေတောင် မိုးကြိုးနတ်ဆိုး ဘုရင်လို့ ငါ့ကိုလေးလေးစားစား ခေါ်ဝေါ်ကြရတယ်။ ”

ဝမ်ချုံးလုက အနက်ဝတ်အဖိုးအို၏ လည်ပင်းကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပြီး မာနထောင်လွှားစွာ ဟစ်ကြွေးတော့၏။

ထိုမြင်ကွင်းသည် စုရီကို ခေါင်းရမ်းမိစေသည်။ နှစ်ပေါင်းထောင်ချီကြာပြီး နောက်၌ပင် ဤနတ်ဆိုးအိုကြီး၏ မသတ်ခင် ကြွားဝါသောအကျင့်သည် မပြောင်းလဲသေးချေ။

“ မင်းက သာမန်ရွှမ်ကျောက်အဆင့် ဧကရာဇ်တစ်ပါးပဲ အဲဒီမဟာတာအိုကပ်ဘေးရဲ့ စွမ်းအားသာရှိမနေရင် မင်းကိုသတ်ရတာ ကြက်တစ်ကောင်နဲ့ မခြားပါဘူး။ ”

စကားဆုံးသည်နှင့် ဝမ်ချုံးလုခန္ဓာကိုယ်၌ မိုးကြိုးမီးတောက်များ တောက်လောင်လာကာ အနက်ဝတ်အဖိုးအိုကို ပြာချပစ်လိုက်၏။

အနက်ဝတ်အဖိုးအိုခမျာ အော်ဟစ်ချိန်ပင်မရှိလိုက်ဘဲ (၈)ပေရှည်သော လှံတစ်စင်းသာချန်ပြီး အမှုန်အဖြစ် လွင့်ပါး သွားတော့သည်။

“ သေစမ်း ... ဒီလူက အရမ်းဆင်းရဲလွန်းတယ် ... ဒီတစ်ခါတော့ ငါတကယ် ရှုံးသွားပြီ။ ”

ဝမ်ချုံးလုက လက်လှမ်းပြီး လှံရှည်ထံ သိမ်းယူကာ ပတ်ဝန်းကျင်ထံဝှေ့ကြည့်လျက် အဝေးရှိ လှေပေါ်တွင်ထိုင်နေသော စုရီကိုမြင်သွားသည်။

“ ကောင်လေး၊ မင်း လုံလောက်အောင် မြင်ပြီးပြီလား။ ”

ထို့နောက် မူလနေရာမှ ရိပ်ခနဲ ပျောက်ကွယ်သွားကာ လှေပေါ်သို့ညင်သာစွာ ဆင်းသက်လိုက်၏။

“ ကြောက်လို့လား ... ဘာလို့ မင်းဘာမှ မပြောတာလဲ။ ”

စုရီမှ တုန့်ပြန်ခြင်း မပြုသဖြင့် ဝမ်ချုံးလုတစ်ယောက် လှောင်ပြောင်လေသည်။

“ စိတ်မပူပါနဲ့ ... ငါ့လိုလူက မင်းလို ကြက်ပေါက်လေးတစ်ကောင်ကို နှောင့်ယှက်ဖို့ နှိမ့်ချနေမှာ မဟုတ်ဘူး ... မင်းငါ့ကို ထာဝရည မြို့တော်ဆီခေါ်သွားပေး ငါမင်းကိုဆုချမယ်။ ”

စုရီက မျက်ခုံးပင့်လျက် ခေါင်းညိတ်ပြီး၊

“ ကောင်းပြီ ... ။ ”

-ဟု တုန့်ပြန်လိုက်သည်။ ဝမ်ချုံးလုမှ ကျေနပ်သွားသော အမူအရာမျိုးပြသလာကာ၊

“ မင်းက လိမ္မာပါးနပ်တဲ့ ကောင်လေးပဲ ... ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ ဝေါ့ ... အဟွတ် ... အဟွတ် ... ။ ”

သူ စကားပြောနေစဉ် ရင်ဘတ်ကြီး မို့မောက်လာကာ ပါးပြင်ရဲရဲနီလျက် ပင်လယ်သို့ လှည့်ပြီး အန်ချလိုက်လေသည်။ သူ့နှုတ်ခမ်းမှ သွေးများ ထိန်းမနိုင်သိမ်းမရ စီးကျလာ၏။

လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သည့် ခမ်းနားထည်ဝါခဲ့သော သူ့အရှိန်အဝါများသည် ပေါက်ထွက်သွားသောပူဖောင်းကဲ့သို့ အားနည်းသွားချေပြီ။

အတွင်းအင်္ဂါများသည် ကောင်းကင်ဆန္ဒဥပဒေ၏ စွမ်းအားကြောင့် ပြင်းစွာ ပျက်စီးသွားကြောင်း ထင်ရှား၏။

“ အဲဒီအရာက ဘယ်လိုစွမ်းအားမျိုးလဲ အရမ်းထူးဆန်းပြီး ရက်စက်လွန်းပါတယ် ... ။ ”

ဝမ်ချုံးလုမှ အံ့အားသင့်မှုအပြည့်ဖြင့် နှုတ်ခမ်းမှ သွေးများကို သုတ်ပစ်လိုက်တော့၏။ ထို့နောက် ဆေးတစ်ပြား ထုတ်သောက်ကာ တင်ပျဉ်ခွေထိုင်လိုက်လေသည်။

ထိုမြင်ကွင်းထံ စုရီက ဝိုင်သောက်ကာ ကြည့်နေခဲ့၏။ လှေငယ်သည် လှိုင်းများဖြတ်၍ ညအမှောင်ဖုံးလွှမ်းနေသော ပင်လယ်ပြင်တွင် တိတ်ဆိတ်စွာ လွင့်မျောနေချေပြီ။

“ ကောင်လေး၊ ငါဘယ်သူလဲသိလား။”

အချိန်အနည်းငယ်ကြာပြီးနောက် ဝမ်ချုံးလုသည် မျက်ဝန်းများပြန်ဖွင့်ကာ စုရီကို စိုက်ကြည့်လျက် မေးမြန်းသည်။

ဤလူငယ်သည် ကြောက်ရွံ့မှုကို မသိဟန်ဖြင့် တည်ငြိမ်နေ၏။ ထိုအချက်သည် ဝမ်ချုံးလုကို ဇဝေဇဝါဖြစ်စေသည်။

ထိပ်တန်းမျိုးရိုးမှ ဝိညာဉ်တာအိုနယ်ပယ် ပုဂ္ဂိုလ်များသည်ပင် တိုက်ပွဲမြင်တွေ့ပြီးနောက် ကြောက်ရွံ့မည် မဟုတ်သော်လည်း အနည်းဆုံး မသက်မသာဖြစ်နေပေမည်။

သို့သော် ဤကျောက်စိမ်းရောင်ဝတ် လူငယ်သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့မှု မပြချေ။ စုရီမှ ပြုံးလျက်၊

“ နာကျည်းခြင်းပင်လယ် နတ်ဆိုးဘုရင် ခုနစ်ပါးအနက်က မိုးကြိုးဘုရင်ဝမ်ချုံးလုကို ဘယ်သူက မသိဘဲနေမလဲ။ ”

-ဟု ပြန်ဖြေသည်။

ဝမ်ချုံးလုက နှုတ်ခမ်းများ ကွေးညွတ်သွားအောင် ကျေနပ်အားရသော အပြုံးတစ်ပွင့်ပေးလိုက်၏။

“ မင်းမှာ ဒီလောက်အထိ မျက်စိကောင်းမယ်ဆိုတာ ငါမသိခဲ့ဘူး ဒါပေမယ့် … ။ ”

ထို့နောက် သူ့မျက်နှာအမူအရာသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သွားခဲ့ပြီး၊

“ ငါ ... မင်းကိုသတ်ပြီး မင်းရဲ့လှေကို ယူသွားမှာ မကြောက်ဘူးလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟား ဟား ဟား ... မင်းလိုလူက ဒီလောက်စက်ဆုပ်ရွံရှာဖွယ် ကောင်းလွန်းတဲ့ အရှက်မရှိတဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ငါမယုံဘူး။”

“ ဟား ဟား ဟား ... ။ ”

ဤအဖြေသည် ဝမ်ချုံးလုအပေါ် မနောခွေ့သွားစေပြီး မာနထောင်လွှားစွာဖြင့် ရယ်မောလာတော့သည်။

“ မင်းပြောတာမှန်တယ် ... ငါဟာ ထောင်စုနှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ် ...

... ငါ့လက်မှာ သွေးတွေစွန်းထင်း နေခဲ့ပေမယ့် မင်းလိုကောင်လေးတွေအတွက်ကို ဘယ်တုန်းကမှ ခက်ခဲအောင် မလုပ်ခဲ့ဖူးဘူး။ ”

ထို့နောက် သူ့မျက်နှာအမူအရာ သိသိသာသာ ပျော့ပျောင်းသွားပြီး၊

“ မင်းဟာ ထူးခြားတဲ့နောက်ခံမျိုး ရှိရမယ်ဆိုတာငါသိတယ် ကမ္ဘာကြီးကိုမြင်ဖူးပြီး မင်းရဲ့သခင်က မင်းအပေါ် မျှော်လင့်ချက် ကြီးကြီးထားရမယ် ...

... မဟုတ်ရင် သူတို့က မင်းကို ဘယ်တော့မှ ဒီလိုထာဝရလှေငယ်လို ရတနာမျိုး အပ်နှင်းဝံ့မှာ မဟုတ်ဘူး။ ”

-ဟု မှတ်ချက်ပေး၏။ စုရီက ပြုံးလိုက်သည်။

“ ထာဝရညမြို့တော်ကို ဘာအတွက် သွားနေတာလဲ။ ”

“ ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး ... စပ်စပ်စုစုမလုပ်နဲ့ မဟုတ်ရင် သေးငယ်လွန်းတဲ့ မင်းရဲ့ဖြစ်တည်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားနိုင်တယ် အဟွတ် အဟွတ် ... ။ ”

သူ ပြောကြားနေစဉ် ထပ်မံပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးကာ နာကျင်မှုအရ ကွေးညွှတ်သွားလေသည်။

ထို့နောက် စကားမပြောဝံ့တော့ဘဲ အသက်ဝဝရှူကာ ဒဏ်ရာများကို ကုသလိုက် တော့၏။ နှစ်နာရီအကြာတွင် မျက်လုံးများ ပြန်ဖွင့်ကာ၊

“ ကောင်လေး၊ ငါ့ကို နောက်ထပ်ကျေးဇူးတစ်ခု ပေးပါလား။ ”

-ဟု တောင်းဆိုလိုက်သည်။

“ ပြောပါ ... ။ ”

“ ထာဝရညမြို့ကိုရောက်ဖို့ အနည်းဆုံး သုံးရက်ကြာလိမ့်မယ် ... ဒီသုံးရက်အတွင်းမှာ မမျှော်လင့်ထားတဲ့ အရာတစ်ခုခု ဖြစ်လာရင် မင်းရဲ့ရှင်သန်မှုအတွက် နည်းလမ်းရှာဖို့ ငါအစွမ်းကုန်ကြိုးစားပေးမယ်။ ”

ထို့နောက် ဝမ်ချုံးလုက အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာအမူအရာ လေးနက်လာကာ၊

“ အပြန်အလှန်အားဖြင့် မင်းက ထာဝရညမြို့ရဲ့ အရှေ့တောင်ခြေရင်းခြံဝင်းမှာ နေထိုင်တဲ့ လူတစ်ယောက်ဆီ ကျောက်စိမ်းပြား တစ်ချပ်ပေးဖို့ ငါ့ကိုကူညီရမယ်။ ”

-ဟု ကမ်းလှမ်းလာ၏။ စုရီမှ မျက်ခုံးပင့်လျက်၊

“ ညလူလား ... ။ ”

-ဟု ပြန်မေးသည်။ သူ့မေးခွန်းကြောင့် ဝမ်ချုံးလုခမျာ အံ့အားသင့်သွားခဲ့ပြီးနောက်၊

“ အံ့သြစရာပဲ ... မင်းလိုကောင်လေး တစ်ယောက်က တကယ်ပဲ အဲဒီလူအိုကြီးကို သိနေတာလား။ ”

-ဟု မေးလာတော့၏။

***

အခန်း ၇၅၈ -

ဘဝတစ်ခု မင်းငါ့ကိုပေးရမယ်။

ညလူ။ ထာဝရညမြို့တော်သို့ မကြာခဏလာရောက် လည်ပတ်နေခဲ့ကြသည့် ကျင့်ကြံသူများပင် ထိုလျှို့ဝှက်ဆန်းကြယ်သော အဘိုးကြီးအကြောင်း သိသူရှားသည်။

သို့သော် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက်သည် ဤညလူအကြောင်း သိရှိနေချေပြီ။

ပင်လယ်ထဲတွင် တစ်ယောက်တည်း ခရီးနှင်နိုင်သော လူငယ်တစ်ယောက်အနေဖြင့် အလွန်အစွမ်းထက်သည့် နောက်ခံမျိုး ရှိနေမည်မှာ သေချာ၏။

ထို့ကြောင့် လူငယ်သည် ညလူ၏ တည်ရှိမှုကိုသိရှိနေခြင်းပေပင်။ အံ့သြစရာများ မရှိတော့ကြောင်း နားလည်လိုက်သည်။

“ ညလူအကြောင်း မင်းသိတဲ့အတွက် အရာအားလုံးကို ပိုလွယ်ကူလာပြီ။ ”

ထို့နောက် ဝမ်ချုံးလုက ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူပြီး စုရီကို ကမ်းပေးလိုက်၏။

“ ဒီကျောက်စိမ်းပြားကို လုံခြုံအောင် သိမ်းထားပါ။ ”

စုရီက ခေါင်းကို အနည်းငယ်ခါပြကာ၊

“ မင်းကိုယ်တိုင် သူ့ကိုပေးပါ။ ”

-ဟု တုန့်ပြန်သည်။

“ ဘာလဲ ... ဒါက မင်းကို ဒုက္ခပေးမှာ စိုးရိမ်နေတာလား။ ”

“ မဟုတ်ဘူး ... မင်းမှာ ထာဝရညမြို့တော်ကို အသက်ရှင်လျက်နဲ့ ရောက်ဖို့ အခွင့်အရေးရှိတယ်။ ”

ထိုစကားကြောင့် ဝမ်ချုံးလုခမျာ အံ့အားသင့်သွားပြီး သူ့ရင်ထဲ ကျေးဇူးတင်သော ခံစားချက်တစ်ခုပေါ်လာ၏။ ရှေးယခင်တည်းက သူသည် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သော နတ်ဆိုးအိုကြီးတစ်ယောက်ဖြစ်သည်။

လူတိုင်းကြောက်ရွံ့ရပြီး နာကျည်းခြင်းပင်လယ်၏ အနက်ရှိုင်းဆုံးအရပ်၌ သွေးထွက်သံယိုတိုက်ပွဲများ မရေမတွက် နိုင်အောင် ဖြတ်ကျော်ထားဖူး၏။

သို့သော် ဤမျှသော နှစ်သိမ့်မှုမျိုးကို တစ်ယောက်ယောက်ထံမှ လုံးဝမကြားဖူးချေ။ ဤသည်မှာ ပထမဆုံးအကြိမ်ပေပင်။ ထို့ကြောင့် အမူအရာ နူးညံ့သွားပြီး၊

“ မင်းက စကားပြောကောင်းတဲ့ လူငယ်လေးပဲ ဒါပေမယ့် အဆိုးဆုံးတွေအတွက် ငါ ကြိုတင်ပြင်ဆင်နေတာပါ။ ”

-ဟု တုန့်ပြန်လိုက်၏။

“ အဲဒါဆိုရင် ဒီကျောက်စိမ်းပြားမှာ ဘာတွေမှတ်တမ်းတင်ထားလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ”

“ မင်းက လူဆိုးမဟုတ်ဘူး၊ ငါ မင်းကို ဒီအရှုပ်အထွေးထဲ ပါဝင်ပတ်သက်တာမျိုးမဖြစ် စေချင်ဘူး ... မင်း တစ်ခုခုဖြစ်သွားရင် လူတွေ ငါ့အပေါ် လှောင်ပြောင်ကြလိမ့်မယ် ...

... မိုးကြိုးနတ်ဆိုးဘုရင်ဝမ်ချုံးလုက ဂျူနီယာတစ်ယောက်ကိုတောင် မကာကွယ်နိုင် လောက်အောင် အရည်အချင်းမရှိဘူးဆိုပြီး။ ”

စုရီတစ်ယောက် တိတ်ဆိတ်သွားစဉ် ဝမ်ချုံးလုက စုရီလက်ထဲ ပစ်ပေးလိုက်သည်။

“ မြန်မြန်ယူလိုက် ... ။ ”

စုရီက စကားမဆိုတော့ဘဲ ကောက်ယူ ဖတ်ကြည့်လိုက်၏။ ထိုအရာက ဝမ်ချုံးလုကို မျက်လုံးပြူးသွားစေသည်။

“ မင်း ... တကယ်ရဲရင့်တယ်။ ”

“ မင်းကို ကူညီဖို့ ငါသိဖို့လိုတယ်။ ”

စုရီမှ ပေါ့ပေါ့ပါးပါးတုန့်ပြန်သည်။ ဝမ်ချုံးလုခမျာ အံ့အားသင့်သွားပြီး ရပ်ကြည့် နေလိုက်ရ၏။ ဤလူငယ်သည် အမှန်ပင် မမြင်နိုင်လှချေ။

“ ပြဿနာတက်မှာကို မကြောက်ဘူးလား။ ”

“ မကြောက်ဘူး ... ။ ”

ကျောက်စိမ်းပြားအတွင်းတွင် မှတ်တမ်းတင်ထားသော အဖြစ်အပျက်များကို ဖတ်ရှုပြီးနောက် စုရီမှာ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။

ဤသည်မှာ ဓားရူးလျိုချန်ရှန်ကို ပစ်မှတ်ထားသော ထောင်ချောက်တစ်ခုသတင်း ဖြစ်သည်။ လျူချန်ရှန်သည် မရဏကမ္ဘာကြီး၏ ထိပ်တန်းဓားသမားတစ်ယောက်ဖြစ်ပြီး ဒဏ္ဍာရီဆန်ဆန်ပေပင်။

ထိုစဉ်က လျူချန်ရှန်ဓားသည် မရဏကမ္ဘာကြီးတွင် ပြိုင်ဘက်ကင်းသည်ဟု မှတ်ယူခဲ့ကြသည်။ ပုစဉ်းရင်ကွဲစံအိမ်တော်၏ သတင်းများအရ လျူချန်ရှန်သည် ထာဝရည မြို့တော်၌ ရှိနေကြောင်း သိရှိခဲ့၏။

ထိုစဉ်က ဤလူ မည်သည့်အတွက် ထာဝရညမြို့တော်၌ ရောက်ရှိနေကြောင်းကို မသိခဲ့ချေ။ ယခု ဝမ်ချုံးလု၏ သတင်းများအရ အရာအားလုံးရှင်းလင်းသွား၏။

“ ငါတို့တွေ့ဆုံချိန်က ... အရမ်း ကံဆိုးလွန်းတယ် နှမြောစရာပါပဲ မဟုတ်ရင် ဒီအဘိုးကြီးက အမွေအားလုံးကို မင်းဆီလွှဲပေးဖို့ တွန့်တိုနေမှာမဟုတ်ဘူး။ ”

ဝမ်ချုံးလုက စုရီကို ကြည့်ကာ ဝမ်နည်းစကားဆိုသည်။ ထိုစကားများကြောင့် စုရီခမျာ မျက်ခုံးပင့်လျက် ပြုံးလိုက်၏။

ဤမိုးကြိုးနတ်ဆိုးဘုရင်သည် သူ့ကို အရမ်းသဘောကျနေပုံရ၏။ ခဏတိတ်ဆိတ်နေ ပြီးနောက် စုရီက အကြောင်းအရာ ပြောင်းလဲလိုက်သည်။

“ လျူချန်ရှန်ကို ဘယ်သူ ကိုင်တွယ်ချင်နေတာလဲ။ ”

ဝမ်ချုံးလူမှ ခေါင်းခါပြ၏။

“ မင်းလည်း သတင်းကို ဖတ်ပြီးပြီပဲ လျူချန်ရှန်လို ပြိုင်ဘက်ကင်း ဓားသမားတောင် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ် ...

... မင်းလို ဂျူနီယာတစ်ယောက်က ဘယ်လိုလုပ် ပါဝင်နိုင်မှာလဲ ဒီကိစ္စကိုမေ့ထားဖို့ ငါအကြံပေးတယ်။ ”

“ ပြောပါ ... ထာဝရညမြို့တော်ကို အသက်ရှင်လျက် မင်းရောက်ရလိမ့်မယ်လို့ ငါ အာမခံတယ်။ ”

စုရီက မျက်မှောင်ကြုတ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ ဝမ်ချုံးလုခမျာ အံ့အားသင့်သွားပြီး ရယ်မောလျက်၊

“ ဟားဟားဟား ကောင်လေး ... မင်းရဲ့ အရည်အချင်းနဲ့ သတ္တိကို ငါလေးစားနိုင်ပေမယ့် မင်းရဲ့စကားတွေက အတော်လေး မာနကြီးတယ်။ ”

-ဟု မှတ်ချက်ပေး၏။

စုရီမှ တုန့်ပြန်တော့မည့်အချိန်တွင် လျင်မြန်စွာရွေ့လျားလာသော လူရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။

“ မကောင်းတော့ဘူး ... သူတို့ရောက်လာပြီ။ ”

ဝမ်ချုံးလုတစ်ယောက် အမူအရာ သိသိသာသာပြောင်းလဲသွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်လေသည်။

“ ကောင်လေး ... အသင့်ပြင်ထား ... ငါမင်းကို အခုလွှတ်လိုက်မယ် တတ်နိုင်သမျှ ဝေးဝေးကိုပြေးပါ ဘယ်တော့မှ နောက်ပြန် လှည့်မကြည့်နဲ့။ ”

စုရီမှ မော့ကြည့်လိုက်ချိန်တွင် ငွေရောင်မုတ်ဆိတ်နှင့် ငွေရောင်ဝတ်လုံဝတ် အဖိုးအိုတစ်ဦး လေထုအလယ် ရပ်တန့်နေ သည်ကို မြင်လိုက်ရ၏။

ဆံပင်ရှည်များကို ထုံးဖွဲ့ထားပြီး ကျောတွင် လှံတစ်ချောင်းလွယ်လျက် မျက်နှာအမူအရာမှာ အေးစက်နေချေပြီ။ ခန္ဓာကိုယ်တဝိုက် အနက်ရောင် မြူများရစ်သိုင်းနေ၏။

နောက်ထပ် ကြယ်တာရာထောင်မှူး တစ်ယောက်ပေပင်။ ဝမ်ချုံးလုတစ်ယောက် ထိုသူကိုမြင်ချိန်တွင် မိုးကြိုးမီးတောက်များ ဆင့်ခေါ်လျက် တိုက်ပွဲဝင်ဆန္ဒများ တောက်လောင်လာ၏။

“ ရန်သူကိုသတ်ဖို့ ငါကူညီမယ် ... ငါသိချင်တဲ့အဖြေကို မင်းပြောပြ ဘယ်လိုလဲ။ ”

စုရီမှ ဝမ်ချုံးလုထံ ကြည့်ကာ ကမ်းလှမ်းလိုက်သည်။ ဝမ်ချုံးလုတစ်ယောက် လုံးဝ အံ့အားသင့်သွား၏။ ဤလူငယ် မည်သည့် အရာများ တွေးနေသည်ကို မသိနိုင်ချေ။

သူ့ရန်သူကိုပင် သတ်ပေးရန် ကမ်းလှမ်းနေခဲ့သည်။ ဤငွေရောင်အဖိုးအိုသည် မည်မျှ ကြောက်စရာကောင်းကြောင်း သူ အသိဆုံးဖြစ်၏။

“ မင်းပြဿနာရှာတာရပ်ပြီး ဒီကနေ မြန်မြန်ထွက်သွားပါ။ ”

ဝမ်ချုံးလုက စုရီကို လျစ်လျူရှုလျက် လေထဲပျံတက်ကာ အေးစက်သောအသွင်နှင့် တစ်ဖက်လူထံ ကြည့်၏။

“ မင်းတို့ တမလွန်ဂိုဏ်းသားတွေက တကယ့်ကို ဇွဲကောင်းတာပဲ။ ”

စုရီတစ်ယောက် အံ့အားသင့်သွားသည်။ ငွေရောင်ဝတ်ထားသောလူသည် ကောင်းကင်ဘုံ ကိုးပါးနန်းတော်၏ ထောင်မှူးတစ်ယောက် ဖြစ်ကြောင်း ရှင်းနေ၏။

အဘယ့်ကြောင့် ဝမ်ချုံးလုသည် ထိုသူအပေါ်တမလွန်ဂိုဏ်းသားဟု ခေါ်ဆိုနေခဲ့ သနည်း။

“ ဟမ့် ... တစ်စုံတစ်ယောက်က မသိသင့်တဲ့လျှို့ဝှက်ချက်တွေကို ခိုးယူတာ ကြီးမားတဲ့အပြစ်ပဲ။ ”

စကားဆုံးသည်နှင့် အဝေးရှိ ငွေရောင်ဝတ်လူက ချက်ချင်းလှုပ်ရှားလာသည်။ လေဟာနယ်အတွင်း လှမ်းတက်ကာ ခန္ဓာကိုယ် တစ်ခုလုံး လေးကိုင်းအလား လွင့်ထွက်လာ၏။

လွှမ်းမိုးလွန်းနေသော ကောင်းကင်ဆန္ဒ ဥပဒေသည် အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး အဖျက်စွမ်းအားများ ပေးစွမ်းနေချေပြီ။

လေဟာနယ်တစ်ခုလုံး တုန်ခါလျက် ကြောက်စရာကောင်းတဲ့ လှံစွမ်းအားများသည် ဝမ်ချုံလုထံကျဆင်းသွား၏။ ဝမ်ချုံးလုသည်သာ အထွတ်အထိပ်ခွန်အားတွင် ရှိနေ‌သော် ဤလူကိုမကြောက်ချေ။

ယခုမူ ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားသည်။ အပြည့်အဝ ပြန်ကောင်းလာခြင်း မရှိသေးကြောင့် တိုက်ပွဲအစတည်းကပင် အားနည်းချက်ရှိနေခဲ့၏။

တစ်ဖက်တွင် စုရီသည် ထွက်သွားရန် ဆန္ဒမရှိသည်ကို သဘောပေါက်လိုက်သောအခါ ဒေါသတကြီးဖြင့်၊

“ ကောင်လေး ... ငါသေသွားခဲ့ရင် မင်းဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး အခုထွက်သွား ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် လှံဖျားသည် ဝမ်ချုံးလု ပခုံးအပေါ်ထိမှန်သွား၏။ အရိုးပေါ်သည်အထိ ပြတ်ရှရာကြီး ဖွေးခနဲပေါ်လာသည်။

သူသည်သာ ထိုအရာကိုအချိန်မီ ရှောင်လွှဲနိုင်ခြင်းမရှိသော် ဤထိုးနှက်ချက်သည် သူ့လည်ချောင်းထံ ထိုးဖောက်သွားပေမည်။

အဆိုပါအသိက ဝမ်ချုံးလူကို ကြောက်လန့် သွားစေသည်။ နောက်ထပ်အာရုံ မပျံ့လွင့်ဝံ့ဘဲ တိုက်ပွဲအပေါ် အာရုံစိုက်လိုက်၏။

“ မင်းသေရလိမ့်မယ် ... အဲဒီပုရွက်ဆိတ်လေးလည်း အသက်ရှင်မှာ မဟုတ်ဘူး။ ”

ငွေရောင်ဝတ်ရုံနှင့် အဖိုးကြီးက အေးစက်စွာပြောကြားလိုက်၏။ တိုက်ခိုက်မှုများ ပြင်းထန်ကာ ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်း ဝမ်ချုံးလုအပေါ် လွှမ်းမိုးသွားတော့၏။

များမကြာခင် ဝမ်ချုံးလုခမျာ ဒဏ်ရာပြင်းစွာရရှိလာပြီး နှုတ်ခမ်းမှ သွေးများ စီးကျလာသည်။ နာကျည်းခြင်းပင်လယ်ပြင်၏ မိုးကြိုးနတ်ဆိုးဘုရင်သည် ရွှမ်ကျောက်အဆင့် ဧကရာဇ်မှ သတ်ဖြတ်ခြင်း ခံရပေတော့မည်။

“ ဝမ်ချုံးလု ... မင်းငါ့ကို ဘဝတစ်ခုပေးရမယ်။ ”

ထိုမြင်ကွင်းကြောင့် စုရီတစ်ယောက် သက်ပြင်းချကာ ထရပ်လိုက်၏။ တစ်ဖက်တွင် အသည်းအသန် ရုန်းကန်နေရသော ဝမ်ချုံးလုမှ၊

“ ဘာဖြစ်တယ် ... မင်းရူးနေတာလား။ ”

-ဟု တုန့်ပြန်ချေပြီ။

စုရီက စကားမဆိုဘဲ ထရပ်လိုက်ကာ လေထဲလှမ်းတက်ခဲ့၏။ တစ်ဆက်တည်းမှာပင် ဓားအရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာတော့သည်။

ထိုရောင်ဝါသည် နေမင်းတစ်စင်း ပင်လယ်ရေမျက်နှာပြင်မှ ထွက်ပေါ်လာသကဲ့သို့ စူးရှတောက်ပနေချေပြီ။

“ ဝှစ် ... ။ ”

ငွေရောင်ဝတ်အဖိုးအိုခမျာ ကျောရိုးများ အေးစက်လာပြီး ခန္ဓာကိုယ်လှည့်ကာ လှံဖြင့် ထိုးသွင်းလိုက်တော့၏။

“ ဝုန်း ... ။ ”

ကောင်းကင်နှင့်မြေကြီး တုန်ခါလျက် နေနှင့်လအလင်းရောင်များ ပျောက်ကွယ်သွား ချေပြီ။ လှံဖြင့် ဓားအလင်းထိမှန်သွား၏။

အဖျက်စွမ်းအားများ ပြင်းထန်လာပြီး ပေတစ်ထောင်အချင်းဝက်အတွင်း လှိုင်းလုံးများ ဝုန်းဒိုင်းကျဲကုန်သည်။ ရလာဒ်အနေဖြင့် ငွေရောင်ဝတ်အဖိုးအိုခမျာ လေထုအလယ် ပါးစပ်နှင့်နှာခေါင်းမှ သွေးများစီးကျလျက် အဝေးသို့ လွင့်စင်သွားတော့၏။

“ ဒါ ... ။ ”

တိုက်ပွဲများစွာကြုံတွေ့ခဲ့ရပြီး ဘဝ အတက်အကျများဖြင့် အတွေ့အကြုံရင့်ကျက် လွန်းသော ဝမ်ချုံးလုပင် အံ့အားသင့်သွားသည်။

ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်သည် ဤမျှသန်မာလွန်းနေ သည်လော့။

“ ဟမ့် ... ။ ”

ငွေရောင်ဝတ် အဖိုးအိုခမျာ လေထု အလယ်တွင် ဟန်ချက်ပြန်လည်ထိန်းညှိနေစဉ် နောက်ထပ် ဓားအလင်းတစ်လက် စုရီထံမှ ပျံသန်းရောက်ရှိသွားပြန်၏။

***

အခန်း ၇၅၉ -

တမလွန်ဂိုဏ်း ... ။

“ ဟမ့် ... ။ ”

ငွေရောင်ဝတ်ရုံဝတ်ထားသူ၏ မျက်ဝန်းများမှေးစင်းလျက် လှံကိုအလျားလိုက် ကိုင်ကာ ချက်ချင်းပိတ်ဆို့လိုက်၏။

“ ကလန် ... ။ ”

လှံရှည်ခမျာ နှစ်ခြမ်းကွဲသွားပြီးနောက် တောက်ပသောဓားချီသည် ဆက်၍တိုးဝင်ကာ သူ့ရင်ဘတ်ထဲ စိုက်ဝင်သွား၏။

“ ဘောင်း ... ။ ”

ငွေရောင်ဝတ်ရုံအောက်ရှိ သံချပ်ကာ အလွှာသည် ပေါက်ကွဲသွားပြီး သွေးစွန်းနေသော နံရိုးများထွက်ပေါ်လာချေပြီ။

ငွေရောင်ဝတ်ရုံ ဝတ်ထားသောလူခမျာ သိသိသာသာ တည်ငြိမ်မှု ပျောက်ဆုံးသွားသည်။ သူ့နှလုံးသားသည် ကြောက်ရွံ့မှုနှင့် မယုံနိုင်မှုများ ပြည့်နှက်လာ၏။

ဤတိုက်ခိုက်မှုတွင် ရွှမ်ကျောက် နှောင်းပိုင်းအဆင့်ကျင့်ကြံမှုနှင့် ကောင်းကင် ဆန္ဒဥပဒေ စွမ်းအားများပါရှိသည်။

သို့သော် တစ်ချက်ပင် မခံနိုင်ချေ။ ကောင်းကင်ဆန္ဒဥပဒေသည် တစ်ဖက်လူအပေါ် အလုပ်မဖြစ်ကြောင်း နားလည်လိုက်ကာ ချက်ချင်းလှည့်ပြေးတော့၏။

“ အမှားတစ်ခုတည်း သုံးကြိမ်ထက် ပိုမမှားသင့်ရဘူးလို့ပြောကြတယ် အလားတူပဲ မင်းလိုလူတစ်ယောက်ကို သတ်ဖို့ ငါ့အတွက် ဓားသုံးချက်ထက် မပိုပါဘူး။ ”

စုရီ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာတာနှင့်အမျှ ဓားအလင်းတစ်လက် ပြေးထွက်သွားသည်။

ပေထောင်ပေါင်းများစွာ အဝေးတွင် ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူသည် ရုတ်တရက်ထက်ခြမ်းကွဲသွားကာ လေထဲ၌ပင် အမှုန်အဖြစ်ပြောင်းလဲသွားခဲ့၏။

ခန္ဓာနှင့် ဝိညာဉ်ပျက်စီးသွားခြင်းပေပင်။ ဝမ်ချုံးလုတစ်ယောက် ဖြစ်ပျက်သွားခဲ့သည်များ အပေါ် မယုံနိုင်ဖြစ်နေဆဲပေပင်။ အမှန်ပင် ဓားသုံးချက်သာသုံးခဲ့၏။

တစ်ဖက်လူသည် အသက်(၁၈)နှစ်အရွယ် ဝိညာဉ်တာအိုနယ်ပယ်ဖြစ်သည်။ သူ့ကဲ့သို့သော အလယ်အလတ်အဆင့် ရွှမ်ယုဧကရာဇ်တစ်ပါး သည်ပင် ရွှမ်‌ကျောက်အထွတ်အထိပ် အဆင့်မှ ဤပြိုင်ဘက်ကိုအနိုင်ယူရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေမည်။

ဆန့်ကျင်ဘက်အနေဖြင့် ထိုလူငယ်မှာ တစ်ချက်တည်းဖြင့် ကြောက်စရာကောင်းသည့် တိုက်ပွဲဝင်စွမ်းအားကို ပြသနိုင်သည်။ ထိုစဉ် စုရီသည် လှေပေါ်ပြန်ရောက်လာ၏။

“ အခု ငါ့မေးခွန်းတွေကို ဖြေပေးနိုင်မလား။ ”

ဝမ်ချုံလုမှ ရုတ်တရက် သတိဝင်လာသည်။ အသက်ပြင်းပြင်းရှူလျက်ဖြင့် ‌သူ့ရှေ့မှလူငယ်ထံ စိုက်ကြည့်လိုက်ပြီး၊

“ ဒါဆို မင်းရဲ့မူလဇစ်မြစ်ကို ပြောပြနိုင်မလား။ ”

-ဟု ပြန်မေးလိုက်သည်။

ဤမတိုင်မီ လောကီနှင့်ကင်းကွာသော ပညာရှင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေခဲ့ပြီး စီနီယာအလား မောက်မာစွာပြောကြားခဲ့၏။

ထိုစဉ်က ကောင်လေးဟုပင် ခေါ်ဆိုခဲ့ဖူးသည်။ တပည့်တစ်ယောက်အဖြစ် စိတ်ကူးကြည့်ခဲ့၏။ ရှက်ရွံ့ဖွယ်ပေပင်။

အရှက်တရားများသည် လှိုင်းလုံးကဲ့သို့ နှလုံးသားထဲဝင်ရောက်ကာ စိတ်မသက်မသာ ဖြစ်လာတော့၏။

“ မင်းမှာ ဈေးဆစ်ဖို့အတွက် ... အခွင့်အရေးမရှိဘူး ငါသုံးအထိ ရေတွက်မယ် မင်းသဘောမတူရင် ငါမင်းကို ပင်လယ်ထဲ ပစ်ချလိုက်မယ် ...

... အဲဒါက မင်းကိုသတ်ဖို့ မလုံလောက်ပေမယ့် ဒီသတင်းပေါက်ကြားရင် မင်းရဲ့ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်။ ”

“ ဟမ့် ... မင်းသတ္တိရှိလာ။ ”

ဝမ်ချုံးလုက ဒေါသထွက်သွား၏။ ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက် အနေဖြင့် ကန်ချရန် ခြိမ်းခြောက်ဝံ့သည်လော။

“ တစ် ... ။ ”

မိုးကြိုးနတ်ဆိုးဘုရင်ဟူသည့် သူသည် သားသတ်လွတ်စားသူတစ်ယောက် မဟုတ်ချေ။ သို့သော် စုရီ၏နံပါတ်စဉ် ရေတွက်သံကြားချိန်၌ အနည်းငယ် တွေဝေသွား၏။

“ မင်း ... ။ ”

“ နှစ် ... ။ ”

ဝမ်ချုံးလူက ဒေါသတကြီးဖြင့် စုရီထံသို့လက်ညှိုးထိုးသည်။ ရှက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်လာ၏။

“ သုံး ... ။ ”

“ ကောင်းပြီ ... ကောင်းပြီ၊ မင်းက တကယ်ရက်စက်တဲ့ကောင်လေးပဲ မေးပါ မင်းဘာသိချင်တာလဲ။ ”

ထို့နောက် စိတ်လျော့လိုက်ဟန်ဖြင့် လှေပေါ်တွင်ပက်လက်လှန်ပြီး ကုသရေးဆေး အချို့ ဝါးစားလိုက်သည်။ ဤအမူအရာသည် ဆေးကိုစားနေသည်နှင့်မတူဘဲ အရိုးကို ကိုက်ဝါးနေသကဲ့သို့ တင်းမာနေ၏။ ထိုအမူအရာကြောင့် စုရီမှ ပြုံးမိသည်။

“ အရင်မေးခွန်းပဲ ... လျိုချန်းရှန်ကို ဘယ်သူလိုက်နေတာလဲ။ ”

“ မင်းအခု သတ်ပစ်လိုက်တဲ့ တမလွန်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေပဲ။ ”

“ တမလွန်ဂိုဏ်းလား ... ဘာလို့ ငါသူတို့အကြောင်း မကြားဖူးတာလဲ။ ”

“ မင်းတစ်ယောက်တည်း မဟုတ်ဘူး ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ဂိုဏ်း ဘယ်ကလာလဲ ဆိုတာ ... ငါတောင်မသိသေးဘူး ... လွန်ခဲ့တဲ့ ကိုးနှစ်လောက သူတို့တွေ ရုတ်တရက် ပေါ်လာတာပဲ ...

... သူတို့ကိုယ်သူတို့ တမလွန်ဂိုဏ်းကလို့ ရည်ညွှန်းပြီး နာကျည်းခြင်းပင်လယ်တလျှောက် ကျင်လည်ကြတယ် ...

... ကြောက်စရာကောင်းတာက သူတို့ရဲ့ အနိမ့်ဆုံးအဖွဲ့ဝင်တောင် ဧကရာဇ်တွေဖြစ်တယ် ပြီးတော့ သူတို့အားလုံးက အဲဒီမဟာတာအို ကပ်ဘေးစွမ်းအားကို ထိန်းချုပ်နိုင်တယ် ...

... ဒါကြောင့် ... ငါ့ရဲ့ကျင့်ကြံမှုက သူ့ထက်အများကြီးသာလွန်ပေမယ့် အနိုင်ယူဖို့ ကြီးမားတဲ့တန်ဖိုးကို ပေးခဲ့ရတယ်။ ”

စုရီတစ်ယောက် အတွေးထဲ နစ်မြုပ်သွားလေသည်။ လွန်ခဲ့သည့်ကိုးနှစ်က ပဉ္စမမြောက် အာဏာပါးကွက်သား မိုချွမ်သည် မှားယွင်းစွာသေဆုံးခြင်းမြို့တော်သို့ ဝင်ရောက် ခဲ့ကြောင်း သတိရလာ၏။

“ သူတို့က ဘာလို့ လျိုချန်းရှင်းကို လိုက်ရှာနေတာလဲ။ ”

( ဒါက မင်းလို ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ ... ဘာလို့ တခြားသူတွေရဲ့ကိစ္စမှာ ဝင်ပါနေရတာလဲ။ )

ဝမ်ချုံးလုမှ အသံမထွက်ဘဲ စိတ်ထဲမှ မေးမြန်းလိုက်သည်။ သို့သော် လက်တွေ့တွင်မူ သက်ပြင်းချလျက်၊

“ အတိအကျတော့ ငါမသိဘူး ဒါပေမယ့် မကြာသေးခင်အချိန်တုန်းက လျိုချန်ရှန်အနေနဲ့ အဆင့်မြင့် တမလွန်ဂိုဏ်းသားတစ်ယောက်ကို သတ်လိုက်မိတယ်လို့ ကြားတယ်။ ”

စုရီတစ်ယောက် မျက်ခုံးများ ပင့်လိုက်၏။ ယင်းသည် အာဏာပါးကွက်သားများပင်လော။ သို့မဟုတ် ကြယ်အရာရှိပင်လော။

သေချာသည်မှာ ကြယ်အရာရှိတစ်ဦး မဖြစ်နိုင်ချေ။ ငရဲဘုရင်နှင့် ယှဉ်နိုင်သူမျိုးသည် ရွှမ်ဟဲအဆင့်အောက် မည်သူမျှ ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်းသေချာသည်။

စုရီက ဝိုင်တစ်ငုံသောက်ကာ၊

“ မင်းကိုရော ဘာလို့ သူတို့က ပစ်မှတ်ထားနေတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ငါကိုက ကံဆိုးတာပါ ... လျူချန်ရှန်ကို ငါအကြွေးအများကြီးတင်နေတယ် ဒါကြောင့် သူ ဒီအဖွဲ့အစည်းနဲ့ ရန်ဖြစ်နေတယ်ဆိုတာ ...

... သိလိုက်ရတော့ စုံစမ်းပြီး သူ့ကို ကူညီပေးနိုင်မယ့် နည်းလမ်းရှာဖွေဖို့ ဆုံးဖြတ် လိုက်မိတယ် ဒါပေမယ့် သူတို့ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ... သိခဲ့ရင် ငါဝင်ပါမှာမဟုတ်ဘူး။ ”

ဝမ်ချုံးလုတစ်ယောက် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်လာခဲ့၏။

“ မင်း ... နည်းနည်းတော့ ကံမကောင်းပေမယ့်လည်း ရည်ရွယ်ချက်က ကောင်းပါတယ်။ ”

“ ဒီစကား နားထောင်လို့အကောင်းဆုံးပဲ။ ”

“ ဒါနဲ့ တမလွန်ဂိုဏ်းမှာ အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိလဲ သိလား။ ”

“ မသိဘူး ... ။ ”

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ ဤကောင်းကင်ဘုံကိုးပါးနန်းတော် အဖွဲ့ဝင်များ နာကျည်းခြင်းပင်လယ်၌ မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သိချင်လာ၏။

ကြည့်ရသည်မှာ မြေအောက်ကမ္ဘာ သင်္ချိုင်းမြေရှိ ပြန်လည်ဝင်စားခြင်းနည်းလမ်းကို ရှာဖွေနေပုံရသည်။ သို့မဟုတ် အနက်ရောင် သင်္ဘောသည်လည်းဖြစ်နိုင်၏။

“ ငါ တကယ်နားမလည်ဘူး ဒါတွေအားလုံး မင်းနဲ့ဘာမှမဆိုင်ဘူး ဒါကိုဘာလို့ ဒီမေးခွန်းတွေ မေးနေရတာလဲ။ ”

“ ငါ စိတ်ဝင်စားတယ်။ ”

ဝမ်ချုံးလူကဲ့သို့ မြေခွေးအိုကြီးသည် ထိုစကားများကို မယုံချေ။ အသက်ပြင်းပြင်း ရှူလိုက်ပြီး၊

“ ဒါဆို မင်းဘယ်ကလာတယ်ဆိုတာ ငါ့ကိုပြောပြနိုင်မလား။ ”

-ဟု မေးမြန်းလိုက်သည်။

ဤမေးခွန်းကို သူ ဒုတိယအကြိမ် မေးခြင်းပင်ဖြစ်၏။ နာကျည်းခြင်းပင်လယ်ပြင်၌ သူဟူသည် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်ပေပင်။

သူ့နာမည်ကို ကြားရုံဖြင့် အများစုမှာ လွန်စွာလေးစားကြသည်။ အနည်းငယ်မျှပင် ပေါ့လျော့မှုမပြချေ။ ဤလူငယ်အတွက်မူ သူ့အပေါ် အနိုင်ကျင့်နေသေးသည်။

ထိုသတင်းသည်သာ ပေါက်ကြားသော် ရှက်စရာကောင်းပေမည်။ စုရီက ခေါင်းခါပြပြီး သူ့မေးခွန်းကို မဖြေချေ။

“ ငါဘယ်သူလဲ မသိတာ ... မင်းအတွက် အကောင်းဆုံးပဲ မဟုတ်ရင် မင်းကိုကြောက်အောင် လုပ်မိလိမ့်မယ်။”

ဝမ်ချုံးလုခမျာ မျက်နှာမည်းမှောင်သွား လေသည်။ သူ့ကဲ့သို့သော နတ်ဆိုးအိုကြီးသည် လူငယ်တစ်ယောက်အမည်ကို ကြားရုံဖြင့် ကြောက်ရွံ့ရမည်လော။ စော်ကားလွန်းချေပြီ။

“ အရင်က ငါမင်းအပေါ် လေးစားမိခဲ့တာတွေက ငါတကယ် မျက်ကန်း တစ်ယောက်ပါပဲ။ ”

“ မှန်တယ် ... မင်းရဲ့မျက်စိက တကယ့်ကိုအားနည်းလွန်းပါတယ်။ ”

ထိုစကားကို စုရီမှ လုံးဝသဘောတူပြီး ခေါင်းညိတ်ပြသည်။ ဝမ်ချုံးလုတစ်ယောက် ပြောစရာစကားလုံးမဲ့သွား၏။ သို့တိုင် လက်မလျော့သေးဘဲ၊

“ မင်းရဲ့ မူလဇစ်မြစ်ကို ... မပြောပြနိုင်ရင်တောင် အနည်းဆုံးတော့ မင်းနာမည် ပြောပြနိုင်တယ် မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါ့နာမည် စုရီ ... ။ ”

“ ဟမ့် ... မင်းမျိုးရိုးနာမည်က စုလား ... ။ ”

ဝမ်ချုံးလုတစ်ယောက် ပို၍ ရှုပ်ထွေးသွားတော့၏။ မရဏကမ္ဘာကြီးတွင် ထိုမျိုးရိုးအမည် မိသားစုမရှိချေ။

“ တကယ်တော့ အဲဒီမျိုးရိုးနာမည်နဲ့ လူတစ်ယောက်ကို ငါသိတယ် သူသာ ငါ့ရှေ့မှာ ပေါ်လာရင် ကြောက်လန့်မိမှာပဲ ...

... ငါတစ်ယောက်တည်းမှ မဟုတ်ဘူး ... ဒီမရဏကမ္ဘာက အဖိုးကြီးတိုင်း သူ့ကိုမြင်ရင် ကြောက်လန့်ကြလိမ့်မယ်။ ”

အဆုံး၌ ဝမ်ချုံးလုက သက်ပြင်းချကာ ညည်းတွားလိုက်သည်။ စုရီမှ သူ့စကားများကို လျစ်လျူရှုလျက် ကျောက်စိမ်းပြားပြန်ပေး၏။

“ ငါဒီမှာရှိရင် မင်းအသက်ရှင်လျက် ထာဝရညမြို့တော်ကို ရောက်ရလိမ့်မယ်လို့ ပြောခဲ့တယ်မဟုတ်လား ဒီကျောက်စိမ်းပြားကို သဘာဝအတိုင်း မင်းသိမ်းထားလို့ရတယ်။ ”

ဝမ်ချုံးလုမှ အလွန်ရှက်ရွံ့စွာဖြင့် ကျောက်စိမ်းပြားကို သိမ်းယူလိုက်လေသည်။ ထိုစဉ်က ဤစကားများသည် သူ့ကိုနှစ်သိမ့် ပေးခြင်းဟု ယူဆမိခဲ့၏။

အမှန်ပင် ရှက်စရာကောင်းချေပြီ။ ဤလူငယ်နှင့်ပတ်သတ်သမျှ ခေါင်းမဖော်နိုင် လောက်အောင် ရှုံးနိမ့်သွားခြင်းပေပင်။

***

All Chapters