အခန်း (၂)
Vol. 1 Ch. 2
မှတ်ဉာဏ်များကိုရရှိပြီးနောက်တွင် တုပိုင်တစ်ယောက် ဒေါသကြောင့် ခုန်ဆွခုန်ဆွဖြစ်သွားသည်။ သူ၏မူရင်းခန္ဓာကိုယ်ပိုင်ရှင်သည် အလွန်ညံဖျင်း၏။
အဖြေလေးခုထဲမှ အဖြေမှန်ကိုရွှေးရသည့် စာမေးပွဲတွင်ပင် အမှတ် ၅၀၀ တွင် သောက်ကျိုးနည်း အမှတ် ၄၀ သာရခဲ့သည်။
အဖြေလေးခုထဲမှ နံပါတ်တစ်ခုတည်းကို ဆက်တိုက်ရွေးသွားလျှင်ပင် အမှတ် ၁၅၀ လောက်တော့ ရနိုင်သေးသည်။ သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်သည် သောက်ကျိုးနည်စွာပင် အမှတ် ၄၀ သာရရှိခဲ့သည်။
သူသာ အမှတ် ၄၀၀ လောက်ရပြီး ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ပါက မိန်းမစိုးဂိုဏ်းက သူ့အား ကာကွယ်ပေးလိမ့်မည်ဖြစ်သည်။
သို့သော် အမှတ် ၄၀ သာရထားသည့် ငတုံးတစ်ကောင်ကိုတော့ မိန်းမစိုးဂိုဏ်းက အင်အားကြီးမိသားစုနှစ်ခုအား ဆန့်ကျင်၍ ကာကွယ်ပေးလိမ့်မည် မဟုတ်ချေ။
ထို့နောက် တုပိုင်သည် သူ့ကိုယ်သူ ကယ်တင်နိုင်မည့်နည်းလမ်းကို ခေါင်းပေါက်ထွက်မတတ် စဉ်းစားလေတော့သည်။ သူသည် နှစ်နာရီကြာအောင် စဉ်းစားသော်လည်း အဖြေက တစ်ခုတည်းသာ ထွက်လာသည်။
နည်းလမ်းမရှိချေ။ သူကျိန်းသေပေါက် သေရပေလိမ့်မည်။ သူအပြစ်ကင်းပါသည်ဟုပြောရမည်လော။ ထိုသည်ကလည်း မဟုတ်သေးချေ။
မိန်းမစိုးဂိုဏ်းက သူချောက်အချခံရမှန်း သိသည်မှာ အသိသာကြီးဖြစ်သည်။ ချွေ့မိသားစုနှင့် လင်းမိသားစုတို့သည်လည်း တုပိုင်တစ်ယောက် အကွက်ချခံလိုက်ရမှန်း သိနေကြသည်။
သို့သော် ချွေ့ဖိန်ထင်၏ ဂုဏ်သိက္ခာအတွက် ပေမင်ဓားသိုင်းဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်နှင့် မိသားစုနှစ်ခုကြား လက်ထပ်ပွဲအဆင်ပြေစေရန်အတွက် တုပိုင်တစ်ယောက် သေကိုသေပေးရမည်ဖြစ်သည်။
တုပိုင်တစ်ယောက် အကောင်းဆုံးစဥ်းစားမိသည်မှာ ကျွန်တော်မာ လျှို့ဝှက်နည်းလမ်းတွေရှိသည်ဟု အော်ဟစ်ရန်ဖြစ်သည်။
သူ၏လျှို့ဝှက်နည်းလမ်းများမှာ ယမ်းချက်လုပ်နည်းနှင့် ဖန်ချက်လုပ်နည်းတို့ဖြစ်သည်။ သို့သော် ဤကမ္ဘာမှာ သိုင်းပညာရှင်ကမ္ဘာဖြစ်ပြီး ယမ်းနှင့် ဖန်တို့ နှစ်ခုက အသုံးဝင်ရဲ့လားဆိုသည်ကို သူမသေချာချေ။
ယမ်းနှင့် ဖန်တို့ထက် သိုင်းနည်းစနစ်များက ပိုပြီးတော့
တန်ဖိုးရှိလောက်ပေမည်။
ထို့သည်သာမက တုပိုင်၏ စကားကို ဘယ်သူက ယုံမည်နည်း။ သူ့အနေဖြင့် ကံကောင်းပြီး မိန်းမစိုးခေါင်းဆောင်နှင့် တွေ့ရလျှင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်သည်။
သို့သော် ဤအစီအစဉ်ကလည်း သိပ်တော့မသေချာလှပေ။ ပထမဦးစွာ သူသည် ကွမ်ရှီးပြည်နယ်၏ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူးအဖြစ် တာဝန်ယူထားသော မိန်းမစိုးကျောင်းအုပ်ကြီးကို တွေ့ခွင့်ရချင်မှ ရမည်ဖြစ်သည်။
ထိုသူက မိန်းမစိုးခေါင်းဆောင်ဖြစ်ပြီး လူတိုင်းတွေ့ချင်တိုင်း တွေ့နိုင်သူမဟုတ်ပေ။
တုပိုင်သည် ခေါင်းပေါက်ထွက်မတတ် စဉ်းစားခန်းဖွင့်နေရင်း ဦးနှောက်ကြည်လင်သွားမလားဟူသော မျှော်လင့်ချက်ဖြင့် နံရံနှင့် ခေါင်းကို ဖွဖွလေး ဆောင့်နေမိသည်။
“တုပိုင်။ နံရံကိုခေါင်းနဲ့ဆောင့်ပြီး သတ်သေဖို့ မကြိုးစားနဲ့။ မဟုတ်ရင် ငါဒုက္ခရောက်လိမ့်မယ်။”
ထိုမြင်ကွင်းကို မြင်လိုက်ရသော အပြင်ဘက်မှ အစောင့်က တုပိုင်သတ်သေနေသည်ဟု အထင်လွဲသွားပြီး ချက်ချင်းပင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လက်ဝါးစွမ်းအင်ဖြင့် အရည်ဖျော်လျက် တုပိုင်ထံ ပစ်လွှတ်လိုက်သည်။
ထူးဆန်းသော ရနံ့တစ်ခု ပျံ့လွင့်လာပြီးနောက် တုပိုင်၏ မျက်လုံးများ ပြာဝေသွားကာ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
“မင်းမေလင်။ ငါ သတ်သေမလို့ လုပ်နေတာ မဟုတ်ပါဘူးဟ.....။” တုပိုင်တစ်ယောက် မျက်ဆံပြူးကာ ပြောလိုက်ပြီးနောက် သတိလစ်သွားတော့သည်။
**--**--**--**--**--**--**--**
အချိန်များမည်မျှ ကုန်ဆုံးသွားသည်နည်း။ နောက်ဆုံးတွင် တုပိုင်တစ်ယောက် သတိရလာခဲ့သည်။ အပြင်ဘက်မှ အစောင့်က အော်ပြောလိုက်သည်။
“ဟေ့ကောင် တုပိုင်။ မိုးလင်းပြီ ထတော့။ ခရီးမသွားခင် နောက်ဆုံးထမင်း ထစားသွားချည်။”
တုပိုင်မျက်လုံးဖွင့်လိုက်သည့်အခါ အကျဉ်းထောင်သံတံခါးအောက်မှ အပေါက်ပွင့်လာပြီး ထမင်းချိုင့်တစ်လုံး ဝင်လာသည်။
အဖုံးဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် တန်ဖိုးကြီးမှိုများ သမင်သားဟင်းကောင်းများနှင့် ငွေ ၁၀ ပြားတန် ပေဟိုင်စမ်းချောင်းအရက်တစ်အိုး ပါဝင်လေသည်။
ထမင်းကလည်း ပုလဲဆန်ဖြင့် ချက်ထားသော ထမင်းဖြစ်သည်။ ဤထမင်းတစ်နပ်က အနည်းဆုံး ငွေ ၂၀ ပြားလောက် ကျသင့်မည်ဖြစ်ပြီး သေဒဏ်ကျခံရမည့်သူအတွက် နောက်ဆုံးညစာအနေနှင့် ပြောရလျှင် အတော်လေး ဇိမ်ကျသည်ဟု ဆိုရမည်။
မိန်းမစိုးဂိုဏ်းက သူ့ကို စွန့်ပစ်လိုက်ပြီဖြစ်သော်လည်း ဤနည်းလမ်းဖြင့် ပြန်လည်လျော်ကြေးပေးလိုပုံရသည်။
သို့သော် တုပိုင်မှာ စားချင်စိတ်မရှိပေ။ သူသေရတော့မည် မဟုတ်လား။ သူ လုံးဝ လက်မခံနိုင်ပေ။
နောက်ဆုံးထမင်းကို တုပိုင်တစ်ယောက် မစားဘဲ အကြံထုတ်နေသော်လည်း မိမိကိုယ်ကို ကယ်တင်နိုင်မည့်နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။
အချိန်နာရီဝက်ခန့်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
“သွားရအောင်။” အစောင့်က အချုပ်ခန်းတံခါးကို ဖွင့်လိုက်ပြီး မိန်းမစိုးစစ်သည်နှစ်ဦး ဝင်ရောက်လာသည်။
သူတို့က လုံးဝနီးပါး မစားရသေးသော နောက်ဆုံးထမင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကြသည်။
“ညီလေး။ စိတ်မကောင်းပါဘူးကွာ။”
ထို့နောက် မိန်းမစိုးစစ်သည်နှစ်ဦးက ရှေ့တိုးလာပြီး တုပိုင်ကို ဖမ်းချုပ်ကာ အပြင်ဘက်သို့ ဆွဲထုတ်သွားတော့သည်။ အပြင်ဘက်သို့ ရောက်သည်နှင့် သေလမ်းက သေချာနေပြီဖြစ်သည်။
တုပိုင်တစ်ယောက် အချုပ်ခန်းထဲမှ ထွက်လာရပြီဖြစ်ပြီး မနက်ခင်းနေရောင်ခြည်ကြောင့် မျက်လုံးများ ကျိန်းစပ်သွားသည်။
သူ့ကို မြေတိုက်အကျဉ်းထောင်ထဲမှ မိန်းမစိုးအကယ်ဒမီ၏ အပြင်ဘက်သို့ ခေါ်ထုတ်သွားပြီး ထိုနေရာတွင် ချွေ့မိသားစု၏ စစ်သည်များထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။
လမ်းတစ်လျှောက်တွင် မိန်းမစိုးအကယ်ဒမီမှ ကျောင်းသားအများအပြားက အပြင်ဘက်ထွက်ပြီး သူ့ကို လိုက်ကြည့်နေကြသည်။
သူတို့၏ အကြည့်များထဲတွင် အထင်သေးမှု။ သနားမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေသည်။
တုပိုင်တို့ တစ်မိုင်ခန့် လမ်းလျှောက်လာပြီးနောက် အဆုံးတွင် မိန်းမစိုးအကယ်ဒမီ၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာသည်။
အပြင်ဘက်တွင်မူ ချွေ့မိသားစု၏ စစ်သည်များက လက်နက်အပြည့်အစုံဖြင့် ပိတ်စို့ထားကြပြီး အေးစက်ရက်စက်သော အကြည့်များဖြင့် တုပိုင် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
သူတို့က တုပိုင်ကို အကြမ်းကြုတ်ဆုံးနည်းလမ်းဖြင့် သတ်ဖြတ်ရန် ပြင်ဆင်ထားကြပုံရသည်။ သို့သော် မကြာမီပင် တုပိုင်သည် ဂိတ်တံခါးအပြင်ဘက်ရှိ လူလတ်ပိုင်း လင်မယားနှစ်ယောက်ကို သတိထားမိလိုက်သည်။
သူတို့၏ ရှေ့တွင် ထမင်းနှင့် ဟင်းများ ခင်းကျင်းထားပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။
တုပိုင်ကို ကြည့်နေသော သူတို့၏ အကြည့်များထဲတွင် မျှော်လင့်ချက်မဲ့မှု။ ချစ်ခြင်းမေတ္တာနှင့် ပြတ်သားမှုအရိပ်အယောင်တချို့ ပါဝင်နေသည်။
ရုတ်တရက် တုပိုင်၏ ရင်ထဲတွင် တစ်စုံတစ်ခုနှင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ လင်မယားနှစ်ယောက်က ဤကမ္ဘာပေါ်တွင် ရှိသော တုပိုင်၏ တစ်ဦးတည်းသော မိသားစုဝင်များ ဖြစ်ပုံရသည်။
ထိုအမျိုးသမီးမှာ ရုပ်ရည်သန့်ပြန့်ပြီး ကြင်နာတတ်ပုံရကာ တုပိုင်ကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့သည့် နို့ထိန်းဖြစ်သည်။
ထိုစဉ်က မြို့တော်ရှိ တုမိသားစုတစ်ခုလုံးက မိန်းမစိုးဖြစ်သူ တုပိုင်ကို အထင်သေးကြသော်လည်း ဤနို့ထိန်းတစ်ယောက်တည်းကသာ သူ့ကို သားအရင်းလို သဘောထားခဲ့သည်။
လူလတ်ပိုင်းအမျိုးသားကတော့ တစ်ချိန်က တုမိသားစု၏ မြင်းထိန်းဖြစ်ပြီး နို့ထိန်းထက် ၁၀ နှစ်ခန့် ကြီးကာ မိသားစုအတွင်း နိမ့်ကျသည့် အဆင့်အတန်းရှိသူဖြစ်သည်။
သူက ရိုးသားဖြောင့်မတ်ပြီး တာဝန်ကျေပွန်သူဖြစ်သည်။သူသည် နို့ထိန်းနှင့် မတန်သော်လည်း တုပိုင်အပေါ် ကောင်းမွန်လွန်းသောကြောင့် နို့ထိန်း၏ ခင်ပွန်းဖြစ်လာခဲ့သည်။
ထို့နောက် တုပိုင် ပြန်မှတ်မိသွားသည်။ သူ့နို့ထိန်းက လှပပြီး အသက် ၂၀ ကျော်အရွယ်တွင် မုဆိုးမဖြစ်ခဲ့သည်။ တုမိသားစု၏ ဒုတိယသခင်ကြီးက သူမကို သဘောကျပြီး မယားငယ်အဖြစ် ပေါင်းသင်းလိုခဲ့သည်။
သူမသာ သဘောတူခဲ့လျှင် စည်းစိမ်ချမ်းသာဖြင့် နေရမည်ဖြစ်သော်လည်း ထိုအခွင့်အရေးကို စွန့်လွှတ်ကာ တုပိုင်ကို စောင့်ရှောက်ရန် ရွေးချယ်ခဲ့ပြီး ရိုးသားသော မြင်းထိန်းနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယသခင်ကြီး၏ သားသည် တုပိုင်ကို အနိုင်ကျင့်ဆုံးသူ ဖြစ်သောကြောင့်ပင်။
တုပိုင် အသင်းကွပ်ခံလိုက်ရသည့် သတင်းပြန့်သွားပြီးနောက် တုမိသားစုက သူ့ကို လက်စဖျောက်ပစ်ချင်ခဲ့ကြသည်။
မူလက ရောဂါအကြီးအကျယ်ရပြီး သေဆုံးသွားသယောင် လုပ်ကြံရန် ရည်ရွယ်ခဲ့ကြသော်လည်း နို့ထိန်းဖြစ်သည့် သူမက တုမိသားစု၏ အကြီးဆုံးသခင်ကြီးထံ အကြိမ်ကြိမ် ဦးခိုက်တောင်းပန်ခြင်းနှင့် ဒုတိယသခင်ကြီးနှင့် သဘောတူညီမှုအချို့ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် တုပိုင် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။
ထို့နောက်တွင် သူမနှင့် သူမ၏ခင်ပွန်းသည် ခရီးမိုင်ထောင်ချီ ကွာဝေးသော ကွမ်ရှီးပြည်နယ်ရှိ မိန်းမစိုးအကယ်ဒမီသို့ တုပိုင်ကို လိုက်ပို့ပေးခဲ့ပြီး အနီးကပ်ပြုစုစောင့်ရှောက်ရန် ကွမ်ရှီးတွင်ပင် အခြေချနေထိုင်ခဲ့ကြသည်။
ဤလင်မယားနှစ်ယောက်အတွက် တုပိုင်သည် သူတို့၏ အသက်သွေးကြောဖြစ်ပြီး သားအရင်းနှင့် မခြားပေ။
ယခု တုပိုင်သေရတော့မည်ဖြစ်ရာ နို့ထိန်းသည်လည်း ဆက်လက်အသက်ရှင်လိုစိတ် မရှိတော့ဘဲ သူ့နောက်သို့ လိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ကမ္ဘာမြေတွင် တုပိုင်သည် မိဘမဲ့ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဤကမ္ဘာမှ ပိုင်ရှင်၏ မှတ်ဉာဏ်များ ဝင်ရောက်လာပြီး ခံစားချက်များပါ ပါလာသဖြင့် ထိုဆွေမျိုးနှစ်ဦးကို ချက်ချင်းပင် လက်ခံနိုင်လိုက်သည်။
ယခင်ကမ္ဘာတွင် ဆွေမျိုးမရှိသည့် သူ့အတွက် သူ့ကိုဂရုစိုက်ချစ်ခင်သော သူများကိုတွေ့သောအခါ တုပိုင်တစ်ယောက် ချက်ချင်းပင် တွယ်တာသွားတော့၏။
ဝမ်းနည်းပူဆွေးနေသော နို့ထိန်းကို ကြည့်ရင်း တုပိုင်၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ‘ငါသေလို့မဖြစ်ဘူး။ သေလို့လုံးဝမဖြစ်ဘူး။’
ထိုအခိုက် အေးစက်ပြီး တည်ငြိမ်သော အသံတစ်သံသည် နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။ “တုပိုင်.....။ လောကကြီးက ရက်စက်ကြမ်းကြုတ်တယ်။”
ချက်ချင်းပင် မိန်းမစိုးအကယ်ဒမီအတွင်းရှိ စစ်သည်များနှင့် ကျောင်းသားအားလုံး ဒူးထောက်ချလိုက်ပြီး နဖူးနှင့် ကြမ်းပြင်ထိသည်အထိ ဦးညွှတ်လိုက်ကြသည်။
ထို့နောက် ကြည်လင်ပြတ်သားသော ခြေသံတစ်သံ ထွက်ပေါ်လာသည်။ ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်း၏ နားထဲတွင် ထိုအသံသည် ပဲ့တင်ထပ်သွားလေသည်။
မိန်းမစိုးတစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။ သူသည် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်သရဖူကို ဆောင်းထားသည်။
မုတ်ဆိတ်မရှိသော်လည်း ဒေါသထွက်စရာမလိုဘဲ အရှိန်အဝါကြီးမားနေပြီး သူ၏ ရက်စက်ကြမ်းကြုတ်မည့် အငွေ့အသက်များကို ထိန်းချုပ်ထားသည်။
သူပေါ်လာသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလိုပင်။ သူ့ပတ်ဝန်းကျင်ရှိ လူပေါင်းရာချီသည် အသံတစ်ချက်မထွက်ရဲကြသလို အသက်ပြင်းပြင်းရှူဖို့ပင် မဝံ့မရဲ ဖြစ်နေကြသည်။
သူသည် ဤနေရာ၏ အရှင်သခင်ဖြစ်ပြီး ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်သူ မဟာနင်မင်းဆက်၏ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး လီဝမ်ဟွေ့ပင် ဖြစ်သည်။
အပိုင်း (၂) ပြီး။