← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

သူသည် ဤနေရာ၏ အရှင်သခင်ဖြစ်ပြီး ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်သူ မဟာနင်မင်းဆက်၏ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး လီဝမ်ဟွေ့ပင် ဖြစ်သည်။

သာမန်အချိန်ဆိုလျှင် တုပိုင်အနေဖြင့် သူ့ကို လူချင်းတွေ့ခွင့်မဆိုထားနှင့် စကားပြောခွင့်ပင် ရှိမည်မဟုတ်ပေ။

“ငါ မင်းကို မသေစေချင်ပါဘူး။ ဒါပေမဲ့ မင်းက တန်ဖိုးမှမရှိတာ။” လီဝမ်ဟွေ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မိန်းမစိုးဂိုဏ်းက မင်းကို မတရားလုပ်မိပြီ။ သွားတော့။”

ထို့နောက် သူက လက်ကိုဝှေ့ယမ်းကာ လှည့်ထွက်သွားသည်။ လီဝမ်ဟွေ့၏ စကားက တုပိုင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်ခြင်းပင်။

မိန်းမစိုးစစ်သည်နှစ်ဦးက ရှေ့တိုးလာပြီး တုပိုင်ကို ခေါ်ထုတ်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ရုတ်တရက် အပြင်ဘက် လူအုပ်ကြီးထဲမှ မြှားတစ်စင်း လျှပ်စီးလက်သကဲ့သို့ ပျံသန်းလာပြီး လီဝမ်ဟွေ့၏ ကျောကုန်းတည့်တည့်သို့ ထန်းမြွေတစ်ကောင်အလားပျံသန်းလာ၏။

လူတိုင်း စက္ကန့်ဝက်ခန့် ကြောင်အသွားပြီးမှ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“လုပ်ကြံသူ။”

ထိုအချိန်မှာပင် မြှားသည် ကျောင်းအုပ်ကြီး လီဝမ်ဟွေ့၏ ကျောကို ထိမှန်သွားလေ၏။

“ဖောက်။” မြှားသည် လီဝမ်ဟွေ့၏ အသားထဲသို့ သုံးလက်မခန့် စိုက်ဝင်သွားသည်။ ချက်ချင်းပင် ဖာတန်းမီးလောင်သကဲ့သို့ မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မရေမတွက်နိုင်သော မိန်းမစိုးစစ်သည်များက လီဝမ်ဟွေ့ထံသို့ ပြေးဝင်လာကြသည်။

မြှားမှန်ပြီးနောက် လီဝမ်ဟွေ့သည် ခေတ္တမျှ မလှုပ်မယှက် ရပ်နေပြီး ခဏကြာမှ လက်ကိုနောက်ပစ်ကာ မြှားကို ဆွဲနှုတ်လိုက်ပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ မျက်နှာထားမှာ လူကို ဝါးစားတော့မည့် ရှေးဟောင်းသားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ၏ကျက်သရေရှိသောမျက်နှာအထက်တွင် အစိမ်းရောင်သွေးကြောကြီးများ ထောင်ထလာပြီး သူ၏မျက်လုံးများကလည်း နီရဲလာသည်။

“မောက်မာလှတဲ့ ချွေ့မိသားစု။ ငါက တုပိုင်ကို မင်းတို့လက်ထဲ အပ်လိုက်ပြီလေ။ ဒါတောင် ငါ့ကို လုပ်ကြံရဲသေးတယ်ပေါ့။ ငါတို့ မိန်းမစိုးဂိုဏ်းက အနိုင်ကျင့်လို့လွယ်မယ် ထင်နေလား။”

“ငါ လီဝမ်ဟွေ့က ကွမ်ရှီးပြည်နယ်တစ်ခုလုံး သွေးချောင်းမစီးမချင်း မြို့တော်ကိုပြန်ပြီး မိန်းမစိုးချုပ်ကို မျက်နှာပြရဲမှာမဟုတ်ဘူး။” လီဝန်ဟွေက ဖီးနစ်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “သတ်စမ်း။ တုပိုင်ကို ခေါင်းဖြတ်သတ်ပြီး ချွေ့မိသားစုဆီ ပို့လိုက်။ ပြီးရင် ပြောလိုက် စစ်ပွဲစပြီလို့။”

“အမိန့်တော်အတိုင်းပါ။” မိန်းမစိုးစစ်သည်တစ်ဦးက ရှေ့တိုးလာပြီး တုပိုင်ထံသို့ ဓားဖြင့် ပြတ်သားစွာ ခုတ်ပိုင်းလိုက်သည်။

“ရွှပ်။” ချက်ချင်းပင် သွေးများ ပန်းထွက်လာပြီး တုပိုင်တစ်ယောက် လည်ပင်းတွင် အေးစက်မှုကို ခံစားလိုက်ရကာ ငရဲခန်းထဲသို့ နက်ရှိုင်းစွာ ကျဆင်းသွားသလို ခံစားလိုက်ရသည်။

**--**--**--**--**--**--**--**

“အားးး။ မလုပ်နဲ့။ မလုပ်နဲ့။”

တုပိုင်တစ်ယောက် အသည်းအသန် အော်ဟစ်လိုက်သော်လည်း အသံထွက်မလာပေ။ သူ ရုန်းကန်နေရင်းမှ ရုတ်တရက် မျက်လုံးပွင့်လာပြီး အိပ်ရာမှ လန့်နိုးလာသည်။

နိုးလာသည်နှင့် လည်ပင်းကို အမြန်စမ်းကြည့်လိုက်ရာ ခေါင်းက ပခုံးပေါ်တွင် ရှိနေသေးသည်။ အစောက ဖြစ်ပျက်ခဲ့သမျှသည် ကံကောင်းထောက်မစွာဖြင့် အိမ်မက်သက်သက်သာဖြစ်၏။

သို့သော် ထိုအိမ်မက်သည် အလွန်လက်တွေ့ဆန်နေပြီး ကြောက်ဖို့ကောင်းလွန်းနေသည်။ တုပိုင်တစ်ယောက် တကယ်ပဲ ခေါင်းဖြတ်ခံလိုက်ရသည်ဟု ထင်မှတ်ခဲ့မိသည်။

သူ့အကျဉ်းသားဝတ်စုံမှာလည်း ချွေးစေးများဖြင့် ရွှဲနစ်နေသည်။ တုပိုင်တစ်ယောက် အသိပြန်ဝင်လာဖို့ အတော်လေး အချိန်ယူလိုက်ရသည်။

“အဲ့ဒီအိမ်မက်က ဘာအဓိပ္ပာယ်လဲ။ နေ့ဖက်က တွေးမိတာတွေကို ညဖက်ပြန်မက်တာမျိုးပဲလား။” တုပိုင်တစ်ယောက် ချွေးများကိုသုတ်ပြီး ရေရွတ်လိုက်မိသည်။

ထိုစဉ် အပြင်ဘက်မှ အစောင့်က အော်ပြောလိုက်၏။

“ဟေ့ကောင် တုပိုင်။ မိုးလင်းပြီ ထတော့။ ခရီးမသွားခင် နောက်ဆုံးထမင်း ထစားသွားချည်။”

ထို့နောက် အကျဉ်းထောင်သံတံခါးအောက်မှ အပေါက်ပွင့်လာပြီး ထမင်းချိုင့်တစ်လုံး ဝင်လာသည်။ အထဲတွင် တန်ဖိုးကြီးမှိုများ၊ သမင်သားဟင်းကောင်းများနှင့် ငွေ ၁၀ ပြားတန် ပေဟိုင်စမ်းချောင်းအရက်တစ်အိုး ပါဝင်လေသည်။ ထမင်းကလည်း ပုလဲဆန်ဖြင့် ချက်ထားသော ထမင်းဖြစ်သည်။

တုပိုင် ကြောင်အသွားသည်။ သူ့ကိုယ်သူ ဆွဲစိတ်ကြည့်လိုက်ရာ နာကျင်မှုကို ခံစားရသည်။ ဟုတ်သည်။ ဤသည်မှာ လက်တွေ့ဘဝဖြစ်သည်။

သို့သော် ယခုအချိန်ထက်ထိဖြစ်ပျက်နေသည့် အရာများမှာ တုပိုင်၏ အိမ်မက်ထဲကနှင့် အရာအားလုံးက တစ်ပုံစံတည်းဖြစ်နေလေ၏။

ဤသည်များ​က တိုက်ဆိုင်မှုသက်သက်ဟူ၍ တိုပိုင်မထင်ချေ။ အပြင်က အစောင့်ပြောသည့် စကားများက သူ၏အိမ်မက်ထဲမှ အစောင့်ပြောသည့် စကားများနှင့် ချွတ်စွတ်တူနေသည့်အပြင်ကို မနက်စာကလည်း တစ်ပုံစံတည်းဖြစ်သည်။l

ဤသည်မှာ မည်သည်ကိုဆိုလိုသည်နည်း။ သူ့၏ ရွှေလက်ချောင်းက အနာဂါတ်ကို အိမ်မက်မက်ပြီး ကြိုမြင်နိုင်သည်လော။

ရွှေလက်ချောင်းလေးရလာပြီးနောက်တွင် တုပိုင်တစ်ယောက် အပျော်လွန်သွားသော်လည်းပဲ စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီး အနာဂါတ်တွင်ဖြစ်လာမည်များကိုတွေးလိုက်သည်။

သူ့ကိုယ်သူ မည်ကဲ့သို့ ကယ်တင်ရမည်နည်း။ အိမ်မက်ထဲကအတိုင်းဆိုလျှင် သူသည် နောက်ဆုံးထမင်းဝိုင်းကို စားချင်စိတ်ရှိမည်မဟုတ်ပေ။

နာရီဝက်အကြာတွင် မိန်းမစိုးစစ်သည်နှစ်ဦးက သူ့ကို လာရောက်ခေါ်ဆောင်ပြီး ချွေ့မိသားစုဝင်များထံ အပ်နှံမည်ဖြစ်သည်။

ပြီးနောက်တွင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဂိတ်ပေါက်ဝတွင် ကျောင်းအုပ်ကြီး လီဝမ်ဟွေ့က သူ့ကို စကားအနည်းငယ် ပြောလိမ့်မည်။ ထို့နောက် တစ်စုံတစ်ယောက်က လီဝမ်ဟွေ့ကို လုပ်ကြံရန် မြှားဖြင့် ပစ်ခတ်လိမ့်မည်။

ထိုမြှားသည် လီဝမ်ဟွေ့၏ ကျောကို ထိမှန်သွားသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရပေ။ ထိုအခါ လီဝမ်ဟွေ့က ဒေါသတကြီးဖြစ်ကာ တုပိုင်ကို သတ်ရန် အမိန့်ပေးပြီး ချွေ့မိသားစုကို စစ်ကြေညာလိမ့်မည်။

တုပိုင်၏ ဦးနှောက်က အရှိန်အဟုန်ဖြင့် အလုပ်လုပ်နေပြီး နောက်ဆုံးတွင် အဖြေတစ်ခုကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ဤလုပ်ကြံမှုမှာ မရိုးသားပဲ ညှီစော်နံနေသည်။

ပထမအချက်မှာ လီဝမ်ဟွေ့၏ သိုင်းပညာမှာ အလွန်မြင့်မားသဖြင့် ထိုကဲ့သို့ လုပ်ကြံမှုမျိုးသည် မည်သို့မျှ မအောင်မြင်နိုင်ပေ။ မြှားသည်မြန်သည်။ သို့သော် ထိုမျှလောက် မြန်နှုန်းရှိသော မြှားသည် လီဝမ်ဟွေ့ကို လွယ်လွယ်နှင့် ထိမှန်ရန် မဖြစ်နိုင်ပေ။

ဒုတိယအချက်မှာ လီဝမ်ဟွေ့ကို တကယ်လုပ်ကြံလိုပါက အဘယ်ကြောင့် အဆိပ်ကို အသုံးမပြုသနည်း။

လီဝမ်ဟွေ့ မြှားကို ဆွဲနှုတ်လိုက်ချိန်တွင် ထွက်လာသောသွေးမှာ ပုံမှန်အနီရောင်ဖြစ်ပြီး အဆိပ်သင့်သည့် လက္ခဏာလည်း မရှိပေ။ ဆိုလိုသည်မှာ မြှားတွင် အဆိပ်မရှိခြင်းပင်။

ထို့ကြောင့် ဤလုပ်ကြံမှုသည် လီဝမ်ဟွေ့ကိုယ်တိုင် စီစဉ်ထားသည့် ပြဇာတ်တစ်ခုသာ ဖြစ်ရမည်။ လုပ်ကြံမှု၏ ရည်ရွယ်ချက်မှာ တုပိုင်ကို ကယ်တင်ရန် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လီဝမ်ဟွေ့သည် တုပိုင် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဂရုမစိုက်သောကြောင့်ဖြစ်သည်။

သူ၏ ရည်ရွယ်ချက်မှာ မိန်းမစိုးအုပ်စု၏ သိက္ခာကို ပြန်လည်ရယူရန်နှင့် ချွေ့မိသားစုကို တိုက်ခိုက်ရန် အကြောင်းပြချက် ရှာဖွေခြင်းသာ ဖြစ်သည်။

တုပိုင်ကို အတင်းအကျပ် လွှဲပြောင်းပေးလိုက်ရခြင်းကြောင့် မိန်းမစိုးအုပ်စု၏ သိက္ခာကျဆင်းသွားသဖြင့် ချွေ့မိသားစုအနေဖြင့် ကြီးလေးသော တန်ဖိုးကို ပြန်ပေးဆပ်ရမည်ဖြစ်သည်။

ဤအစီအစဉ်ကို တစ်ဖက်က ရိပ်မိသွားလျှင်လည်း ဘာဖြစ်သနည်း။ မိန်းမစိုးအုပ်စုအနေဖြင့် လက်စားချေရန် ချွေ့မိသားစုမှ လူပေါင်းများစွာကို သတ်ဖြတ်ရန်နှင့် သိက္ခာပြန်ဆယ်ရန် အကြောင်းပြချက်တစ်ခုသာ လိုအပ်သည်။

ထို့ပြင် မိန်းမစိုးအုပ်စုသည် တုပိုင်ကို အရှင်လတ်လတ် လွှဲပြောင်းပေးမည်မဟုတ်ဘဲ တိုက်ရိုက်သတ်ဖြတ်ကာ သူ၏ခေါင်းကို ချွေ့မိသားစုထံ ပို့ပေးလိုက်မည်ဖြစ်သည်။

ဤသည်မှာ လက်နက်ချခြင်းမဟုတ်ဘဲ စစ်ပွဲအတွက် ကိရိယာတစ်ခုအဖြစ် အသုံးချခြင်းသာ ဖြစ်သည်။

လီဝမ်ဟွေ့သည် အလွန် ပြတ်သားသူဟု ဆိုရမည်။

မိန်းမစိုးအုပ်စု၏ ဂုဏ်သိက္ခာကို ကယ်တင်ရန်အတွက် သူသည် တုပိုင်ကို သတ်ရန် ဝန်မလေးသည့်အပြင် မိမိကိုယ်ကိုလည်း ရက်စက်ပြီး တစ်စုံတစ်ဦးကို မြှားဖြင့် အပစ်ခိုင်းခဲ့သည်။

သို့ဆိုလျှင် ဤအခြေအနေတွင် တုပိုင်သည် မိမိကိုယ်ကို မည်သို့ကယ်တင်နိုင်မည်နည်း။

ယခုအချိန်တွင် တုပိုင်၌ လီဝမ်ဟွေ့နှင့် ဈေးဆစ်နိုင်စွမ်း မရှိသေးပေ။ လီဝမ်ဟွေ့သည် သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်သကဲ့သို့ လွယ်ကူစွာ သတ်ပစ်နိုင်သည်။

သူ အားကိုးနိုင်သည့် တစ်ခုတည်းသော အရာမှာ လီဝမ်ဟွေ့၏ စိတ်ကို လှုပ်ရှားသွားစေမည့် သစ္စာစောင့်သိမှုပင် ဖြစ်သည်။

ထို့ကြောင့် မိမိကိုယ်ကိုယ် ကယ်တင်ရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။ တုပိုင်၏ နည်းလမ်းမှာ လုပ်ကြံမှု ဖြစ်ပွားချိန်တွင် တုပိုင်က လီဝမ်ဟွေ့အတွက် မြှားကို အမြန်ဝင်ရောက် ပိတ်ဆို့ပေးရမည်ဖြစ်သည်။

ထိုမြှားက မိမိ၏ လက်မောင်းကို ထိုးဖောက်သွားသည်ဆိုလျှင်တောင် ကျောင်းအုပ်ကြီးကို ကယ်တင်ရန် မိမိ၏ အသက်ပင် ဂရုမစိုက်ပဲကို စတေးသည့် ပြဇာတ်တစ်ခုကို သူ ကပြရပေမည်။

“ငါ တုပိုင်က စာမေးပွဲအမှတ်တွေ မကောင်းခဲ့ပေမဲ့ ငါ့ရဲ့ သစ္စာရှိမှုကတော့ အကြွင်းမဲ့ပဲ။ ကျောင်းအုပ်ကြီးအပေါ် ငါ့ရဲ့ ချစ်ခြင်းနဲ့ ကြည်ညိုမှုက အစစ်အမှန်ပဲ။ သူ့အတွက်ဆို ငါ့အသက်ကိုတောင် ပေးဝံ့ပါတယ်။”

တုပိုင်တစ်ယောက် အနုပညာမြောက်သော စကားများဖြင့် အော်ပြောနေလျှင်ပင် လီဝမ်ဟွေ့က သူ့ကို ချမ်းသာပေးမည်မဟုတ်သေးချေ။ စကားလုံးပေါင်း တစ်ထောင်ထက်စာလျှင် လုပ်ရပ်တစ်ခုက ပို၍ ထိရောက်ပေသည်ဟူသည့် စကားပုံအတိုင်းပင် တုပိုင်က ထိုမြှားကိုကိုယ်တိုင် ဝင်ခံပြီး သူ၏သစ္စာစောင့်တည်မှုကို ပြရပေလိမ့်မည်။

ဤသည်မှာ သူ၏ ကိုယ်ပိုင် အစီအစဉ်တစ်ခုဖြစ်သော်လည်း လိမ္မာပါးနပ်သော အစီအစဉ်ဖြစ်သဖြင့် မည်သူမျှက သူဟန်ဆောင်နေကြောင်းကို သိနိုင်မည်မဟုတ်ပေ။ ဤအခြေအနေတွင် တုပိုင်၏ ပြင်းပြသော သစ္စာရှိမှုကိုလည်း မည်သူကမှ သံသယဝင်မည်မဟုတ်ပေ။

လီဝမ်ဟွေ့ကို ကယ်တင်ရန် မိမိအသက်ကို စတေးသည့် ပြကွက်ကို အောင်မြင်စွာ ကပြနိုင်ခဲ့လျှင် သူ အသက်ရှင်မည်လား။ သေမည်လားဆိုသည်မှာ လီဝမ်ဟွေ့၏ စရိုက်ပေါ်တွင်သာ မူတည်တော့သည်။

သူ သေကောင်းသေနိုင်သည်။ ဥပမာအားဖြင့် လီဝမ်ဟွေ့က အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် တုပိုင်ကို လုပ်ကြံမှုအတွင်း သေဆုံးသွားသကဲ့သို့ ဟန်ဆောင်ကာ သတ်ပစ်နိုင်ခြင်းမျိုး ဖြစ်သည်။

သို့မဟုတ်ပါက တုပိုင်သည် အသက်ရှင်ရရုံသာမက တန်ခိုးအာဏာကြီးမားသော လီဝမ်ဟွေ့၏ ယုံကြည်ရသော လူယုံတော်တစ်ဦးအဖြစ် အရှိန်အဟုန်ဖြင့် ထိပ်တန်းသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

မိမိကိုယ်ကိုယ် ကယ်တင်မည့် ဤနည်းလမ်းမှာ အလွန်အန္တရာယ်များပြီး ပြတ်သားလွန်းလှသော်လည်း တုပိုင်တွင် အခြားရွေးချယ်စရာ မရှိပေ။

သေလျှင် မြေကြီး။ ရှင်လျှင် ရွှေထီးပင်။

တုပိုင်သည် စွန့်စားရသည်ကို နှစ်သက်သူဖြစ်ပြီး အသက်ကို တန်ဖိုးထားသော်လည်း သေရမည်ကို မကြောက်ပေ။

သူသည် ဤ ရှင်မလား သေမလားအစီအစဉ်ကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ထို့နောက် စိတ်ကို လျှော့ချကာ ကောင်းမွန်လှသော နောက်ဆုံးထမင်းဝိုင်းကို အားရပါးရ စားသောက်လိုက်တော့သည်။

သူသည် မြိန်လှသော ဟင်းလျာများနှင့် ပုလဲဆန်ထမင်းကို လေပွေတစ်ခုအလား အငမ်းမရ စားသောက်လိုက်သည်။

ပေဟိုင်စမ်းချောင်းအရက်ကိုမူ မမူးဘဲ နည်းနည်းလောက်အရှိန်ရရုံမျှသာ အနည်းငယ် သောက်လိုက်သည်။

နာရီဝက်ခန့်အကြာတွင် အပြင်ဘက်မှ အစောင့်၏ အသံထွက်လာသည်။ “သွားဖို့ အချိန်တန်ပြီ။”

ထို့နောက် အကျဉ်းထောင်၏ သံတံခါး ပွင့်လာပြီး မိန်းမစိုးစစ်သည်နှစ်ဦး ဝင်လာသည်။

“ညီအစ်ကို။ စိတ်မကောင်းပါဘူးကွာ။”

မိန်းမစိုးစစ်သည်နှစ်ဦးက ရှေ့တိုးလာပြီး တုပိုင်ကို ဖမ်းချုပ်ကာ အပြင်သို့ ခေါ်ထုတ်သွားကြသည်။

ထောင်ထဲမှ ထွက်လာသည်နှင့် တုပိုင်သည် စူးရှသော နေရောင်ကြောင့် မျက်လုံးကို မှေးလိုက်သည်။

လမ်းတစ်လျှောက်တွင် မိန်းမစိုးအကယ်ဒမီမှ ကျောင်းသားအများအပြားသည် သူ့ကို လာရောက်နှုတ်ဆက်ရန် ရပ်နေကြသည်။ သူတို့၏ အကြည့်များတွင် အထင်အမြင်သေးခြင်း၊ သနားခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွမ်းနေသည်။

ဤအရာအားလုံးသည် အိမ်မက်ထဲကအတိုင်း တစ်ထပ်တည်းပင်။ ဆယ်မိနစ်ခန့်အကြာတွင် သူတို့သည် မိန်းမစိုးအကယ်ဒမီ၏ ဂိတ်မကြီးသို့ ရောက်ရှိလာကြသည်။

အပြင်ဘက်တွင် လက်နက်အပြည့်အစုံဖြင့် ချွေ့မိသားစု၏ စစ်သည်များသည် အေးစက်ပြီးရက်စက်သော အကြည့်များဖြင့် စုရုံးနေကြသည်။

ဤသည်မှာလည်း အိမ်မက်ထဲကအတိုင်းပင်။

တုပိုင်၏ အကြည့်သည် ဂိတ်ပေါက်ဝရှိ သက်လတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးထံ ကျရောက်သွားသည်။

အိမ်မက်ထဲကအတိုင်းပင် သူ၏ နို့ထိန်းမိခင်နှင့် မွေးစားဖခင်တို့သည် မြေကြီးပေါ်တွင် ဒူးထောက်ကာ မထိန်းနိုင်မသိမ်းနိုင် ငိုကြွေးနေကြသည်။

သူတို့၏ မျက်လုံးများက တုပိုင်ကိုသာ စိုက်ကြည့်နေပြီး အကန့်အသတ်မရှိသော ချစ်ခြင်း၊ သနားခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

ရင်းနှီးသော ခံစားချက်တစ်ခု တုပိုင်၏ ရင်ထဲသို့ တိုးဝင်လာသည်။ ဤသည်မှာ ဤကမ္ဘာရှိ တုပိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခံစားချက်ဖြစ်ပြီး ကလေးတစ်ယောက် မိခင်ကို မြင်လိုက်ရသည့် အသိမျိုးပင်။

“နို့ထိန်းမေမေ။ ကျွန်တော် မသေစေရဘူး။ မေမေ့ကို တစ်သက်လုံး လုပ်ကျွေးပြုစုသွားမှာပါ” တုပိုင်က စိတ်ထဲမှ ကတိပေးလိုက်သည်။

သူသည် အသက်ရှင်ရုံသာမက နာမည်ကျော်ကြားအောင် လုပ်ဆောင်ကာ မြို့တော်သို့ ပြန်သွားပြီး သူ့ကို ဖိနပ်အဟောင်းတစ်ရံလို စွန့်ပစ်ခဲ့သော တုမိသားစုကိုလည်း ခြေဖဝါးအောက်တွင် နင်းခြေပစ်ချင်သည်။

အပိုင်း ၃ ပြီး။

All Chapters