← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

“တုပိုင်။ ဒီကမ္ဘာကြီးက သိပ်ရက်စက်တယ်။” ရင်းနှီးသလိုရှိပြီး စိမ်းသက်နေသော အသံတစ်သံ သူ၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။

လူတိုင်းသည် ပြိုင်တူ ဒူးထောက်လိုက်ကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြပေ။ လေးလံသော ခြေသံများသာ ထိုနေရာတွင် ပဲ့တင်ထပ်နေသည်။

တုပိုင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သူ ရောက်ရှိလာပြီဖြစ်သည်။ သူကား ကွမ်ရှီးပြည်နယ်၏ မိန်းမစိုးအုပ်စု အကြီးအကဲ၊ မိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီးနှင့် မဟာနင်မင်းဆက် အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး လီဝမ်ဟွေ့ပင် ဖြစ်သည်။

ဤအရာအားလုံးသည် အိမ်မက်ထဲကအတိုင်းပင်။

တုပိုင်၏ အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းကို ဆုံးဖြတ်မည့် အချိန်ရောက်ရှိလာပြီ ဖြစ်သဖြင့် သူသည် စိတ်ထဲမှ စတင်ရေတွက်နေတော့သည်။

အောင်မြင်မလား သို့မဟုတ် သေဆုံးမလား ဆိုသည်မှာ ယခုအခိုက်အတန့်အပေါ်တွင်သာ မူတည်သည်။

“ငါ မင်းကို မသေစေချင်ပါဘူး။ ဒါပေမဲ့ မင်းက တန်ဖိုးမှမရှိတာ။” လီဝမ်ဟွေ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မိန်းမစိုးဂိုဏ်းက မင်းကို မတရားလုပ်မိပြီ။ သွားတော့။”

ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားရန် ပြင်သည်။ မိန်းမစိုးစစ်သည်နှစ်ဦးက ရှေ့တိုးလာပြီး တုပိုင်ကို ခေါ်ထုတ်သွားရန် ပြင်လိုက်သည်။

မြှားထွက်လာတော့မည့် အချိန်ရောက်လာတော့ပေမည်။ တုပိုင်သည် စိတ်ထဲမှ စတင်ရေတွက်လိုက်ပြီး ထိတ်လန့်သွားသော မျက်နှာထားကို ဟန်ဆောင်လုပ်လိုက်သည်။

သူ၏ ဂုတ်ပေါ်မှ အမွေးအမျှင်များပင် ထောင်ထသွားသယောင် ဖြစ်သွားသည်။

“ရှူးးး” လူအုပ်ထဲတွင် ပုန်းအောင်းနေသော အတုအယောင်လုပ်ကြံသူသည် ရုတ်တရက် မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။

“ကျောင်းအုပ်ကြီး။ သတိထား။” တုပိုင်က အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အကွာအဝေးကို တွက်ချက်ကာ လီဝမ်ဟွေ့အတွက် မြှားကို ကာကွယ်ပေးရန် သူ၏ ရှေ့သို့ လွှားကနဲ ခုန်ဝင်လိုက်သည်။ လျှပ်စီးလက်သကဲ့သို့ပင် အရာအားလုံးက တစ်ခဏချင်း ဖြစ်ပျက်သွားသည်။

ချက်ချင်းပင် ဖောက်ကတည်းအသံဖြင့် သွေးများ ပန်းထွက်လာပြီး မြှားသည် တုပိုင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားကာ လီဝမ်ဟွေ့၏ ကျောဘက်သို့ ဆက်လက် ဦးတည်သွားသည်။

ဤမြှား၏ အရှိန်မှာ အလွန်ပင် ပြင်းထန်လှသည်။

တုပိုင်သည် ပြင်းထန်သော နာကျင်မှုကိုပင် မခံစားရသေးပေ။ သူ၏ တစ်ကိုယ်လုံးသည် ကြီးမားသော အားတစ်ခုဖြင့် အဆောင့်ခံလိုက်ရသလို ဖြစ်သွားပြီး ရှေ့သို့ ယိုင်လဲသွားကာ သွေးများ အရှိန်အဟုန်ဖြင့် စီးကျလာတော့သည်။

‘တောက် ငါ အမှားလုပ်မိပြီး ဒီအတိုင်း သေသွားတော့မှာလား။’ တုပိုင်သည် သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်း အေးစက်လာပြီး အမြင်အာရုံများ ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။

“ဖောက်။” တုပိုင်ကို ဖောက်ထွက်သွားပြီးနောက် ထိုမြှားသည် လီဝမ်ဟွေ့၏ ကျောကို ထိမှန်သွားသော်လည်း တစ်လက်မ မပြည့်တပြည့်လောက်သာ စိုက်ဝင်သွားသည်။

လူတိုင်း အံ့အားသင့်သွားပြီး အော်ဟစ်လိုက်ကြသည်။

မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး မရေမတွက်နိုင်သော မိန်းမစိုးစစ်သည်များ လီဝမ်ဟွေ့ထံ ပြေးဝင်လာကြသည်။

လီဝမ်ဟွေ့သည် ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း အိမ်မက်ထဲကနှင့် မတူသည်မှာ သူသည် ကျောမှ မြှားကို ချက်ချင်း ဆွဲမနှုတ်လိုက်ခြင်းပင်။

ထိုအစား သူသည် တုပိုင်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ တုပိုင်၏ ချောမောသော မျက်နှာနှင့် ရင်ဘတ်မှ အဆက်မပြတ် ထွက်နေသော သွေးများကို ကြည့်နေမိသည်။

ယခုအခိုက်အတန့်တွင် လီဝမ်ဟွေ့သည် တကယ်ပင် အလွန်အံ့အားသင့်သွားရသည်။

အမှန်စင်စစ် သူသည် ဤလုပ်ကြံမှုကို သိရှိပြီးသားဖြစ်သည်။ ဤလုပ်ကြံမှုမှာ ချွေ့မိသားစုကို လက်စားချေရန် သူကိုယ်တိုင် စီစဉ်ထားသော ပြဇာတ်သာ ဖြစ်သည်။

မူလအစီအစဉ်အရ အသုံးမကျသော တုပိုင်ကို ခေါင်းဖြတ်သတ်ကာ စစ်ကြေညာစာအဖြစ် ချွေ့မိသားစုထံ ပို့ရမည်ဖြစ်သည်။

သို့သော် ဤမိန်းမစိုးလေး တုပိုင်သည် ဤမျှအထိ သစ္စာရှိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ မိမိအတွက် မြှားကို အသက်စွန့်ပြီး ကာကွယ်ပေးလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ဤကဲ့သို့သော သစ္စာရှိမှုမျိုးကို စကားဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။ ကမ္ဘာပေါ်တွင် မိမိအတွက် အသေခံဝံ့သူထက် ပို၍ ကြီးမြတ်သော သစ္စာရှိမှု ရှိပါဦးမည်လော။

ထို့အပြင် ဖြစ်ပျက်သွားသည့်အရာများက လျင်မြန်လွန်းလှသဖြင့် တွေဝေနေရန် သို့မဟုတ် အခွင့်အရေးယူရန် အချိန်မရှိခဲ့ပေ။

တုပိုင်ဆိုသည့် ကလေးသည် မြှားကို ပိတ်ဆို့ကာကွယ်ရန် သူ့ပင်ကိုယ်စိတ်ဖြင့် ပြေးထွက်လာခဲ့ခြင်းဖြစ်ပြီး ထိုသည်မှာ နှလုံးသားထဲမှ အလိုအလျောက် တုံ့ပြန်မှုတစ်ခုသာ ဖြစ်လေသည်။

ယခင်က လီဝမ်ဟွေ့သည် တုပိုင်အား လွှင့်ပစ်လိုက်သည့် ဖိနပ်တစ်ရန်ကဲ့သို့ သဘောထားခဲ့ပြီး သနားညှာတာမှုမရှိဘဲ ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလို သတ်ပစ်နိုင်ခဲ့သည်။ သို့သော် ယခုအခါတွင် လီဝမ်ဟွေ့သည် တုပိုင်အား ရွှေတစ်ထောင်တန်သော ရတနာကဲ့သို့ တန်ဖိုးထားမိသွားလေ၏။

“လုပ်ကြံသူကို ဖမ်းကြစမ်း။ လုပ်ကြံသူကို ဖမ်းကြစမ်း။”

မိန်းမစိုးဂိုဏ်းမှ စစ်သည်တစ်အုပ်သည် လက်နက်များကို ဆွဲထုတ်ကာ အပြင်ဘက်ရှိ ချွေ့မိသားစု၏ စစ်သည်များထံသို့ ပြေးထွက်သွားကြသည်။

လီဝမ်ဟွေ့သည် လေးကို ဆွဲမထုတ်ရသေးပေ။ သူသည် လှေကားထစ်များမှ ဖြည်းညှင်းစွာ ဆင်းလာပြီး တုပိုင်၏ ရှေ့သို့ ရောက်လာကာ သွေးတိတ်စေရန် သွေးကြောများကို အမြန်နှိပ်လိုက်သည်။ ထို့နောက် သူသည် တုပိုင်၏ သွေးခုန်နှုန်းနှင့် နှလုံးခုန်သံကို စစ်ဆေးလိုက်သည်။

အားနည်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်အန္တရာယ် မရှိပေ။ မြှားသည် နှလုံးကဲ့သို့သော အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းများကို မထိမှန်ခဲ့ချေ။

သို့သော် အလွန်နီးကပ်သွားခဲ့၏။ တစ်လက်မလောက်သာ လိုတော့ခြင်းဖြစ်သည်။ ထို တစ်လက်မသာ မလွဲသွားပါက နှလုံးကို တည့်တည့်ထိမှန်သွားလိမ့်မည်။

“ကျောင်းအုပ်ကြီး...။ ကျွန်တော်...။ ကျွန်တော် အပြစ်မရှိပါဘူး။ ကျွန်တော့်ကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ နို့်ထိန်းအမေ...” တုပိုင်သည် နောက်ဆုံးစကား မှာကြားနေသကဲ့သို့ ပြောလိုက်သည်။

“စိတ်မပူနဲ့။ မင်း မသေစေရဘူး။ မင်း ငရဲတံခါးဝကို ရောက်နေရင်တောင် ငါ မင်းကို ပြန်ဆွဲခေါ်မယ်။” လီဝမ်ဟွေ့က ပြောလိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ လေးနက်စွာ ကြေညာလိုက်သည်။ “ကလေး...။ မင်းနဲ့ငါ့ရဲ့ ကံကြမ္မာက အခု ပေါင်းစည်းသွားပြီ။”

ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင်သည် စိတ်ထဲတွင် သက်သာရာရသွားသော်လည်း သက်ပြင်းမချရဲပေ။

သူဟန်ဆောင်နေသည်ကို ရိပ်မိသွားမည် စိုးသောကြောင့်ဖြစ်သည်။ သူ၏ အမြင်အာရုံများ မည်းမှောင်သွားပြီး တန်းခနဲ သတိလစ်သွားလေသည်။

လီဝမ်ဟွေ့သည် တုပိုင်ကို ပွေ့ချီလိုက်ပြီး အပြင်ဘက်ရှိ ချွေ့မိသားစုမှ စစ်သည်များကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ချွေ့မိသားစုက ငါ့ကို လုပ်ကြံရဲတယ်ပေါ့လေ။ ငါ့ရဲ့ မိန်းမစိုးဂိုဏ်းက အနိုင်ကျင့်ရလွယ်တယ်လို့ မင်းတို့ ထင်နေကြတာလား။”

“ဒုန်း ဒုန်း ဒုန်း”

ရာနှင့်ချီသော မိန်းမစိုးဂိုဏ်းမှ စစ်သည်များသည် လှုပ်ရှားလာကြပြီး ဂိတ်တံခါးအပြင်ဘက်ရှိ ချွေ့မိသားစုစစ်သည်များကို ဝိုင်းရံလိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် ရာနှင့်ချီသော လေးသမားများသည် အချက်အချာကျသော နေရာများကို ယူလိုက်ပြီး ချွေ့မိသားစု စစ်သည်များထံသို့ မြှားများကို ချိန်ရွယ်ထားလိုက်ကြသည်။

“လက်နက်တွေကို ချပြီး လုပ်ကြံသူကို လွှဲပေးစမ်း။ မဟုတ်ရင် မင်းတို့အားလုံးကို ညှာတာမှာ မဟုတ်ဘူး။”

အပြင်ဘက်ရှိ ဒါဇင်နှင့်ချီသော ချွေ့မိသားစုစစ်သည်များသည် ကြောက်လန့်တကြား ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

သူတို့သည် ချွေ့မိသားစု၏ သခင်မလေးကို စော်ကားခဲ့သော တုပိုင်ကို လာဖမ်းခြင်းသာဖြစ်သည်။ မိန်းမစိုးခေါင်းဆောင်ကြီး လီဝမ်ဟွေ့ကို လုပ်ကြံရန် မည်သို့ စွမ်းဆောင်ရဲပါမည်နည်း။

သို့သော် လုပ်ကြံသူသည် သူတို့ကြားတွင် ရှိနေသည်။ ဤအခြေအနေကား ဘောင်းဘီခွကြားထဲ ရွှံ့ပြုတ်ကျသကဲ့သို့ပင်။ မစင်မဟုတ်လျှင်တောင် မစင်ဟု ထင်ရပေလိမ့်မည်။

“သတ်ကြစမ်း။ အကုန်သတ်ပစ်။” လီဝမ်ဟွေ့က အမိန့်ပေးလိုက်သည်။

မိန်းမစိုးဂိုဏ်း၏ ထိပ်တန်းလေးသမားများသည် လေးကြိုးများကို လွှတ်လိုက်ကြသည်။

“ရွှီးးး။ ရွှီးးးး။ ရွှီးးးး။ ရွှီးး။”

ချွေ့မိသားစုစစ်သည် ဆယ်ယောက်ခန့် နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ ကျန်ရှိနေသော ချွေ့မိသားစုစစ်သည်များသည် လက်နက်များကို အမြန်ချကာ လက်နက်ချ အရှုံးပေးလိုက်ကြသည်။

ထို့နောက် လီဝမ်ဟွေ့သည် သွေးများဖြင့် စိုရွှဲနေသော တုပိုင်ကို ငုံ့ကြည့်လိုက်ပြီး ခေါင်းမော့ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ချွေ့မိသားစုကို သွားပြောလိုက်။ ကွမ်ရှီးပြည်နယ်ကို သွေးပင်လယ် မဝေစေနိုင်ဘူးဆိုရင် ငါ လီဝမ်ဟွေ့ မြို့တော်ကိုပြန်ပြီး ညွှန်ကြားရေးမှူးကို မျက်နှာပြရမှာ ရှက်မိပါလိမ့်မယ်လို့။”

ချက်ချင်းပင် ကွေ့လင်စီရင်စု၏ မြို့တော်သည် သွေးမုန်တိုင်းထဲသို့ ကျရောက်သွားတော့သည်။

**--**--**--**--**--**--**--**

ဒဏ်ရာရပြီး သတိလစ်နေသော တုပိုင်သည် အခြားသော နက်ရှိုင်းသည့် အိမ်မက်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသယောင် ရှိသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်တိကျနေပြီး အလယ်ဗဟိုတွင် ထူးဆန်းသော မျက်နှာပုံစံ ဖြစ်ပေါ်နေသည့် အလင်းစက်ဝန်းတစ်ခုသာ ရှိသည်။

စနစ် - “[မိမိအသက်ကိုကယ်ပါ] တာဝန်အောင်မြင်သည်။ ဆုလာဘ် - အားကိုးရလောက်သော နောက်ခံလူတစ်ယောက် ရရှိခြင်း (မိန်းမစိုးခေါင်းဆောင်ကြီး လီဝမ်ဟွေ့၏ မွေးစားသား ဖြစ်လာခြင်း)။”

“မင်းက ဘယ်သူလဲ။” တုပိုင်က မေးလိုက်သည်။ “မင်းက ငါ့ကို ဒီကျိန်စာသင့်နေတဲ့ ကမ္ဘာဆီ ခေါ်လာတာလား။”

စနစ် - “ဟုတ်ပါတယ်။”

တုပိုင်က မေးလိုက်သည်။ “ငါ့ကို ဒီကမ္ဘာဆီ ခေါ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ။”

စနစ် - “ထုတ်ဖော်ပြောပြလို့ မရပါ။”

တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် ပထမဆုံးအနေနဲ့ ငါ့ကို ပုံမှန်ယောက်ျားတစ်ယောက် ဖြစ်လာအောင် လုပ်ပေး။ မိန်းမမရှိတဲ့ ဘဝက သည်းခံဖို့ ခက်ခဲတယ်။ တစ်နှစ်မှာ ၃၆၅ ရက်လုံး မိန်းမမရှိရင် ငါမပျော်ရွှင်နိုင်ဘူး။”

စနစ် - “စနစ်ရှင်၏ ယန်ချီတန်ဖိုး မလုံလောက်သဖြင့် ပုံမှန်ယောက်ျားတစ်ယောက်အဖြစ် ပြန်လည်မကုစားနိုင်ပါ။”

ထူးဆန်းသော အလင်းရိပ်၏ အသံသည် အနိမ့်အမြင့်မရှိသလို ခံစားချက်လည်း ကင်းမဲ့နေသည်။

တုပိုင်က မေးလိုက်သည်။ “ယန်ချီတန်ဖိုးဆိုတာ ဘာလဲ။”

စနစ် - “ပုံမှန်ယောက်ျားတစ်ယောက်ရဲ့ ယန်ချီတန်ဖိုးက ၁၀၀ ဖြစ်ပြီး အိမ်ထောင်ပြုနိုင်။ ကလေးမွေးနိုင်ပါတယ်။”

တုပိုင်က မေးလိုက်သည်။ “ဒါဆို ငါ့ရဲ့ ယန်ချီတန်ဖိုးက ဘယ်လောက်လဲ။”

စနစ် - “သုညပါ။”

တုပိုင် - “တောက်။ ဒါဆို ငါ့ရဲ့ ယန်ချီတန်ဖိုး ၁၀၀ ပြည့်အောင် ဘယ်လိုလုပ်ရမလဲ။”

စနစ် - “ခင်ဗျားက မွေးရာပါ မိန်းမစိုး ဖြစ်တဲ့အတွက် ပုံမှန်ယောက်ျားတစ်ယောက် ဖြစ်လာဖို့ ပြင်ပလှုံ့ဆော်မှု လိုအပ်ပါတယ်။ ဒါကြောင့် အထူးမစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြင့် ယန်ချီတန်ဖိုး တိုးလာစေနိုင်ပါတယ်။”

တုပိုင်က ပြောလိုက်သည်။ “အထူးမစ်ရှင်တွေဟုတ်လား။ ဘာတွေလဲ။”

“အချိန်တန်ရင် သိလာပါလိမ့်မယ်။” စနစ်က ဆက်ပြောသည်။ “ပထမအဆင့် ပင်မမစ်ရှင်ကို စတင်ပါတော့မယ် - ဘွဲ့ယူ စာမေးပွဲကြီး။”

“မစ်ရှင်ရည်မှန်းချက် - မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲကြီးမှာ ပထမရအောင် ဖြေဆိုပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးထဲသို့ အောင်မြင်စွာ ဝင်ရောက်ရန်။”

“အောင်မြင်မှု ဆုလာဘ် - ယန်ချီတန်ဖိုး ၁၅ မှတ်၊ ကုသိုလ်မှတ် ၁၀ မှတ်၊ သိုင်းပညာ လျှို့ဝှက်စာအုပ် တစ်အုပ်။”

အာဏာဆိုသည်မှာ ယောက်ျားတို့၏ ဟော်မုန်းဖြစ်ရာ အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်ခြင်းသည် ယန်ချီတန်ဖိုးကို တိုးစေသည်ဆိုခြင်းမှာ အမှန်တကယ် ကျိုးကြောင်းဆီလျော်ပေသည်။

ကုသိုလ်မှတ်သည် မိန်းမစိုးဂိုဏ်းအတွင်း ရာထူးတိုးရန်အတွက် တစ်ခုတည်းသော ညွှန်ပြချက်ဖြစ်သည်။

ကုသိုလ်မှတ် ၁၀၀ ပြည့်ပါက မိန်းမစိုးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။ လက်ရှိတွင် တုပိုင်၏ ကုသိုလ်မှတ်သည်လည်း သုညသာ ဖြစ်သည်။

ထို့ကြောင့် ဤမစ်ရှင်အတွက် ဆုလာဘ်များသည် အလွန်ရက်ရောသည်ဟု ဆိုရမည်။

“ကျရှုံးပြစ်ဒဏ် - သေခြင်းတရား။”

ချက်ချင်းပင် အိမ်မက်ထဲရှိ တုပိုင် လန့်ဖျပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ပြစ်ဒဏ်သည် အလွန်ပြင်းထန်လွန်းသောကြောင့်ပင်။ ကျရှုံးခြင်းသည် တိုက်ရိုက် သုတ်သင်ခံရခြင်း ဖြစ်သည်။

မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ နောက်ဆုံးအဆင့် စာမေးပွဲကြီး ကျင်းပရန် ခြောက်လသာ လိုတော့သည်။ တုပိုင်၏ အဆင့်သည် လုံးဝ အောက်ဆုံးတွင် ရှိနေ၏။ ပထမရချင်သည်ဆိုသည်မှာ ကောင်းကင်ပေါ်တက်ရသကဲ့သို့ ခက်ခဲလှသည်။ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

အခြားသူများသည် ငါးနှစ်နီးပါး ကြိုးစားပမ်းစား လေ့လာကျင့်ကြံခဲ့ကြပြီး တုပိုင်မှာမူ သုညမှ စတင်ရမည်ဖြစ်သည်။

“ခြောက်လအတွင်း နောက်ဆုံးအဆင့်ကနေ ပထမအဆင့်ရောက်ဖို့ဆိုတာ ငါ့ကိုသတ်လိုက်တာကမှ ပိုကောင်းဦးမယ်။” တုပိုင်က ဒေါသတကြီး ပြောလိုက်သည်။

စနစ် - “မစ်ရှင်ကျရှုံးပါက စနစ်ရှင်၏ ဝိညာဉ်ကို ချက်ချင်း ဖျက်စီးပစ်ပါမည်။”

တုပိုင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “ငါ ဒီကို ကူးပြောင်းလာရတဲ့ ရည်ရွယ်ချက်ကို တကယ်ပဲ မေးလို့မရဘူးလား။”

“မရပါ။” စနစ်က ပြောသည်။ “ဒီကမ္ဘာပေါ်က အရာအားလုံးက ခင်ဗျားလာခဲ့တဲ့ ကမ္ဘာမြေကြီးလိုပဲ အစစ်အမှန်ဖြစ်တယ်ဆိုတာကိုပဲ သိထားဖို့ လိုပါတယ်။ စနစ်ရှင်ဝိညာဉ်ကူးပြောင်းလာတာက အလွန်အရေးကြီးတဲ့ မစ်ရှင်တစ်ခုကို အောင်မြင်အောင်လုပ်ဖို့ပါပဲ။”

တုပိုင်က မေးလိုက်သည်။ “ငါတစ်ယောက်တည်းပဲလား။”

“မဟုတ်ဘူး။ ခင်ဗျားက ကိုးယောက်မြောက်ပါ။” စနစ်က ပြောသည်။ “အရင် ရှစ်ယောက်လုံး ကျရှုံးသွားခဲ့ပြီး အားလုံး ရှင်းလင်းခံလိုက်ရပြီ။”

၄ ပြီး။

All Chapters