← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

“လခွမ်းပဲဟေ့။”

“သောက်ခွားမသေး။ မင်းအဖေ...။”

တုပိုင်သည် လက်များကို ဝှေ့ယမ်းရင်း ရေရွတ်လိုက်ပြီး ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ အစောက အရာသည် အိမ်မက်လော။ လက်တွေ့လော။

သို့သော်လည်း ထိုအရာများသည် အလွန်လက်တွေ့ဆန်နေပြီး တကယ်လက်တွေ့ဖြစ်ကြောင်း တုပိုင်လက်ခံလိုက်ရသည်။ သို့မဟုတ်ပါက သူက ရုတ်တရက်ကြီး အဘယ်ကြောင့် ဝိညာဉ်ကူးပြောင်းလာရမည်နည်း။

သူသည် ရက်ပေါင်းများစွာ သတိလစ်နေခဲ့သော်လည်း နောက်ဆုံးတွင် နိုးလာသောအခါ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်စုံပြီး နူးညံ့သော ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

သူ့ပတ်ဝန်းကျင်ရှိ လေထု၌ပင် မွှေးပျံ့သော ရနံ့များ သင်းပျံ့နေသည်။ သူအစောကတည်းက နိုးလာသင့်သော်လည်း သတိလစ်နေစဉ် ကုသမှုခံယူခြင်းက ပြန်လည်ကောင်းမွန်လာစေရန် ပိုမို အထောက်အကူပြုသည်။

သူ့ကို ကုသရာတွင် ကုန်ကျစရိတ်ကို နှမြောခြင်းမရှိသဖြင့် တုပိုင် နိုးလာသောအခါ အလွန်အားနည်းခြင်း သို့မဟုတ် နာကျင်ခြင်း မရှိတော့ပေ။

သူ့ဒဏ်ရာများပင် အနာဖေးတက်နေပြီဖြစ်သည်။ ဤကမ္ဘာရှိ အထူးစွမ်းအင်ဆေးဝါးအချို့သည် ထူးကဲစွာ အာနိသင်ပြလေသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် တုပိုင် ပထမဆုံး မြင်လိုက်ရသည်မှာ သူ့နို့ထိန်းအမေ၏ နူးညံ့သော်လည်း ပင်ပန်းနွမ်းနယ်နေသော မျက်နှာပင် ဖြစ်သည်။

သူမ၏ မျက်လုံးများက ငိုထားသဖြင့် နီရဲကာ မို့အစ်နေသည်။ သူမသည် ရက်ပေါင်းများစွာ အိပ်စက်ခြင်းမရှိခဲ့ပေ။ ပထမက တုပိုင်အတွက် စိတ်ပူသောကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် သူ့ကို ပြုစုစောင့်ရှောက်ရန်အတွက် ဖြစ်သည်။

“ပိုင်အာ။” တုပိုင် နိုးလာသည်ကို မြင်သောအခါ သူမက အံ့ဩဝမ်းသာစွာ အော်လိုက်ပြီး အနားသို့ ပြေးလာကာ သူ့ခေါင်းကို ဖြည်းညှင်းစွာ ကိုင်လိုက်သည်။ သို့သော် သူမသည် စကားဆက်မပြောနိုင်တော့ဘဲ မျက်ရည်များသာ အဆက်မပြတ် စီးကျလာတော့သည်။

“တောင်းပန်ပါတယ်။ ကျွန်တော် အမေကို စိတ်ပူအောင် လုပ်မိပြီ။” တုပိုင်က ပြောလိုက်သည်။

“စကားမပြောနဲ့ဦး။” သူမက မျက်ရည်များကို သုတ်လိုက်ပြီး တုပိုင်ကို ပြုံးပြလိုက်သည်။ ထို့နောက် ချက်ချင်းပင် ပေါင်းထားပြီးသား ဂျင်ဆင်းစွပ်ပြုတ်ကို သွားယူလိုက်သည်။ “ကဲ...။ ဒီ ကြက်သွေးဂျင်ဆင်းစွပ်ပြုတ်လေး သောက်လိုက်ဦး။”

ထို့နောက် သူမသည် ကြက်သွေးဂျင်ဆင်းစွပ်ပြုတ်ကို ဇွန်းဖြင့် တုပိုင်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလေသည်။

ကုန်ခါနီးအချိန်တွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး မိန်းမစိုးဂိုဏ်း၏ ခေါင်းဆောင်ကြီး လီဝမ်ဟွေ့ ဝင်ရောက်လာသည်။ သူသည် ကုတင်ဘေးတွင် ရပ်ကာ တုပိုင်ကို စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်နေသည်။

တုပိုင်၏ နို့ထိန်းအမေသည် နောက်ဆုံး စွပ်ပြုတ်နှစ်ဇွန်းကို ခွံ့ကျွေးပြီးနောက် လီဝမ်ဟွေ့ကို ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာသွားသည်။

တုပိုင်သည်လည်း အိပ်ရာပေါ်မှ မဆင်းဘဲ ကမန်းကတန်း ထထိုင်ကာ ခါးမတ်လိုက်သည်။

မိန်းမစိုးလေး နှစ်ယောက် ဝင်ရောက်လာပြီး ကုတင်ဘေးသို့ ဇိမ်ခံ ဟွမ်ဟွာလီသစ်သားကုလားထိုင်တစ်လုံးကို ရွှေ့ပေးလိုက်ရာ လီဝမ်ဟွေ့ ဝင်ထိုင်လိုက်သည်။

“မနှစ်က စာမေးပွဲမှာ အမှတ်ငါးရာဖိုး မေးတာကို မင်းက လေးဆယ်ပဲ ရတယ်။ မင်း ဘယ်လိုများ ဖြေလိုက်တာလဲ။” လီဝမ်ဟွေ့၏ အသံသည် အလွန်တင်းမာနေသည်။

သူသည် တုပိုင်၏ အမှတ်စာရင်းကို ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး ပြောလိုက်သည်။ “ပြောစမ်း။ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ ဘယ်သူ့ကို ဆန္ဒပြနေတာလဲ။ မြို့တော်က တုမိသားစုကိုလား။”

“တောင်းပန်ပါတယ်။” တုပိုင်က တိုးတိုးလေး ပြောလိုက်သည်။ အကြီးတစ်ယောက်၏ ဆူပူမှုသည် သူ့မေတ္တာကို ပြသရာရောက်သဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံသင့်သည်။ တုပိုင်သည် တတ်နိုင်သမျှ လိမ္မာယဉ်ကျေးဟန် ဆောင်လိုက်သည်။

“တုမိသားစုက မင်းကို မတရားလုပ်ခဲ့တာ မှန်ကောင်းမှန်နိုင်တယ်။ ဒါပေမဲ့ ငါ့မိန်းမစိုးဂိုဏ်းကရော မင်းကို မတရားလုပ်ဖူးလို့လား။”

“ဒီလို စာလေ့လာတဲ့ ပုံစံ၊ ဒီလို ကိုယ့်ကိုယ်ကိုယ် ဖျက်စီးတဲ့ စိတ်ဓာတ်တွေက ငါ့မိန်းမစိုးဂိုဏ်းရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးရာ မရောက်ဘူးလား။” လီဝမ်ဟွေ့က တင်းမာစွာ ပြောလိုက်သည်။

“ငါတို့ မိန်းမစိုးဂိုဏ်းက လူသိရှင်ကြား အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းနိုင်ဖို့နဲ့ မိန်းမစိုးဂိုဏ်းအကယ်ဒမီကို တည်ထောင်နိုင်ဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ မင်းသိလား။”

“ဘိုးဘေးဘီဘင် ဘယ်နှယောက်လောက် အသက်ပေးခဲ့ရလဲဆိုတာရော သိရဲ့လား။ မင်းမှာ ဒါတွေကို မလေးမစားလုပ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ။”

“ကျွန်တော် တောင်းပန်ပါတယ်။” တုပိုင်က ပို၍ လေးနက်စွာ ပြောလိုက်သည်။

လီဝမ်ဟွေ့က ဆက်ပြောသည်။ “လူတိုင်းသာ မင်းလိုဖြစ်နေရင် ငါတို့ မိန်းမစိုးဂိုဏ်းက မဟာနင်မင်းဆက်မှာ ရပ်တည်ဖို့ ဘာအခွင့်အရေး ရှိတော့မှာလဲ။”

“သင်းကွပ်ခံထားရတဲ့ သနားစရာလူတွေကို လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးဖို့ ဘာအခွင့်အရေး ရှိတော့မှာလဲ။ အရှင်မင်းမြတ်ပေးသနားတဲ့ ထမင်းကို စားဖို့ ဘာအခွင့်အရေး ရှိတော့မှာလဲ။”

“ငါတို့ မိန်းမစိုးဂိုဏ်းက အသုံးမကျတဲ့ကောင်တွေကို မလိုချင်ဘူး။ လက်ခံထားနိုင်စွမ်းလည်း မရှိဘူး။ ဒါကြောင့် မင်းလုပ်ရပ်က လုံးဝ ပြစ်မှုကျူးလွန်ရာ ရောက်တယ်။”

လီဝမ်ဟွေ့၏ အသံသည် မိုးခြိမ်းသံကဲ့သို့ပင် ရင်ကို တုန်လှုပ်စေသည်။

“ပြောစမ်း။ မင်း ဘာတွေ တွေးနေတာလဲ။ မင်းရဲ့ရည်ရွယ်ချက်တွေ ငါ့ကိုပြောစမ်း။” လီဝမ်ဟွေ့၏ အသံသည် အနည်းငယ် ပျော့ပျောင်းသွားသည်။ “မင်းက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေပြီးတော့ ဘာလို့ ငါ့ကို ကယ်ဖို့ မင်းအသက်ကို စွန့်စားရဲရတာလဲ။”

တုပိုင်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

“ကျွန်တော့်အသက်က တန်ဖိုးမရှိပါဘူး။ ဒါပေမဲ့ မိန်းမစိုးဂိုဏ်းက ခင်ဗျားမရှိရင် မဖြစ်ပါဘူး။”

“မင်းအသက်က တန်ဖိုးမရှိဘူးတဲ့လား။” လီဝမ်ဟွေ့က အေးစက်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့အသက်ကလည်း မင်းထင်သလောက် တန်ဖိုးမကြီးပါဘူး။ မိန်းမစိုးဂိုဏ်းရဲ့ အကျိုးစီးပွားအတွက်နဲ့ အရှင်မင်းမြတ်ရဲ့ အကျိုးစီးပွားအတွက်ဆိုရင် ငါ့အပါအဝင် ဘယ်သူမဆို ပေးဆပ်ရမှာပဲ။”

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လီဝမ်ဟွေ့က ပြောသည်။ “မင်း ငါ့ကို ကယ်ခဲ့တဲ့အတွက် ငါကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နောက်ခြောက်လနေရင် နေရာချထားရေးမှာ ငါ့ရာထူးအာဏာကိုသုံးပြီး မင်းကို ခြွင်းချက်အနေနဲ့ သတ္တုတွင်းဌာန၊ အထည်အလိပ်ထုတ်လုပ်ရေးဗျူရို၊ ဒါမှမဟုတ် ရေကြောင်းပို့ဆောင်ရေးဌာန တွေကို ပို့ပေးမယ်လို့ လုံးဝ မျှော်လင့်မနေနဲ့။”

“စိတ်ကူးတောင် မယဉ်နဲ့။ ငါ လီဝမ်ဟွေ့က လုံးဝ မျက်နှာလိုက်မှာ မဟုတ်သလို နိုင်ငံတော်ပိုင်ဆိုင်မှုကိုလည်း ဘယ်တော့မှ ကိုယ်ကျိုးအတွက် အသုံးချမှာ မဟုတ်ဘူး။”

“ကျွန်တော် သိပါတယ်။” တုပိုင်က ပြောလိုက်သည်။

“မင်းရဲ့ အမှတ်စာရင်းတွေအရတော့ မျှော်လင့်ချက် မရှိတော့ဘူး။” လီဝမ်ဟွေ့က ပြောသည်။ “ဒီနေ့ကစပြီး ငါ့ဘေးနားမှာနေပြီး စာရေးစာချီ အလုပ်တွေ လုပ်ရင်း တတ်နိုင်သလောက် လေ့လာမှတ်သား။ မင်း ဆန္ဒရှိရင် ငါ့ကို မွေးစားအဖေလို့ ခေါ်နိုင်တယ်။”

​တုပိုင်တစ်ယောက် လီဝမ်ဟွေ့ကို မယုံကြည်နိုင်သလို ကြည့်နေမိသည်။ လီဝမ်ဟွေ့ထံမှ ဤမျှကြီးမားသော ဆုလာဘ်မျိုးရရှိမည်ဟု သူလုံးဝထင်မှတ်မထားခဲ့ချေ။

​မိန်းမစိုးဂိုဏ်းတွင် မွေးစားသားတော်အဖြစ် သတ်မှတ်ခြင်းသည် ပုံမှန်ဓလေ့တစ်ခုဖြစ်သော်လည်း မည်သည့်မိန်းမစိုးခေါင်းဆောင်ကြီးမျှ မွေးစားသားအများအပြား လက်ခံလေ့မရှိပေ။

အရင်းနှီးဆုံးနှင့် အထူးချွန်ဆုံး လူယုံတော်များကိုသာ မွေးစားသားအဖြစ် လက်ခံလေ့ရှိပြီး ပုံမှန်အားဖြင့် လေး၊ ငါးယောက်ခန့်သာ ရှိတတ်သည်။

​သို့သော် လီဝမ်ဟွေ့တွင် သူကိုယ်တိုင် သင်ကြားပြသပေးထားသည့် အချစ်ဆုံးတပည့်ဖြစ်သူ မွေးစားသားတစ်ဦးတည်းသာ ရှိသည်။

ထိုမွေးစားသားသည် လက်ရှိတွင် ကွေ့မင်းသားအိမ်တော်၏ ဒုတိယအိမ်တော်ထိန်းအဖြစ် တာဝန်ထမ်းဆောင်နေပြီး သိုင်းပညာရှင်နှစ်ထောင်ကို ကွပ်ကဲနေသူဖြစ်သည်။

​လီဝမ်ဟွေ့သည် စံနှုန်းအလွန်မြင့်မားသူဖြစ်ပြီး သူ့မွေးစားသားဖြစ်ရန်မှာ အလွန်ခက်ခဲလှသည်။ သို့သော် ယခုတွင်မူ သူက တုပိုင်ကို ထိုနေရာပေးရန် ကိုယ်တိုင်ကမ်းလှမ်းနေခြင်း ဖြစ်သည်။

​လီဝမ်ဟွေ့သည် မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်ရုံသာမက ကွမ်ရှီးပြည်နယ်၏ အာဏာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်းဖြစ်သည်။ သူ၏ဘေးနားတွင် အစေခံအနေဖြင့် နေရလျှင်ပင် သူ၏ ကိုယ်ရေးအတွင်းဝန်ဖြစ်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။

တုပိုင်သည် မိန်းမစိုးဂိုဏ်းတစ်ခုလုံးတွင်သာမက ကွမ်ရှီးပြည်နယ်တစ်ခုလုံးတွင်ပါ ချက်ချင်းပင် ဩဇာအာဏာကြီးမားပြီး မျက်နှာသာပေးခံရသူတစ်ဦး ဖြစ်လာပေလိမ့်မည်။ လူပေါင်းများစွာက သူ့ကို မျက်နှာလိုမျက်နှာရ လုပ်လာကြပေလိမ့်မည်။

​လီဝမ်ဟွေ့၏ ကိုယ်ပိုင်အစေခံ ဖြစ်လာသည်နှင့် တပြိုင်နက် စစ်ဘက်မှ ဝမ်ဟူးအဆင့် စစ်သူကြီးများနှင့် ဒေသဆိုင်ရာ မြို့စားအဆင့် အရာရှိများသည် တုပိုင်ကို အနီရောင်စာအိတ်များပေးရန် အလုအယက် ကြိုးစားကြပေလိမ့်မည်။

ချမ်းသာသော ကုန်သည်များနှင့် ဒေသခံဂိုဏ်းခေါင်းဆောင်များဆိုလျှင် သူ့ကို ဖားယားရန် ပို၍ပင် သည်းကြီးမည်းကြီး ဖြစ်ကြပေလိမ့်မည်။

​ထို့ပြင် လီဝမ်ဟွေ့သည် ယခုမှ အသက် ၄၃ နှစ်သာ ရှိသေးပြီး ရာထူးကြီးသော မိန်းမစိုးဂိုဏ်းဝင်များထဲတွင် အလွန်ငယ်ရွယ်သည်ဟု ယူဆနိုင်သည်။

သူသည် စာပေတွင် ထူးချွန်ရုံသာမက အင်ပါယာ၏ ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးလည်းဖြစ်ရာ စာပေနှင့် သိုင်းပညာ နှစ်ဖက်စလုံးတွင် ကျွမ်းကျင်သော ပညာရှင်စစ်စစ်ဖြစ်သည်။

နောက်ဆယ်နှစ်အတွင်း လီဝမ်ဟွေ့သည် အင်ပါယာ၏ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် အရှေ့ဘက်ကွပ်ကဲရေးရုံးချုပ်၏ ဘုရင်ခံ ဖြစ်လာရန် အခွင့်အလမ်းများစွာ ရှိနေသည်။

​သူ၏ မွေးစားသားအဖြစ် တုပိုင်သည် တစ်သက်လုံး စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေကို ခံစားရနိုင်ပြီး ချက်ချင်းပင် ဘဝအဆင့်အတန်း မြင့်တက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ပုံမှန်အခြေအနေဆိုလျှင် တုပိုင်သည် ကျေးဇူးတင်လွန်းသဖြင့် ကုတင်ပေါ်မှ လှိမ့်ဆင်းကာ မွေးစားအဖေဟုအော်ဟစ်ပြီး ဦးခိုက်မိပေလိမ့်မည်။

ထို့နောက် သူသည် ရရှိလာသော အာဏာကို အသုံးပြုပြီး အလွန်သက်တောင့်သက်သာရှိသော ဘဝကို ခံစားနိုင်ပေလိမ့်မည်။

သို့သော် တုပိုင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသတိလစ်နေစဉ် အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရိပ်က ပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသောကြောင့်ဖြစ်သည်။

ဘွဲ့ယူစာမေးပွဲကြီးတွင် ပထမမရပါက တုပိုင်သည် လုံးဝပျက်စီးသွားလိမ့်မည်။ သူ မသေချင်သောကြောင့် ထိုစွန့်စားမှုကို မပြုလုပ်နိုင်ပေ။

ထို့ကြောင့် တုပိုင်သည် ချက်ချင်း ဒူးထောက်ကာ ဦးမချခဲ့ပေ။ ထိုအစား သူ၏မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသော အမူအရာများ ပေါ်လာခဲ့သည်။

၅ ပြီး။

All Chapters