← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“ဘာလဲ။ မင်းက သဘောမတူဘူးလား။” လီဝမ်ဟွေ့က မေးလိုက်သည်။

“ဆရာ့ရဲ့ မွေးစားသား ဖြစ်ချင်တာပေါ့။” တုပိုင်က စကားလုံးများကို ဂရုတစိုက်ရွေးချယ်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့... ဒါပေမဲ့...”

လီဝမ်ဟွေ့က အေးစက်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ဘာဖြစ်လဲ။”

တုပိုင်သည် အတော်ကြာ တုံ့ဆိုင်းနေပြီးမှ အံကိုကြိတ်ကာ ပြောလိုက်သည်။ “ဒါကို အပေးအယူတစ်ခုလို မဖြစ်စေချင်ဘူး။ ခင်ဗျားအတွက် မြှားတစ်စင်းကို အသက်စွန့်ပြီး ကာကွယ်ပေးခဲ့လို့ မွေးစားသားဖြစ်ခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးသမားတစ်ယောက်လို မဖြစ်ချင်ဘူး။”

“သူများက သနားလို့ပေးတဲ့ ထမင်းကို မစားချင်ဘူးပေါ့လေ။” လီဝမ်ဟွေ့က လှောင်ပြောင်လိုက်သည်။ “မင်းမှာ ခံယူချက်တော့ ရှိသားပဲ။”

တုပိုင်က ခေါင်းငုံ့ထားလိုက်သည်။

“နုံအလိုက်တာ။ အသိဉာဏ်မဲ့လိုက်တာ။” လီဝမ်ဟွေ့က ဆူပူကြိမ်းမောင်းလိုက်သည်။ “ဒါဆို မင်းက ငါ့ဘေးနားမှာနေပြီး အစေခံလုပ်ဖို့ကိုလည်း သဘောမတူဘူးပေါ့။”

တုပိုင်က ရဲရဲဝံ့ဝံ့ပင် ပြောလိုက်သည်။ “ဟုတ်ကဲ့။”

“ဒါဆို မင်း ဘာလိုချင်တာလဲ။”

“ကျွန်တော် စာမေးပွဲကြီးကို ပုံမှန်အတိုင်းပဲ ဝင်ဖြေချင်ပါတယ်။ စာမေးပွဲပြီးသွားရင် ဖြစ်လာမဲ့ကံတရားအတိုင်းပဲ ခံယူပါ့မယ်။”

“မင်းရဲ့ လက်ရှိအမှတ်စာရင်းအရဆိုရင်တော့ စာမေးပွဲပြီးတာနဲ့ ချီအိမ်သာဆေးတဲ့နေရာကို ရောက်သွားလိမ့်မယ်။” လီဝ​မ်ဟွေ့က ​အော်ပြောလိုက်၏။

တုပိုင်က ခေါင်းထပ်ငုံ့သွားပြီး တိတ်ဆိတ်နေလိုက်သည်။

လီဝမ်ဟွေ့သည် တုပိုင်ကို ခဏမျှ ကြည့်နေပြီး သူ၏အကြည့်များက ရှုပ်ထွေးလာသည်။ သူက သက်ပြင်းချပြီး မေးလိုက်သည်။ “မင်းရဲ့ ရင်ထဲက တကယ့်ဆန္ဒအစစ်အမှန်က ဘာလဲ။”

တုပိုင်က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

“ကျွန်တော် ချွေ့ဖိန်ထင်ကို မတော်မတရားမလုပ်ခဲ့ပေမဲ့ သူတို့က ကျွန်တော့်ကို အကွက်ဆင်ပြီး သတ်ဖို့ကြိုးစားခဲ့ကြတယ်။ ပြီးတော့ ခင်ဗျားက ကျွန်တော် အပြစ်ကင်းတယ်ဆိုတာ သိလျက်နဲ့ စွန့်ပစ်ခဲ့တယ်။”

လီဝမ်ဟွေ့၏ မျက်လုံးများက အေးစက်စွာ ကျဉ်းမြောင်းသွားသည်။ “မင်း ငါ့ကို အပြစ်တင်နေတာလား။”

“မတင်ပါဘူး။” တုပိုင်သည် ချက်ချင်းပင် သူ၏သရုပ်ဆောင်စွမ်းရည်များကို ထုတ်သုံးလိုက်ပြီး ပြောသည်။

“အားနည်းခြင်းက အပြစ်တစ်ခုဆိုတာကို ကျွန်တော် နက်နက်နဲနဲ နားလည်လိုက်လို့ပါ။ မိသားစုရဲ့ စွန့်ပစ်ခြင်းခံရပြီးနောက် ကျွန်တော် ရည်မှန်းချက်တွေ ပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုယ် အရှုံးပေးကာ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ နေခဲ့တယ်။”

“ပန်းလေးတွေစိုက်၊ တိရစ္ဆာန်လေးတွေကို ပြုစုရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မွန်မြတ်သလိုလို ခံစားနေခဲ့တာ။ ဒါပေမဲ့ ဒီကိစ္စဖြစ်ပြီးနောက်မှာတော့ ကျွန်တော်က အသုံးမဝင်တဲ့ကောင်ဆိုတာ သိလိုက်ရတယ်။”

“တကယ်လို့ ကျွန်တော်သေသွားရင် ကျွန်တော့်မိသားစုက သက်ပြင်းချပြီး စိတ်အေးသွားကြလိမ့်မယ်။ မိဘတွေက မျက်ရည်တစ်စက်တောင် ကျမှာမဟုတ်သလို ညီလေးဆိုရင် လက်ခုပ်တီးပြီးတောင် ပျော်နေဦးမှာ။”

“ကျွန်တော့်ရဲ့ နို့ထိန်းအမေ တစ်ယောက်ပဲ နှလုံးကွဲကြေပြီး ကျွန်တော့်နောက်ကို လိုက်သေလိမ့်မယ်။ ဒါက ချစ်တဲ့သူတွေကို နာကျင်စေပြီး ရန်သူတွေကို ပျော်ရွှင်စေတာပဲ။”

“ဒါကြောင့် ကျွန်တော့်မှာ ဆက်ပြီး အားနည်းနေဖို့ အခွင့်အရေးမရှိသလို ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးအရှုံးပေးဖို့လည်း အခွင့်အရေးမရှိတော့ပါဘူး။ ကျွန်တော် သေရမှာကြောက်တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော် မသေချင်ဘူး။ အသက်ရှင်ဖို့အတွက် ကျွန်တော် သန်မာလာမှ ဖြစ်မယ်။”

လီဝမ်ဟွေ့က တုပိုင်ကို နက်နက်နဲနဲ စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ပြောတာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ အဓိပ္ပာယ်မရှိဘူး။ စာမေးပွဲကြီးက နောက်ထပ် ခြောက်လပဲ လိုတော့တယ်။ မင်းက လေးနှစ်ခွဲလောက် နောက်ကျကျန်နေခဲ့ပြီ။”

“ဘယ်လောက်ပဲ စကားလုံးလှလှ ပြောနေပါစေ အရာထင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက မင်းကို အကယ်ဒမီမှာ နောက်ထပ်တစ်နှစ် ဆက်နေခွင့်ပြုမှာ မဟုတ်ဘူး။ အဲ့ဒါက တခြားလူတွေအတွက် မတရားရာရောက်တယ်။”

“ငါ့ဘေးနားမှာနေမှ မင်းမှာ အနာဂတ်ရှိမှာ။ ဒီလိုမှမဟုတ်ရင် မင်းအတွက် အနာဂတ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။”

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အနိုင်ယူပြချင်ပါတယ်။ ဒါမှ အနာဂတ်မှာ ခင်ဗျားအတွက် ပိုအသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာမှာပါ။”

“ငါက လူအတွေကို မလိုချင်ဘူး။ မင်းက လူအပဲ။” လီဝမ်ဟွေ့က မတ်တတ်ထရပ်လိုက်ပြီး ပြောသည်။

“မင်းသဘောအတိုင်း လုပ်ချင်တယ်ပေါ့။ ငါက မင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ မင်းက ငြင်းပယ်ခဲ့တယ်။ ဒုတိယအကြိမ် ထပ်မပေးနိုင်ဘူး။ စာမေးပွဲရလဒ်တွေ ထွက်လာတဲ့အခါ ငါဘယ်သူ့ကိုမှ မျက်နှာလိုက်မှာမဟုတ်ဘူး။”

“အိမ်သာဆေးရမယ်ဆိုရင်လည်း ဆေးရမှာပဲ။စားဖိုဆောင်ကို သွားရမယ်ဆိုရင်လည်း သွားရမှာပဲ။”

ထိုသို့ပြောပြီးနောက် လီဝမ်ဟွေ့သည် နောက်ထပ်စကားတစ်ခွန်းမျှ မဆိုတော့ဘဲ တန်းထွက်သွားလေသည်။

တုပိုင်တစ်ယောက် ပြောစရာစကားမဲ့သွားသည်။

သူသည်လည်း ရွှေပေါင်ကြီးကို ဖတ်ပြီး သခင်လေးလုပ်ချင်၏။ သို့သော် ထိုသို့လုပ်လိုက်ပါက အိမ်မက်စနစ်က သူ့၏ဝိညာဉ်အားဖျက်ဆီးပြစ်လိမ့်လေမည်။ တုပိုင်တစ်ယောက် ထိုင်ငိုချင်သွားတော့သည်။

လီဝမ်ဟွေ့ ထွက်သွားပြီးနောက် သက်လတ်ပိုင်းအရွယ် မိန်းမစိုးတစ်ယောက် ချက်ချင်း နောက်ကလိုက်သွားသည်။ သူသည် တုပိုင်၏ မြင်းစီးနည်းပြဆရာ လီဝေ ပင်ဖြစ်သည်။

“အဲ့ဒီကလေး ဘယ်လိုနေလဲ။” လီဝမ်ဟွေ့က မေးလိုက်သည်။

လီဝေက ပြန်ဖြေသည်။ “အရမ်း တုံးအပါတယ်။”

လီဝမ်ဟွေ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး ဘာမှမပြောပေ။

လီဝေက ဆက်ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ မိန်းမစိုးဂိုဏ်းမှာ ကောက်ကျစ်စဉ်းလဲတဲ့သူတွေ များလွန်းနေပြီ။ ကျောရိုးဖြောင့်တဲ့သူတွေလည်း လိုအပ်တယ်။”

“ဘွဲ့ယူစာမေးပွဲကြီးက နောက်ခြောက်လဆိုတော့ သူ့မှာ မျှော်လင့်ချက် မရှိပါဘူး။” လီဝမ်ဟွေ့က ပြောသည်။

“သူ အိမ်သာဆေးချင်တယ်ဆိုရင်လည်း ပေးဆေးလိုက်ပါ။ နောက်တစ်နှစ်လောက်နေရင် ငါသူ့ကို ပြန်ခေါ်ပြီး သေချာ ပြုစုပျိုးထောင်ပေးရမယ်။ ငါ့ရဲ့ မွေးစားသားက အနာဂတ်မှာ အကောင်ကြီးဖြစ်လာရမယ်။”

“ဟုတ်ကဲ့ပါ။” လီဝေက ခေါင်းငုံ့လိုက်ပြီး သူ၏မျက်လုံးထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

လက်ရှိ လီဝမ်ဟွေ့သည် သူ၏ အထက်လူကြီးဖြစ်ရုံသာမက သူလေးစားကြည်ညိုပြီး သစ္စာရှိရမည့်သူလည်း ဖြစ်သည်။ သူသည် ဤရက်စက်သော ဂိုဏ်းခေါင်းဆောင်ကြီးအကြောင်း ကောင်းကောင်းသိသည်။

သူသာ တစ်ယောက်ယောက်ကို အသိအမှတ်ပြုလိုက်ပြီဆိုရင် လုံးဝလက်လွှတ်တော့မည် မဟုတ်ပေ။ တုပိုင်က ဒူးမထောက်သလို မွေးစားအဖေဟု မခေါ်ခဲ့သော်လည်း လီဝမ်ဟွေ့က သူ့ကို မွေးစားသားအဖြစ် စိတ်နှလုံးထဲတွင် လက်ခံပြီးသားဖြစ်သည်။

လီဝေက ခဏလောက် တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။

“ကျောင်းအုပ်ကြီး။ ကျွန်တော်တို့ ချွေ့မိသားစုက လူပေါင်းများစွာကို သတ်ခဲ့ပြီးပြီ။ ရာချီပြီးလည်း ဖမ်းထားတယ်။ နည်းနည်းလောက် လျှော့သင့်ပြီ မဟုတ်ဘူးလား။ ရန်ကျိုးဘက်ကို စိတ်ပူလို့ပါ။”

“ဆက်ဖမ်း။ ဆက်သတ်။ ချွေ့မိသားစု ကြောက်လန့်သွားတဲ့အထိ။ လင်းမိသားစု ကြောက်သွားတဲ့အထိ သတ်ပစ်။ သူတို့ နောက်နောင် ငါတို့ကို မရန်စရဲတော့တဲ့အထိ လုပ်ပစ်။” လီဝမ်ဟွေ့က အေးစက်စွာ ပြောသည်။

“ရန်ကျိုးကိစ္စအတွက် ကျန်းရော့ကျူးကို ပြောလိုက်။ တကယ်လို့ သူက ချွေ့ယန်နဲ့ ပေါင်းချင်တယ်ဆိုရင် အဲ့ဒါ သူ့ကိစ္စပဲ။ ငါ့အရိုးတွေက မာတယ်။ ခါးမညွှတ်နိုင်ရုံတင်မကဘူး ခေါင်းတောင် မငုံ့နိုင်ဘူး။ တကယ်လို့ သူကန့်ကွက်ချင်တယ်ဆိုရင် မြို့တော်က ဘိုးဘေးဆီမှာ သွားတိုင်နိုင်တယ်။”

ရန်ကျိုးမြို့စောင့်မိန်းမစိုး ကျန်းရော့ကျူးသည်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ရာထူးကို ပူးတွဲရယူထားသူဖြစ်သည်။

လီဝမ်ဟွေ့ကဲ့သို့ပင် သူသည်လည်း မိန်းမစိုးဂိုဏ်း၏ တက်သစ်စကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကြောင့် ရန်ကျိုးသည် မဟာနင်မင်းဆက်တွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး သီးသန့် မြို့စောင့်မိန်းမစိုး ထားရှိလေသည်။

“ဟုတ်ကဲ့ပါ။” လီဝေက ဦးညွှတ်လိုက်သည်။

ခေတ်သစ်ကမ္ဘာမြေရဲ့ အသုံးအနှုန်းနဲ့ပြောရရင် တုပိုင်က ပန်းတိုင်တစ်ခု စိုက်ထူလိုက်ခြင်းပင်ဖြစ်သည်။

ထိုပန်းတိုင်မှာ လီဝမ်ဟွေ့၏ မျက်နှာသာပေးမှုကို အားကိုးပြီး ကိုယ်ရေးအစေခံအဖြစ် အသက်ရှင်မည့်အစား ကိုယ်ပိုင်အရည်အချင်းဖြင့် စာမေးပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟူ၍ ဖြစ်သည်။

သို့သော် လူကဲခတ်တော်သော တုပိုင်၏အမြင်အရ လီဝမ်ဟွေ့သည် အလွန်ပြတ်သားပြီး စိတ်ဓာတ်ကြံ့ခိုင်သူတစ်ဦးဖြစ်သည်။

တကယ်လို့သာ တုပိုင်က ချက်ချင်းသဘောတူပြီး မွေးစားအဖေဟု ခေါ်လိုက်ပါက လီဝမ်ဟွေ့၏ စိတ်ထဲတွင် သူ့အပေါ်ထားရှိသည့် အဆင့်အတန်း ကျဆင်းသွားနိုင်ပြီး အသက်စွန့်ကာကွယ်ခဲ့သည့် ကျေးဇူးတရားသည်လည်း တစ်ခါတည်းနှင့် ကုန်ဆုံးသွားလိမ့်မည်။

သူတစ်ပါး၏ သနားမှုကို လက်မခံသည့် သဘောထားကို ပြသခြင်းအားဖြင့် တုပိုင်သည် လီဝမ်ဟွေ့ထံမှ လေးစားမှုနှင့် အသိအမှတ်ပြုမှုကို ပိုမိုရရှိစေလိမ့်မည်။

နောက်ထပ် ခြောက်လအကြာ ကျင်းပမည့် ဘွဲ့ယူစာမေးပွဲကြီးအတွက်မူ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ပြီး ကံတရားအတိုင်းသာ ပုံချလိုက်ရတော့မည်။

တုပိုင်သည် လီဝမ်ဟွေ့၏ စိတ်ထဲတွင် နေရာတစ်ခုရနေသရွေ့ သူ၏စာမေးပွဲရလဒ်များ ဆိုးရွားနေပါစေဦးတော့ ကောင်းမွန်သည့် အနာဂတ်တစ်ခု ရရှိနိုင်မည်ဖြစ်သည်။

သို့သော် အိပ်မက်စနစ်ပြောသမျှသာ မှန်ကန်ခဲ့ပါက.သူသာ စာမေးပွဲကြီးတွင် ရှုံးနိမ့်ခဲ့ပါက အိမ်သာဆေးခွင့်တောင် ရလိုက်မည် မဟုတ်ပေ။

တုပိုင်အနေဖြင့် အိပ်မက်ထဲမှ ရွှေလက်ချောင်းစနစ်သည် အလွန်စွမ်းအားကြီးပြီး သူ့ကို အောင်မြင်မှုအခွင့်အလမ်းများ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးအဆင့်မှ ပထမအဆင့်သို့ ခြောက်လအတွင်း ရောက်ရှိအောင် ကြိုးစားရမည်ဟု တွေးလိုက်မိရုံဖြင့် သူ့ခေါင်းတစ်ခုလုံး ထုံကျင်သွားတော့သည်။

နောက်ပိုင်းရက်များတွင် သူ့နို့ထိန်းအမေ၏ ဂရုတစိုက်ပြုစုမှုနှင့် လီဝမ်ဟွေ့၏ ငွေကုန်ကြေးကျခံ ကုသပေးမှုတို့ကြောင့် တုပိုင်သည် ၁၀ ရက်ခန့်အကြာတွင် လုံးဝနီးပါး သက်သာလာပြီး ကုတင်ပေါ်မှ ဆင်းနိုင်ပြီဖြစ်သည်။

လီဝမ်ဟွေ့က သူ့ကို သက်တောင့်သက်သာရှိသော အခန်းမှ ထွက်သွားရန် မပြောသော်လည်း တုပိုင်သည် ရိုးရှင်းပြီး ခက်ခဲကြမ်းတမ်းသော အဆောင်သို့ ပြန်သွားကာ ဘာသာရပ် ငါးခုကို စတင်လေ့လာတော့သည်။

သိုင်းပညာ၊ စာပေပညာ၊ ဂဏန်းသင်္ချာ၊ မြင်းစီးအတတ် နှင့် အဂ္ဂိရတ်ပညာ ဤဘာသာရပ် ငါးခုပေါင်းရမှတ်သည် အမှတ် ၄၅၀ ကျော်မှသာ တုပိုင်တစ်ယောက် ပထမရရန် အခွင့်အလမ်းရှိမည်ဖြစ်သည်။

ခြောက်လအတွင်း အမှတ် ၄၀၀ ကျော် တိုးတက်လာအောင် လုပ်ရမည်ဆိုသည်မှာ တကယ့်ကို ရူးသွပ်စရာပင်။ အကယ်၍ သူသာ တကယ်လုပ်နိုင်ခဲ့ပါက ထိုသည်မှာ ပြိုင်ဘက်ကင်း သမိုင်းတွင်မည့် မှတ်တမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

အပိုင်း (၆) ပြီး။

All Chapters