← Chapters

ရှောင်နူလာလို့မဖြစ်ဘူး

Vol. 1 Ch. 424

ရှောင်နူလာလို့မဖြစ်ဘူး

Vol. 1 Ch. 424

"နတ်ဆိုးသားရဲဘုရင် ဒါက ဘာကြီးလဲ။ ငါဘာလို့ နေရာရွှေ့ပြောင်းလို့ မရတာလဲ။ ခင်ဗျားကရော ဘာလို့မလှုပ်ရှားနိုင်တာလဲ"

သူ့ကိုယ်မှာ လျင်မြန်စွာ ဆွဲချခံနေရမှန်း ခံစားမိသောအခါ ကျန်းရီမှာ အံ့အားသင့် မှင်တက်နေခဲ့သည်။ ထိုအရာသည် အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ် တစ်ကောင်၏ အမြီးများ ဖြစ်နေသည်လော။ သို့သော်လည်း ထိုအနက်ရောင်နွယ်ထံမှ နတ်ဆိုးသားရဲအငွေ့အသက်ကို သူမခံစားမိပေ။

"ကောင်လေး...ငါတို့ ဒီတစ်ခါတော့ တကယ်ဒုက္ခရောက်ပြီ။ ဒါက နေနက်မိစ္ဆာနွယ်ပဲ"

နတ်ဆိုးသားရဲဘုရင်သည် ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။ ၎င်း၏ကိုယ်ကြီးမှာ တိုက်ခိုက်နိုင်ရန် အသာထား၊ လှုပ်တောင်မလှုပ်နိုင်ပေ။

"နေနက်မိစ္ဆာနွယ်...အဲ့ဒါက ဘာလဲ"

ယာ့ဇီသားရဲသည် မျက်နှာပျက်ပျက်နှင့် ရှင်းပြလာခဲ့သည်။

"အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်မြေရဲ့ ကြောက်စရာအကောင်းဆုံး မှင်စာပဲ။ အဲ့အချိန်တုန်းက သခင်ကလည်း နေနက်မိစ္ဆာနွယ်ရဲ့ ရစ်ပတ်မှုကို ခံခဲ့ရတယ်။ ဒါပေမယ့် သခင်က သေလုဆဲဆဲအချိန်မှာ တော်တော်လေး စွမ်းအားကြီးတဲ့ အလယ်အလတ်အဆင့် တာအိုတစ်မျိုးကို နားလည်သွားခဲ့ပြီး ကောင်းကင်ဧကရာဇ် အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်။ အဲ့ဒီနောက် သူက အဲ့ဒီနေနက်မိစ္ဆာနွယ်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ပြီး ထွက်ပြေးနိုင်ခဲ့တယ်"

"ဒါပေမယ့်လို့ သခင်တိုက်ခိုက်ခံခဲ့ရတာက အရှေ့ဘက်ပင်လယ်မှာ...အနောက်ဘက်ပင်လယ်မှာလည်း နေနက်မိစ္ဆာနွယ်တွေ ရှိတယ်ဆိုတာ ငါမသိခဲ့ဘူး။ ဒီသောက်ကျိုးနဲနွယ်က နယ်မြေရဲ့ အမာကျောဆုံးအရာလို့ ဆိုနိုင်တယ်။ ငါ့တိုက်ခိုက်မှုတွေက အဲ့ဒါကို ဖောက်မထွက်နိုင်ဘူး။ တစ်ချိန်ထဲမှာ ဒီနွယ်ပင်က အတွင်းအားကို ပိတ်ပင်နိုင်ပြီး လေဟာနယ်ကိုလည်း ကန့်သတ်နိုင်တယ်။ ဒါကြောင့် မင်းနဲ့ငါ မလွတ်မြောက်နိုင်ဘူး။ ဒီတော့ ဒီကောင် ဗိုက်ဆာလာတဲ့တစ်နေ့ ငါတို့အသွေးအသားတွေကို စုပ်ယူမှာကို စောင့်ရုံပဲရှိတယ်"

ကျန်းရီသည် ယာ့ဇီသားရဲ၏ ရှင်းပြချက် အရှည်ကြီးကို နားထောင်ပြီးနောက် ကျန်းရီမှာ စကားပင် မပြောနိုင်တော့ချေ။ နတ်ဆိုးသားရဲဘုရင်၏ အပြောအရဆိုလျှင် နတ်ဆိုးဧကရီပင် နေနက်မိစ္ဆာနွယ်အား ဘာမှမလုပ်နိုင်လောက်ချေ။ သူမ အဆင့်တက်ခဲ့သည်မှာ မကြာသေးပေ။ စုန်းနတ်ဘုရားကိုယ်တိုင်တောင် ကောင်းကင်နတ်ဘုရား အမြင့်ဆုံးအဆင့်သို့ ရောက်သွားမှသာ နေနက်မိစ္ဆာနွယ်ကို ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျန်းရီ၏ မျက်နှာသည် မည်းမှောင်နေခဲ့သည်။

"မှင်စာဆိုတာဘာလဲ။ အဲ့ဒါက အရှေ့ပင်လယ်မှာ ရှိသေးတာလား။ ပင်လယ်ပြင်က တော်တော်အန္တရာယ်များတာပဲ။ စုန်းနတ်ဘုရားကိုယ်တိုင်တောင် ပင်လယ်ရေနက်ပိုင်းတွေကို မသွားရဲတာ မထူးဆန်းတော့ဘူး"

နတ်ဆိုးသားရဲဘုရင်သည် အသက်ကိုဝဝရှူလိုက်ပြီး လေးလေးနက်နက် ရှင်းပြလာသည်။

"သားရဲတွေက ကောင်းကင်နဲ့မြေကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီးတော့ စွမ်းအားရှိတဲ့ နတ်ဆိုးသားရဲတွေအဖြစ် သန္ဓေဆင့်ကဲပြောင်းလဲကုန်တယ်။ အဲ့လိုပဲ ကျင့်ကြံနိုင်တဲ့ သစ်ပင်ဝိဉာဉ်တွေလည်း ကမ္ဘာပေါ်မှာ ရှိနေတယ်။ အဲ့လိုသစ်ပင်ဝိဉာဉ်တွေကို မှင်စာတွေလို့ ခေါ်တယ်။ ပင်လယ်ပြင်က ငါတို့မသိတဲ့ အန္တရာယ်တွေ ပြည့်နေတယ်။ လောကကြီးက ငါတို့စိတ်တောင်မကူးနိုင်တဲ့ သတ္တဝါမျိုးစုံ ရှိနေပြီး အကျယ်ကြီးပဲလို့ သခင်ပြောခဲ့ဖူးတယ်။ သခင်ရဲ့ အတောက်ပဆုံးနေ့ရက်တွေမှာ သူ့အင်အားနဲ့တောင် သတိလက်လွတ်လေး သွားလိုက်မိတာ အသက်ပေးရမလို ဖြစ်သွားခဲ့တာ...ငါ့လိုအားနည်းတဲ့ကောင်ဆို ပြောမနေပါနဲ့တော့"

ကောင်းကင်ကြယ်တာရာနယ်မြေမှ သူမထွက်သွားမည့်အချိန်တွင် မြေခွေးလေးအား နတ်ဆိုးဧကရီ ခေါ်မသွားရဲခြင်းမှာ မထူးဆန်းတော့ပေ။ သူမသည် အန္တရာယ်ကြုံချိန်တွင် ရှောင်ဖေးအား ကာကွယ်မပေးနိုင်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ကျန်းရီသည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ဤအချိန်သည် ခံစားချက်များကို အလေးပေးစဉ်းစားနေရမည့်အချိန် မဟုတ်မှန်း သူသတိရသွားခဲ့သည်။ သူနှင့် နတ်ဆိုးသားရဲဘုရင်သည် အချိန်မရွေး သေသွားနိုင်သည့် အနေအထားဖြစ်သည်။ လက်ရှိပြဿနာကို ဖြေရှင်းရန် နည်းလမ်း အရင်ရှာရမည်။

သူ့ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်နေပြီးနောက် အဖြေမရှိကြောင်း သူသဘောပေါက်သွားခဲ့သည်။ မီးဝိဉာဉ်ကျောက်တုံးသာ သူ့တွင်ရှိလျှင် အခွင့်အရေး ရှိနိုင်သေးသည်။

မီးဝိဉာဉ်ကျောက်တုံး...အမ်...သူအဘယ့်ကြောင့် လက်ရှိ အခြေအနေကို တွေ့ကြုံပြီးသလို ခံစားနေရသနည်း။ သူသတိရသွားခဲ့သည်။ ဟုတ်ပေသည်...သေမင်းပင်လယ်ပြင်၊ ပင်လယ်အောက်ရှိ အမျိုးသမီးအလောင်း။ အနှီရှေးဟောင်းခေါင်းတလား၏ အောက်တွင်လည်း ထူးဆန်းသော ရေမှော်ပင်တစ်မျိုး ရှိခဲ့သည် မဟုတ်ပါလော။ ထိုရေမှော်ပင်၏ ရစ်ပတ်ခံရပြီးနောက် သူနေရာရွှေ့ပြောင်း၍ မရခဲ့သလို အတွင်းအား ပိတ်ဆို့ခြင်းလည်း ခံခဲ့ရသည်။ ထိုရေမှော်ပင်သည် အတော်လေးမာကျောသော်လည်း ယခု နေနက်မိစ္ဆာနွယ်သည် ၎င်းထက် အဆများစွာ ပို၍ သန်မာလေသည်။

သူတို့ ကြယ်တံခွန်ကျွန်းသို့ အသွားတွင် သေမင်းပင်လယ်ပြင် နယ်နိမိတ်အတွင်း မတော်တဆ ဝင်ရောက်သွားခဲ့မိသည်။ ထိုစဉ်က ကျန်းရှောင်နူသည် အသွင်ပြောင်း၍ အနက်ရောင် ရေမှော်ပင်ကို ဖျက်ဆီးကာ သူနှင့်ဟဲလောင်ကို ကယ်တင်ခဲ့သည်။

ရှောင်နူ...သူမလာလျှင် ဤနေနက်မိစ္ဆာနွယ်ကို ဖျက်ဆီးပစ်နိုင်မည်လော။

ကျန်းရီ၏ စိတ်ထဲတွင် မျှော်လင့်ချက်ရေးရေးလေးတစ်ခု ဖြစ်တည်လာခဲ့သည်။ ထို့နောက် သူအလျင်အမြန် ခေါင်းယမ်းလိုက်သည်။ သူမလာ၍မဖြစ်၊ ရှောင်နူလာ၍ မဖြစ်ပေ။ နေနက်မိစ္ဆာနွယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် အနှီရေမှော်ပင်ထက် ဆယ်ဆခန့် ပိုမိုပြင်းထန်လေသည်။ ၎င်း၏အင်အားမှာလည်း ဆယ်ဆခန့် ပိုမိုအားကောင်းမည်မှာ သေချာလှသည်။ သူမလာ၍ တစ်ခုခု ဖြစ်သွားလျှင် မည်သို့ လုပ်မည်နည်း။

နေနက်မိစ္ဆာနွယ်သည် ပင်လယ်ရေအောက်သို့ ဆက်လက်နိမ့်ဆင်းနေသည်။ လက်ရှိတွင် ရေအောက်ကီလိုမီတာသုံးဆယ်ခန့်အထိ သူတို့ရောက်နေပြီဖြစ်သည်။ သူနှင့် နတ်ဆိုးသားရဲဘုရင်အား နေနက်မိစ္ဆာနွယ် မည်သည့်နေရာရောက်အောင် ခေါ်သွားမည်ကို မည်သူမှ မသိနိုင်ပေ။ ၎င်းသည် တမလွန်လောကမှလာပြီး သူတို့ကို ငရဲသို့ တိုက်ရိုက်ဆွဲချသွားခြင်းလည်း ဖြစ်လျှင်ဖြစ်နေနိုင်လေသည်။

***

ကြယ်တံခွန်ကျွန်း၏ ချင်ထန်ကုန်းဗိမ္မာန် အတွင်းတွင်...

"အနက်ရောင်နွယ်...ယာ့ဇီသားရဲကိုတောင် ချုပ်နှောင်နိုင်တဲ့ အနက်ရောင်နွယ်ဟုတ်လား"

ရွှေယို့လန်သည် ပထမဆုံး သတင်းရရှိသူဖြစ်သည်။ ရွှေချမ်လော့သည် ကျန်းရီအား အလွန်မုန်းတီးနေသော်လည်း ရွှေယို့လန် ကျန်းရီကို မည်မျှ တန်ဖိုးထားမှန်း ကြယ်တံခွန်ကျွန်းမှလူများ သိကြသည်။ ထို့ကြောင့် သူတို့သည် အချိန်မဆိုင်းဘဲ လျှို့ဝှက်ဆက်သွယ်ရေးနည်းလမ်းတစ်ခုကို သုံး၍ ကြယ်တံခွန်ကျွန်းထံ သတင်းလှမ်းပို့လိုက်ကြသည်။

"တုကူးယန်က လူတွေကိုစုပြီး အနက်ရောင်နကျယ်ကောင်တွေကို တိုက်ခိုက်ဖို့ စည်းရုံးတယ်"

စာအား သေချာဖတ်ပြီးနောက် ရွှေယို့လန်သည် မျက်လုံးလှန်၍ နှာခေါင်းရှုံ့လိုက်သည်။

"အနက်ရောင်နကျယ်ကောင်တွေက ကျန်းရီကို လှည့်စားဖို့ သိုင်းခန်းမက အကွက်ချထားတဲ့ ပရိယာယ် တစ်ခုပဲ ဖြစ်လိမ့်မယ်။ တုကူးချိုးတောင် ပြန်မရောက်သေးဘူး။ ဘာလို့ အဲ့အဘိုးကြီးနှစ်ယောက်က တုကူးယန်ကို စိတ်ကြိုက်ပြဿနာခွင့် ပြုထားတာလဲ။ ပြီးတော့ ဒီအစီအစဉ်က အရမ်းကို ပြည့်စုံလွန်းတယ်၊ လူတိုင်းကိုတောင် လှည့်စားနိုင်တယ်"

"နေနက်မိစ္ဆာနွယ်...ဒီတစ်ခါတော့ တကယ်ပြဿနာတက်တာပဲ။ ဒီကိစ္စက တောင်စဉ်သုံးထောင်က တစ်ယောက်အပေါ်ပဲ မူတည်တော့တယ်။ သူမလည်း အဖြေမရှာနိုင်ရင် ကျန်းရီ ကိုယ့်ကိုယ်ကို ကယ်မှပဲ ရတော့မယ်။ ဟူး..."

ရွှေယို့လန်သည် သက်ပြင်းအသာချ၍ ချင်ထန်ကုန်းဗိမ္မာန်အတွင်းမှ ကွယ်ပျောက်သွားခဲ့သည်။

"ကျန်းရီက ယာ့ဇီသားရဲနဲ့အတူ အနက်ရောင်နွယ်တစ်ခု ချုပ်နှောင်တာခံလိုက်ရတယ် ဟုတ်လား"

မကြာခင်တွင် ကျူးကော့ချမ်ယွမ်လည်း သတင်းရရှိလေသည်။ ရတနာရှာဖွေသည့် ခရီးတွင် ဝိဉာဉ်သားရဲသင်တန်းကျောင်းမှ ဒုကျောင်းအုပ်တစ်ဦး စေလွှတ်ခဲ့သည်။ ယာ့ဇီသားရဲအား သူမြင်လိုက်လေရာ ချုပ်နှောင်ခံလိုက်ရသောသူမှာ ကျန်းရီဖြစ်ကြောင်း သေချာလေသည်။ ထို့ကြောင့် သူသည် ရှီးနဉ်မြို့သို့ ချက်ချင်းပြန်၍ ကျူးကော့ချမ်ယွမ်ထံ သတင်းပို့ရန် လျှို့ဝှက်စာပို့သည့် အစီအရင်ကို အသုံးပြုခဲ့သည်။

"ကျောင်းအုပ်ချီ...သင်တန်းကျောင်းကို စောင့်ရှောက်ထားလိုက်၊ ငါအပြင်ထွက်မယ်"

အချိန်အနည်းငယ် စဉ်းစားပြီးနောက် ကျူးကော့ချမ်ယွမ်သည် ကျောင်းအုပ်ချီအား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ သူ့လက်အတွင်းမှ ဝိဉာဉ်သားရဲအဆောင်သည် လင်းလက်သွားခဲ့ပြီး ရွှေရောင်နဂါးကြီး ပေါ်ထွက်လာခဲ့သည်။ သူ လက်ဝှေ့ယမ်းလိုက်ပြီးနောက် သူ့ဘီးတပ်ကုလားထိုင်မှာ မြောက်တက်သွားခဲ့ပြီး ရွှေရောင်နဂါးကြီး၏ ကျောထက် ငြိမ်သက်စွာ ကျဆင်းသည်။ ရွှေရောင်နဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ လေထဲတွင် တစ်ပတ်ပတ်လိုက်ပြီး အနောက်အရပ်သို့ ရွှေရောင်အလင်းတန်းတစ်ခုသဖွယ် ပြေးထွက်သွားခဲ့သည်။

"ရွှေရောင်နဂါး...ဘာဖြစ်တာလဲ။ ကျောင်းအုပ်အပြင်သွားတာလား"

နတ်ဆိုးသားရဲဘုရင်အဆင့်ဖြစ်သည့် ရွှေရောင်နဂါး၏ဟိန်းသံသည် သင်တန်းကျောင်းတစ်ခုလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ကျောင်းသားတို့သည် အခန်းအသီးသီးမှ ပြေးထွက်လာကြပြီး မေးမြန်းစူးစမ်းကြသည်။ သူတို့မျက်ဝန်းများတွင် ပူပန်မှုအပြည့်ဖြစ်သည်။

"စစ်သေနာပတိချုပ် အန္တရာယ် ရှိနေတာလား"

ရှန်မိမြို့တွင် ငွေပန်းပွင့်အဘွားအိုသည် သတင်းရသည်နှင့် တွေဝေမနေဘဲ အနောက်မြောက်ဘက်အရပ်သို့ ချက်ချင်းပျံသန်းလာခဲ့သည်။ သူမ၏အရှိန်သည် အလွန်မြန်ဆန်လေသည်။ ရှန်မိမြို့အတွင်းမှ သာမန်လူတို့သည် အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကိုသာ တစ်စွန်းတစ်စ မြင်လိုက်ကြရသည်။

"ဘယ်လို...ကျန်းလန်ဒုက္ခရောက်နေပြီဟုတ်လား"

ရှားယွိမြို့ တော်ဝင်နန်းတော်တွင် ဖြစ်သည်။ သတင်းကြားလိုက်ရသည်နှင့် စုလောရွှယ်၏ လက်အတွင်းမှ လက်ဖက်ရည်ခွက်သည် လွတ်ကျ၍ အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။ သူမသည် အချိန်တစ်ခုကြာ မလှုပ်ရှားနိုင်ဖြစ်နေပြီး သတင်းကို နောက်တစ်ကြိမ် ပြန်စစ်ဆေးလိုက်သည်။ ထို့နောက် သူမသည် မတ်တပ်ရပ်လိုက်ပြီး ရွှယ်လော့နန်းဆောင်ထံ ချက်ချင်းသွားလိုက်သည်။

မကြာခင်တွင် မြေခွေးလေးတစ်ကောင်သည် သိုင်းသမားနှစ်ဦး၏ အကာအကွယ်နှင့်အတူ ရှားယွိမြို့မြောက်ဘက်ဂိတ်တံခါးမှ ထွက်ခွာသွားခဲ့သည်။ ရှောင်ဖေးသည် မြို့ပြင်ဘက်ရှိ နတ်ဆိုးသားရဲဘုရင်နှစ်ကောင်အား တွေ့သွားပြီးနောက် တောင်စဉ်သုံးထောင်ထံ အားကုန်ထွက်ခွာစေသည်။

တစ်ချိန်တည်းတွင် စုလောရွှယ်သည် သိုင်းသမားအချို့ကို ဦးဆောင်၍ လေသားရဲအချို့ကို စီးနင်းကာ အနောက်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။ အောက်တွင် မှူးမတ်များ၊ စစ်သူကြီးများ အုပ်စုမှာ ရင်တမမနှင့် ကျန်ရစ်ခဲ့လေသည်။

နိုင်ငံ၏ အရှင်သခင်သည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။ ဤသတင်း ပျံ့နှံ့သွားချိန်တွင် ရှားနိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်မှာ မလွဲပေ။

"ရှောင်နူ...ကျန်းလန်ကို မင်းကယ်နိုင်မယ်ဆိုတာ သေချာလား"

စုလောရွှယ်စီးနင်းသော လေအမျိုးအစား ဝိဉာဉ်သားရဲသည် သာမန်ကြိုးကြာဖြူသာ ဖြစ်လေရာ ထူးထူးခြားခြား မြန်ဆန်ခြင်းမရှိပေ။ သို့သော်လည်း ၎င်းသည် တတိယအဆင့် နတ်ဆိုးသားရဲ အများစုထက် သာလေသည်။ စုလောရွှယ်၏ ဝတ်ရုံနှင့် ဆံနွယ်များမှာ လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေပြီး ဆူညံသံတို့ ထွက်နေသည်။ သို့သော် သူမ ဂရုမစိုက်နိုင်ပေ။ သူမသည် ဘေးဘက်ရှိ ကျန်းရှောင်နူအားကြည့်ကာ ပူပန်စွာ မေးလိုက်သည်။

"သေချာတယ်"

ကျန်းရှောင်နူသည် အနောက်အရပ်သို့ မျှော်ကြည့်လိုက်ပြီး စိတ်လေးစွာ ခေါင်းငြိမ့်လိုက်သည်။ သူမနှုတ်ခမ်းများသည် မသိမသာလှုပ်ရှားသွားခဲ့ပြီး သူမတစ်ဦးသာ ကြာနိုင်သည့်အသံဖြင့် တီးတိုးရေရွတ်မိလေသည်။

"သခင်လေး...ရှောင်နူကိုစောင့်ပါ။ ရှောင်နူအသက်ပေးရမယ်ဆိုရင်တောင် သခင်လေးကို ရအောင်ကယ်မယ်"

***

All Chapters