အခန်း (၁၀)
Vol. 1 Ch. 10
ထိုညနေခင်းတွင် တုပိုင်သည် စာသင်ခန်းထဲ၌ အခြေခံသိုင်းပညာနည်းပြ ပိုင်ချွမ်းနှင့် တွေ့ဆုံခဲ့သည်။ ပိုင်ချွမ်းသည် အလွန်မကျေမနပ် ဖြစ်နေပုံရသည်။ သူသည် လီဝမ်ဟွေ့၏ အမိန့်ကို မလွန်ဆန်ရဲသောကြောင့် တုပိုင်အပေါ် ပို၍ ဒေါသထွက်နေသည်။
“မင်း ပထမနှစ် ပထမစာသင်နှစ်ဝက်တုန်းက အခြေခံသိုင်းပညာသီအိုရီ စာမေးပွဲမှာ အမှတ်ဘယ်လောက်ရခဲ့လဲ။” ပိုင်ချွမ်းက မေးလိုက်သည်။
တုပိုင်က ပြန်ဖြေသည်။ “၂၁ မှတ်ပါ။”
“အရှက်ခွဲတာပဲ။ မိန်းမစိုးဂိုဏ်းကို အရှက်ခွဲတာပဲ။” ပိုင်ချွမ်းက အေးစက်စွာ ပြောသည်။ “အဲဒီတုန်းက မင်းမကြိုးစားခဲ့ဘဲ အခုမှ ကြိုးစားချင်တယ်ပေါ့။ နောက်ကျသွားပြီ။”
တုပိုင် ပြန်မငြင်းပေ။
ပိုင်ချွမ်းက ဆက်ပြောသည်။ “ငါ ကျောင်းအုပ်ကြီးကို ကတိပေးထားလို့ မင်းကို အခြေခံသိုင်းပညာ သင်ပေးမယ်။ ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုရှိတယ်။”
“ဟုတ်ကဲ့။” တုပိုင်က ပြောသည်။ “ပြောပါ ဆရာ။”
ပိုင်ချွမ်းက ပြောသည်။ “မင်း အရင်ဆုံး အခြေခံသိုင်းပညာသီအိုရီတွေကို ကိုယ့်ဘာသာ လေ့လာရမယ်။ ဂျင်းလော်သွေးကြောများနှင့် သွေးကွက်များ နဲ့ ရွှမ်းချီ အခြေခံသီအိုရီ ၁၊ ၂၊ ၃ စာအုပ်တွေကို သွားဖတ်ပြီး ကျွမ်းကျင်အောင် လုပ်။ ပြီးရင် ငါ့ရဲ့ သီအိုရီစာမေးပွဲမှာ အမှတ် ၈၅ ရအောင် ဖြေနိုင်မှ လက်တွေ့အခြေခံသိုင်းပညာ လေ့ကျင့်မှုကို စမယ်။”
ပိုင်ချွမ်းက တုပိုင်ကို အကြပ်ရိုက်အောင် လုပ်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြေခံသိုင်းပညာသီအိုရီစာမေးပွဲတွင် ၈၅ မှတ်ရရန်မှာ အလွန်ခက်ခဲသောကြောင့်ပင်။
ပုံမှန်အားဖြင့် အောင်မှတ် ၆၀ ရရုံဖြင့် လက်တွေ့လေ့ကျင့်ခန်း စတင်ရန် လုံလောက်သည်။ ၈၅ မှတ်ဆိုသည်မှာ ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်သော အမှတ်ဖြစ်ပြီး တုပိုင် ထိုအမှတ်ကို မရနိုင်ဟု ပိုင်ချွမ်း သေချာပေါက် တွက်ထားသည်။
လွန်ခဲ့သော ၄ နှစ်က တုပိုင်သည် ၂၁ မှတ်သာ ရခဲ့ဖူးသည်။ ၈၅ မှတ် ရရန်အတွက် အနည်းဆုံး ၆ လခန့် အချိန်ယူလေ့လာရမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် ဘွဲ့ယူစာမေးပွဲကြီးပင် ပြီးဆုံးသွားပေလိမ့်မည်။
သူ၏ ရည်ရွယ်ချက်မှာ တုပိုင်ကို လက်လျှော့သွားစေရန် ဖြစ်သည်။
သို့သော် တုပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာပိုင်ချွမ်း။”
ပိုင်ချွမ်း အံ့သြသွားပြီး ပြောလိုက်သည်။ “ဒါဆိုရင် အတည်ပဲ။ သွားတော့... ဂျင်းလော်သွေးကြောများနှင့် သွေးကွက်များစာအုပ်ကို ကိုယ့်ဘာသာ သွားလေ့လာချေ။ ငါသွားတော့မယ်။”
တုပိုင်က ပြောလိုက်သည်။ “ဆရာ... ကျွန်တော် အခြေခံသိုင်းပညာသီအိုရီ စာအုပ်ကြီး ၄ အုပ်စလုံးကို လေ့လာပြီးပါပြီ။ ဆရာ အခုပဲ ကျွန်တော့်ကို သီအိုရီစာမေးပွဲ စစ်လို့ရပါတယ်။”
“မင်းက ရက်ပိုင်းလေးအတွင်းမှာ အကုန်လေ့လာပြီးသွားပြီ ဟုတ်လား။” ပိုင်ချွမ်းက အံ့သြတကြီး အော်ပြောလိုက်သည်။ “မဖြစ်နိုင်တာ။ မင်း ဖြတ်လမ်းနည်း သုံးဖို့ မကြိုးစားနဲ့။”
တုပိုင်က ပြောသည်။ “ဆရာ မယုံရင် အခုချက်ချင်း ကျွန်တော့်ကို မေးခွန်းစာရွက် ပေးပြီး ဖြေခိုင်းကြည့်ပါ။”
ပိုင်ချွမ်းက တုပိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ ပထမနှစ် အခြေခံသိုင်းပညာသီအိုရီ စာမေးပွဲမေးခွန်းစာရွက်ကို ယူရန် ထွက်သွားတော့သည်။
“မင်း စာမေးပွဲ စဖြေလို့ရပြီ။ အချိန်က တစ်နာရီခွဲပဲ ရမယ်။ တကယ်လို့ မင်း ၈၅ မှတ်ကျော်ရင် ငါ မင်းကို အခြေခံသိုင်းပညာ စသင်ပေးမယ်။ ၆၀ အောက် ရောက်ခဲ့ရင်တော့ မင်း ငါ့ကို အရှက်လာခွဲနေတာပဲ။ အဲဒီကျရင် ချက်ချင်း ထွက်သွားလိုက်တော့။”
**--**--**--**--**--**--**--**
တုပိုင်သည် စားပွဲခုံရှေ့တွင် ဝင်ထိုင်လိုက်ပြီး အသင့်ရှိနေသော ခဲတံကို ကောက်ကိုင်လိုက်သည်။
ပိုင်ချွမ်းသည် စားပွဲထိပ်တွင် ထိုင်လျက် စာမေးပွဲကို ကြီးကြပ်နေပြီး သဲနာရီကို ပြောင်းပြန်လှန်လိုက်သည်။ သဲများကုန်သွားသည့်အချိန်သည် တစ်နာရီခွဲတိတိ ကြာမြင့်မည်ဖြစ်သည်။
မိန်းမစိုးဂိုဏ်းအကယ်ဒမီ၊ စာပေပညာရှင်အကယ်ဒမီနှင့် စစ်ဘက်ဆိုင်ရာအကယ်ဒမီ သုံးခုစလုံးတွင် ဝင်ခွင့်ဖြေဆိုရန်အတွက် အခြေခံသိုင်းပညာသီအိုရီ စာမေးပွဲကို မဖြစ်မနေ ဖြေဆိုကြရသည်။
ထိုအကယ်ဒမီကြီးသုံးခုသည် ပြိုင်ဆိုင်မှု ပြင်းထန်ကြသဖြင့် စာမေးပွဲများသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုခက်ခဲလာကြပြီး တစ်ဖက်နှင့်တစ်ဖက် အသာစီးရရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
ပထမနှစ်ကျောင်းသားများအတွက် အခြေခံသိုင်းပညာသီအိုရီ စာမေးပွဲတွင် မေးခွန်းလွှာ ရှစ်စောင်ပါဝင်ပြီး ယခုနှစ်မေးခွန်းများမှာ အထူးပင် ခက်ခဲနက်နဲလှသည်။
ယနေ့ည ထွက်ရှိလာသော ပထမနှစ်ကျောင်းသားများ၏ စာမေးပွဲရလဒ်များတွင် အမြင့်ဆုံးအမှတ်မှာ ၈၉ မှတ်သာရှိပြီး ပျမ်းမျှအမှတ်မှာ ၆၁ မှတ်သာ ရှိလေသည်။
ထို့ကြောင့် ပိုင်ချွမ်းသည် တုပိုင်ကို အရှက်ခွဲရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ တုပိုင်၏ စာပေရမှတ်များ ကောင်းမွန်သည်ထားဦးတော့ မေးခွန်းအချို့မှာ အလွန်ခက်ခဲသောကြောင့် ၈၅ မှတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် တုပိုင်က လေးရက်သာ လေ့လာရသေးသည်ဟု ပြောခဲ့သည် မဟုတ်ပါလော။ သို့သော် မေးခွန်းစာရွက်ကို လက်ခံရရှိပြီးနောက် တုပိုင်၏ ခံစားချက်မှာ တစ်မျိုးတည်းသာ ရှိတော့သည်။
‘ရှယ်ပဲဟေ့...။’
ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော ကျောင်းထိပ်သီးတစ်ယောက်၏ ခံစားချက်များ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဤခံစားချက်သည် အလွန်ပင် ကောင်းမွန်လှ၏။ သူသည် မေးခွန်းအားလုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အဖြေမှန်ကို ချက်ချင်း သိမြင်နေသည်။ မေးခွန်းကို မြင်လိုက်သည့်ခဏ၌ပင် ဦးနှောက်ထဲသို့ အဖြေက အလိုအလျောက် ရောက်ရှိလာခြင်း ဖြစ်သည်။
ဤအခြေအနေသည် ကမ္ဘာမြေမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ သို့မဟုတ် ဘွဲ့လွန်စာမေးပွဲများ ဖြေဆိုရသည်ထက်ပင် ပိုမိုပျော်ရွှင်ဖွယ် ကောင်းနေသေးသည်။
မေးခွန်းအားလုံးကို ဖတ်ပြီးနောက် ၉၀ ရာခိုင်နှုန်းသော မေးခွန်းများအတွက် အဖြေကို ချက်ချင်းသိလိုက်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကိုတော့ အဖြေထုတ်ရန် စက္ကန့် ၃၀ ခန့်သာ စဉ်းစားလိုက်ရသည်။
ထို့နောက် တုပိုင်သည် အချိန်ကိုပင် မေ့လျော့သွားပြီး မေးခွန်းများကို ဆက်တိုက် ဖြေဆိုလိုက်တော့သည်။ သူ၏လက်သည် စာရွက်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေလေသည်။
ပထမမေးခွန်းလွှာ၊ ဒုတိယမေးခွန်းလွှာ၊ တတိယမေးခွန်းလွှာ.....။
နောက်ဆုံးတွင် မေးခွန်းလွှာ ရှစ်စောင်စလုံးကို ဖြေဆိုပြီးသွားခဲ့သည်။ တုပိုင် မော့ကြည့်လိုက်သောအခါ သဲနာရီထဲတွင် သဲများ လေးပုံတစ်ပုံခန့် ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရ၏။ သုံးနာရီကြာ ဖြေဆိုရမည့် စာမေးပွဲကို မိနစ် ၄၀ မပြည့်ခင်မှာပင် ပြီးစီးသွားခဲ့ခြင်းဖြစ်သည်။
နောက်ထပ် ၁၀ မိနစ်ခန့်ကိုတော့ နောက်ဆုံးအကြိမ် ပြန်လည်စစ်ဆေးရန် အသုံးပြုလိုက်သည်။
“ဆရာပိုင်ချွမ်း... ကျွန်တော် အဖြေလွှာအပ်ပါတော့မယ်။” တုပိုင်က မတ်တပ်ရပ်လိုက်သည်။
ပိုင်ချွမ်းသည် အံ့အားသင့်သွားပြီး တုပိုင်ကို ကြည့်ကာ အလွန်စိတ်ပျက်သွားမိသည်။ မေးခွန်းများ ခက်ခဲမှန်း သူသိသော်လည်း နာရီဝက်မပြည့်ခင် လက်လျှော့လိုက်ခြင်းက သူ့ကို ဒေါသထွက်စေသည်။
ဆိုလိုသည်မှာ တုပိုင်သည် မေးခွန်း လေးပုံတစ်ပုံလောက်ကိုပင် မဖြေနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။
သူသည် မတ်တပ်ရပ်ကာ ရှေ့သို့တိုးလာပြီး တုပိုင်၏ အဖြေလွှာကို တိုက်ရိုက်ယူလိုက်သည်။
“ငါ မင်းကို အခွင့်အရေးပေးခဲ့တယ်။ မင်းကိုယ်တိုင် လက်လွှတ်လိုက်တာပဲ။ နောက်နောင် ငါ့ကို လာမရှာနဲ့တော့။”
သူ့စကား မဆုံးသေးခင်မှာပင် တုပိုင်၏ အဖြေလွှာပေါ်တွင် အဖြေများ ပြည့်နှက်နေသည်ကို သတိထားမိလိုက်သည်။ လက်ရေးလက်သားများမှာလည်း အလွန်သေသပ်လှပနေလေသည်။
ပထမစောင်၊ ဒုတိယစောင်၊ တတိယစောင်... မေးခွန်းလွှာ ရှစ်စောင်စလုံး ပြီးစီးနေရုံသာမက အကြမ်းဖျင်းကြည့်လိုက်လျှင်ပင် အမှန်ရွေးချယ်မှုနှုန်းမှာ အလွန်မြင့်မားနေပုံရသည်။
ပိုင်ချွမ်းသည် တုပိုင်ကို မယုံနိုင်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏စားပွဲသို့ ချက်ချင်းပြန်သွားကာ အဖြေမှန်စာရွက်ကို ထုတ်၍ စစ်ဆေးလေတော့သည်။
အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်ပင် ၁၀၀ ရာခိုင်နှုန်း မှန်အောင်ဖြေနိုင်မည် မဟုတ်သော မေးခွန်းအချို့ ပါဝင်နေသည်။
တုပိုင်၏ အဖြေလွှာကို စစ်ဆေးနေရင်း ပိုင်ချွမ်း၏ မျက်နှာထားသည် တဖြည်းဖြည်း ထိတ်လန့်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် အသက်ရှူရပ်မတတ် ဖြစ်သွားရပြီး မျက်လုံးများ ပြူးကျယ်သွားရတော့၏။
နာရီဝက်ခန့်အကြာတွင် ပိုင်ချွမ်းသည် အဖြေလွှာများကို စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ သူသည် တုပိုင်၏ အဖြေလွှာတွင် အမှားတစ်ခုလောက် ရှာတွေ့လိုဇောဖြင့် ထပ်ခါထပ်ခါ စစ်ဆေးသော်လည်း လုံးဝ ရှာမတွေ့ခဲ့ပေ။
ရလာဒ်မှာ အမှတ်ပြည့် ၁၀၀ တိတိဖြစ်၏။ အမှတ် ၁၀၀ ကို ကြည့်ရင်း ပိုင်ချွမ်း၏ လက်များ တုန်ယင်လာပြီး မျက်တောင်ပင် မခတ်နိုင်တော့ချေ။
ဤအရာသည် အလွန်တုန်လှုပ်ဖွယ်ကောင်းလွန်းသည်။ မယုံနိုင်စရာ ကောင်းလွန်းသည်။ ပိုင်ချွမ်းသည် သူ၏မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေသည်။
ဤအခြေခံသိုင်းပညာသီအိုရီ စာမေးပွဲသည် အလွန်ခက်ခဲလှရာ ပထမနှစ်ကျောင်းသားများထဲတွင် အမြင့်ဆုံးရမှတ်သည် ၈၉ မှတ်သာ ရှိခဲ့သည်။ တုပိုင်က အမှတ်ပြည့် ၁၀၀ ရသွားသည်လော။ မဖြစ်နိုင်ချေ။
ရိုးရိုးသားသား ဝန်ခံရလျှင် ပိုင်ချွမ်းကိုယ်တိုင် ဖြေဆိုလျှင်ပင် အမှတ် ၁၀၀ ရမည်မဟုတ်ဘဲ အများဆုံး ၉၅ မှတ်သာ ရရှိနိုင်သည်။ မေးခွန်းအချို့သည် အလွန်ရှုပ်ထွေးပြီး လှည့်ကွက်များ ပါဝင်သောကြောင့်ဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ပိုင်ချွမ်းသည် အသံမထွက်နိုင် ဖြစ်နေသည်။ သူသည် အဖြေလွှာကို တစ်လှည့် တုပိုင်ကို တစ်လှည့် ကြည့်နေမိသည်။
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး...” ပိုင်ချွမ်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“တုပိုင်... မင်း မသမာတဲ့နည်းလမ်းနဲ့ မေးခွန်းတွေနဲ့ အဖြေတွေကို ကြိုရထားတာလား။”
သူ ထိုသို့ သံသယဝင်မိသည်မှာ မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် တုပိုင်နှင့် ကျောင်းအုပ်ကြီး လီဝမ်ဟွေ့တို့ကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည်ဟု ထင်ရသောကြောင့်ဖြစ်သည်။
ကျောင်းအုပ်ကြီး လီဝမ်ဟွေ့၏ စိတ်ဓာတ်ကို သူလေးစားယုံကြည်သော်လည်း သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်များက ယုံနိုင်စရာ မရှိလောက်အောင်ပင် ဖြစ်နေသည်။
ထိုအကြောင်းပြချက်တစ်ခုတည်းကသာ တုပိုင်အနေဖြင့် မဖြစ်နိုင်သော အမှတ် ၁၀၀ ကို ရရှိခဲ့ခြင်းအား ရှင်းပြနိုင်ပေလိမ့်မည်။
တုပိုင်သည် ဒေါသတကြီး ငြင်းဆန်မနေဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဒီည အချိန်ရပါသေးတယ်... ဆရာ့ဆီမှာ အပိုမေးခွန်းလွှာတွေ ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... ဆရာ ကြိုက်တဲ့ မေးခွန်းလွှာတစ်စုံကို ထုတ်ပြီး ကျွန်တော့်ကို စစ်ဆေးနိုင်ပါတယ်။”
ပိုင်ချွမ်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အပြင်သို့ လျင်မြန်စွာ ထွက်ခွာသွားသည်။
အပိုင်း (၁၀) ပြီး။