အခန်း (၁၁)
Vol. 2 Ch. 11
၁၅ မိနစ်ခန့်အကြာတွင် သူသည် နောက်ထပ် မေးခွန်းလွှာတစ်စုံကို ကိုင်လျက် အလျင်စလို ပြန်ရောက်လာသည်။ ဤသည်မှာ အရန်မေးခွန်းလွှာဖြစ်ပြီး ပေါက်ကြားရန် လုံးဝ မဖြစ်နိုင်ကြောင်း သူသေချာသည်။
ဤတစ်ကြိမ်တွင်တော့ ပိုင်ချွမ်းသည် တုပိုင်၏ ဘေးနားတွင် မတ်တပ်ရပ်ကာ ဖြေဆိုနေသည်ကို စောင့်ကြည့်နေလိုက်သည်။
သို့သော် ရလဒ်မှာ အတူတူပင်ဖြစ်သည်။ တုပိုင်သည် မေးခွန်းလွှာတစ်ခုလုံးကို အစမှအဆုံး ဖတ်ကြည့်လိုက်ပြီးနောက် ယခင်မေးခွန်းလွှာထက်ပင် ပိုမိုလွယ်ကူသည်ကို တွေ့လိုက်ရသည်။
မေးခွန်းအားလုံး၏ အဖြေများသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ပေါ်လာသည်။ ပြီးခဲ့သည့် စာမေးပွဲထက်ပင် ပိုမိုချောမွေ့ပြီး ပျော်ရွှင်စရာ ကောင်းနေသေးသည်။
သူသည် မေးခွန်းများကို တုံ့ဆိုင်းခြင်းမရှိ တွန့်ဆုတ်ခြင်း မရှိဘဲ ချောမွေ့လွယ်ကူစွာ ဖြေဆိုသွားလေသည်။
နာရီဝက်မပြည့်မီ အချိန်အတွင်း မေးခွန်းလွှာ ရှစ်စောင်စလုံး ပြီးစီးသွားခဲ့သည်။ ကျောင်းတော်သား ထိပ်သီးတစ်ယောက်၏ ခံစားချက်ကို ပြန်လည်ရရှိခြင်းက အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် တုပိုင်တစ်ယောက် အော်ဟစ်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။
'ဒီလို မေးခွန်းလွှာမျိုး နောက်ထပ် ရှစ်စုံလောက် ထပ်ပေးစမ်း။'
ဤတစ်ခါတွင်တော့ အမှတ်ပေးနေစရာပင် မလိုတော့ချေ။ အဖြေလွှာပေါ်ရှိ အဖြေတစ်ခုချင်းစီတိုင်းသည် မှန်ကန်နေရုံသာမက စံပြအဖြေများထက်ပင် ပိုမိုတိကျနေကြောင်း ပိုင်ချွမ်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
နောက်ထပ် အမှတ်ပြည့်။ ကြောက်မက်ဖွယ်ကောင်းသော အမှတ်ပြည့်ပင် ဖြစ်သည်။
ပိုင်ချွမ်း မယုံကြည်နိုင် ဖြစ်နေသည်။ လွန်ခဲ့သော လေးနှစ်အတွင်း တုပိုင် ဘာတွေကို ဖြတ်သန်းခဲ့သနည်း။ သူသည် ဤကဲ့သို့ လူတိုင်းကို အံ့အားသင့်စေရန်အတွက် လေးနှစ်လုံးလုံး အခြေခံသိုင်းပညာသီအိုရီများကိုပဲ လေ့လာနေခဲ့ခြင်းလော။
အကယ်၍ သူပြောသကဲ့သို့ လေးရက်သာ လေ့လာခဲ့ရခြင်း ဖြစ်သည်ဆိုပါက...။ 'မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ သေတောင် မဖြစ်နိုင်ဘူး။'
"မနက်ဖြန် မနက်ကျရင် ပထမနှစ်ကျောင်းသားတွေနဲ့အတူ အခြေခံသိုင်းပညာ ပထမဆုံးသင်ခန်းစာဖြစ်တဲ့ အရွတ်ဆေးကြောခြင်းလေ့ကျင့်ခန်းကို လာသင်တော့..."
ပိုင်ချွမ်းက ပြောလိုက်သည်။
"ငါ့မှာ မင်းကို သီးသန့်သင်ပေးဖို့ အချိန်အပို မရှိဘူး... မင်း အရှက်မကွဲမှာ မကြောက်ဘူးဆိုရင် ငါ့အတန်းကို လာခဲ့။"
ဤသည်မှာ အထက်တန်းကျောင်းသားတစ်ယောက် မူလတန်းကျောင်းခန်းထဲသို့ ပြန်လည်ဝင်ရောက်ရသကဲ့သို့ ဖြစ်ပြီး အလွန်အရှက်ရစရာ ကောင်းလှသည်။ သို့သော် တုပိုင်က ထိုအရာများကို ဂရုမစိုက်ပေ။
"ဟုတ်ကဲ့။ ကျွန်တော် ကျိန်းသေပေါက် လာခဲ့ပါ့မယ်။"
တုပိုင် ပြန်ပြောလိုက်ပြီး အိပ်စက်ရန်အတွက် အဆောင်သို့ ပြန်လာခဲ့လေသည်။
**--**--**--**--**--**--**--**
အခြေခံသိုင်းပညာ၏ ပထမဆုံးသင်ခန်းစာမှာ အရွတ်များကို ဆေးကြောခြင်းနှင့် ခန္ဓာကိုယ်ကို သန်မာစေခြင်း ဖြစ်သည်။
အမည်နှင့်လိုက်ဖက်စွာပင် ထိုလေ့ကျင့်ခန်းသည် ခန္ဓာကိုယ်၏ ဂျင်းလော်သွေးကြောများ၊ ကြွက်သားများနှင့် အရိုးများကို ပိုမိုကြံ့ခိုင်လာစေရန်၊ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ထိခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်။
နောင်လာမည့် ပြင်းထန်သော သိုင်းပညာလေ့ကျင့်မှုများကို ခံနိုင်ရည်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းလည်း ဖြစ်လေသည်။
တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီးနောက် နောက်တစ်နေ့နံနက်တွင် တုပိုင်သည် ပထမနှစ် အတန်း (က) ၏ စာသင်ခန်းမကြီးထဲ၌ ပေါ်လာခဲ့သည်။
ထိုနေရာတွင် အံ့သြနေကြသော မျက်လုံးအစုံ ၅၀ ခန့်က သူ့ကို စိုက်ကြည့်နေကြလေသည်။
နောက်တစ်ဆင့်တွင် သူသည် ဤကျောင်းသားသစ်များနှင့်အတူ အရွတ်ဆေးကြောခြင်း သင်ခန်းစာကို သင်ယူရတော့မည် ဖြစ်သည်။
ယခုနှစ်တွင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ၌ ကျောင်းသားသစ် အတန်းငါးတန်းခွဲထားပြီး စုစုပေါင်း ၂၆၀ ခန့် ရှိလေသည်။
ပိုင်ချွမ်းသည် ကျောင်းသား ၅၀ ပါဝင်သော အတန်း (က) ကို တာဝန်ယူရပြီး ကျောင်းသားအားလုံးမှာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်များ ဖြစ်ကြသည်။
ကျောင်းသားတိုင်းသည် မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ မဝင်ရောက်မီ အခြေခံလေ့ကျင့်ခန်းများနှင့် ဝင်ခွင့်စာမေးပွဲများကို အောင်မြင်ထားသူများ ဖြစ်ကြသည်။
တုပိုင်သည် အသက် ၁၈ နှစ်ရှိနေပြီ ဖြစ်သည်။ မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် အဆင့်အတန်းခွဲခြားမှု ရှင်းလင်းပြတ်သားလှသဖြင့် လူငယ်လေးများအားလုံးသည် တုပိုင်ကို ကြောက်ရွံ့သောအကြည့်များဖြင့် ကြည့်နေကြသည်။
စီနီယာကျောင်းသားတစ်ယောက်က သူတို့အတန်းထဲတွင် အဘယ်ကြောင့် ရောက်နေရသနည်းဟု တွေးတောနေကြခြင်းဖြစ်သည်။
ပိုင်ချွမ်း ဝင်လာသည်နှင့် တုပိုင်ကို ချက်ချင်း မြင်လိုက်သည်။
"မင်းတို့ရှေ့ကလူက တုပိုင်ပဲ။ နောက် ၆ လနေရင် ဘွဲ့ရတော့မယ့်သူ။ ဒါပေမဲ့ သူက လွန်ခဲ့တဲ့ ၄ နှစ်ခွဲလုံးလုံး အိပ်မက်မက်နေပြီး အခုမှ ပြန်နိုးလာလို့ မင်းတို့နဲ့အတူ အခြေခံသိုင်းပညာ ပထမဆုံးသင်ခန်းစာကို လာတက်တာ။"
"ဟုတ်တယ်။ မကြာခင် ဘွဲ့ရတော့မယ့် စီနီယာအစ်ကိုကြီးက ပထမနှစ် စာသင်ခန်းထဲကို ပြန်ရောက်လာတာပဲ။ ဒါက မိန်းမစိုးဂိုဏ်းအကယ်ဒမီသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။"
ပိုင်ချွမ်းက အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့အနေနဲ့ သူ မရှိဘူးလို့ သဘောထားလို့ရသလို ကျရှုံးမှုနဲ့ အရှက်တရားရဲ့ ပြယုဂ်တစ်ခုအနေနဲ့လည်း မှတ်ယူထားလို့ရတယ်။ မင်းတို့သာ နေ့တိုင်း မကြိုးစားရင် သူ့လိုပဲ အရှုံးသမားတွေ ဖြစ်သွားလိမ့်မယ်။ ဘွဲ့ရပြီးရင်လည်း ချီးကျုံးတဲ့ အလုပ်လောက်ပဲ လုပ်ရလိမ့်မယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ အတန်းတစ်ခုလုံး ရယ်မောသံများ ပွက်လောရိုက်သွားသည်။ ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကောင်လေးများသည် ဖုံးကွယ်ထားခြင်းမရှိသော အထင်သေးရွံရှာမှုများဖြင့် တုပိုင်ကို ကြည့်လိုက်ကြသည်။ ဤသည်မှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ လက်တွေ့ဆန်ပြီး ရက်စက်သော သဘာဝပင် ဖြစ်သည်။
"ငါသာ အဲဒီလို အမှိုက်ကောင်ဆိုရင် ဒီကိုလာရဲမှာ မဟုတ်ဘူး။ သူ့မျက်နှာက နံရံထက်တောင် ထူသေးတယ်။"
"တုပိုင်လား။ ငါ ကြားဖူးသလိုပဲ။ မိန်းမစိုးဂိုဏ်းရဲ့ သမိုင်းတစ်လျောက်အသုံးမကျဆုံး အမှိုက်ဆိုပြီးနာမည်ကြီးနေတဲ့သူလေ။"
"သူက ကျောင်းအုပ်ကြီးကို မြှားဒဏ်ကနေ ကာကွယ်ပေးရင်း အသက်စွန့်ခဲ့တယ်လို့တော့ ကြားဖူးတယ်။"
"သူက အခွင့်အရေးသမား သက်သက်ပါကွာ။ သူ့မှာ အရည်အချင်းမရှိရင် ကျောင်းအုပ်ကြီးက သူ့ကို အလေးထားမှာ မဟုတ်ဘူး။ သူ ဘယ်နေရာရောက်ရောက် အသုံးမကျတဲ့ကောင် ဖြစ်နေမှာပဲ။"
ဤပထမနှစ်ကျောင်းသားများသည် သူတို့၏ စကားလုံးများကို ထိန်းသိမ်းခြင်းမရှိဘဲ စူးရှကိုက်ခဲသော စကားလုံးများဖြင့် လှောင်ပြောင်နေကြသည်။
ပိုင်ချွမ်းသည် သူတို့ကို တားဆီးခြင်းမရှိပေ။ သူသည် တုပိုင်ရှိရာသို့ တည့်တည့်လျှောက်သွားပြီး ပြောလိုက်သည်။
"မင်းက နာမည်ကြီးချင်လို့ အခြေခံသိုင်းပညာသီအိုရီကို ၄ နှစ်ခွဲလုံးလုံး လေ့လာခဲ့တာပေါ့။ မနေ့ကတော့ မင်း ငါ့ကို အံ့သြသွားစေခဲ့တာ အမှန်ပဲ။"
"ဒါပေမဲ့ လက်တွေ့အတွေ့အကြုံမရှိရင် သီအိုရီဆိုတာ အလကားပဲ။ သိုင်းပညာလေ့ကျင့်ရာမှာ အရေးအကြီးဆုံးက လက်တွေ့ကျဖို့ပဲ။"
"ငါ့အတန်းထဲမှာ လူပိုတစ်ယောက် ပါလာတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ တခြားသူတွေကိုတော့ လုံးဝ အနှောင့်အယှက် မပေးရဘူး။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်တာမျိုး အဖြစ်မခံနိုင်ဘူး။"
တုပိုင် အနည်းငယ် အံ့သြသွားသည်။ ယမန်နေ့က သီအိုရီစာမေးပွဲ ဖြေပြီးနောက် ပိုင်ချွမ်း၏ သဘောထား အနည်းငယ် ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။
သို့သော် ယနေ့တွင်မူ ထိုရက်စက်အေးစက်သော ပုံစံသို့ ပြန်ရောက်သွားပြန်သည်။ အကြောင်းရင်းက ဘာများဖြစ်မလဲဟု သူ စဉ်းစားနေမိသည်။
ထို့နောက် ပိုင်ချွမ်း သင်ခန်းစာ စတင်လိုက်သည်။
" အရွတ်ဆေးကြောခြင်းနှင့် ခန္ဓာကိုယ်သန်မာစေခြင်း ရဲ့ ပထမဆုံးသင်ခန်းစာက အခြေခံမြင်းထိုင်သိုင်းကွက်ပဲ။ အဲဒါက အရွတ်တွေနဲ့ သွေးကြောတွေရဲ့ ကြံ့ခိုင်မှုနဲ့ တည်ငြိမ်မှုကို လေ့ကျင့်ပေးတာပဲ။ မင်းတို့အနေနဲ့ မလှုပ်မယှက်ဘဲ ၁၅ မိနစ်ကြာ တောင့်ထားနိုင်ရင် ဒီအဆင့် ပြီးမြောက်ပြီး ဒုတိယသင်ခန်းစာကို ဆက်သွားလို့ရပြီ။"
ပိုင်ချွမ်းက ဆက်ပြောသည်။ "အခြေခံမြင်းထိုင်သိုင်းကွက်အတွက် ငါ မင်းတို့ကို လဝက်ပဲ အချိန်ပေးမယ်။"
အမှန်တကယ်ပင် ဤသည်မှာ အခြေခံအကျဆုံး သိုင်းပညာဖြစ်ပြီး မြင်းထိုင်သိုင်းကွက်မှစ၍ တစ်ဆင့်ချင်း တက်လှမ်းရမည်ဖြစ်သည်။
ထို့နောက် ပိုင်ချွမ်းသည် ပြီးပြည့်စုံသော မြင်းထိုင်သိုင်းကွက် ပုံစံကို သရုပ်ပြလိုက်သည်။ သူ၏ လက်မောင်းများကို ခန္ဓာကိုယ်နှင့် ၉၀ ဒီဂရီ ထောင့်မှန်ကျအောင် ဘေးသို့ ဆန့်တန်းထားသည်။
ခန္ဓာကိုယ်အောက်ပိုင်းကို ထိုင်ချလိုက်ပြီး တင်ပါးကို လေထဲတွင်ဆွဲထားကာ ခြေသလုံးနှင့် ပေါင်သည် ၉၀ ဒီဂရီ ထောင့်မှန်ကျနေလေသည်။
သူသည် ရှေးဟောင်းထင်းရှူးပင်ကြီးကဲ့သို့ မလှုပ်မယှက်ဘဲ ထိုအနေအထားအတိုင်း နေနေသည်။
ထို့နောက် အစေခံအချို့က ရေအပြည့်ဖြည့်ထားသော ပန်းကန်လုံးကြီးများကို ပိုင်ချွမ်း၏ လက်များနှင့် ပေါင်များပေါ်တွင် တင်လိုက်သော်လည်း သူသည် မလှုပ်ရှားပေ။ ရေများ ဖိတ်ကျမသွားသည်သာမက ပန်းကန်လုံးထဲရှိ ရေမျက်နှာပြင်တွင် လှိုင်းဂယက်လေး တစ်ချက်မျှပင် မထချေ။
ရှိနေသော ကျောင်းသားအားလုံး အံ့သြမှင်သက်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်သွားသည်။
"မင်းတို့ စာမေးပွဲဖြေတဲ့အခါကျရင် ငါ့လို ငြိမ်နေစရာမလိုဘူး။ လက်ဖမိုးနဲ့ ခြေထောက်ပေါ်က ပန်းကန်လုံးတွေထဲမှာ ရေတစ်ဝက်ပဲ ပါလိမ့်မယ်။ ရေမဖိတ်သရွေ့ မင်းတို့ အောင်တယ်။"
ပိုင်ချွမ်းက သရုပ်ပြရင်း ရှင်းပြသည်။ ထိုသို့ပြောနေစဉ်အတွင်း သူ၏ လက်ဖမိုးပေါ်ရှိ ပန်းကန်လုံးနှစ်လုံးထဲမှ ရေများသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် အနည်းငယ်မျှသာ လှုပ်ခါသွားသည်။
အပိုင်း (၁၁) ပြီး။