← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်ချွမ်း၏ မျက်နှာထားသည် သိသိသာသာ ပြောင်းလဲသွားလေသည်။

လွန်ခဲ့သော ၁၀ နှစ်က မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ဘွဲ့ရပြီးချိန်တွင် သူသည် အထည်အလိပ်ထုတ်လုပ်ရေးဗျူရို သို့မဟုတ် သတ္တုတွင်းဌာနကဲ့သို့ အာဏာရှိသော ဌာနများတွင် နေရာမရခဲ့ဘဲ အခြေခံသိုင်းပညာသင်ပြရသည့် ဆရာတစ်ယောက်သာ ဖြစ်လာခဲ့ရသဖြင့် နာကြည်းချက်များ ရှိနေခဲ့ပြီးဖြစ်သည်။

အကယ်၍သာ သာမန်အလုပ်ကြမ်းသမား မိန်းမစိုးအဖြစ် ရာထူးလျှော့ချခံလိုက်ရလျှင်မူ သူ့ဘဝတစ်ခုလုံး မျှော်လင့်ချက်မဲ့သွားပြီး သေတာကမှ ပိုကောင်းပေလိမ့်မည်။

ထိုစဉ် လီဝမ်ဟွေ့က ဆက်ပြောလိုက်သည်။

“တုပိုင်။ နောက်ထပ် လဝက်အတွင်းမှာ မင်းရဲ့ခွန်အားက သတ်မှတ်ထားတဲ့ပမာဏကို မရောက်ဘူးဆိုရင် ငါမင်းကို ကြာပွတ်နဲ့ အချက် ၂၀ ရိုက်ပြီး မိန်းမစိုးဂိုဏ်းအကယ်ဒမီကနေ ထုတ်ပယ်မယ်။ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ငါလိုချင်တာက တရားမျှတမှုပဲ။”

တုပိုင်တစ်ယောက် လန့်ဖျပ်သွားရသည်။ အိပ်မက်စနစ်က ခွန်အားတိုးအောင် လုပ်ပေးနိုင်မလားဆိုသည်ကို သူတကယ် မသေချာပေ။

သို့သော် ဤသို့ဆုံးဖြတ်လိုက်ခြင်းက မျှတမှုရှိပြီး ပိုင်ချွမ်းအနေဖြင့်လည်း ပြောစရာစကား မရှိတော့ချေ။

“ငါက မင်းတို့ရဲ့ သဘောထားကို တောင်းနေတာ မဟုတ်ဘူး။ အမိန့်ပေးနေတာ။ နောက်ထပ် လဝက်နေရင် ပြန်တွေ့ကြမယ်။”

ထိုသို့ပြောပြီးနောက် လီဝမ်ဟွေ့သည် သူတို့နှစ်ယောက်ကို ရှင်းပြခွင့်မပေးဘဲ ထွက်ခွာသွားလေသည်။

ယခုအခါ သူတို့နှစ်ယောက်လုံး အကျပ်ရိုက်သွားပြီး ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်ရှိသွားကြသည်။ အထူးသဖြင့် ပိုင်ချွမ်းအတွက်ဖြစ်သည်။

သူသည် ဒေါသအလျောက် မနာလိုဝန်တိုစိတ်ဖြင့် လီဝမ်ဟွေ့ထံ လာရောက်တိုင်တန်းမိခြင်းဖြစ်ပြီး သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

နောက်ထပ် လဝက်အကြာတွင် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကတော့ သေချာပေါက် သွားပေတော့မည်။ ပိုင်ချွမ်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

“တုပိုင်။ မိန်းမစိုးအကယ်ဒမီက ကြာပွတ်ဒဏ်က အရမ်းကြောက်စရာကောင်းတယ်။ အချက် ၂၀ ဆိုတာ သေချာပေါက် သေမင်းဆီ ပို့ပေးလိမ့်မယ်။”

“အခုကတည်းက လက်လျော့ပြီး ကျောင်းထွက်လိုက်မယ်ဆိုရင် မင်းအတွက် နောက်မကျသေးဘူး။ ခွန်အားလေ့ကျင့်ခြင်းဆိုတာ အခြေခံကျွမ်းကျင်မှုဖြစ်ပြီး ဉာဏ်ကြီးရှင်တွေတောင် တစ်ဆင့်ချင်း သွားရတာကွ။”

“မင်းလို အားနည်းတဲ့ကောင်က လဝက်အတွင်းမှာ ခွန်အား ကျင်း ၂၀၀ နီးပါး တိုးလာချင်တယ်ဆိုတာ လုံးဝ စိတ်ကူးယဉ်နေတာသက်သက်ပဲ။ ကောင်းကင်ပေါ် တက်ရတာထက်တောင် ခက်ခဲဦးမယ်။”

ရှုံးမည်ဆိုလျှင်တောင် မျက်နှာပျက်မခံနိုင်ပေ။ တုပိုင်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ဆရာပိုင်ချွမ်းက ဘာတွေ စိတ်ပူနေတာလဲ။”

“မင်းကတော့ ခေါင်းတလားမမြင်မချင်း မျက်ရည်မကျဘူးပေါ့လေ။” ပိုင်ချွမ်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် ချက်ချင်း ထွက်ခွာသွားလေသည်။

တုပိုင်သည် ခွန်အားလေ့ကျင့်ရေးအခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်တုံးသော့ခလောက်များကို ကြည့်ရင်း ခေါင်းနပန်းကြီးလာသည်။

အစောက ခေါင်းမာပြီး ပြောဆိုခဲ့သော်လည်း တကယ်တမ်းတွင် သူကိုယ်တိုင်လည်း မသေချာပေ။

အိပ်မက်စနစ်က ဦးနှောက်ပိုင်းဆိုင်ရာ နယ်ပယ်ဖြစ်ပြီး မှတ်ဉာဏ်နှင့် နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော်လည်း ခွန်အားကျင့်ကြံခြင်းကို ကူညီပေးနိုင်မလားဆိုတာ မသိရသေးပေ။

အကယ်၍ မကူညီနိုင်လျှင် သူသည် လဝက်အတွင်း လုံးဝ သွားပြီဖြစ်သည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိချေ။

**--**--**--**--**--**--**--**

ပိုင်ချွမ်းသည် လေးလံသောစိတ်ဖြင့် ဒုတိယကျောင်းအုပ်ကြီး လန်ထင်ရှေ့သို့ ရောက်လာပြီး ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြောပြလိုက်သည်။ လန်ထင်သည် သူ၏ဆရာဖြစ်ရုံသာမက သူ၏ နောက်ခံထောက်တိုင်လည်း ဖြစ်သည်။

“အသုံးမကျလိုက်တာ။” လန်ထင်က ဆူပူကြိမ်းမောင်းလိုက်သည်။ “ကျောင်းသားတစ်ယောက်အတွက်နဲ့ မင်းအနာဂတ်ကို စွန့်စားရဲတယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ။”

ပိုင်ချွမ်းက ပြောသည်။ “ဒါပေမဲ့ အခုချိန်မှာ ကတိကို ပြန်ပြင်လို့ မရတော့ဘူး။ ကျောင်းအုပ်ကြီးရဲ့ အမိန့်ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူးလေ။ ကျွန်တော်က ဒေါသစိတ်ကြောင့် အမှားလုပ်မိတာပါ။ တုပိုင်ဆိုတဲ့ အဲ့ဒီအသုံးမကျတဲ့ကောင်က ကျွန်တော့်ကို လုံးဝ လှည့်စားသွားတာ။”

လန်ထင်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “တုပိုင်က အသုံးမကျတဲ့ကောင်ဆိုရင် မင်းက ဘာကို စိတ်ပူနေတာလဲ။”

ချက်ချင်းပင် ပိုင်ချွမ်း စကားမပြောနိုင်တော့ပေ။

လန်ထင်က ပိုင်ချွမ်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။ “ငါ့ကို အတည်ပြောစမ်း။ တုပိုင်က ဟန်ဆောင်နေတာလား။ အမှန်အတိုင်းပြော။ ဒါက အရမ်းအရေးကြီးတယ်။”

“ယုတ္တိဗေဒအရ ပြောရရင် တုပိုင်က အခြေခံမြင်းထိုင်သိုင်းကွက်ကို တစ်ညတည်းနဲ့ ပြီးမြောက်အောင် မလုပ်နိုင်သင့်ဘူး။ မြင်းထိုင်သိုင်းကွက်ဆိုတာ အခြေခံအကျဆုံး ကျွမ်းကျင်မှုဖြစ်ပြီး တစ်ခါတည်းနဲ့ ကျွမ်းကျင်ဖို့ မဖြစ်နိုင်ဘူး။” ပိုင်ချွမ်းက ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်ရဲ့ ပင်ကိုယ်အာရုံအရ သူဟန်ဆောင်နေတာ မဟုတ်ဘူး။ ကျွန်တော် နားမလည်နိုင်တာနဲ့ မယုံနိုင်တာပဲ ရှိတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော် ဒေါသထွက်ပြီး သူဟန်ဆောင်နေတယ်၊ ကျွန်တော့်ကို အရူးလုပ်နေတယ်လို့ ခံစားမိတာ။”

“ဒါပေမဲ့ ဂျင်းလော်သွေးကြောတွေနဲ့ အရိုးတွေရဲ့ ဟန်ချက်ညီမှုကို တစ်ညတည်းနဲ့ နားလည်သဘောပေါက်နိုင်ခဲ့ရင် ဒါက ဖြစ်နိုင်ချေရှိတယ်။” လန်ထင်က တိုးတိုးလေး ပြောလိုက်သည်။ “တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် ဒီတုပိုင်က ဉာဏ်ကြီးရှင်ပဲ။”

ပိုင်ချွမ်း ငြိမ်သက်နေမိသည်။ သူ၏ဆင်ခြင်တုံတရားနှင့် ခံစားချက်နှစ်ခုလုံးက မယုံကြည်ချင်သော်လည်း သူ၏ပင်ကိုယ်အာရုံကမူ ထိုသည်က အမှန်ဖြစ်နိုင်ကြောင်း ပြောနေသည်။

လန်ထင်က ပြောလိုက်သည်။ “ဒါပေမဲ့ ခွန်အားကျင့်ကြံခြင်းက ဂျင်းလော်သွေးကြောတွေကို နားလည်သဘောပေါက်သလို တစ်ညတည်းနဲ့ ဖြစ်လာတာမျိုး မဟုတ်ဘဲ ကြိုးစားအားထုတ်ရတဲ့အလုပ်ပဲ။”

“တုပိုင်က အရမ်းအားနည်းလွန်းတော့ သူက ဉာဏ်ကြီးရှင် ဖြစ်နေရင်တောင် လဝက်အတွင်းမှာ ခွန်အား ကျင်း ၂၀၀ တိုးလာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

ပိုင်ချွမ်းက ပြောသည်။ “မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေရှိမှာကို ကျွန်တော် ကြောက်နေတာ။”

လန်ထင်က မေးလိုက်သည်။ “မင်း ဘာလုပ်ချင်လို့လဲ။”

ပိုင်ချွမ်းက ပြောသည်။ “ဆရာ။ တကယ်လို့ ဒီတုပိုင်ကသာ ဉာဏ်ကြီးရှင်ဖြစ်ခဲ့ရင် သူက လီဝမ်ဟွေ့ရဲ့လူ ဖြစ်လာဖို့ ကံပါလာပြီးသားပဲ။”

“ဉာဏ်ကြီးရှင်တစ်ယောက်သာ သူ့ကို ကူညီပေးမယ်ဆိုရင် လီဝမ်ဟွေ့က နောက်ဆယ်နှစ်အတွင်း ပိုပြီး အာဏာရှိလာလိမ့်မယ်။ အဲ့ဒီအခါကျရင် ဆရာ့အတွက် အခြေအနေက ပိုပြီး အကျိုးယုတ်စေလိမ့်မယ်။”

လန်ထင် မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် တုပိုင်ကို လုံးဝ ဂရုမစိုက်ပေ။ တုပိုင်သည် ဉာဏ်ကြီးရှင် ဖြစ်နေလျှင်တောင် အလွန်အားနည်းလွန်းသေးသည်။

သူဂရုစိုက်သည်မှာ တုပိုင်သာ ဉာဏ်ကြီးရှင်ဖြစ်ပြီး လီဝမ်ဟွေ့၏ မွေးစားသား ဖြစ်လာပါက အနာဂတ်ပြိုင်ဆိုင်မှုများအတွက် သူ့ဘက်က ပိုပြီး အားနည်းသွားမည်ကိုဖြစ်သည်။

လွန်ခဲ့သော ၁၀ နှစ်က လန်ထင်နှင့် လီဝမ်ဟွေ့တို့သည် တန်းတူအခြေအနေတွင် ရှိခဲ့သော်လည်း ယခုအခါ လန်ထင်က နောက်ကောက်ကျကျန်ရစ်ခဲ့ပြီဖြစ်သည်။

ထို့အပြင် လီဝမ်ဟွေ့တွင် ကွေ့မင်းသားအိမ်တော်၌ ဒုတိယအကြီးအကဲ မိန်းမစိုးအဖြစ် တာဝန်ထမ်းဆောင်နေသော ထူးချွန်သည့် မွေးစားသားတစ်ယောက် ရှိနှင့်ပြီးဖြစ်သည်။

အကယ်၍ နောက်ထပ် အရည်အချင်းရှိသော မွေးစားသားတစ်ယောက် ထပ်ရသွားလျှင် အနာဂတ်တွင် လန်ထင်က ဘာကို အားကိုးပြီး ယှဉ်ပြိုင်ရမည်နည်း။

အချို့ကတော့ လန်ထင်ကို တွေးပူလွန်းသည်ဟု ပြောကောင်းပြောနိုင်သည်။ တုပိုင် အောင်မြင်လာမည်ဆိုလျှင်တောင် နောက်ထပ် ၁၀ နှစ် ကြာဦးမည်ဖြစ်သည်။ သို့သော် မိန်းမစိုးဂိုဏ်းသည် ဉာဏ်ကြီးရှင်များကို အလွန်အမင်း လိုလားတောင့်တကြသည်။

အရည်အချင်းရှိသော ဆက်ခံသူတစ်ယောက်သည် လီဝမ်ဟွေ့အတွက် တန်ဖိုးရှိသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မိန်းမစိုးဂိုဏ်းသည် သူတို့အသိုင်းအဝိုင်းအတွင်း အင်အားကို အလွန်အလေးထားလေသည်။

“ဒါဆို မင်းက ဘာလုပ်ချင်တာလဲ။” လန်ထင်က အေးစက်သော လေသံဖြင့် မေးလိုက်သည်။

ပိုင်ချွမ်းက ပြောသည်။ “ယန်ရှီက ဆရာ့ရဲ့ မွေးစားသားလေ။ သူနဲ့ တုပိုင်က အဆောင်တူတူနေတာဆိုတော့ အရင်ကလည်း မကြာခဏ ပြဿနာဖြစ်ဖူးတယ်။”

“ဒါကြောင့် ရန်ဖြစ်တယ်ဆိုတာ ပုံမှန်ကိစ္စပါပဲ။ ရန်ဖြစ်ရင်းနဲ့ တုပိုင် လက်ကျိုးသွားတာမျိုး ဖြစ်သွားရင် ပြဿနာကို တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား။”

“သောက်အရေးမပါတာ။” လန်ထင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “တကယ်လို့ အဲ့ဒီလိုသာ ဖြစ်သွားရင် တုပိုင်က အလိုလို အနိုင်ရသွားလိမ့်မယ်။ ယန်ရှီလည်း သွားပြီ။ မင်းလည်း သွားပြီ။ ငါတောင် ပါသွားလိမ့်မယ်။”

“ဒါက လီဝမ်ဟွေ့ရဲ့ ပါးကို ရိုက်လိုက်တာနဲ့ အတူတူပဲ။ မင်းက သူ့ပါးကို ရိုက်ရဲလို့လား။ မင်းမှာ အသက် ၁၀ ချောင်း ရှိရင်တောင် မလောက်ဘူး။ ငါမင်းကို ပြောလိုက်မယ်။ တုပိုင် အကယ်ဒမီထဲမှာ ရှိနေသရွေ့ ဘာဒဏ်ရာမှ မရစေနဲ့။ မဟုတ်ရင် မင်းတာဝန် ရှိရှိ၊ မရှိရှိ အဲ့ဒီကိစ္စက မင်းခေါင်းပေါ် ရောက်လာလိမ့်မယ်။”

ပိုင်ချွမ်း ချက်ချင်း သဘောပေါက်သွားပြီး တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ် ဆရာ။ ကျွန်တော် ဒေါသစိတ်တွေ ဖုံးလွှမ်းသွားလို့ မိုက်မဲတဲ့ အကြံဉာဏ်ကို ထုတ်မိတာပါ။”

“ငါကတော့ မင်း ဒေါသစိတ် ဖုံးလွှမ်းသွားတယ်လို့ မထင်ဘူး။” လန်ထင်က ပြောလိုက်သည်။

“မင်း ဉာဏ်ကြီးရှင်တွေကို မုန်းတီးနေတာ မဟုတ်လား။ လွန်ခဲ့တဲ့ ၁၀ နှစ်က မင်း မိန်းမစိုးအကယ်ဒမီကနေ သာမန်အမှတ်လောက်နဲ့ပဲ ဘွဲ့ရခဲ့တယ်။”

“တော်ဝင်မြင်းဇောင်းမှာလည်း တာဝန်မရသလို စစ်ဘက်ဆိုင်ရာကြီးကြပ်သူလည်း မဖြစ်ခဲ့ဘူး။ အကယ်ဒမီမှာပဲ နေပြီး အခြေခံသိုင်းပညာကို သင်ပေးရတဲ့ ဘဝရောက်သွားတယ်။ မင်း အရမ်းနာကြည်းနေတယ် မဟုတ်လား။”

ပိုင်ချွမ်းက တိုးညှင်းသော အသံဖြင့် ပြောသည်။ “ဒီတပည့် မဝံ့ရဲပါဘူး။”

လန်ထင်က ပြောသည်။ “မမေ့နဲ့။ မင်းကို ဒီကျောင်းမှာ ဆက်ပြီး စာသင်ခွင့်ရအောင် လုပ်ပေးခဲ့တာ ငါပဲ။ မဟုတ်ရင် မင်း အခုလောက်ဆို သင်္ချိုင်းစောင့်နေရလောက်ပြီ။”

ပိုင်ချွမ်း ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောသည်။ “ဆရာ့ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ဒီတပည့် ဘယ်တော့မှ မမေ့ပါဘူး။”

လန်ထင်က ပြောလိုက်သည်။ “အတိုချုပ်ပြောရရင် တုပိုင်တစ်ယောက် အကယ်ဒမီအတွင်းမှာ ဘာပြဿနာမှ အဖြစ်မခံနိုင်ဘူး။ အဲ့ဒါကို မှတ်ထား။”

အပိုင်း (၁၆) ပြီး။

All Chapters