အခန်း (၁၇)
Vol. 2 Ch. 17
နောက်တစ်နေ့ မနက် ၂ နာရီခန့်တွင် တုပိုင် အိပ်ရာမှ အနှိုးခံလိုက်ရသည်။
“မင်း မျက်နှာသစ်ဖို့ ၁၅ မိနစ်အချိန်ရမယ်။ ငါ အပြင်က စောင့်နေမယ်။” လီဝေက ပြောလိုက်သည်။ “မင်းရဲ့ အခြေခံသိုင်းပညာ လေ့ကျင့်ရေးကို ငါတာဝန်ယူမယ်။ ငါက နေ့ဘက်မှာ စာသင်ချိန်ရှိလို့ မင်းကို မနက်စောစောပဲ လေ့ကျင့်ပေးနိုင်မယ်။”
“ဟုတ်ကဲ့ပါ ဆရာလီ။” တုပိုင် ပြန်ဖြေလိုက်သည်။
တုပိုင်နှင့် ပိုင်ချွမ်းတို့သည် ယခုအခါ ဆီနှင့် ရေလို ဖြစ်နေပြီဖြစ်ရာ လီဝမ်ဟွေ့က လီဝေကို စေလွှတ်လိုက်သည့်အတွက် တုပိုင် စိတ်သက်သာရာ ရသွားသည်။
အဘယ်ကြောင့်ဆိုသော် လီဝေသည် အကယ်ဒမီတစ်ခုလုံးတွင် တုပိုင်အပေါ် ကြင်နာစွာ ဆက်ဆံသော တစ်ဦးတည်းသော ဆရာ ဖြစ်နေသောကြောင့်ပင်။
လွန်ခဲ့သောတစ်ခေါက်က တုပိုင် ချွေ့ဖိန်ထင်၏ မတရားစွပ်စွဲမှုကို ခံရပြီး ဓားသွားအောက်တွင် သေလုနီးပါး ဖြစ်ခဲ့စဉ်ကလည်း မိန်းမစိုးစစ်သည်များကို ဦးဆောင်ပြီး လာရောက်ကယ်တင်ပေးခဲ့သူမှာ လီဝေပင် ဖြစ်သည်။
တုပိုင်၏ ဆူညံသံကြောင့် အဆောင်အတွင်းရှိ လူများ နိုးလာကြသည်။ သူ့ဘေးနားရှိ ယန်ရှီက အလိုအလျောက် တုပိုင်ကို ဆဲဆိုရန် ပြင်လိုက်သော်လည်း လီဝေကို မြင်လိုက်ရသည့်အခါ ချက်ချင်း ငြိမ်ကျသွားလေသည်။
တုပိုင် အမြန် မျက်နှာသစ် အဝတ်အစားလဲပြီး ၁၅ မိနစ်မပြည့်ခင်မှာပင် လီဝေ၏ ရှေ့သို့ ရောက်ရှိလာသည်။
“တုပိုင်။ မင်းက အရင်တုန်းက အရမ်းအားနည်းခဲ့တယ်။ ဘွဲ့ယူစာမေးပွဲကြီးကိုတောင် လက်လျော့ခဲ့တဲ့ကောင်။ ဒါကြောင့် ငါမင်းအပေါ်မှာ ကြင်နာမှုတွေ၊ သနားမှုတွေ ထားခဲ့တယ်။”
“ဘာလို့လဲဆိုတော့ အစေခံတွေနဲ့ မိန်းမစိုးအားလုံးက ယဉ်ပါးတဲ့ သိုးလေးတွေလို ဖြစ်နေပြီး အားနည်းသူကို ငါတို့ ကာကွယ်ပေးရမယ်လေ။”
လီဝေက ဆက်ပြောသည်။ “ဒါပေမဲ့ အခု မင်းက ဝံပုလွေတွေကြားက ပြိုင်ပွဲကို ဝင်ချင်တယ်ဆိုရင်တော့ ငါမင်းကို ညှာတာမယ်မထင်နဲ့။ မင်းကို လေ့ကျင့်ပေးဖို့အတွက် ငါ အကြမ်းတမ်းဆုံး နဲ့ ရက်စက်မှုအရှိဆုံး နည်းလမ်းတွေကို သုံးလိမ့်မယ်။ မင်း မခံနိုင်ရင် ကြိုက်တဲ့အချိန် လက်လျော့ပြီး အရှုံးပေးနိုင်တယ်။”
“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေသည်။
လီဝေက ပြောသည်။ “ဒါပေမဲ့ မင်း လက်လျော့ပြီး အရှုံးပေးလိုက်တာနဲ့ မင်းအကုန်ဆုံးရှုံးသွားလိမ့်မယ်။ အကယ်ဒမီကနေ အထုတ်ခံရမယ်။ မိန်းမစိုးဂိုဏ်းရဲ့ ကာကွယ်မှုကို ဆုံးရှုံးမယ်။ ကျောင်းအုပ်ကြီးရဲ့ မျက်နှာသာပေးမှုကိုလည်း လုံးဝ ဆုံးရှုံးသွားလိမ့်မယ်။”
“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေသည်။
လီဝေက ဆက်ပြောသည်။ “မင်းက ဉာဏ်ကြီးရှင်ပါလို့ ပြောတာကို ငါယုံတယ်။ ဒါပေမဲ့ ငါပြောပြမယ်။ လဝက်အတွင်းမှာ ခွန်အား ပေါင် ၂၀၀ တိုးလာဖို့ဆိုတာ ဉာဏ်ကြီးရှင်ဖြစ်ရုံနဲ့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ဒါက အခြေခံစွမ်းရည်ပဲ။”
“ကြိုးစားအားထုတ်မှုနဲ့ လက်တွေ့ကျကျ လေ့ကျင့်မှုအပေါ်မှာ မူတည်တယ်။ ဉာဏ်ကောင်းတာ၊ နားလည်လွယ်တာတွေနဲ့ လုံးဝ မဆိုင်ဘူး။ ဒါကြောင့် နောက်ထပ် လဝက်နေရင် ပိုင်ချွမ်းနဲ့ လောင်းကြေးကို နိုင်မယ်လို့ မျှော်လင့်မထားနဲ့။”
“ဒါပေမဲ့ မင်းသာ ကြိုးကြိုးစားစား လေ့ကျင့်မယ်ဆိုရင် မင်းရှုံးသွားရင်တောင် ဂုဏ်သိက္ခာ ရှိနေဦးမှာပဲ။ မင်း ကြာပွတ်နဲ့ အချက် ၂၀ အရိုက်ခံရမယ်။ ကျောင်းထုတ်ခံရမယ်။ ဒါပေမဲ့ ငါတို့ မင်းအတွက် ထွက်ပေါက်တစ်ခု ရှာပေးမယ်။ ကောင်းမွန်တဲ့ ထွက်ပေါက်တစ်ခုပေါ့။”
လီဝေသည် တုပိုင်ကို လေ့ကျင့်ပေးရန် အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်သော်လည်း လဝက်အတွင်း ရလာမည့် ရလဒ်အပေါ် လုံးဝ အကောင်းမမြင်ပေ။
“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေသည်။
“ကောင်းပြီ။ စလိုက်ကြစို့။” လီဝေက ပြောသည်။ “ဟိုဘက်က ရေပုံးနှစ်ပုံးကို မြင်လား။”
ထိုရေပုံးများမှာ အောက်ခြေချွန်နေသော ပုံးများဖြစ်ပြီး မြေကြီးပေါ်တွင် တင်ထား၍ မရဘဲ လက်ဖြင့်သာ ကိုင်ထားရမည့် ပုံးများဖြစ်ကြောင်း တုပိုင် သတိထားမိလိုက်သည်။
“ဒါတွေက အသေးဆုံး အောက်ခြေချွန်ပုံးနှစ်ပုံးပဲ။ ရေဖြည့်လိုက်ရင် ၂၅ ကျင်းပဲ လေးတယ်။” လီဝေက ပြောသည်။ “သွား။ ရေသွားဖြည့်ချည်။”
တုပိုင်သည် အောက်ခြေချွန်ပုံးနှစ်ပုံးကို ကောက်ယူလိုက်ပြီး ရေဖြည့်ကာ လက်ဖြင့် မလိုက်သည်။ ပုံးတစ်ပုံးလျှင် ၂၅ ကျင်းလေးပြီး စုစုပေါင်း ၅၀ ကျင်းရှိသည်။ ထိုအလေးချိန်မှာ တုပိုင်၏ အကန့်အသတ်နီးပါး ဖြစ်နေပြီး ကိုင်ထားရင်းဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
လီဝေက ပြောလိုက်သည်။ “ဒီနေ့ မင်းရဲ့ တာဝန်က ဒီရေပုံးနှစ်ပုံးကို သယ်ပြီး အကယ်ဒမီ နောက်ကျောဘက်က တောင်ထိပ်ကို ရောက်အောင် သွားရမယ်။”
“ငါမင်းနောက်ကနေ တစ်ချိန်လုံး လိုက်လာမယ်။ တကယ်လို့ မင်း ရေပုံးကို မြေကြီးပေါ် ချရဲရင် ငါ့ကြာပွတ်က မင်းဆီကို ချက်ချင်း ရောက်လာလိမ့်မယ်။ မင်း နားလို့ရတယ်။”
“ဒါပေမဲ့ နားနေတဲ့အချိန်မှာ ရေပုံးနှစ်ပုံးလုံးကို မထားရမယ်။ ပုံးထဲက ရေမှတ်က ငါးပုံတစ်ပုံထက် လျော့သွားလို့ မရဘူး။ လျော့သွားရင် ငါပြန်ဖြည့်ခိုင်းပြီး မင်းကို ကြာပွတ်နဲ့ ထပ်ရိုက်မယ်။ နားလည်လား။”
“နားလည်ပါတယ်။” တုပိုင် အော်ပြောလိုက်သည်။
ဤခွန်အားလေ့ကျင့်ခြင်း သင်ခန်းစာသည် အမှန်တကယ်ပင် ဆန်းပြားသော လှည့်ကွက်များ မပါရှိဘဲ ကြွက်သားများနှင့် အရိုးများကို သွေးတိုးစမ်းရန် ရှေးအကျဆုံး နည်းလမ်းများကို အသုံးပြုထားခြင်းဖြစ်သည်။
“သွားမယ်။” လီဝေက အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ ကြာပွတ်ဖြင့် မြေကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
တုပိုင်တစ်ယောက် အောက်ခြေချွန်ပုံးကို သယ်ပြီး ပြေးထွက်သွားစဉ် သူ၏ စိတ်ထဲတွင် သီချင်းတစ်ပုဒ် အလိုအလျောက် ပဲ့တင်ထပ်လာတော့သည်။
“တောပန်းတောင်ပန်းတွေက လှပလို့.. ခွေးလေးတွေက ခုန်ပေါက်.. သိုးလေးတွေက ပြေးလွှား.. ကြာပွတ်ကို ဝှေ့ယမ်းပြီး ဖြည်းဖြည်းချင်း လှုပ်ခါလိုက်ရင်.. တေးသွားလေးတစ်ပုဒ်က တောင်တန်းတွေအနှံ့ ပျံ့လွင့်သွားတယ်.. တောင်တန်းတွေအနှံ့…”
သိုးကျောင်းသူလေး၏ ကျက်သရေရှိသော ပုံရိပ်နှင့် ရှက်သွေးဖြာနေသော လှပသည့် မျက်နှာလေးပင် သူ့စိတ်ထဲတွင် ပေါ်လာသေးသည်။
“ဒါယကာလေး။ ရှောင်လင်ကျောင်းတော်နားက သိုးကျောင်းသူလေးကို မှတ်မိသေးရဲ့။”
**--**--**--**--**--**--**--**
တုပိုင် သွားရမည့် ပန်းတိုင်မှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ နောက်ကျောဘက်ရှိ တောင်ထိပ်ဖြစ်သည်။ တောင်က သိပ်မမြင့်လှပေ။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀ အောက်သာရှိပြီး လမ်းခရီးကလည်း သိပ်မကြမ်းတမ်းလှချေ။
သို့သော် ခရီးအကွာအဝေးက ၅ လီ အပြည့်ရှိပြီး လမ်းတစ်လျှောက်လုံး တောင်တက်ခရီးဖြစ်နေသဖြင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းသော တုပိုင်အတွက် အလွန်ခက်ခဲလှသည်။
လွန်ခဲ့သော ၄ နှစ်ကလည်း တုပိုင် ဤသင်ခန်းစာကို ယူခဲ့ဖူးသည်။ ထိုစဉ်က သူလမ်းတစ်ဝက်တွင် သတိလစ်သွားခဲ့ပြီး ထိုအချိန်မှစ၍ သိုင်းပညာလေ့ကျင့်ခြင်းကို လုံးဝ စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။
အရုဏ်တက်ချိန် လရောင်အောက်တွင် တုပိုင်သည် ၂၅ ပေါင်လေးသော ရေပုံးနှစ်ပုံးကို သယ်ဆောင်လျက် ခက်ခဲစွာ ရှေ့ဆက်နေသည်။ သူ၏ ခြေလှမ်းများမှာ အလွန်တရာ နှေးကွေးလှသည်။
ပထမ မီတာ ၁၀၀ က သိပ်ပြဿနာမရှိသော်လည်း မီတာ ၂၀၀ ရောက်သည့်အခါ ခန္ဓာကိုယ်က ယိမ်းယိုင်လာပြီး မီတာ ၃၀၀ အရောက်တွင် လက်မောင်းများ ပြတ်ထွက်တော့မတတ် ခံစားလာရသည်။
သူသယ်ထားသော ရေပုံးများသည် ၂၅ ပေါင် မဟုတ်တော့ဘဲ ပေါင်တစ်ထောင်လောက် လေးလံနေသကဲ့သို့ ခံစားရသည်။
မီတာ ၃၅၀ ခရီးကို ဖြတ်ကျော်ပြီးနောက် တုပိုင်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးထဲတွင် ကြယ်တွေလတွေ မြင်လာရပြီး ချွေးစေးများ ပြန်လာကာ ခေါင်းမူးပြီး သတိလစ်ချင်သလို ဖြစ်လာသည်။
လီဝေသည် လှောင်ပြောင်ခြင်းမရှိသော်လည်း မျက်မှောင်ကြုတ်ထားမိသည်။ တုပိုင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ဆိုးရွားသည်ကို သူသိသော်လည်း ကယ်တင်၍မရနိုင်လောက်အောင် ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဆက်သွားလို့ မဖြစ်တော့ပေ။ မဟုတ်လျှင် သူ သတိလစ်ပြီး လဲကျသွားလိမ့်မည်။ တုပိုင် ရပ်တန့်လိုက်သော်လည်း ရေပုံးများကို အောက်သို့ မချရဲပေ။
သူသည် ရေပုံးနှစ်ပုံးကို ကိုင်ထားလျက်ပင် မတ်တပ်ရပ်ကာ အနားယူလိုက်သည်။ သို့သော် ဤသို့အနားယူခြင်းက သိပ်တော့ အရာမရောက်လှချေ။
၁၅ မိနစ်တိတိ အနားယူပြီးနောက်တွင်မှ တုပိုင် အနည်းငယ် သက်သာလာပြီး ခရီးဆက်ခဲ့သည်။
ဒုတိယအကြိမ်တွင်တော့ သူ မီတာ ၂၀၀ သာ ရောက်ပြီး အကန့်အသတ်သို့ ရောက်သွားသဖြင့် ၁၅ မိနစ် ထပ်မံ အနားယူရပြန်သည်။
ထို့နောက် တောင်တက်ခရီး စတင်တော့သည်။ တောင်က မတ်စောက်ခြင်းမရှိသော်လည်း တောင်တက်လမ်းဖြစ်နေသဖြင့် တုပိုင်အတွက် ပို၍ ခက်ခဲစေသည်။ ခြေလှမ်းတိုင်းက ပြင်းထန်စွာ နာကျင်နေပြီး ရှူလိုက်သော လေတိုင်းက အဆုတ်ကို ဓားနှင့် မွှန်းနေသကဲ့သို့ ခံစားရသည်။
သို့သော်။ သူ ဇွဲမလျှော့ခဲ့ပေ။ တဖြည်းဖြည်းနှင့် မီတာ ၁၀၀ တိုင်းတစ်ခါ၊ ထို့နောက် မီတာ ၅၀ တိုင်းတစ်ခါ၊ မီတာ ၃၀ တိုင်းတစ်ခါ၊ နောက်ဆုံးတွင် မီတာ ၁၀ တိုင်းတစ်ခါ ရပ်နားလာရသည်။
လီဝေ သတိထားမိလိုက်သည်မှာ တုပိုင်၏ မျက်လုံးများ ဝေဝါးနေပြီး မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့နေကာ လည်ပင်းမှ သွေးကြောများ ထောင်တက်နေသည်။
အတင်းအကျပ် ဆက်လက်လေ့ကျင့်ခိုင်းလျှင် ခန္ဓာကိုယ် အကန့်အသတ်ကျော်လွန်ပြီး သေဆုံးသွားမည်ကို သူအလွန်စိုးရိမ်လာသဖြင့် လက်လျော့လိုက်ရန် ပြောချင်နေမိသည်။
အပိုင်း (၁၇) ပြီး။