အခန်း (၂၁)
Vol. 3 Ch. 21
တုပိုင် နားလည်လိုက်သည်။ ဤသည်မှာ အိပ်မက်ထဲတွင် သူ၏ ဂျင်းလော်သွေးကြောများနှင့် အရိုးများသည် ဆေးရည်များနှင့် ကျားသစ်အချင်းဆီ၏ စွမ်းအင်များကို စုပ်ယူလိုက်သောကြောင့် ဖြစ်ပေမည်။
ထိုအတွက်ကြောင့် တုပိုင်၏ခန္ဓာကိုယ်သည် ပိုမိုကြံ့ခိုင်လာပြီး စွမ်းအားပြည့်လာကြသည်။ တုပိုင်၏ အခြေခံမှာ အလွန်အားနည်းလွန်းလှသဖြင့် သူ၏ပထမဆုံးတိုးတက်မှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းအထိ ရှိခဲ့လေသည်။
ဤစွမ်းအားတိုးတက်မှုသည် တကယ့်ကို မမျှော်လင့်ထားသော အံ့အားသင့်စရာပင်။ တုပိုင်တစ်ယောက် ဝမ်းသာပီတိဖြစ်နေစဉ်မှာပင် တံခါးခေါက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ထမင်းလာပို့တာ။”
အပြင်ဘက်မှ စူးရှသောအသံတစ်သံ ထွက်ပေါ်လာ၏။
တုပိုင်သည် ချက်ချင်းပင် ကုတင်ပေါ်သို့ ပြန်တက်လိုက်ပြီး ပြောလိုက်သည်။ “ဝင်ခဲ့။”
တံခါးပွင့်သွားပြီး ထမင်းချိုင့်ဆွဲထားသော မိန်းမစိုးတစ်ယောက် ဝင်လာလေသည်။ သူက ကုတင်ပေါ်တွင် လဲလျောင်းနေသော တုပိုင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အေးစက်သော အပြုံးတစ်ခုပေါ်လာပြီး မျက်နှာထားကလည်း မည်သူ့ကိုမှ ဂရုမစိုက်သည့်ပုံ ပေါက်နေသည်။
ထိုမိန်းမစိုးသည် မနှစ်က အကယ်ဒမီမှ ဘွဲ့ရခဲ့သူဖြစ်ပြီး နောက်ဆုံးအဆင့်စာမေးပွဲတွင် အောက်ဆုံးမှ ၃၅ နေရာရခဲ့ကာ ထမင်းချက်အဖြစ် ဆက်နေခဲ့ရသူဖြစ်သည်။
သူသည် သိမ်ငယ်တတ်သော လူစားမျိုးဖြစ်ပြီး တွေ့သမျှလူတိုင်းကို နှိမ့်ချဆက်ဆံတတ်သော်လည်း တုပိုင်ကိုတော့ အလွန်အမင်း အထင်သေးလေသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်သည် အဆင့်သတ်မှတ်ချက်တွင် နောက်ဆုံးဖြစ်နေသောကြောင့်ပင်။
သူ့စိတ်ထဲတွင် တုပိုင်သည် သူ့ထက်ပင် အသုံးမကျသောကောင်ဖြစ်ပြီး နောင်အနာဂတ်တွင် အဆင့်နိမ့်အစေခံသာ ဖြစ်လာလိမ့်မည်ဟု တွေးထားသည်။
သူက ထမင်းချက်ပြီး လိုက်ပို့ရသည့် တာဝန်ရှိသော်လည်း တုပိုင်ကတော့ မစင်နှင့် ဆီးအိုးဆေးရမည့် ကောင်သာ ဖြစ်လာမည်ဟု ယူဆထား၏။
ထို့ကြောင့် တုပိုင်ကို နှိမ်ချဆက်ဆံခွင့်ရှိသည်ဟု ခံယူထားသည်။ သို့ဖြစ်၍ သူသည် တုပိုင်ကို ဝန်ဆောင်မှုမပေးချင်သော်လည်း လီဝေ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့်သာ လုပ်ဆောင်နေရခြင်းဖြစ်သည်။
“မင်းက ငါ့ကို မင်းအစေခံလို ခိုင်းရဲသေးတယ်ပေါ့။ သတ္တိကတော့ မခေပါလား။” ထမင်းချက်မိန်းမစိုးက လှောင်ပြောင်လိုက်သည်။ “ရေ ၂၅ ကျင်းလောက်နဲ့တင် အိပ်ရာထဲက မထနိုင်ဘဲ အကြောသေနေတဲ့ကောင်ကများကွာ။ တစ်ခါတည်း သွားသေလိုက်ပါတော့လား။”
တုပိုင်အနေဖြင့် ဤကဲ့သို့သော အညတရကောင်ကို ဂရုစိုက်နေစရာ မလိုပေ။ မကြားချင်ယောင်ဆောင်နေလိုက်ရုံပင်။
သို့သော် တုပိုင် အစွမ်းထက်လာသည့်အခါ ဤကောင်က သူ့ဆီသို့ လာရောက်၍ ဖားယားမည်မှာ မလွဲဧကန်ပင်။ တုပိုင်သည် သူ့ကို စော်ကားဖူးသူတိုင်းကို စိတ်ထဲ၌ စာရင်းမှတ်ထားပြီး နောက်မှ စာရင်းအပြတ်ရှင်းမည်ဖြစ်သည်။
“ဘုန်း။”
ထမင်းချက်က ထမင်းချိုင့်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး ပြောလိုက်သည်။ “ထစားချည်။ မထနိုင်ရင်လည်း ငတ်သေလိုက်တော့။”
ထို့နောက် သူသည် ခြေဆောင့်ကာ ထွက်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်လေသည်။
တုပိုင် ထလိုက်သည်။ မျက်နှာသစ်ပြီးနောက် ထမင်းကို အငမ်းမရ စားလိုက်၏။ စားသောက်ပြီးနောက် အပြင်သို့မထွက်ဘဲ အခန်းထဲတွင်သာနေကာ သူ၏ခွန်အားလေ့ကျင့်ခန်းများကို ဆက်လုပ်နေသည်။
ကျောက်တုံးအလေးများကို မနားတမ်းမနေပြီး သူ၏ ဂျင်းလော်သွေးကြောများ၏ ခံနိုင်ရည်ကို စိန်ခေါ်နေလေသည်။
ထိုအချိန်တွင် သူ၏အမြင့်ဆုံးခွန်အားမှာ ကျင်း ၈၀ သာရှိသေးသဖြင့် ၈၅ ကျင်းလေးသော ကျောက်တုံးအလေးကို အထူးတလည် ရွေးချယ်ပြီး မလိုက်သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်။ မနက်ခင်းတစ်လျှောက်လုံးတွင် တုပိုင်သည် အလေးကို အကြိမ်သုံးဆယ်ခန့် မလိုက်ရာ တဖန်ပြန်၍ မောပန်းနွမ်းနယ်သွားပြန်သည်။
သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အရွတ်များ ပြတ်ထွက်တော့မတတ် ခံစားနေရသည်။ သူရပ်နားရန် လိုအပ်မှန်း သိလိုက်သည်။
တုပိုင်သည် အအေးခံထားသော ဆေးရည်ထဲတွင် ခေတ္တစိမ်လိုက်ပြီးနောက် ရေသန့်ဖြင့် ကိုယ်လက်သန့်စင်လိုက်သည်။
ထို့နောက် ကျားသစ်အချင်းဆီကို တစ်ကိုယ်လုံး၌ လိမ်းကျံကာ စောင်မပါဘဲ ကုတင်ပေါ်သို့ တက်အိပ်လိုက်ပြီး အိပ်မက်ထဲသို့ ဝင်ရောက်သွားတော့သည်။
နေ့လယ် နှစ်နာရီခန့်တွင် ထမင်းချက်မိန်းမစိုးသည် တုပိုင်၏အခန်းထဲသို့ ထမင်းချိုင့်အသစ်တစ်ခုနှင့် ထပ်ဝင်လာသည်။
သူသည် တမင်သက်သက် တစ်နာရီကျော် နောက်ကျမှ လာခြင်းဖြစ်သည်။ အခန်းထဲသို့ ရောက်သောအခါ တုပိုင်တစ်ယောက် အိပ်ရာပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် အေးစက်စွာ ပြောလိုက်လေသည်။
“အသုံးမကျတဲ့ကောင်။”
ထိုအချိန်တွင် တုပိုင်သည် လုံးဝအသစ်ဖြစ်သော အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားလေသည်။
သူ့စိတ်ထဲတွင် အိပ်မက်ထဲ၌ ဆေးရည်စိမ်နေဆဲဟု ထင်မှတ်ထားသော်လည်း လုံးဝစိမ်းသက်သော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
**--**--**--**--**--**--**--**
အိပ်မက်ကမ္ဘာအသစ်သည် လေပြင်းများ တိုက်ခတ်နေသော ရေခဲပြင်ကြီး ဖြစ်လေသည်။
လေတိုက်နှုန်းမှာ အဆင့် ၉ ထက်ကျော်လွန်ပြီး တစ်စက္ကန့်လျှင် မီတာ ၂၀ ကျော်နှုန်းဖြင့် တိုက်ခတ်နေသည်။ ဤကဲ့သို့သော လေပြင်းထဲတွင် လူတစ်ယောက်အနေဖြင့် မတ်တတ်ရပ်ရန် မဖြစ်နိုင်ဘဲ လွင့်ပါသွားနိုင်သလို လက်မောင်းခန့်ရှိသော သစ်ကိုင်းများပင် ကျိုးပဲ့ကုန်လေသည်။
ထိုစဉ် အိပ်မက်ထဲတွင် တုပိုင်သည် ကိုယ်လုံးတီးဖြစ်နေပြီး ပတ်ဝန်းကျင်အပူချိန်မှာ အနုတ် ၂၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနေသည်။
ထိုးဖောက်ဝင်ရောက်လာသော အအေးဒဏ်က မခံမရပ်နိုင်အောင် နာကျင်စေသည်။ အိပ်မက်ဖြစ်သော်လည်း ခံစားမှုများက အလွန်တရာ စစ်မှန်နေ၏။
အစပိုင်းတွင် တုပိုင်သည် တစ်ကိုယ်လုံးကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားရသော်လည်း တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံး ထုံကျင်လာပြီး ခံစားမှုအာရုံများ ပျောက်ဆုံးလုနီးပါး ဖြစ်လာသည်။
တုပိုင်နှင့် မီတာ ၅၀ အကွာတွင် မီးဖိုတစ်ခု ထွန်းညှိထားသော အိမ်ကလေးတစ်လုံး ရှိနေပြီး နွေးထွေးမှုများ ပြည့်နှက်နေသည်။
အိပ်မက်ထဲတွင် တုပိုင်သည် အသက်ရှင်သန်ရန်အတွက် ထိုတဲအိမ်ကလေးဆီသို့ အရောက်သွားနိုင်ရန် အသည်းအသန် ကြိုးစားနေရသည်။
သို့သော် သူ့ပတ်လည်တွင် အဆင့် ၉ ရှိသော လေပြင်းမုန်တိုင်းက တိုက်ခတ်နေသဖြင့် မတ်တတ်ရပ်ရန်ပင် မဖြစ်နိုင်သလောက် ခက်ခဲနေပြီး ခြေတစ်လှမ်းလှမ်းတိုင်းတွင် ကြီးမားသော အားထုတ်မှု လိုအပ်နေသည်။
တစ်လှမ်းချင်း၊ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း။ တုပိုင် ၁၅ မီတာခန့် လျှောက်ပြီးနောက် အားကုန်သွားကာ လေတိုက်ရာသို့ လွင့်ပါသွားပြီး မြေပြင်ပေါ်သို့ လဲကျကာ အေးခဲ၍ သေဆုံးသွားလေသည်။
တုပိုင်၏ ပထမဆုံး အိပ်မက်စနစ် စမ်းသပ်မှုသည် ယနေ့တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ခဏအကြာတွင် ဒုတိယအိပ်မက်စမ်းသပ်မှု စတင်လေသည်။ နှင်းများဖုံးလွှမ်းနေပြီး လေပြင်းမုန်တိုင်း တိုက်ခတ်နေသော နေရာပင် ဖြစ်သည်။
သူသည် နှင်းပြင်ပေါ်တွင် ကိုယ်လုံးတီးဖြင့် ရပ်နေဆဲဖြစ်သည်။ ရှေ့ မီတာ ၅၀ အကွာတွင် မီးဖိုထွန်းထားသော တဲအိမ်ကလေး ရှိနေသည်။ အသက်ရှင်ရန်အတွက် သူ ထိုအိမ်ထဲသို့ ဝင်ရမည်ဖြစ်သည်။
အိပ်မက်ထဲတွင် တုပိုင်သည် ရှေ့သို့ရောက်ရန် ထပ်မံရုန်းကန်ပြန်သည်။ သူ၏ခွန်အားနှင့် စိတ်ဓာတ်ခွန်အားအားလုံးကို အသုံးပြုပြီး တစ်လှမ်းချင်း ရှေ့ဆက်တိုးသည်။
ဤတစ်ခါတွင်တော့ တုပိုင် မီတာ ၂၀ အထိ ရောက်အောင် လျှောက်နိုင်ခဲ့သော်လည်း အားကုန်သွားပြီး လေတိုက်ရာ လွင့်ပါသွားကာ မြေပြင်ပေါ်လဲကျ၍ အေးခဲသေဆုံးသွားပြန်သည်။ ဒုတိယအိပ်မက်စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်သည်။
ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ..။
၁၅ ကြိမ်မြောက် ကြိုးပမ်းမှုတွင် တုပိုင်သည် မီတာ ၄၀ အထိ ရောက်ရှိခဲ့ပြီး မီးဖိုထွန်းထားသော အိမ်ကလေးနှင့် ၁၀ မီတာသာ လိုတော့သည်။
အောင်မြင်မှုက လက်တစ်ကမ်းတွင်သာ ရှိတော့၏။ သို့သော် ထိုအချိန်တွင် လေတိုက်နှုန်း ရုတ်တရက် မြင့်တက်လာပြီး အဆင့် ၉ မှ အဆင့် ၁၀ သို့ ပြောင်းသွားသည်။ တုပိုင် လွင့်စဉ်သွားပြီး မြေကြီးပေါ်သို့ ရိုက်ကျကာ ချက်ချင်း သေဆုံးသွားလေသည်။
၁၅ ကြိမ်မြောက် အိပ်မက်စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်သည်။ ၁၆ ကြိမ်မြောက်၊ ၁၇ ကြိမ်မြောက်၊ ၁၈ ကြိမ်မြောက်...။
အိပ်မက်ကမ္ဘာထဲတွင် တုပိုင်သည် ထပ်ခါတလဲလဲ သေဆုံးပြီး ထပ်ခါတလဲလဲ ပြန်လည်ရှင်သန်လာသည်။
ရေခဲမှတ်အောက် အအေးဒဏ်နှင့် မုန်တိုင်းကြားတွင် ရုန်းကန်နေရသည်မှာ မီးဖိုထွန်းထားသော အိမ်ကလေးထဲသို့ ဝင်ရောက်နိုင်ရန် တစ်ခုတည်းအတွက်သာ ဖြစ်သည်။
လေတိုက်နှုန်းမှာ ပိုမိုပြင်းထန်လာပြီး အဆင့် ၉ မှ အဆင့် ၁၀ သို့ ရောက်လာကာ သစ်ကိုင်းများကို ချိုးဖျက်ပြီး သစ်ပင်ငယ်များကို အမြစ်မှ ဆွဲနှုတ်ပစ်နေလေသည်။
တုပိုင် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။ ငရဲကျနေသကဲ့သို့ပင်။ နောက်ဆုံးတွင် အကြိမ် ၈၀ မြောက် ပြန်လည်ရှင်သန်ပြီးနောက် တုပိုင်သည် မီတာ ၅၀ ခရီးကို ပြီးဆုံးအောင် လျှောက်လှမ်းနိုင်ခဲ့ပြီး မီးဖိုထွန်းထားသော အိမ်ကလေးထဲသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
ထိုးဖောက်ဝင်ရောက်နေသော အအေးဒဏ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းလည်း ငြိမ်သက်သွားကာ ထိုအစား အရာအားလုံးနှင့် မလဲနိုင်သော နွေးထွေးမှု နွေဦးရာသီ၏ နွေးထွေးမှုမျိုး ရောက်ရှိလာတော့သည်။
“ဟားးးး။ ကောင်းလိုက်တာ။” တုပိုင် သက်ပြင်းချလိုက်မိသည်။ ‘နောက်ဆုံးတော့ ငရဲခန်း ပြီးသွားပြီပေါ့။’
ထို့နောက် သူမျက်လုံးဖွင့်ပြီး နိုးလာသောအခါ တစ်ကိုယ်လုံး ပူလောင်နေသည်ကို တွေ့လိုက်ရသည်။ တကယ်တော့ ဤပူလောင်မှုမှာ ဖျားနာခြင်းကြောင့် မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်နှင့် ဂျင်းလော်သွေးကြောများက ရေခဲပြင်မုန်တိုင်းထဲတွင် တကယ်ကျင့်ကြံခဲ့သည်ဟု ထင်မှတ်ပြီး ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်နေခြင်းကြောင့်ဖြစ်သည်။
ဤစမ်းသပ်မှုသည် အတုအယောင်သာဖြစ်ပြီး အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ခန္ဓာကိုယ်ကမူ အစစ်အမှန်ဟု ထင်မှတ်နေသဖြင့် အသက်အန္တရာယ် မရှိဘဲနှင့် တကယ့်စမ်းသပ်မှုကဲ့သို့သော ရလဒ်မျိုးကို ရရှိခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ အလွန်အမင်း နာကျင်ရသော အကန့်အသတ်စိန်ခေါ်မှုတွင် တုပိုင်၏ ဂျင်းလော်သွေးကြောများနှင့် အရိုးများသည် ကျားသစ်အချင်းဆီ၏ စွမ်းအင်များကို အငမ်းမရ စုပ်ယူပြီး သူတို့တို့ကိုယ်သူတို့ သန်မာအောင် တည်ဆောက်လိုက်ကြသည်။
လက်တွေ့ကမ္ဘာတွင် တုပိုင် ၁၀ နာရီသာ အိပ်စက်ခဲ့သော်လည်း အိပ်မက်ထဲတွင်မူ ၁၀ ရက်ကျော်ကြာ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရလေသည်။
တုပိုင် ရုတ်တရက် ထထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ တိုးပွားလာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။ သစ်သားနံရံကို လက်သီးတစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်လောက်သည့် စွမ်းအင်မျိုးပင်။
သူ အိပ်မက်စမ်းသပ်မှု၏ ရလဒ်များကို စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ပေ။
ပထမအကြိမ်တွင် သူသည် ၇၅ ကျင်း လေးသော ကျောက်တုံးအလေးကို ရွေးချယ်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောက်တုံးကို ဆွဲမကာ ရုတ်တရက် မတင်လိုက်သည်။
ခေါင်းပေါ်သို့ မတင်လိုက်ရသည်မှာ အလွန်လွယ်ကူပြီး မည်သည့် တုံ့ဆိုင်းမှုမှ မရှိသည့်အပြင် စွမ်းအင်အပိုများ ကျန်နေသေးသည်ဟုပင် ခံစားလိုက်ရသည်။
ကျောက်တုံးကို ပြန်ချလိုက်ပြီးနောက် တုပိုင်သည် သူ၏လက်များကို အံ့ဩဝမ်းသာစွာဖြင့် ကြည့်လိုက်မိသည်။ “သောက်ကျိုးနည်း။”
အပိုင်း ၂၁ ပြီး။