အခန်း (၂၇)
Vol. 3 Ch. 27
ထို့နောက် အခြေအနေကို လန်ထင်က ဆက်လက်ကိုင်တွယ်ဖြေရှင်းလိုက်သည်။
လီဝေက စိတ်သက်သာရာရသွားပြီး ပိုင်ချွမ်းကို အေးစက်စက်ပြုံးကာ ကြည့်လိုက်သည်။ “မင်း တစ်ခုခုမေ့နေတယ် မဟုတ်လား။”
ဒုတိယကျောင်းအုပ်ကြီး လန်ထင်က ဝင်ပြောလိုက်သည်။
“ဟုတ်တယ်။ ပိုင်ချွမ်း။ မင်းက အရည်အချင်းရှိတဲ့သူကို မနာလိုဖြစ်ပြီး တုပိုင်ကို စွပ်စွဲခဲ့တယ်။ မင်းကြောင့် ငါတို့မိန်းမစိုးဂိုဏ်းရဲ့ အမာခံထောက်တိုင်တစ်ခု ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ မင်း ကျောင်းသားတုပိုင်ကို အခုချက်ချင်း မတောင်းပန်သင့်ဘူးလား။”
ထိုအချိန်တွင် ပိုင်ချွမ်းသည် တုပိုင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေသည်။ ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို တောင်းပန်ရမည်သည်လော။ သူ့ဂုဏ်သိက္ခာကို မြောင်းထဲပြစ်ချရတော့ပေမည်။
လန်ထင်က အေးစက်စွာ ပြောလိုက်သည်။ “မင်းက အကယ်ဒမီက ဆရာမဟုတ်တော့ဘူး။ အဝတ်လျှော်ဌာနက အဆင့်နိမ့်မိန်းမစိုးပဲဆိုတာ မမေ့နဲ့။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်ချွမ်း၏ ဘဝင်မြင့်မှုများ ပျောက်ဆုံးသွားပြီး နာကျင်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် တုပိုင်ကို ခါးကိုင်းဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “တုပိုင်... ငါတောင်းပန်ပါတယ်။ ငါက မင်းရဲ့အရည်အချင်းကို မနာလိုဖြစ်မိပြီး သဘောထားသေးသိမ်မိပါတယ်။”
တစ်ဖက်လူက လိုလိုလားလား တောင်းပန်ခြင်း မဟုတ်မှန်း သိသော်လည်း တုပိုင်ကတော့ အလွန်ကျေနပ်နေသည်။
“ကဲ... သွားကြစို့။” လီဝေက တုပိုင်ကို ပြုံးပြပြီး ပြောလိုက်သည်။ “အပြင်ထွက်ပြီး စကားပြောရအောင်။ ပိုင်ချွမ်းခမျာ တစ်ယောက်တည်း နေချင်ရှာမှာပါ။”
မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ရိုးသားပုံပေါက်သော လီဝေပင်လျှင် ဤမျှ ရွဲ့တတ် စောင်းတတ်လိမ့်မည်ဟု ဘယ်သူထင်မည်နည်း။
လီဝေနှင့် တုပိုင်တို့ ထွက်သွားပြီးနောက် အခန်းထဲတွင် လန်ထင်နှင့် ပိုင်ချွမ်းတို့သာ ကျန်ရစ်ခဲ့သည်။
“ဆရာ... ကျွန်တော့်ကို ကယ်ပါဦး။” ပိုင်ချွမ်းက ဒူးထောက်ချလိုက်ပြီး အသည်းအသန် ဦးခိုက်တောင်းပန်လိုက်သည်။
လန်ထင်က ပိုင်ချွမ်းကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး။ အနည်းဆုံးတော့ လောလောဆယ် ဘယ်သူမှ မကယ်နိုင်ဘူး။”
ပိုင်ချွမ်းက ကြမ်းပြင်နှင့် နဖူးကိုကပ်ကာ အံကြိတ်ထားလိုက်ပြီး သူ့ရင်ထဲမှ နာကြည်းမှုများ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေတော့သည်။
**--**--**--**--**--**--**--**
အပြင်သို့ ရောက်သည်နှင့် လီဝေသည် သူ့ရင်ထဲမှ တုန်လှုပ်မှုများကို အတိုင်းအဆမရှိ ထုတ်ဖော်လိုက်တော့သည်။
“မယုံနိုင်စရာပဲ။ တွေးကြည့်လို့တောင် မရဘူး။ တစ်ခါမှ မမြင်ဖူးဘူး။ တစ်ခါမှ မကြားဖူးဘူးကွာ။” လီဝေက စကားပုံလေးခုကို ဆက်တိုက်သုံးလိုက်သည်။ သူက တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ငါ မြောက်ပိုင်း ကွမ်နင်သိုင်းအကယ်ဒမီက ဆင်းလာတာ မင်းသိတယ်မလား။ အဲ့ဒီမှာ သိုင်းပညာရှင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ မင်းလိုလူမျိုးကိုတော့ ငါတစ်ခါမှ မမြင်ဖူးသလို မကြားဖူးဘူး။ လဝက်အတွင်းမှာ အင်အားကို ကျင်း ၃၀၀၊ ၄၀၀ လောက် တိုးလာအောင်လုပ်နိုင်တယ်ဆိုတာ တကယ့်ကို အံ့သြစရာပဲ။ မင်းဘယ်လိုလုပ်လိုက်လဲဆိုတာ ငါစဉ်းစားလို့တောင် မရဘူး။ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။”
တုပိုင်က မနေနိုင်ဘဲ မေးလိုက်သည်။ “ဆရာ့တုန်းကရော ဘယ်လောက်ကြာခဲ့လဲ။”
လီဝေက ပြောသည်။ “ငါက မွေးရာပါ အင်အားကြီးပေမဲ့ အင်အား ၃၉၀ ကျင်း တိုးလာဖို့ ၂ နှစ်နီးပါး ကြိုးစားခဲ့ရတယ်။ မင်းက ကာယကံရှင်မို့လို့ မင်းငါတို့အားလုံးကို ဘယ်လောက်တောင် တုန်လှုပ်သွားစေခဲ့လဲဆိုတာ သိမှာမဟုတ်ဘူး။”
တုပိုင်က တစ်ချက်ရယ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသော စကားများကို မပြောတော့ပေ။
လီဝေက သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။ “ပိုင်ချွမ်းကို မပြောနဲ့ဦး။ ငါတောင်မှ မင်းကို မနာလိုဖြစ်မိတယ်။ ကျောင်းအုပ်ကြီးတစ်ယောက်ပဲ မနာလိုမဖြစ်ဘဲ အတိုင်းအဆမရှိ ဝမ်းသာနေမှာ။ ဘာလို့လဲဆိုတော့ သူက ကိုယ်ကျိုးအတ္တကို ဂရုမစိုက်ဘဲ မိန်းမစိုးဂိုဏ်းနဲ့ အင်ပါယာရဲ့ အကျိုးစီးပွားကိုပဲ ဂရုစိုက်လို့လေ။”
တုပိုင် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ လီဝေက သူ့အပေါ် အရမ်းကောင်းသဖြင့် တုပိုင်အနေနှင့် လျှို့ဝှက်မထားသင့်သော်လည်း အိပ်မက်စနစ်အကြောင်းကိုတော့ ဘယ်သူ့ကိုမှ မပြောပြချင်ပေ။
“မင်းမှာ လျှို့ဝှက်ချက်တွေ ရှိမယ်ဆိုတာ ငါသိပါတယ်။ ငါ့ကို ပြောပြစရာမလိုပါဘူး။” လီဝေက ပြောလိုက်သည်။ “ဉာဏ်ကြီးရှင်တိုင်းမှာ လျှို့ဝှက်ချက် ရှိစမြဲပဲ။ ငါ့ကို မပြောရုံတင်မကဘူး။ ဘယ်သူ့ကိုမှလည်း မပြောနဲ့။”
တုပိုင် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ “ဆရာ... ကျောင်းအုပ်ကြီးက ဒီရက်ပိုင်း ပြဿနာတက်နေတာလား။”
လီဝေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ အကြီးကြီးပဲ။ သမိုင်းက ကျန်ရစ်ခဲ့တဲ့ အမွေဆိုးပေါ့ကွာ။ လီကျန်းအကယ်ဒမီနဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းက ငါတို့ဆီကနေ အသားတုံးကြီးကြီး တစ်တုံးကို ထပ်ဖဲ့ယူဖို့ ကြိုးစားနေကြတယ်။ မင်းကိစ္စရှိနေလို့သာ ကျောင်းအုပ်ကြီးက မနေ့ညက နန်နင်းစီရင်စုကနေ အပြေးပြန်လာခဲ့တာ။ မင်း အနိုင်ရသွားပြီဆိုတော့ သူက အနားတောင်မယူဘဲ အခြေအနေကို ထိန်းသိမ်းဖို့ ကွမ်ကျိုးစီရင်စုကို အပြေးသွားရပြန်ပြီ။”
လီကျန်းအကယ်ဒမီနှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်းတို့သည် ကွမ်ရှီးပြည်နယ်၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက် အမြင့်ဆုံးသော သင်ကြားရေးအဖွဲ့အစည်းများ ဖြစ်ကြသည်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီကမူ ပြည်နယ်၏ အဓိကကျောင်းကြီး ၃ ကျောင်းစာရင်းဝင် ဖြစ်လာစေရန် ကြီးမားသော ပေးဆပ်မှုများကို ပေးဆပ်ခဲ့ရသည်။
“ဘာပြဿနာတွေ ဖြစ်တာလဲဟင်။” တုပိုင်က မေးလိုက်သည်။
လီဝေက ပြောသည်။ “ဒီကိစ္စက အရင်ကျောင်းအုပ်ကြီးတွေနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုတော့ ငါပြောလို့မကောင်းဘူး။ ကျောင်းအုပ်ကြီး ပြန်ရောက်ရင် မင်းဘာသာမေးကြည့်ပေါ့။”
“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေလိုက်သည်။
လီဝေက ဆက်ပြောသည်။ “ငါ အတန်းသွားတက်ရဦးမယ်။ မင်း ကိုယ့်အဆောင်ကို ပြန်ချင်ပြန်။ ဒါမှမဟုတ် အရင်အခန်းမှာပဲ ဆက်နေချင်နေလေ။ ဒါပေမဲ့ မင်းဒဏ်ရာလည်း ပျောက်နေပြီဆိုတော့ သီးသန့်အခွင့်အရေးတွေ မယူတော့ဘဲ အဆောင်ပဲ ပြန်ဖို့ ငါအကြံပေးချင်တယ်။”
“ဟုတ်ကဲ့ပါ ဆရာ။”
အခြေအနေကို သဘောပေါက်လွယ်သော တုပိုင်သည် အလွန်လိမ္မာပါးနပ်ကြောင်း လီဝေ တွေ့ရှိလိုက်သည်။ သူ၏ “ဟုတ်ကဲ့” ဟူသော အသံလေးက အလွန်လိမ္မာပုံပေါက်ပြီး လူတိုင်း အလိုလိုက်ချင်စရာကောင်းသော ဂျူနီယာလေးတစ်ယောက် ဖြစ်နေသည်။
“နောက်တစ်ချက်ရှိသေးတယ်။” လီဝေက ပြောသည်။ “ပိုင်ချွမ်းက မင်းကို ဘာမှလုပ်ရဲမှာ မဟုတ်ပေမဲ့ သူ မိုက်မိုက်ကန်းကန်း လုပ်လာမှာကိုတော့ သတိထားရမယ်။ မင်းမှာ သူတစ်ပါးကို ဒုက္ခပေးလိုစိတ် မရှိသင့်ပေမဲ့ သူတစ်ပါးကို ကာကွယ်ရမယ့်စိတ်တော့ မရှိလို့ မဖြစ်ဘူး။”
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။” တုပိုင် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် ပြင်လိုက်သည်။
‘သူတစ်ပါးကို ဒုက္ခပေးလိုစိတ် ရှိတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ကို ဒုက္ခပေးလာမယ့်သူကို ကာကွယ်ဖို့ကတော့ ပိုပြီး အရေးကြီးတယ်။’
**--**--**--**--**--**--**--**
သူ့၏ ရိုးရှင်းသော အဆောင်ခန်းသို့ ပြန်ရောက်သည့်အခါ တုပိုင်တစ်ယောက် မာကျောသော ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲချလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်း တုပိုင်သည် အဂ္ဂိရတ်ပညာ အခြေခံသီအိုရီများကို ကိုယ့်ဘာသာ လေ့လာရမည်ဖြစ်ပြီး လီဝမ်ဟွေ့က ဆရာကောင်းတစ်ဆူ ရှာတွေ့မှသာ သိုင်းပညာအသစ်များကို စတင်သင်ယူရမည် ဖြစ်သည်။
အဂ္ဂိရတ်ပညာ အခြေခံသီအိုရီများတွင် အတွဲ ၅ တွဲပါဝင်ပြီး တစ်တွဲလျှင် စာမျက်နှာ ၆၀၀ ကျော်ပါသည်။ သိုင်းပညာနှင့် ယှဉ်လျှင် အဂ္ဂိရတ်ပညာသည် သီအိုရီအသိပညာကို ပိုမိုအလေးပေးသဖြင့် ဤစာအုပ် ၅ အုပ်ကို အလွတ်ကျက်မှတ်ထားရန် အထူးအရေးကြီးသည်။
အဂ္ဂိရတ်ပညာသည် ဘာသာရပ်ခွဲတစ်ခုသာဖြစ်ပြီး ဘွဲ့ယူစာမေးပွဲတွင် အမှတ် ၅၀ သာ ပေးသည်။ ခေတ်သစ်ကမ္ဘာမြေ၏ စာမေးပွဲများမှ မေဂျာမဟုတ်သော ဘာသာရပ်များနှင့် တူညီသည်။
ဤစာအုပ် ၅ အုပ်ကို အလွတ်ကျက်ပြီး လက်တွေ့စမ်းသပ်မှုအချို့ ပြုလုပ်နိုင်လျှင် စာမေးပွဲအောင်နိုင်မည်ဖြစ်သည်။
သို့သော် အမှတ်များများရရန်မူ ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် အဂ္ဂိရတ်ပညာနှင့် ဆေးဖော်စပ်ခြင်းပညာရပ် နှစ်ခုစလုံးသည် လက်တွေ့စမ်းသပ်မှုပေါင်း ရာချီ၊ ထောင်ချီ ပြုလုပ်ပြီး အတွေ့အကြုံ စုဆောင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။
၄ နာရီတိတိ စာဖတ်ပြီးနောက် တုပိုင်သည် အိပ်မက်ထဲတွင် အဂ္ဂိရတ်ပညာ အခြေခံသီအိုရီများပထမတွဲကို ဆက်လက်လေ့လာ ကျက်မှတ်ရန် ရည်ရွယ်ချက်ဖြင့် ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည်။
အိပ်ပျော်သွားပြီးနောက် တုပိုင်သည် အဂ္ဂိရတ်စာအုပ်ကို မလေ့လာရဘဲ အခြားအိပ်မက်တစ်ခုကို မက်လေသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။
အိပ်မက်ထဲတွင် တုပိုင်သည် လျှို့ဝှက်အခန်းတစ်ခုထဲ၌ ရှိနေပြီး ခြေလက်များကို ချည်နှောင်ကာ လေထဲတွင် တွဲလောင်းဆွဲထားခံရသည်။ သူ့ရှေ့တွင် ရပ်နေသူမှာ ယောက်ျားလေးလို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမသည် အေးစက်ပြီး လှပသော အမျိုးသမီးတစ်ယောက်ဖြစ်၏။
ထိုအမျိုးသမီးသည် အရပ်အလွန်ရှည်ပြီး ရှားပါးသော ဂျုံဖြူရောင် အသားအရေရှိကာ အလွန်လှပသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဆွဲဆောင်မှုရှိသလောက် သူမ၏ မျက်လုံးများက အလွန်အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။
သူမက တုပိုင်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် အမိန့်တစ်ခုကို ဖြည်းညှင်းစွာ ပေးလိုက်သည်။ “သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်။ ခြေလက်က အရွတ်တွေကို ဖြတ်ပစ်လိုက်။”
တုပိုင်က အံ့အားသင့်စွာ မေးလိုက်သည်။ “ဘာလို့လဲ။ ငါက မိန်းကလေးကို ဘာများ ပြစ်မှားမိလို့လဲ။”
ထိုအမျိုးသမီး၏ မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။ “ဘာကြောင့်လဲဆိုတာ ငါပြောပြမလို့ပဲ။ ဒါပေမဲ့ မင်းက ငါ့ကို မိန်းကလေး လို့ ခေါ်လိုက်တဲ့အတွက် ငါလုံးဝ ဒေါသထွက်သွားပြီ။”
ထို့နောက် သူမက ရှေ့တိုးလာပြီး လျှပ်စီးလက်သလို လျင်မြန်သော အမြန်နှုန်းဖြင့် ဓားမြှောင်ဖြင့် ဝှေ့ယမ်းလိုက်သည်။
တုပိုင်၏ ခြေလက်များ ထုံကျင်သွားပြီး အရွတ်များနှင့် သွေးကြောများအားလုံး ဖျက်ဆီးခံလိုက်ရသလို ခံစားလိုက်ရသည်။
ထို့နောက် မျက်လုံးထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားတော့သည်။ သူ လုံးဝ ကန်းသွားပြီဖြစ်သည်။
ဤအမျိုးသမီးက ရက်စက်လွန်းသလို ပြတ်သားလွန်းသည်။ တုပိုင်ကို ဘာမှလုပ်ခွင့်မပေးဘဲ တိုက်ရိုက်ပင် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
အိပ်မက်ဖြစ်သော်လည်း လက်တွေ့အတိုင်းပင် ခံစားနေရသည်။ မျက်လုံးများ အဖောက်ခံထားရပြီး အရွတ်များ အဖြတ်ခံထားရသော တုပိုင်သည် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ပြင်းထန်စွာ နာကျင်မှုကို ခံစားနေရသည်။
ထို့နောက် ခြေသံများ ကြားလိုက်ရပြီး အမျိုးသားတစ်ယောက် ဝင်လာသည်။ သူက တုပိုင်ဘေးတွင် ထိုင်ချလိုက်ပြီး နက်ရှိုင်းသော အမုန်းတရားများဖြင့် လှောင်ပြောင်လိုက်သည်။
“တုပိုင်... မင်းက ဉာဏ်ကြီးရှင်ဆို။ မင်းက တော်တယ်ဆို။ အခုရော ဘယ်လိုနေလဲ။ နောက်ဆုံးတော့ မင်း ငါ့လက်ထဲမှာပဲ သေရမယ်မလား။”
အသံက ပုံပျက်နေသော်လည်း ပိုင်ချွမ်း၏ အသံမှန်း တုပိုင် မှတ်မိနေသေးသည်။
အိပ်မက်ထဲတွင် ပိုင်ချွမ်းက တုပိုင်၏ ပါးကို ရိုက်လိုက်ပြီး စူးစူးဝါးဝါး အော်ပြောသည်။ “ငါ့ကို ပြစ်မှားတဲ့ ဘယ်ကောင်မဆို သေတာထက်ဆိုးတဲ့ ဒုက္ခကို ခံစားစေရမယ်။ ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ ခြေထောက်အောက်မှာ အနင်းခံရမယ့် ပုရွက်ဆိတ်ပဲ။”
“မင်းအတွက် လုပ်ပေးပြီးပြီ။ အခု ဆားမှောင်ခို ရှီ ၁၈၀၀ ဘယ်မှာလဲဆိုတာ ငါ့ကိုပြောတော့။”
ထိုအမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။ သူမ၏ လေသံက ပိုင်ချွမ်းအပေါ် အထင်သေး ရွံရှာမှုများ ပါဝင်နေသည်။
အပိုင်း ၂၇ ပြီး