← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ပိုင်ချွမ်းက ပြောလိုက်၏။

“လျန်ကျိုးစီရင်စုရဲ့ တောင်ဘက် မိုင် ၂၀၀ အကွာမှာ ဝေကျိုးကျွန်း ရှိတယ်။ ကျွန်းရဲ့ အရှေ့ဘက်စွန်း နျူလန်တောင်ပေါ်မှာ လိပ်ပုံထွင်းထားတဲ့ ထင်းရှူးပင် ၃ ပင် ရှိတယ်။ အဲ့ဒီ ထင်းရှူးပင် ၃ ပင်ကြားမှာ ဆားမှောင်ခို စုစုပေါင်း ရှီ ၁၈၀၀ ကို မြှုပ်နှံထားပါတယ်။”

ဆား ရှီ ၁၈၀၀ ဆိုသည်မှာ ကျင်း ၂ သိန်း ၈ သောင်းနီးပါး ရှိကာ ကြီးမားသော ပမာဏဖြစ်သည်။ တာ့နင်မင်းဆက်တွင် ဆားဈေးနှုန်းမှာ နှစ်စဉ် မြင့်တက်လျက်ရှိ၏။ ယခု ကျန်နန်ဒေသတွင် ဆားတစ်ကျင်းလျှင် ငွေ ၄ ဖန် ပေါက်ဈေးရှိသည်။ ဤဆားမှောင်ခိုများသည် ငွေပြား ၁ သောင်းနီးပါး တန်ဖိုးရှိလေသည်။

တစ်စုံတစ်ယောက်က တုပိုင်အား သတ်ဖြတ်ရန်အတွက် ငွေ ၁ သောင်းနီးပါး ပေးချေခဲ့ခြင်းဖြစ်သည်။ တုပိုင်၏ အသက်က တန်ဖိုးရှိသည်ဟု ပြောရမည်လော။ သို့မဟုတ် တန်ဖိုးမရှိဟု ပြောရမည်လော မသိတော့ချေ။

“ပင်လယ်ပြင်ထွက်ပြီး ဆားမှောင်ခိုတွေကို သွားယူချည်…။”

အမျိုးသမီးက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

အပြင်ဘက်မှ သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

အမျိုးသမီးက ပိုင်ချွမ်းကို ပြောလိုက်သည်။

“ရှင်ပေးတဲ့ သတင်းက မှားနေရင် ဘာဖြစ်မလဲဆိုတာ သိတယ်မလား။ ရှင်တင်မကဘူး… ရှင့်မိဘတွေ၊ မိသားစုတွေပါ အကုန်သေရမယ်။”

“စိတ်ချပါ…” ပိုင်ချွမ်းက ဖားယားသော လေသံဖြင့် ပြောလိုက်သည်။ “ကျွန်တော့်မှာ အသက် ၁၀၀ ပါရင်တောင် ခင်ဗျားကို မလိမ်ရဲပါဘူး။”

“ကောင်းပြီ။ ထွက်သွားတော့။” အမျိုးသမီးက ပြောလိုက်လေသည်။

ထို့နောက်တွင် သူမသည် တုပိုင်၏ လည်ပင်းကို ဓားဖြင့် ပေါ့ပေါ့ပါးပါးလေး လှီးဖြတ်လိုက်လေ၏။ ပြီးနောက်တွင် တုပိုင်တစ်ယောက် ရှည်လျားလှသော အမှောင်ထုထဲသို့ ကျရောက်သွားလေတော့သည်။

ခဏအကြာတွင် အိပ်မက်၏ အနက်ရှိုင်းဆုံးနေရာမှ ထူးဆန်းသော အလင်းတန်းနှင့် အရိပ်များ ထပ်မံထွက်ပေါ်လာ၏။

“အထူးမစ်ရှင် စတင်ပါပြီ။ မကောင်းမှု အမြစ်ပြတ်ချေမှုန်းပြီး သွေးကွမ်ရင်မယ်တော်ကို ကယ်တင်ပါ။”

“အောင်မြင်ပါက ရရှိမည့် ဆုလာဘ် - အလှပဂေးလေးနှင့် တစ်ညတာ ပျော်ပါးခွင့်၊ ယန်ချီ ၃ မှတ် တိုးမည်။ ကျရှုံးပါက ပြစ်ဒဏ် - သေဆုံးမည်။”

**--**--**--**--**--**--**--**

“အားးးး။”

တုပိုင်သည် အော်ဟစ်လိုက်ကာ အိပ်မက်မှ ရုတ်တရက် လန့်နိုးလာပြီး တစ်ကိုယ်လုံးတွင် ချွေးစေးများ ရွှဲနစ်နေလေသည်။

သူသည် သူ၏ လက်များ၊ ခြေထောက်များနှင့် လည်ပင်းကို အလျင်အမြန် စမ်းသပ်ကြည့်လိုက်ရာ အကောင်းအတိုင်း ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

“တော်ပါသေးရဲ့… အိပ်မက်ဖြစ်နေလို့။”

သို့သော် ဤအရာက အိပ်မက်သက်သက် မဟုတ်ကြောင်း တုပိုင် လျင်မြန်စွာ သဘောပေါက်လိုက်၏။ သူသာ ပြောင်းလဲရန် နည်းလမ်းမရှာဖွေပါက ဤအိပ်မက်သည် မနက်ဖြန်၌ပင် အမှန်တကယ် ဖြစ်လာပေလိမ့်မည်။

ပိုင်ချွမ်းက သူ့အား အလွန်မုန်းတီးနေပြီး ဒုက္ခပေးလိမ့်မည်ဟု တုပိုင် တွေးထားခဲ့သည်။ သို့သော် ပိုင်ချွမ်းက ဤမျှ မြန်မြန်ဆန်ဆန် လက်တုံ့ပြန်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယခုအခါ တုပိုင်သည် လီဝမ်ဟွေ့ ရွေးချယ်ထားသော ဆက်ခံသူဖြစ်လာပြီဖြစ်ရာ မိန်းမစိုးအကယ်ဒမီအတွင်း၌ မည်သူမျှ သူ့အား မထိရဲကြပေ။

ထိရဲသူတိုင်း သေရမည်ဖြစ်သည်။ ထို့ကြောင့် ပိုင်ချွမ်းက တုပိုင်ကို ကိုယ်တိုင် မသတ်ရဲဘဲ ထိုအမျိုးသမီးကို အသုံးပြုကာ ဆားမှောင်ခို ကျင်း ၂ သိန်း ၈ သောင်းနှင့် လဲလှယ်ပြီး သတ်ခိုင်းခြင်း ဖြစ်သည်။

ယောက်ျားလေးလို ဝတ်ဆင်ထားသော ထိုအမျိုးသမီးက ဘယ်သူနည်း။ သူမသည် တုပိုင်မှာ မိန်းမစိုးဂိုဏ်းဝင် ဖြစ်ကြောင်း သိလျက်နှင့် ချက်ချင်း လက်ခံလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူမသည် တုပိုင်၏ နောက်ခံကို လုံးဝ ဂရုမစိုက်ကြောင်း သိသာထင်ရှားလှသည်။

ထို့နောက် ချက်ချင်းပင် တုပိုင် ပြန်လည်သတိရသွားသည်။ အိပ်မက်ထဲတွင် ထိုအမျိုးသမီး၏ သတ်ဖြတ်ခြင်းကို ခံရပြီးနောက် ထူးဆန်းသော အလင်းတန်းနှင့် အသံ ထွက်ပေါ်လာခဲ့သည်။

“မကောင်းမှု အမြစ်ပြတ်ချေမှုန်းပြီး သွေးကွမ်ရင်မယ်တော်ကို ကယ်တင်ပါ။”

မကောင်းမှု အမြစ်ပြတ်ချေမှုန်း ဆိုသည်မှာ ရှင်းလင်းသည်။ ပိုင်ချွမ်းကို သတ်ရမည်။ သို့သော် သွေးကွမ်ရင်မယ်တော်ကို ကယ်တင်ပါ ဆိုသည်က မည်သည်နည်း။

သူ့ကို သတ်လိုက်သည့် အမျိုးသမီးက သွေးကွမ်ရင်လော။

“လခွမ်း။ ငါ့ကိုသတ်ဖို့လုပ်တဲ့ ကောင်မကို ငါပြန်ကယ်ရမှာလား။”

ထို့နောက် တုပိုင်သည် သွေးကွမ်ရင်ကို ကယ်တင်ပြီးပါက ရရှိမည့် ဆုလာဘ်ကို ဝိုးတဝါး ပြန်လည်သတိရလိုက်သည်။ အလှပဂေးနှင့် တစ်ညတာ ပျော်ပါးခွင့်နှင့် ယန်ချီ ၃ မှတ်။

တုပိုင် ချက်ချင်း စိတ်အားတက်ကြွသွားလေသည်။ ယန်ချီဆိုသည်မှာ သူ၏ ယောက်ျားစွမ်းရည်ကို ပြန်လည်ရရှိစေမည့် အရာဖြစ်သည်။

ဘွဲ့ယူစာမေးပွဲတွင် ပထမရလျှင် ယန်ချီ ၁၅ မှတ် ရမည်ဖြစ်ပြီး သွေးကွမ်ရင်ကို ကယ်တင်၍ ရသည့် ၃ မှတ်နှင့် ပေါင်းလိုက်လျှင် ၁၈ မှတ် ရလာမည်ဖြစ်သည်။

‘ကောင်းကင်ကြီးနဲ့ မြေကြီးကို ကျေးဇူးတင်ပါတယ်။ ငါ ပုံမှန်ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာပြီပဲ။’

ထို့နောက် တုပိုင်သည် ဤအိပ်မက်ကို သေချာစွာ စတင်စဉ်းစားလေတော့သည်။ ဤ သွေးမယ်တော်ကွမ်ရင် ဆိုသည်မှာ မည်သူနည်း။

ထို့အပြင် ပိုင်ချွမ်းကဲ့သို့ လူတစ်ယောက်သည် ဆားမှောင်ခို ကျင်း ၂ သိန်း ၈ သောင်းကို ပိုင်ဆိုင်နိုင်စွမ်း မရှိချေ။ သူ့ကို အထင်သေးခြင်းမဟုတ်ပေ။ ပိုင်ချွမ်း၏ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်လျှင်ပင် ငွေပြား ၃၀၀ တောင် ပြည့်မည်မထင်။

‘ဒါဆိုရင် ဒီဆားတွေက ဘယ်သူ့ဆားတွေလဲ။ လန်ထင်လား၊ ချွေ့မိသားစုလား၊ ဒါမှမဟုတ် ပေမင်ဓားဂိုဏ်းလား။’

လန်ထင်ဖြစ်ရန်တော့ မဖြစ်နိုင်ပေ။ သူ့၌ ရည်ရွယ်ချက်ရှိသော်လည်း သူနှင့် လီဝမ်ဟွေ့သည် မိန်းမစိုးဂိုဏ်းဝင်များဖြစ်ကြပြီး သူသာ ဆားမှောင်ခို ကျင်း ၂ သိန်း ၈ သောင်းကို ပိုင်ဆိုင်ထားလျှင် လီဝမ်ဟွေ့ကို ဖုံးကွယ်ထားရန် ခက်ခဲလိမ့်မည်။ ချွေ့မိသားစုနှင့် ပေမင်ဓားဂိုဏ်းက ပို၍ ဖြစ်နိုင်ချေရှိသည်။

အဓိကအချက်မှာ မိမိကိုယ်ကို မည်သို့ကယ်တင်ပြီး ပြန်လည်တိုက်ခိုက်ရမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ပိုင်ချွမ်းက သူ့အား သတ်ဖြတ်ရန် ကြံစည်နေပြီဖြစ်ရာ ထိုအကောင်ကို လုံးဝ အရှင်ထား၍ မဖြစ်တော့ချေ။ မကောင်းမှုဟူသမျှ အမြစ်ပြတ်ချေမှုန်းရမည်။

အရိုးရှင်းဆုံးနည်းလမ်းမှာ လီဝမ်ဟွေ့ကို အကူအညီတောင်းရန် ဖြစ်သော်လည်း ထိုသည်က မဖြစ်နိုင်သေးပေ။ လီဝမ်ဟွေ့ကို ကျွန်တော့်အိပ်မက်တွေက မနက်ဖြန်ဘာဖြစ်မလဲဆိုတာ ကြိုမြင်နိုင်တယ် ဟု သွားပြောလျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားနိုင်သည်။

ထို့အပြင် လီဝမ်ဟွေ့သည် ကွေ့လင်တွင် မရှိဘဲ ကွမ်ကျိုးစီရင်စုသို့ သွားရောက်နေချိန်ဖြစ်သည်။

မိမိကိုယ်ကို ကယ်တင်ရန် စိတ်အချရဆုံးနည်းလမ်းမှာ ပထမအချက်အနေဖြင့် ရန်သူကို သိအောင်လုပ်ပြီး ယောက်ျားလေးလို ဝတ်ဆင်ထားသော အမျိုးသမီး၏ သွင်ပြင်လက္ခဏာကို ရှာဖွေရမည်။

ဒုတိယအချက်အနေဖြင့် လောလောဆယ် မိန်းမစိုးအကယ်ဒမီမှ လုံးဝ အပြင်မထွက်ရပေ။ အကယ်ဒမီအတွင်း၌ ရှိနေသမျှကာလပတ်လုံး သူသည် လုံးဝလုံခြုံမှုရှိသည်။ ပိုင်ချွမ်းဖြစ်စေ၊ ဘယ်သူဖြစ်စေ အကယ်ဒမီအတွင်း၌ သူ့ကို ထိခိုက်အောင် မလုပ်ရဲပေ။

ပိုင်ချွမ်းကို သတ်မည့် ကိစ္စအတွက်မူ တုပိုင်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိပြီးသားဖြစ်သည်။ သူတစ်ပါး၏ နည်းလမ်းကို သုံးပြီး သူတစ်ပါးအား ပြန်လည်ဒုက္ခပေးရမည်။

ထိုအချက်များကို စဉ်းစားပြီးနောက် မိုးလင်းရန် နာရီအနည်းငယ် လိုသေးသော်လည်း တုပိုင် ပြန်အိပ်လိုက်လေသည်။

ပြန်အိပ်ပျော်သွားပြီးနောက် တုပိုင် နောက်ထပ်အိပ်မက်တစ်ခု မက်ပြန်သည်။ ထိုအိပ်မက်သည် ဒီနေ့ သူလေ့လာခဲ့သော အဂ္ဂိရတ်ပညာ အခြေခံသဘောတရား ပထမပိုင်း၏ အကြောင်းအရာများဖြစ်သည်။

အိပ်မက်ထဲတွင် အချိန်သည် ၁၀ ဆနီးပါး နှေးကွေးသွားပြီး ဦးနှောက်စွမ်းရည်မှာ ၁၀ ဆ တိုးတက်လာသည်။

ထို့ကြောင့် ၆ နာရီကြာ အိပ်မက်မက်ပြီးနောက် စာသားတစ်ဝက်နှင့် ပုံတစ်ဝက်ပါဝင်သော စာမျက်နှာ ၆၀၀ ပြည့် အဂ္ဂိရတ်ပညာ အခြေခံသဘောတရား ပထမပိုင်းတစ်ခုလုံးကို တုပိုင် အလွတ်မှတ်မိသွားလေသည်။ ဤအိပ်မက်စနစ်သည် တကယ့်ကို မှော်ဆန်လှသည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် တုပိုင် နိုးထလာပြီး အိပ်မက်ထဲမှ လေ့လာမှုရလဒ်များကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။

သူထင်ထားသည့်အတိုင်းပင် အဂ္ဂိရတ်ပညာ အခြေခံသဘောတရားပထမပိုင်းကို အလွတ်ရနေ၏။ စာသားအားလုံးကို ရှင်းလင်းစွာ မှတ်မိနေရုံသာမက ပုံများကိုလည်း စိတ်ထဲတွင် ထွင်းထုထားသကဲ့သို့ အပြည့်အစုံ ပြန်လည်ဆွဲပြနိုင်သည်။

ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် တုပိုင်သည် ယနေ့ရင်ဆိုင်ရမည့် အကြပ်အတည်းကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားရမည်ဖြစ်သည်။ မနေ့ညက မက်ခဲ့သော ပထမဆုံး အိပ်မက်ဆိုးအရ ပိုင်ချွမ်းသည် ယနေ့ သူ့အား သတ်ဖြတ်ရန် ကြိုးစားပေလိမ့်မည်။

ပထမဦးစွာ အိပ်မက်ထဲတွင် သူ့ကိုသတ်ခဲ့သော အမျိုးသမီးက မည်သူနည်း။ သူမက သွေးမယ်တော်ကွမ်ရင် ဆိုသူ ဟုတ်မဟုတ် ရှာဖွေရမည်။ ဆားမှောင်ခို ကျင်း ၂ သိန်း ၈ သောင်း၏ နောက်ကွယ်မှ ကြိုးကိုင်သူက အရေးကြီးသော်လည်း ထိုအမျိုးသမီး၏ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေခြင်းက ပို၍ အရေးကြီးသည်။

တုပိုင်သည် မီးသွေးခဲတစ်ချောင်းကို ထုတ်ယူလိုက်ပြီး အတိတ်ကို ပြန်ပြောင်းသတိရရင်း စာရွက်ဖြူတစ်ရွက်ပေါ်တွင် စတင်ရေးဆွဲလိုက်သည်။ ယောက်ျားလေးလို ဝတ်ဆင်ထားသော အမျိုးသမီးပုံကို တဖြည်းဖြည်းချင်း ပုံဖော်လိုက်၏။

ခေတ်သစ်ကမ္ဘာတွင် တုပိုင်သည် အလွန်တက်ကြွသူတစ်ဦးဖြစ်ပြီး အရာရာကို စူးစမ်းလိုစိတ်ရှိသူဖြစ်သည်။

ထို့ကြောင့် သူသည် ဘားတွင်အရက်ဖျော်သူလုပ်ခြင်း၊ စန္ဒရားတီးခြင်း၊ ပန်းချီဆွဲခြင်း စသည်ဖြင့် အရာရာကို အနည်းငယ်စီ တတ်ကျွမ်းသည်။

အလွန်နက်နဲသော ကျွမ်းကျင်မှုမျိုး မရှိသော်လည်း သူ၏ ဉာဏ်ရည်ဉာဏ်သွေးကြောင့် အတော်အသင့် အဆင့်တစ်ခုသို့ ရောက်ရှိခဲ့သည်။

တစ်နာရီခန့်အကြာတွင် အေးစက်ပြီး လှပသော အမျိုးသမီးတစ်ဦး၏ပုံသည် စာရွက်ပေါ်တွင် သက်ရှိထင်ရှားသကဲ့သို့ ပေါ်ပေါက်လာသည်။

တုပိုင်သည် ပန်းချီကားကို လိပ်လိုက်ပြီး ထိုအမျိုးသမီးကို မှတ်မိမည့်သူ ရှိမရှိ ကူညီရှာဖွေပေးရန် ပြင်ဆင်လိုက်လေသည်။

မထင်မှတ်ထားတာမျိုး မဖြစ်ခဲ့လျှင် သူမသည် အကောင်ကြီးကြီး တစ်ကောင်ဖြစ်လောက်သည်။

**--**--**--**--**--**--**--**

တုပိုင် အကူအညီတောင်းနိုင်သည့် တစ်ဦးတည်းသောသူမှာ လီဝေ ပင်ဖြစ်သည်။

“ဆရာလီဝေ… ဒီလူကို သိပါသလား။”

တုပိုင်က ပန်းချီကားကို ဖြန့်ပြလိုက်သည်။

အပိုင်း (၂၈) ပြီး။

All Chapters