← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

လီဝေ မြင်လိုက်သည်နှင့် သူ၏မျက်လုံးများ အံ့သြမှုကြောင့် ဝင်းလက်သွားသည်။ ပန်းချီကားထဲမှ အမျိုးသမီးက လှပလွန်း၍ မဟုတ်ဘဲ တုပိုင်၏ ပန်းချီစွမ်းရည်ကို အံ့သြသွားသောကြောင့် ဖြစ်သည်။

“မင်း ဆွဲထားတာလား။” လီဝေက မေးလိုက်သည်။

“ဟုတ်ပါတယ်။”

“အသက်ဝင်လိုက်တာကွာ။ လူအစစ်ကို ပုံနှိပ်ထားသလိုပဲ။ အံ့သြစရာပဲ။” လီဝေက ချီးကျူးလိုက်သည်။ “ဒီပန်းချီစွမ်းရည်တစ်ခုတည်းနဲ့တင် မင်းက ကျောင်းအုပ်ကြီးရဲ့ ဘေးနားမှာ နေလို့ရနေပြီ။ ဟို ဝရမ်းပြေးပုံတွေကို ကြည့်ပါလား။ ရိုးရှင်းတဲ့ မျဉ်းကြောင်းအနည်းငယ်နဲ့ ဘယ်သူမှန်းကို မသိနိုင်ဘူး။ ဝရမ်းပြေးပုံတွေသာ မင်းဆွဲသလိုမျိုးဆိုရင် ဘယ်ရာဇဝတ်သားက လွတ်မြောက်နိုင်တော့မှာလဲ။”

“ဆရာကလည်း မြှောက်နေပြန်ပါပြီ။” တုပိုင်က ပြောလိုက်သည်။ “ပုံထဲက လူကိုရော ဆရာ သိလားဟင်။”

လီဝေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သိတာပေါ့။ သူက သွေးမယ်တော်ကွမ်ရင် လေ။”

‘တကယ်ကြီး သွေးမယ်တော်ကွမ်ရင် ပါလား။’

‘နာမည်ပြောင်ဆိုတာ မှားလေ့မရှိဘူး။ နာမည်အရင်းသာ မှားချင်မှားမယ်။’

ဤအမျိုးသမီးကို သွေးမယ်တော်ကွမ်ရင်ဟု ခေါ်ကြသည်မှ တစ်ဆင့် သူမသည် ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

တုပိုင်က မေးလိုက်သည်။ “သူက ဘာလုပ်တဲ့သူလဲ။”

“သွေးနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်။ သိုင်းပညာ အရမ်းကောင်းတယ်။” လီဝေက ရှင်းပြလိုက်သည်။ “သူက ကွမ်ရှီးပြည်နယ်တစ်ခုလုံးရဲ့ အကြီးဆုံး ပင်လယ်ဓားပြနဲ့ မှောင်ခိုကုန်သည်ပဲ။ ကွေ့လင်စီရင်စုရဲ့ ထိပ်ခေါင်မြေအောက်ခေါင်းဆောင်တွေထဲက တစ်ယောက်ပေါ့။ လူပေါင်းများစွာကို သတ်ဖူးပြီး လူတိုင်းက သူ့ကို ကြောက်ကြတယ်။”

ဤမျှလှပသော အမျိုးသမီးတစ်ယောက်သည် ထိပ်ခေါင်ပင်လယ်ဓားပြခေါင်းဆောင်နှင့် ဂိုဏ်းခေါင်းဆောင်ဖြစ်နေခြင်းမှာ လိုက်ဖက်မှု မရှိလှချေ။ အသားအရေ ညိုညိုစိုစိုနှင့် ဆွဲဆောင်မှုရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သို့သော် သူမ၏ အဆင့်အတန်းက တုပိုင် ထင်ထားသလောက် မြင့်မားခြင်း မရှိပေ။ သူမသည် အဘယ်ကြောင့် မိန်းမစိုးအကယ်ဒမီ၏ အာဏာကို မကြောက်ရွံ့ဘဲ တုပိုင်ကို သတ်ရဲရသနည်း။ လီဝမ်ဟွေ့၏ ဒေါသကို မကြောက်ရွံ့သလော။

တုပိုင်က ပြောလိုက်သည်။ “သူက ကြောက်စရာကောင်းပေမဲ့ ဒီအဆင့်အတန်းလောက်က ကျွန်တော်တို့ မိန်းမစိုးတွေအတွက် ဘာမှမဟုတ်ပါဘူး။”

လီဝေက ခေါင်းခါလိုက်သည်။ “အဲ့လိုမဟုတ်ဘူး။ ငါတို့ မိန်းမစိုးဂိုဏ်းကလည်း ဒီအမျိုးသမီးနဲ့ ပြဿနာမဖြစ်ချင်ဘူး။”

တုပိုင် အံ့အားသင့်စွာ ပြောလိုက်သည်။ “မဖြစ်နိုင်တာ။ ပင်လယ်ဓားပြပဲဖြစ်ဖြစ်၊ ဂိုဏ်းခေါင်းဆောင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ မိန်းမစိုးဂိုဏ်းကို တွေ့ရင် ကြောင်ရှေ့ရောက်တဲ့ ကြွက်လို ဖြစ်နေသင့်တာ။ ဒီလိုလူမျိုးတွေက အရှေ့ဘက်ကွပ်ကဲရေးရုံးကို အဖားဆုံး ဖြစ်နေသင့်တာ မဟုတ်ဘူးလား။”

လီဝေက ခေါင်းခါရင်း ပြန်ဖြေသည်။

“ဘာလို့လဲဆိုတော့ ဒီအမျိုးသမီးက ဂျင်နန်နယ်စားမင်းရဲ့ မွေးစားသမီးဖြစ်နေလို့ပဲ။ သူက ဂျင်နန်နယ်စားအိမ်တော်ရဲ့ လက်မဲပဲ။ ပထမဆုံး ဂျင်နန်နယ်စားက ကနဦးဧကရာဇ်ရဲ့ မွေးစားသားဖြစ်ခဲ့တော့ ဂျင်နန်နယ်စားကို မိန်းမစိုးဂိုဏ်းရဲ့ သခင်တစ်ဝက်လောက်လို့ ပြောလို့ရတယ်။ သွေးမယ်တော်ကွမ်ရင်က အန်နမ်နယ်စပ်ကို စောင့်ရှောက်ဖို့ ဂျင်နန်နယ်စားရဲ့ တပ်မတော်အတွက် ရန်ပုံငွေ ရှာပေးနေတာ။ မင်းလည်း သိတဲ့အတိုင်း အန်နမ်ပြည်တွင်းစစ်က အခု အရမ်းပြင်းထန်နေတာလေ။”

တုပိုင်က မေးလိုက်သည်။ “ဒီ ဂျင်နန်နယ်စားမင်းက ဘယ်လိုလူမျိုးလဲ။”

လီဝေက ပြောသည်။

“သစ္စာရှိတဲ့ အမတ်တစ်ယောက်။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်ပြီး သစ္စာရှိတဲ့ အမတ်တစ်ယောက်။ အင်ပါယာရဲ့ ပထမအဆင့် သိုင်းပညာရှင်။ တောင်ဘက်ဒေသတစ်ခုလုံးရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲ။”

မိန်းမစိုးဂိုဏ်းကပင် အဘယ်ကြောင့် သွေးမယ်တော်ကွမ်ရင်ကို ရန်မစလိုကြသနည်း ဆိုသည်ကို တုပိုင် နားလည်သွားပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သူမသည် မရိုးသားသော နည်းလမ်းများဖြင့် နိုင်ငံတော်၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းဆောင်ပေးနေခြင်းဖြစ်သည်။

ထို့အပြင် ဤဂျင်နန်နယ်စားမင်းဆိုသည်မှာ တောင်ဘက်ဒေသတစ်ခုလုံးတွင် သွားရောက်စနောက်၍ မရနိုင်သော ဩဇာအာဏာကြီးမားသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။

တာ့နင်မင်းဆက်၏ ဘဏ္ဍာရေးအခြေအနေသည် လောလောဆယ်တွင် အလွန်ကျပ်တည်းနေပြီး တပ်မတော်အများအပြားသည် ကိုယ်ပိုင် ရန်ပုံငွေရှာဖွေနေကြရ၏။

ဂျင်နန်နယ်စားမင်း၏ တပ်မတော်အတွက် ရန်ပုံငွေရှာဖွေရန် သွေးမယ်တော်ကွမ်ရင်သည် ဆားမှောင်ခို ကျင်း ၂ သိန်း ၈ သောင်းဟူသော ကြီးမားသည့် ပမာဏအတွက် မိန်းမစိုးအကယ်ဒမီကို စော်ကားပြီး တုပိုင်အား သတ်ဖြတ်ရန် ဝန်လေးခဲ့ခြင်း မရှိချေ။

“မင်းက ဘာလို့ ဒီအမျိုးသမီးအကြောင်း မေးနေတာလဲ။”

လီဝေက မေးလိုက်သည်။

တုပိုင်က ပြန်လည်ဖြေကြားလိုက်သည်။

“အရင်တုန်းက လမ်းပေါ်မှာ တိုက်ဆိုင်ပြီး တွေ့လိုက်လို့ပါ။ သူမက အရမ်းရက်စက်ပုံရပြီး ကျွန်တော့်ကို စိုက်ကြည့်သွားလို့လေ။”

လီဝေက သတိပေးလိုက်သည်။

“နောက်ခါ ပြန်တွေ့ရင် မျက်လွှာချထားဖို့ သတိရနော်။ သူမကို မကြည့်နဲ့။ သူမက မိန်းမဖြစ်ရတာကို အရမ်းမုန်းပြီး စိတ်အပြောင်းအလဲ မြန်တယ်။ တစ်ခါက လူတစ်ယောက်ဆိုရင် သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို စိုက်ကြည့်လို့ မျက်လုံး အဖောက်ခံလိုက်ရဖူးတယ်။”

ဤကဲ့သို့သော အမျိုးသမီးမျိုးသည် အလွန်တရာ ဖြေရှင်းရခက်ခဲသူ ဖြစ်ပေသည်။ ရက်စက်ကြမ်းကြုတ်ခြင်း၊ သိုင်းပညာအလွန်ထူးချွန်ခြင်းနှင့် နောက်ခံအင်အား တောင့်တင်းခြင်းတို့ ရှိနေ၏။ သူမနှင့် ရင်ဆိုင်ရသူတိုင်းသည် ရှောင်တိမ်းရုံမှတပါး အခြားမရှိချေ။

‘ဒါပေမဲ့ အိပ်မက်က ငါ့ကို မစ်ရှင်ပေးထားတယ်လေ… သွေးမယ်တော်ကွမ်ရင်ကို ကယ်တင်ရမယ်တဲ့။ ဒီလောက် စောက်ရမ်းမိုက်နေတဲ့သူကို ငါက ကယ်တင်ရဦးမယ် ဟုတ်လား။’

သာမန် လူမိုက်ဂိုဏ်းသားတစ်ယောက်သာ ဖြစ်ပါက တုပိုင်သည် နောင်တွင် ဒုက္ခမရောက်စေရန် သူမအား ရှင်းလင်းပစ်မည့်နည်းလမ်းကို ရှာဖွေပေလိမ့်မည်။

သို့သော် ဤအမျိုးသမီး၏ အဆင့်အတန်းမှာ ထူးခြားနေပြီး လီဝေသည်လည်း သူမအား ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။ ကွမ်ရှီးပြည်နယ်ရှိ မိန်းမစိုးဂိုဏ်း၏ အင်အားကို အသုံးပြုလျှင် ဖြစ်နိုင်ချေရှိသော်လည်း ပေးဆပ်ရမည့် တန်ကြေးမှာ ကြီးမားလွန်းသဖြင့် တုပိုင်အနေဖြင့် ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိဟု ခံစားလိုက်ရသည်။

ထို့ကြောင့် လီဝမ်ဟွေ့ ပြန်မရောက်လာမီနှင့် ပိုင်ချွမ်းကို မရှင်းလင်းရသေးမီကာလတွင် တုပိုင်အတွက် လုံခြုံမှုရှိစေမည့် နည်းလမ်းတစ်ခုသာ ရှိတော့သည်။

‘အကယ်ဒမီကနေ ဘယ်တော့မှ အပြင်မထွက်နဲ့။ သွေးမယ်တော်ကွမ်ရင် ဘယ်လောက်ပဲ ကြမ်းကြမ်း အကယ်ဒမီထဲအထိတော့ ဝင်ဖမ်းရဲမှာ မဟုတ်ဘူး။’

“ကဲ… ငါ အတန်းသွားတက်တော့မယ်။” လီဝေက ပြောလိုက်သည်။ “တခြားကိစ္စရှိရင် အတန်းပြီးမှ လာရှာလိုက်။”

“ဟုတ်ကဲ့ပါ ဆရာ။” တုပိုင်က ပြောလိုက်သည်။ “ဒါနဲ့ ဆရာ… ပိုင်ချွမ်း အကယ်ဒမီထဲမှာ ရှိမရှိ တစ်ချက်လောက် စောင့်ကြည့်ပေးပါဦး။ မနေ့က ဆရာပြောတာ တော်တော်အဓိပ္ပာယ်ရှိတယ်။ သူ ကျွန်တော့်ကို ဒုက္ခပေးဖို့ တစ်ခုခု ကြံစည်နေမယ်လို့ ထင်တယ်။”

လီဝေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ ငါ ကြည့်ထားလိုက်မယ်။”

**--**--**--**--**--**--**--**

တုပိုင်သည် လီဝေကို နှုတ်ဆက်ပြီးနောက် အဆောင်သို့ ပြန်လာကာ အဂ္ဂိရတ်ပညာ အခြေခံသဘောတရား ဒုတိယတွဲကို ထုတ်ယူပြီး စတင်လေ့လာလိုက်လေသည်။

ခဏအကြာတွင် လီဝေသည် တုပိုင်၏ အဆောင်ခန်းသို့ ပြန်ရောက်လာပြီး မျက်နှာထား အလွန်တင်းမာနေ၏။ သူက ပြောလိုက်သည်။

“ပိုင်ချွမ်း တကယ်မရှိတော့ဘူး။ ဒီမနက်စောစောကတည်းက အကယ်ဒမီကနေ ထွက်သွားပြီ။ မင်း အကယ်ဒမီကနေ ခြေတစ်လှမ်းတောင် အပြင်မထွက်နဲ့နော် ကြားလား။ အကယ်ဒမီထဲမှာဆိုရင် ဘယ်သူကမှ မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး။”

“ဟုတ်ကဲ့ပါ ဆရာ။”

တုပိုင် ခေါင်းညိတ်လိုက်သည်။

လီဝေက အလျင်အမြန် ပြန်ထွက်သွားပြီး အကယ်ဒမီအပြင်ကို လုံးဝ မထွက်နဲ့နော် ဟု ထပ်ခါတလဲလဲ မှာကြားသွားလေသည်။

တုပိုင်သည် အဆောင်ထဲတွင် စာဆက်ဖတ်နေပြီး ထိတ်လန့်ပုံ မပြချေ။

သို့သော်… နာရီဝက်ခန့်အကြာတွင် ဖြစ်သည်။

နို့ထိန်း၏ ခင်ပွန်းဖြစ်သူ တုကျုံးသည် တုပိုင်၏ ရှေ့သို့ ရောက်ရှိလာသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ ပြည့်နှက်နေ၏။ သူသည် ဒူးထောက်ပြီး ပြောလိုက်သည်။

“သခင်လေးကို ဂါရဝပြုပါတယ်။”

တုပိုင်သည် တုမိသားစု၏ သခင်လေး မဟုတ်တော့သော်လည်း တုကျုံးသည် တွေ့တိုင်း သခင်လေး ဟုသာ ခေါ်လေ့ရှိသည်။

“ဦးလေးရာ။ ဒီလိုတွေ လုပ်စရာမလိုပါဘူး။” တုပိုင်က သူ့ကို အမြန်ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်က တုမိသားစုရဲ့ သခင်လေး မဟုတ်တော့ပါဘူး။ ဦးလေးနဲ့ နို့ထိန်းက ကျွန်တော့်ကို သားအရင်းလို ဆက်ဆံခဲ့တာလေ။ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။”

တုပိုင်၏ နို့ထိန်းသည် ဤကမ္ဘာပေါ်တွင် သူနှင့် အရင်းနှီးဆုံးလူဖြစ်ပြီး ရှေ့မှ တုကျုံးသည်လည်း သူချစ်ခင်ရသူ တစ်ဦးဖြစ်သည်။

“သခင်လေး။ နို့ထိန်းကို ပြန်သွားကြည့်ပေးပါဦး။ ဒီမနက် ရုတ်တရက်ကြီး နေမကောင်းဖြစ်ပြီး အခု သေလုမျောပါး ဖြစ်နေပြီ။ သူ အသက်ရှင်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်။”

တုကျုံးက မြေကြီးပေါ်တွင် ခေါင်းဖြင့်ဆောင့်ပြီး ငိုကြွေးလေတော့သည်။

“ဘာ။”

တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

‘ထင်တဲ့အတိုင်း တကယ်လာပြီပဲ။’ သူတို့က ဤမျှထိ ရက်စက်ပြီး သူမကို လက်ဖျားဖြင့် ထိရဲကြလေသည်။

ဤသည်က တုပိုင်အတွက် မမျှော်လင့်ထားသော ကိစ္စမဟုတ်ချေ။ တစ်ဖက်လူက သူ့အား အကယ်ဒမီအပြင်သို့ ထွက်လာအောင် မဖြစ်မနေ ဖိအားပေးမည်မှာ သေချာသည်။

‘ကြည့်ရတာ မကောင်းမှု အမြစ်ပြတ်ချေမှုန်းရမယ့် မစ်ရှင်ကို မဖြစ်မနေ လုပ်ဆောင်ရတော့မည့်ပုံပဲ။ ပိုင်ချွမ်းကို သတ်ကိုသတ်မှ ဖြစ်တော့မယ်။’

တုပိုင်သည် ခေတ်သစ်ကမ္ဘာမြေမှ ကူးပြောင်းရောက်ရှိလာသူဖြစ်သော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်ဓာတ်နှင့် ခံစားချက်အများစုကို အမွေဆက်ခံရရှိထားလေသည်။

နို့ထိန်းအမေ အသည်းအသန်နေမကောင်းဖြစ်နေသည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ သူသည် အလိုအလျောက် စိုးရိမ်ပူပန်သွားသော်လည်း သူ့ကိုယ်သူ အတင်းငြိမ်သက်အောင် လုပ်ယူလိုက်ပြီး မေးမြန်းလိုက်၏။

“နို့ထိန်းအဖေ။ စိတ်မပူပါနဲ့။ ဘာဖြစ်တာလဲဆိုတာ သေချာပြောပြပါ။ နို့ထိန်းအမေမှာ ဘယ်လိုရောဂါလက္ခဏာတွေ ပြနေတာလဲ။”

နို့ထိန်းအဖေ တုကျုံးက မျက်ရည်စက်လက်ဖြင့် ပြောပြလေသည်။

“ဒီမနက်အိပ်ရာထတုန်းက ကောင်းကောင်းပါပဲကွာ။ နောက်ရက်နည်းနည်းကြာရင် ချစ်သူများနေ့ ရောက်တော့မယ်ဆိုပြီး အိမ်မှာမွေးဖို့ ကြက်တစ်ကောင်တောင် သွားဝယ်လိုက်သေးတယ်။ သခင်လေးပြန်လာရင် ကြက်ပေါင်းတိုက်မယ်တဲ့လေ။ မကြာပါဘူး။ လမ်းမှာ မူးလဲသွားတယ်ဆိုပြီး လူတစ်ယောက်လာပြောတယ်။ အဖေ သွားကြည့်လိုက်တော့ သူသတိမရတော့ဘူး။ သေလုမြောပါး ဖြစ်နေပြီ။”

‘တိုက်ဆိုင်လွန်းမနေဘူးလား။ နို့ထိန်းအမေက ရောဂါရတာ မဟုတ်ဘူး။ သူများလုပ်ကြံတာ ခံလိုက်ရတာပဲ။’

တုပိုင်တစ်ယောက် ချက်ချင်းပင် ရိပ်မိလိုက်သည်။

အပိုင်း ၂၉ ပြီး။

All Chapters