← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ထို့နောက် တုပိုင်က မေးလိုက်သည်။ “ဘယ်လိုလက္ခဏာတွေ ပြနေလဲ။”

နို့ထိန်းအဖေ တုကျုံးက ပြန်ဖြေသည်။ “နှုတ်ခမ်းတွေ မည်းနက်နေပြီး မျက်လုံးဖြူသားထဲက သွေးကြောတွေက ခရမ်းရောင်ဖြစ်နေတယ်။”

“သမားတော် မပြဘူးလား။”

“သမားတော်တွေလည်း ပင့်ပြီးပြီ။ အဖေ ပိုက်ဆံတွေချေးငှားပြီး သမားတော် သုံးယောက်လောက် ပြပြီးပြီ။ ဒါပေမဲ့ ဘယ်သူမှ ရောဂါအဖြေရှာမရသလို ကုလည်း မကုနိုင်ကြဘူး။ အသုဘပြင်ထားဖို့တောင် ပြောသွားကြတယ်။ သူ မရှိတော့ရင် အဖေလည်း ဆက်မနေချင်တော့ဘူး။”

စကားဆုံးသည်နှင့် တုကျုံးသည် ရှိုက်ကြီးတငင် ထပ်မံငိုကြွေးလေတော့သည်။

တုပိုင်သည် တွေဝေမနေတော့ချေ။ သူ နို့ထိန်းအမေကို ကယ်ကိုကယ်ရပေမည်။ အကယ်၍သာ သူမကို ဒီတိုင်းအသေခံလိုက်ရလျှင် သူသည် တိရစ္ဆာန်တစ်ကောင်ထက်ပင် ဆိုးရွားသူဖြစ်သွားပေလိမ့်မည်။

“အဖေ ဒီမှာစောင့်နေ။ ကျွန်တော် အကယ်ဒမီက ဆရာဝန်သွားခေါ်ပြီး နို့ထိန်းအမေကို လာကုပေးမယ်။”

ထိုစကားကို ကြားလိုက်ရမှသာ တုကျုံးတစ်ယောက် အားကိုးရာတွေ့သွားပြီး အကြိမ်ကြိမ် ဦးညွှတ်ကာ ပြောရှာသည်။

“ကောင်းပြီ… ကောင်းပါပြီကွာ။”

လီဝမ်ဟွေ့မရှိသဖြင့် တုပိုင်သည် လီဝေကို သွားရှာရပြန်သည်။

သို့သော် လီဝေသည်လည်း မရှိနေချေ။ ပိုင်ချွမ်းတစ်ယောက် မနက်အစောကြီး အကယ်ဒမီမှ ထွက်ခွာသွားသည်ကို ကြားသိရပြီးနောက် လီဝေသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။

ထို့ကြောင့် သူသည် စာသင်ခြင်းကို ပစ်ထားခဲ့ပြီး တုပိုင်အတွက် ဖြစ်လာနိုင်သည့် ပြဿနာများကို ရှင်းလင်းရန် ကွေ့လင်စီရင်စုရှိ အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ အကူအညီတောင်းရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ရွေးချယ်စရာလမ်း မရှိတော့သဖြင့် တုပိုင်တစ်ယောက် မိန်းမစိုးအကယ်ဒမီမှ အဂ္ဂိရတ်ပညာရှင်ကို သွားရှာရန် ဆုံးဖြတ်လိုက်တော့သည်။

ဤကမ္ဘာတွင် သမားတော်ကောင်းတစ်ယောက်သည် အဂ္ဂိရတ်ပညာရှင် ဟုတ်ချင်မှဟုတ်မည်ဖြစ်သော်လည်း အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကတော့ ကျိန်းသေပေါက် သမားတော်ကောင်းတစ်ယောက် ဖြစ်ပေသည်။

သာမန်သမားတော်က နို့ထိန်းအမေကို မကယ်နိုင်သော်လည်း အဂ္ဂိရတ်ပညာရှင်ကတော့ ကယ်နိုင်ကောင်း ကယ်နိုင်လိမ့်မည် ဖြစ်သည်။

မိန်းမစိုးအကယ်ဒမီမှ အဂ္ဂိရတ်ပညာရှင်၏ အမည်မှာ ဇော့မင်ဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် ရှိနေပြီဖြစ်သည်။ သူသည် အလွန်မြင့်မြတ်သော ရာထူးတစ်ခုကို ရယူထားပြီး လီဝမ်ဟွေ့မှလွဲ၍ မည်သူ့ကိုမျှ မျက်နှာသာပေးရန် မလိုချေ။

သူသည် စာသင်ခန်းထဲသို့ ကိုယ်တိုင်ဝင်ရောက်သင်ကြားခြင်း နည်းပါးလှပြီး သူ့တပည့်အနည်းငယ်ကိုသာ လွှဲအပ်ထားလေ့ရှိသည်။ ယခုအချိန်တွင် သူသည် သူ၏ ဇိမ်ခံအိမ်ကြီးထဲ၌ တရားထိုင်နေပြီး ဘေးနားတွင် လှပပြီး တောင့်တင်းသော အမျိုးသမီးတစ်ဦးက လက်ဖက်ရည် ဖျော်ပေးနေလေသည်။

တုပိုင်သည် ဇော့မင်၏ နေအိမ်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်သွားခြင်းက အဂ္ဂိရတ်ပညာရှင်ကို အလွန်အမင်း ဒေါသထွက်သွားစေသည်။

“မင်းက ငါ့ကို မင်းရဲ့နို့ထိန်းသည်ကို ကုပေးဖို့ လာပြောရဲတယ်ပေါ့လေ။ သောက်ရမ်းရဲတင်းတာပဲ။ အိပ်မက်မက်နေလိုက်။”

တုပိုင်၏ စကားကို ကြားပြီးနောက် ဇော့မင်က မထီမဲ့မြင်ပြုကာ အေးစက်စွာ ပြောလိုက်သည်။

“ထွက်သွားစမ်း။ မဟုတ်ရင် လူခေါ်ပြီး ဆွဲထုတ်ခိုင်းလိုက်မယ်။”

တုပိုင်က ပြောလိုက်သည်။

“ကျွန်တော်က ကျောင်းအုပ်ကြီးရဲ့ မွေးစားသားပါဗျ။”

“မဖြစ်နိုင်တာ။” ဇော့မင်က ပြန်ပြောလိုက်သည်။ “လီဝမ်ဟွေ့မှာ မွေးစားသားတစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါက ကွေ့မင်းသားအိမ်တော်ရဲ့ ဒုတိယအိမ်တော်ထိန်းပဲ။”

“ကျွန်တော်က သခင်ကြီးလီဝမ်ဟွေ့ရဲ့ မွေးစားသား အသစ်ပါဗျ။”

“ငါက ဘယ်လိုလုပ် မသိရမှာလဲ။” ဇော့မင်က ခက်ထန်စွာ ပြောလိုက်သည်။ “မင်းက သူ့မွေးစားသားဖြစ်နေရင်ရော ဘာဖြစ်လဲကွ။”

ဤစကားသည် ငြင်းဆန်စရာလမ်းမရှိအောင် ပိတ်ပြောလိုက်ခြင်းဖြစ်သည်။ ဇော့မင်သည် အသက်ကြီးလွန်းပြီး ဝါရင့်လွန်းလှသည်။ လီဝမ်ဟွေ့ပင်လျှင် တစ်ချိန်က သူ့တပည့်ဖြစ်ခဲ့ဖူးသည်။

ထို့အပြင် အဂ္ဂိရတ်ပညာရှင်များတွင် သမားတော်တစ်ယောက်၏ မွန်မြတ်သော စိတ်ထား ဟူသည် မရှိချေ။ တုပိုင်၏ နို့ထိန်းအမေသည် သူ့အတွက် လုံးဝ အရေးမပါပေ။ သူသည် တုပိုင်ဘယ်သူမှန်းကိုပင် မသိချေ။

“မင်းက ဘယ်ကောင်လဲ။”

တုပိုင်သည် အကြံတစ်ခုထုတ်လိုက်ပြီး သူ့ကို ဒေါသထွက်အောင် ဆွပေးလိုက်သည်။

“ကျွန်တော့် နို့ထိန်းအမေက ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ ဒီမနက် ရုတ်တရက် မူးလဲသွားတယ်။ ပြီးတော့ နှုတ်ခမ်းတွေ မည်းနက်လာပြီး မျက်လုံးဖြူသားတွေ ခရမ်းရောင်ပြောင်းလာတယ်။”

“အသက်ရှူတာလည်း တဖြည်းဖြည်း ပျော့လာတယ်။ သမားတော်တွေအကုန်လုံးက ရောဂါအဖြေရှာမရဘူး။ ကြည့်ရတာ အဂ္ဂိရတ်ပညာရှင်ဆိုတာလည်း လေကြီးမိုးကြီးပဲရှိပြီး တကယ်တမ်းတော့ မကုတတ်ဘူးနဲ့ တူပါတယ်။”

ဇော့မင်က နှာခေါင်းရှုံ့လိုက်သည်။

“လာပြီး ဆွမနေနဲ့။ ငါထပ်ပြောမယ်။ သာမန်အရပ်သူ အမျိုးသမီးတစ်ယောက်က ငါ့ရဲ့ ကုသမှုကို ခံယူဖို့ မတန်ဘူး။”

ထို့နောက် တုပိုင် မည်မျှပင် တောင်းပန်စေကာမူ ဇော့မင်က လုံးဝ ဂရုမစိုက်တော့ချေ။ အဂ္ဂိရတ်ပညာရှင်အများစုသည် နှလုံးသားကင်းမဲ့ကြသဖြင့် သူတို့စိတ်ပြောင်းလဲလာရန် မျှော်လင့်၍မရနိုင်ပေ။

ရုတ်တရက် တုပိုင်သည် မနေ့ညက ဖတ်ရှုခဲ့သော အခြေခံ အဂ္ဂိရတ်သဘောတရားများ ကျမ်းစာအုပ်ထဲမှ အကြောင်းအရာတစ်ခုကို သတိရသွားသည်။ ထိုအထဲတွင် အဂ္ဂိရတ်ထိုးရာ၌ အသုံးပြုသော ငွေရောင်အဖုအကျိတ်ပိုးကောင်ဟုခေါ်သည့် အဆိပ်ပြင်းပိုးကောင်အကြောင်း ပါရှိသည်။

ထိုပိုးကောင်၏ အဆိပ်သည် ချက်ချင်းမသေစေဘဲ ကိုက်ခံရပြီး နာရီအတော်ကြာမှ သေစေတတ်သည်။ ကိုက်ခံရသည့် လက္ခဏာရပ်များမှာ နှုတ်ခမ်းများ မည်းနက်ခြင်းနှင့် မျက်လုံးဖြူသားများ ခရမ်းရောင်ပြောင်းသွားခြင်းတို့ ဖြစ်သည်။

တုပိုင် ရုတ်တရက် မေးလိုက်သည်။

“ဆရာကြီးဇော့။ ကျွန်တော့်ရဲ့ နို့ထိန်းအမေက ငွေရောင်အဖုအကျိတ်ပိုးကောင် ကိုက်ခံလိုက်ရတာများလား။”

ထိုစကားကို ကြားလိုက်ရသောအခါ ဇော့မင် အံ့အားသင့်သွားပြီး တုပိုင်ကို အလေးအနက်ထား၍ ကြည့်လိုက်မိသည်။

ငွေရောင်အဖုအကျိတ်ပိုးကောင်သည် ရှားပါးပြီး အဆိပ်ပြင်းသော ပိုးကောင်ဖြစ်သည်။ ဆေးလုံးအနည်းငယ် ဖော်စပ်ရာတွင်သာ အသုံးပြုသည်။

ဖော်ပြချက်သည် စာလုံးရေ ဒါဇင်အနည်းငယ်သာရှိပြီး အဂ္ဂိရတ်ပညာတွင် အသုံးပြုပုံကိုသာ အဓိကထားသည်။

အဆိပ်သင့်ပုံကို သိပ်မဖော်ပြထားသဖြင့် အသုံးမဝင်သော အချက်အလက်ဟု ဆိုနိုင်သည်။ တုပိုင် သိရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ ဤသည်က တကယ့်ကို ရှားပါးလှသည်။

ဇော့မင်က ချက်ချင်းပင် ပြောလိုက်သည်။

“ကောင်းပြီ။ ငါမင်းကို ထပ်စစ်ဆေးမယ်။ ငွေရောင်အဖုအကျိတ်ပိုးကောင်ရဲ့ အဆိပ်ကို ဘယ်လိုဖြေမလဲ။”

တုပိုင် အကြံအိုက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူအလွတ်ကျက်မှတ်ထားသော အခြေခံ အဂ္ဂိရတ်သဘောတရားများ ပထမတွဲတွင် ထိုအကြောင်းအရာ မပါဝင်သောကြောင့်ဖြစ်သည်။

“ဘာမှ မပြောနိုင်တော့ဘူးလား။ ဒါဆို ပြန်တော့။” ဇော့မင်က အေးစက်စွာ ပြောလိုက်သည်။ “မင်းကုနိုင်ရင် ကုလိုက်။ မကုနိုင်ရင် ငါ့ကို လာအားမကိုးနဲ့။ လိုအပ်နေတဲ့သူကို မကူညီလို့ ငါ့ဂုဏ်သတင်း ထိခိုက်မှာလည်း မကြောက်ဘူး။ သာမန်အရပ်သူတစ်ယောက်ကို ငါမကူညီနိုင်ဘူး။”

တုပိုင်သည် ငွေရောင်အဖုအကျိတ်ပိုးကောင် အဆိပ်သင့်သည့် လက္ခဏာများကို ပြန်ပြောင်းစဉ်းစားလိုက်သည်။ ပထမအဆင့် လက္ခဏာမှာ နှုတ်ခမ်းမည်းနက်ခြင်းနှင့် မျက်လုံးသွေးကြောများ ခရမ်းရောင်သန်းခြင်းဖြစ်သည်။ ဒုတိယလက္ခဏာမှာ အရေပြားများ ပြာနှမ်းသွားခြင်းဖြစ်သည်။

ဤလက္ခဏာများသည် ငွေခေါင်းမြွေ၏ အဆိပ်သင့်သည့် လက္ခဏာများနှင့် အလွန်တူညီသည်။ သို့သော် ငွေခေါင်းမြွေ၏ အဆိပ်သည် ပိုမိုပြင်းထန်ပြီး နာရီဝက်အတွင်း သေစေနိုင်သည်။ ထို့ကြောင့် အဆိပ်နှစ်မျိုးသည် ပြင်းအားမတူသော်လည်း သဘောသဘာဝချင်း တူညီနိုင်သည်။

ငွေခေါင်းမြွေ ကိုက်ခံရလျှင် ခေါင်းဖြူဆေးလုံးကို ချက်ချင်း သောက်သုံးရမည်ဖြစ်သည်။

ခေါင်းဖြူဆေးလုံးကို ဖော်စပ်ရန်သည် အတော်လေး လွယ်ကူသည်။ ခေါင်းဖြူဆေးမြက်ဟုခေါ်သော ဆေးပင်မှ တိုက်ရိုက်ထုတ်ယူ သန့်စင်ခြင်းဖြစ်သည်။ သို့သော် ကုန်ကျစရိတ် အလွန်ကြီးမားသည်။ ခေါင်းဖြူဆေးလုံး တစ်လုံးရရှိရန်အတွက် ခေါင်းဖြူဆေးမြက် ကျင်း ၃၀၀ ခန့် လိုအပ်သည်။

ငွေခေါင်းမြွေ။ ငွေရောင်အဖုအကျိတ်ပိုးကောင် သို့မဟုတ် ခေါင်းဖြူဆေးမြက်ပင်များသည် မူလက ကမ္ဘာမြေပေါ်တွင် ရှိခဲ့သော အရာများမဟုတ်ပေ။

ထိုအရာများအားလုံးသည် ကောင်းကင်ဂြိုဟ်များ ပေါင်းဆုံပြီးနောက် ပြင်ပစွမ်းအင်များ ဝင်ရောက်လာခြင်းကြောင့် ကမ္ဘာမြေရှိ မျိုးစိတ်များ ဗီဇပြောင်းလဲကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဖြေကို အတည်ပြုပြီးနောက် တုပိုင်က ပြောလိုက်သည်။

“ဘယ်လိုကုရမလဲ ကျွန်တော်သိပါပြီ။ ခေါင်းဖြူဆေးလုံးရဲ့ ဆယ်ပုံတစ်ပုံကို တိုက်လိုက်ရင် ရပါပြီ။”

ဇော့မင် လုံးဝ အံ့အားသင့်သွားသည်။ သူ ရုတ်တရက် ထရပ်လိုက်ပြီး တုပိုင်၏ မျက်နှာကို သေချာကြည့်လိုက်သည်။

ပရော်ဖက်ရှင်နယ် အဂ္ဂိရတ်ပညာရှင်တစ်ယောက်အတွက် ဤအချက်ကို သိရန် မခက်ခဲသော်လည်း တုပိုင်သည် မိန်းမစိုးအကယ်ဒမီမှ ကျောင်းသားတစ်ဦးသာဖြစ်ပြီး အဂ္ဂိရတ်ပညာသည် သူ့အတွက် အရံဘာသာရပ်တစ်ခုသာ ဖြစ်သည်။

အရေးအကြီးဆုံးမှာ စာအုပ်ထဲတွင် ငွေရောင်အဖုအကျိတ်ပိုးကောင်၏ အဆိပ်ကို မည်သို့ဖြေရမည်ကို ရှင်းပြမထားခြင်းပင်ဖြစ်သည်။

“မင်း ဘယ်လိုသိတာလဲ။”

ဇော့မင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

တုပိုင်က ပြောလိုက်သည်။

“အခြေခံ အဂ္ဂိရတ်သဘောတရားများ စာအုပ် စာမျက်နှာ ၃၄၉ မှာ ငွေရောင်အဖုအကျိတ်ပိုးကောင်အကြောင်း ရှင်းပြထားပြီး စာမျက်နှာ ၅၉၃ မှာ ငွေခေါင်းမြွေအကြောင်း ရှင်းပြထားပါတယ်။”

“ဒီအဆိပ်ကောင်နှစ်ကောင် ကိုက်ခံရပြီးနောက် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက အရမ်းတူပါတယ်။ ပြီးတော့ သူတို့နာမည်နှစ်ခုလုံးမှာ ငွေ ဆိုတဲ့ စကားလုံး ပါနေတော့ သူတို့ရဲ့ အဆိပ်သဘောသဘာဝချင်း တူညီမယ်လို့ ကျွန်တော်ထင်ပါတယ်။”

“ပြင်းအားပဲ ကွာခြားမှာပါ။ ခေါင်းဖြူဆေးလုံးက ငွေခေါင်းမြွေအဆိပ်ကို နိုင်တဲ့အတွက် ငွေရောင်အဖုအကျိတ်ပိုးကောင် အဆိပ်ကိုလည်း နိုင်ရပါမယ်။ ဆေးပမာဏကို ၉၀ ရာခိုင်နှုန်း လျှော့ချလိုက်ရင် ရပါပြီ။”

“သိပ်ကောင်းတယ်။ သေချာလေ့လာမှတ်သားထားပြီး တခြားအခြေအနေတွေမှာပါ အသုံးချနိုင်တယ်ပေါ့။” ဇော့မင်က အာမေဋိတ် ပြုလိုက်သည်။ “မင်းက အဂ္ဂိရတ်ပညာမှာ တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ ရှားမှရှားတဲ့ လူတော်ပဲကွ။”

ယခုအချိန်တွင် ဇော့မင်၏ အကြည့်များသည် ယခင်ကကဲ့သို့ အေးစက်မနေတော့ဘဲ စိတ်အားထက်သန်မှုများ ပြည့်နှက်လာသည်။

“ငါ မင်းရဲ့ နို့ထိန်းအမေကို သွားကယ်ပေးလို့ရတယ်။ ဒါပေမဲ့ ကမ်းလှမ်းချက် တစ်ခုရှိတယ်။ မင်း ကျောင်းထွက်ပြီး ငါ့ရဲ့ လက်ထောက် လာလုပ်ရမယ်။ မင်းက အဂ္ဂိရတ်ပညာမှာ ပါရမီပါတယ်။ ရှေးဟောင်းစာပေတွေနဲ့ သိုင်းပညာတွေအပေါ် အချိန်ကုန်မခံနဲ့တော့။ ငါ့လက်ထောက်လုပ်ဖို့ သဘောတူရင် မင်းနို့ထိန်းအမေကို ငါအခုချက်ချင်း သွားကယ်ပေးမယ်။”

အပိုင်း (၃၀) ပြီး။

All Chapters