အခန်း (၃၃)
Vol. 4 Ch. 33
တုကျုံးသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များကျလာပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ဦးခိုက်လိုက်လေသည်။ “ငါ့မိန်းမ အသက်ချမ်းသာရာ ရပြီဟေ့။ ငါ့ရဲ့ လီနီယန်လေး အသက်ချမ်းသာရာ ရပြီ။”
တစ်နာရီခန့် အကြာတွင် နို့ထိန်းသည် မျက်လုံးပွင့်လာပြီး သတိရလာ၏။ တုပိုင်ကို မြင်လိုက်ရသည်နှင့် သူမ ပထမဆုံး ပြုလုပ်လိုက်သည်မှာ အားနည်းနေသော လက်ကိုမြှောက်ကာ တုပိုင်၏ ပါးပြင်ကို ပွတ်သပ်လိုက်ရင်း တိုးညှင်းစွာ ပြောလိုက်ခြင်းပင် ဖြစ်သည်။
“ငါ့သခင်လေးတောင် အရွယ်ရောက်လာပြီပဲ။”
စကားဆုံးသည်နှင့် သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။ တုပိုင်သည် သူမ၏ စကားလုံးများထဲတွင် ပါဝင်သော ခံစားချက်များကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
နို့ထိန်းသည် သတိရလာသည့်အချိန်တွင် သူမ အသက်ရှင်သွားပြီဟူသော အသိကြောင့် ဝမ်းသာနေခြင်းမဟုတ်ဘဲ တုပိုင်က သူမကို ကယ်တင်ပေးနိုင်ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူနေခြင်း ဖြစ်သည်။
တုပိုင်သည် ငယ်စဉ်ကတည်းက သတ္တိနည်းပြီး အရည်အချင်းမရှိသူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ယခုမူ သူက သူမကို အမှန်တကယ် ကယ်တင်နိုင်ခဲ့ပြီဖြစ်ရာ နို့ထိန်းတစ်ယောက် မည်သို့ မဂုဏ်ယူဘဲ နေနိုင်မည်နည်း။
သူမသည် တုပိုင်တစ်ယောက် အရည်အချင်းရှိလာပြီး ထူးချွန်သောသူတစ်ယောက် ဖြစ်လာပြီဟု ခံစားလိုက်ရသည်။
ထို့နောက် တုပိုင်က နို့ထိန်းအား မည်သို့မည်ပုံ အဆိပ်သင့်ခဲ့ရသနည်းဟု မေးမြန်းလိုက်သည်။ သူမက ထိုနေ့တွင် ကြက်ဖတစ်ကောင် သွားဝယ်ခဲ့ပြီး မြစ်ကမ်းနားမှ ဖြတ်သွားစဉ် ခြေထောက်တွင် ရုတ်တရက် ထုံကျင်သွားကြောင်း၊ ထို့နောက်တွင် ဘာမျှမသိတော့ကြောင်း ပြောပြလေသည်။
ယနေ့အချိန်ထိ နို့ထိန်းသည် သူမ မြစ်ကမ်းနားတွင် အဆိပ်ပြင်းသော မြွေကိုက်ခံလိုက်ရသည်ဟုသာ ထင်မှတ်နေဆဲဖြစ်သည်။
ရန်သူသည် မည်သည့်ခြေရာလက်ရာမှ မကျန်ရစ်စေဘဲ အလွန်သတိထားပြီး လှုပ်ရှားခဲ့သည်မှာ ထင်ရှား၏။
ဤသည်မှာ မတော်တဆမှုတစ်ခု မဟုတ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ငွေရောင်အဖုအကျိတ်ပိုးကောင်များသည် သတ္တုတွင်းနက်များထဲတွင်သာ နေထိုင်လေ့ရှိသည့် ရှားပါးအဆိပ်ရှိ သတ္တဝါများဖြစ်ပြီး မြစ်ကမ်းနားတွင် တွေ့ရှိရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။
သို့သော် တုပိုင်သည် ဤအကြောင်းအရာကို ထုတ်မပြောခဲ့ပေ။ ပြောလိုက်ပါက နို့ထိန်းကို ပိုမိုစိုးရိမ်ပူပန်စေရုံသာ ရှိပေလိမ့်မည်။
မွန်းလွဲပိုင်း ရောက်နေပြီ ဖြစ်သည်။ ညဘက်ခရီးသွားခြင်းကို ရှောင်ရှားရန်အတွက် တုပိုင်သည် အကယ်ဒမီသို့ အမြန်ပြန်ရန် လိုအပ်၏။ ထို့ကြောင့် သူက တုကျုံးနှင့် နို့ထိန်းကို ပြောလိုက်သည်။
“နို့ထိန်း။ အိမ်မှာ အရင် အနားယူနေလိုက်ဦး။ ကျွန်တော် အကယ်ဒမီကို ပြန်ပြီး ကျောင်းအုပ်ကြီးကို သတင်းပို့လိုက်မယ်။ ပြီးရင် ခွင့်တိုင်ပြီးတော့ နို့ထိန်းကို ပြုစုဖို့ အိမ်ပြန်လာခဲ့ပါ့မယ်။”
တုပိုင်သည် အမှန်အတိုင်း ပြောပြခြင်းမဟုတ်ပေ။ နို့ထိန်းသည် နောက်ရက်အနည်းငယ်အတွင်း အိမ်တွင် ဆက်နေပါက အန္တရာယ်ရှိနိုင်သည်။
ထို့ကြောင့် သူသည် အကယ်ဒမီသို့ အမြန်ပြန်ပြီး လီဝေ၏ အကူအညီကို တောင်းခံကာ နို့ထိန်းကို အကယ်ဒမီအတွင်း ခေတ္တခိုလှုံခွင့်ပေးရန် စီစဉ်ရမည်ဖြစ်သည်။
ဤနည်းဖြင့်သာ သူမသည် အန္တရာယ်ကင်းနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ယနေ့ တုပိုင် ကယ်တင်လိုက်နိုင်လျှင်ပင် နောက်တစ်နေ့တွင် ရန်သူက ထပ်မံအဆိပ်ခတ်လာဦးမည် ဖြစ်သည်။
“မလိုပါဘူးကွယ်။ အမေက မတော်တဆ အဆိပ်ကောင် ကိုက်ခံရတာပါ။ အခု ကောင်းသွားပါပြီ။” နို့ထိန်းက ပြောသည်။ “သားရဲ့ ပညာရေးကို အနှောင့်အယှက် မဖြစ်စေနဲ့။ ပြီးတော့ သခင်ကြီးလီရဲ့ မေတ္တာကို အလဟဿ မဖြစ်စေနဲ့။”
“ကိစ္စမရှိပါဘူးဗျာ။” တုပိုင်က လက်ကာပြလိုက်ပြီး ပြောသည်။ “ဒါဆို ကျွန်တော် ပြန်တော့မယ်။”
“လမ်းခရီးမှာ ဂရုစိုက်နော်။” နို့ထိန်းက ကြင်နာစွာ ပြောလိုက်သည်။ “တုကျုံး။ သခင်လေးကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပါဦး။”
တုကျုံးမှာ အကြပ်ရိုက်သွားလေသည်။ သူ၏ဇနီးမှာ ယခုမှ သတိပြန်လည်လာခြင်းဖြစ်ပြီး သူက သူမကို တစ်ယောက်တည်း ထားခဲ့ဖို့ ဝန်လေးနေသော်လည်း ဇနီးသည်၏ စကားကို တသဝေမတိမ်း နားထောင်သူဖြစ်သဖြင့် တွေဝေနေမိသည်။
“မလိုဘူး။ ကျွန်တော် တစ်ယောက်တည်း ပြန်လို့ရတယ်။” တုပိုင် ပြောလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
နို့ထိန်းသည် တစ်စုံတစ်ခုကို သတိရသွားပြီး အားယူထထိုင်ကာ လှမ်းပြောလိုက်သည်။ “ပိုင်အာ။ နောက်ရက်နည်းနည်းကြာရင် ချစ်သူများနေ့ရောက်တော့မယ်။ အိမ်ပြန်လာဖို့ မမေ့နဲ့နော်။ သားရဲ့အစ်မ ဖိန်အာလည်း ပြန်လာလိမ့်မယ်။”
“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေလိုက်သည်။
အိမ်မှထွက်လာပြီးနောက် တုပိုင်သည် သက်ပြင်းချလိုက်မိ၏။ ကံကောင်းထောက်မစွာဖြင့် မကောင်းတာ ဘာမှဖြစ်မသွားခဲ့ပေ။ သို့သော် တုပိုင်သည် ရင်တမမဖြင့် အကယ်ဒမီသို့ အမြန်ပြန်လာခဲ့ပြီး ကွေ့လင်မြို့မှ ထွက်ခွာသည်အထိ မည်သည့်ကိစ္စမျှ မဖြစ်ပေါ်ခဲ့ချေ။
မြို့တံခါးမှ ထွက်လာပြီးနောက် တုပိုင်သည် လူပြတ်ပြီး သစ်ပင်ထူထပ်သော တောအုပ်ဘက်သို့ ဦးတည်သွားလိုက်ပြီး အကယ်ဒမီသို့ ပြန်ရန် လမ်းလွှဲလိုက်သည်။
သို့သော် မြို့ပြင် ၅ မိုင်အကွာခန့်ရှိ တောအုပ်ငယ်တစ်ခုထဲသို့ ရောက်သောအခါ တုပိုင်သည် ရုတ်တရက် လည်ပင်းမှ အမွှေးများ ထောင်သွားသလို ခံစားလိုက်ရပြီး ရင်ထဲတွင် ထိတ်လန့်သွားလေသည်။
“ဟဲဟဲ။” အေးစက်စက် ရယ်သံတစ်ခု ဘေးနားမှ ထွက်ပေါ်လာပြီး မဲမှောင်သော အရိပ်အချို့ တောအုပ်ထဲမှ ထွက်ပေါ်လာသည်။
ထင်ထားသည့်အတိုင်းပင်။ တုပိုင်တစ်ယောက် လွတ်မြောက်အောင် မပြေးနိုင်ခဲ့ပေ။
သို့သော် တုပိုင်သည် ဤမြင်ကွင်းကို စိတ်ထဲတွင် ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။
‘ပိုင်ချွမ်း။ မင်းနဲ့ငါ တစ်ယောက်တော့ သေရမယ်။ သိုင်းလောကထဲ ရောက်နေမှတော့ ကိုယ့်ခေါင်းကို လောင်းကြေးထပ်ရတာမျိုးက ကြုံရမှာပဲလေ။’
ထို့နောက် ဒုတိယစက္ကန့်တွင် သူ၏ ဦးခေါင်းနောက်စေ့၌ ထုံကျင်သွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးများ ပြာဝေသွားကာ သတိလစ်သွားလေတော့သည်။
သတိလစ်နေစဉ်အတွင်း တုပိုင် အိပ်မက်တစ်ခု မက်ခဲ့ပြန်၏။ အိပ်မက်ထဲတွင် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် သွေးမယ်တော်ကွမ်ရင် ဖြစ်လေသည်။
ထိုအချိန်တွင် သွေးမယ်တော်ကွမ်ရင်သည် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေပြီး နာကျင်စွာဖြင့် ရူးမတတ် ဖြစ်နေရှာသည်။
သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ဝါးများသည် ကြမ်းပြင်ကို အဆက်မပြတ် ရိုက်နှက်နေပြီး မာကျောသော စကျင်ကျောက်ကြမ်းခင်းများကို အပိုင်းပိုင်းအစစ ကွဲကြေသွားစေသည်။
သူမသည် နာကျင်မှုကို လျော့ပါးစေရန် အသည်းအသန် ကြိုးစားနေသော်လည်း ခန္ဓာကိုယ်ထဲမှ နာကျင်မှုများကို သက်သာစေရန် အရာမရောက်ပေ။
ထို့အပြင် သူမ၏ အကြည့်များသည် ဝေဝါးနေပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေသည်။
“အ....။ အား.....။” သူမသည် အရေခွံလဲနေသော မြွေတစ်ကောင်ကဲ့သို့ နာကျင်စွာ ညည်းညူနေသည်။
တစ်ခါတစ်ရံ ကွေးကောက်နေပြီး တစ်ခါတစ်ရံ ဆန့်တန်းကာ ခြေလက်များဖြင့် ကြမ်းပြင်ကို ထုရိုက်နေသည်။ သူမတစ်ကိုယ်လုံးတွင်လည်း ထူးဆန်းသော အမှတ်အသားများ ပေါ်လာသည်။
အိပ်မက်သည် အလွန်တိုတောင်းပြီး နှစ်မိနစ်ပင် မကြာလိုက်ချေ။
**--**--**--**--**--**--**--**
တုပိုင် ပြန်လည်နိုးထလာချိန်တွင် သူသည် လျှို့ဝှက်အခန်းတစ်ခုထဲ၌ တွဲလောင်းချည်နှောင်ခံထားရပြီး သူ့ရှေ့တွင် ယောကျ်ားလေးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေလေသည်။
အရာအားလုံးသည် မနေ့ညက အိပ်မက်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
သူမသည် ကျန်းနန်နယ်စားမင်း၏ မွေးစားသမီး၊ သွေးနဂါးဂိုဏ်း၏ ခေါင်းဆောင်၊ ကွမ်ရှီးပြည်နယ်၏ အကြီးဆုံး ပင်လယ်ဓားပြခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သော ရွှဲ့ကွမ်ရင် ဖြစ်လေသည်။
အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ယောကျ်ားလေးကဲ့သို့ ဝတ်ဆင်ထားလျှင်ပင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူမ၏ ခန္ဓာကိုယ်သည် အားကစားခန်းမ၌ လေ့ကျင့်ရုံဖြင့် ရနိုင်သော ခန္ဓာကိုယ်မျိုး မဟုတ်ချေ။ သူမ၏ ချောမွတ်သော ဂျုံညိုရောင်အသားအရေ၊ ရက်စက်သော မျက်လုံးများနှင့် တင်းမာသော အမူအရာတို့သည် သူမကို ထူးခြားသော ဆွဲဆောင်မှုတစ်ခု ပေးစွမ်းနေသည်။
လက်ရှိခေတ်တွင်သာ ဆိုလျှင် တုပိုင်တစ်ယောက် ဤမိန်းမပျိုလေးကို ခြောက်လခန့် အချိန်ပေးပြီး လိုက်မိမည်မှာ အသေအချာပင်။
သို့သော် သတိလစ်နေစဉ် မက်ခဲ့သော အိပ်မက်တိုလေးထဲတွင် တုပိုင်သည် သူမ၏ ရူးသွပ်မတတ် ခံစားနေရသော ပုံစံကို မြင်တွေ့ခဲ့ရသည်။
ထိုအိပ်မက်သည် အလကားသက်သက် မက်ခြင်းမဟုတ်ဘဲ တုပိုင်၏ အသက်ရှင်သန်ရေးအတွက် အလွန်အရေးကြီးသော သတင်းအချက်အလက်များကို ပေးစွမ်းနေခြင်းဖြစ်သည်။
ရွှဲ့ကွမ်ရင်သည် လေထဲတွင် တွဲလောင်းကျနေသော တုပိုင်ကို ကြည့်လိုက်သည်။ သူသည် ရုပ်ရည်ချောမောသော ယောကျ်ားလေးတစ်ဦးဖြစ်ပြီး သူမအမုန်းဆုံး လူစားမျိုးဖြစ်သည်။ အထူးသဖြင့် သူ့မျက်လုံးများထဲမှ ညစ်ညမ်းသော အကြည့်များကို သူမ မုန်းတီးသည်။
“သူ့မျက်လုံးတွေကို ထုတ်ပစ်လိုက်။ ပြီးရင် ဂျင်းလော်သွေးကြောတွေကို ဖြတ်တောက်ပြီး ခြေလက်တွေကို ချိုးပစ်လိုက်။” သွေးမယ်တော်ကွမ်ရင်က တိုက်ရိုက်အမိန့်ပေးလိုက်သည်။ ရက်စက်ပြီး စကားများများမပြောတတ်သော သူများ၏ စံပြဥပမာပင် ဖြစ်သည်။
အိပ်မက်ထဲတွင် တုပိုင်သည် စကားတစ်ခွန်းတည်း ပြောပြီးနောက် ဒုက္ခိတဖြစ်သွားခဲ့သည်။
ထို့ကြောင့် ယခုအပြင်လောကတွင် တုပိုင်က အော်ပြောလိုက်သည်။ “ဂိုဏ်းချုပ်သွေး။ ကျုပ်က ကွပ်ကဲရေးရုံးမှူး လီဝမ်ဟွေ့ရဲ့ မွေးစားသားဗျ။”
အပိုင်း (၃၃) ပြီး။