← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

ပိုင်ချွမ်း၏ တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်သွားပြီး အော်ဟစ်လိုက်လေသည်။ “ဂိုဏ်းချုပ်သွေး... သူ့ရဲ့ ကောက်ကျစ်တဲ့လှည့်ကွက်ကို မယုံပါနဲ့။ သူ့ကို သတ်လိုက်။ သူ့ကို သတ်လိုက်။”

“ကောက်ကျစ်တဲ့ ပူးပေါင်းကြံစည်မှု ဟုတ်လား။” တုပိုင်က လှောင်ပြောင်လိုက်သည်။ “ဂိုဏ်းချုပ်သွေးကသာ ကျုပ်ကို သတ်ပြီး ကောက်ကျစ်တဲ့ ပူးပေါင်းကြံစည်မှုရဲ့ သားကောင်ဖြစ်သွားမှာ။”

“အဲ့ဒါက ကျန်းနန်နယ်စားရုံးနဲ့ မိန်းမစိုးဂိုဏ်းကြားမှာ သွေးခွဲဖို့လုပ်တဲ့ အကွက်ပဲ။ ပိုင်ချွမ်း... မင်းက တကယ်ပဲ ချွေ့မိသားစုနဲ့ ပေါင်းပြီး ငါ့ကို ဒုက္ခပေးတယ်ပေါ့။ ဒါက မိန်းမစိုးဂိုဏ်းကို သစ္စာဖောက်တာပဲ။ မင်းကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်သင့်တယ်။”

ပိုင်ချွမ်းက ရှူးရှူးရှားရှားဖြင့် ပြန်ပြောသည်။ “ငါက အောက်ခြေသိမ်း မိန်းမစိုးအဖြစ် ရာထူးချခံထားရပြီးသား။ မင်းကို သတ်နိုင်ဖို့ဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ မိန်းမစိုးဂိုဏ်းကို သစ္စာဖောက်ရမယ်ဆိုရင်တောင် ငါဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် လီဝမ်ဟွေ့က ငါ့ကို အရင် မတရားလုပ်ခဲ့တာ။”

“ငတုံး” တုပိုင် မနေနိုင်တော့ဘဲ ကျေနပ်စွာ ပြုံးလိုက်မိ၏။ ပိုင်ချွမ်းက ပြင်ပရန်သူနှင့် ပူးပေါင်းပြီး မိန်းမစိုးဂိုဏ်းကို သစ္စာဖောက်ခဲ့ကြောင်း ဝန်ခံလိုက်သည်နှင့် တုပိုင်၏ သွေးခွဲသည့် အစီအစဉ် အောင်မြင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

“ငတုံး” ရွှဲ့ကွမ်ရင်ကလည်း လှောင်ပြောင်လိုက်သည်။

“တစ်ယောက်က နတ်ဆိုးလို ကောက်ကျစ်ပြီး နောက်တစ်ယောက်က ဝက်တစ်ကောင်လို တုံးအတယ်။ သူတို့နှစ်ယောက်ရဲ့ အရည်အချင်း ကွာခြားမှုက ထင်ရှားနေတာပဲ။”

“ပြီးတော့ မင်းက သူ့ဆရာပါလို့ ပြောရဲသေးတယ်ပေါ့။ မင်းက ဒီမှောင်ခိုဆားတွေက ချွေ့မိသားစုဆီက လာတာပါလို့ ဝန်ခံလိုက်တာပဲ။ ဒါက တကယ်ကို အရှေ့ဘက်ကို အပြစ်လွှဲချတဲ့ အကွက်ပဲ။”

“မဟုတ်ဘူး။ မဟုတ်ဘူး။” ပိုင်ချွမ်း ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ပြောသည်။ “ဒီမှောင်ခိုဆားတွေက ချွေ့မိသားစုပိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်က မိန်းမစိုးဂိုဏ်းအတွင်းကနေ သတင်းရခဲ့တာပါ။ ကျွန်တော် ခင်ဗျားကို လုံးဝ လုပ်ကြံဖို့ ရည်ရွယ်ချက်မရှိပါဘူး။”

သွေးမယ်တော်ကွမ်ရင်က အေးစက်စွာ ပြောလိုက်သည်။ “မင်း တကယ်ပဲ အသက်မရှင်ချင်တော့ဘူးပေါ့။”

ပိုင်ချွမ်းက အသည်းအသန် ဦးခိုက်ပြီး တောင်းပန်လိုက်လေသည်။ “အသက်ချမ်းသာပေးပါ ဂိုဏ်းချုပ်သွေး။ အသက်ချမ်းသာပေးပါ။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ဒါဆို ငါ့ကိုပြော။ ဒီမှောင်ခိုဆားတွေကို ချွေ့မိသားစုက ငါတို့ဆီ တမင်တကာ ပေးတာလား။ တကယ်လို့ မင်း စကားတစ်လုံးလောက် လိမ်ပြောရဲရင် ငါချက်ချင်း မင်းခေါင်းကို ဖြတ်ပစ်မယ်။”

ပိုင်ချွမ်း လိမ်ပြောချင်သော်လည်း သွေးမယ်တော်ကွမ်ရင်၏ ဓားရှေ့တွင် လိမ်ပြောရန် သတ္တိမရှိတော့ဘဲ ဗလုံးဗထွေး ပြောလိုက်သည်။ “ဟုတ်...။ ဟုတ်ပါတယ်။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “မင်းက တကယ်ပဲ အရှေ့ဘက်ကို အပြစ်လွှဲချချင်တာပေါ့။ ငါ့ကို လီဝမ်ဟွေ့နဲ့ စစ်ဖြစ်စေချင်တာလား။”

ပိုင်ချွမ်းက ပြောသည်။ “အဲ့ဒါတွေအကုန်လုံးက ချွေ့မိသားစုရဲ့ အစီအစဉ်တွေပါ။ ကျွန်တော့်မှာ အဲ့လိုအတွေး လုံးဝမရှိပါဘူး။ ကျွန်တော်က တုပိုင်ကို သတ်ချင်ရုံ သက်သက်ပါ။ သူ့အရှင်လတ်လတ် အရေခွံခွာ၊ အပိုင်းပိုင်းဆုတ်ဖြဲပြီး အရိုးတွေကို အမှုန့်ကြိတ်ပစ်ချင်ရုံပါ။”

“ငါတို့ နိုင်သွားပြီ။” တုပိုင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ပိုင်ချွမ်းသည် မေးမြန်းစရာပင် မလိုဘဲ အပြည့်အဝ အရှုံးပေးလိုက်ပြီဖြစ်သည်။ သူသည် ဤအဆုံးအဖြတ်တိုက်ပွဲကို အနိုင်ရရှိသွားပြီဖြစ်လေ၏။

တုပိုင် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

“မင်းကိုယ်မင်း တော်တော်ကျေနပ်နေတယ်ပေါ့လေ။” ရွှဲ့ကွမ်ရင်က အေးစက်စက် ပြောလိုက်ပြီးနောက် သူမ၏ ဓားကို ဆွဲထုတ်ကာ တုပိုင်၏ လည်ပင်းပေါ် တင်လိုက်သည်။

ထို့နောက် စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။ “မင်းက မဖြစ်နိုင်တဲ့ အခြေအနေကနေ အသက်ရှင်လွတ်မြောက်ရုံတင်မကဘူး။ မင်းရဲ့ ရန်သူတွေကိုပါ သတ်နိုင်ခဲ့တယ်။ ပြီးတော့ ငါ့ကိုပါ စိတ်ကြိုက်ကြိုးကိုင်ပြီး လက်တစ်ဖက်တည်းနဲ့ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ မင်း တော်တော် ထူးချွန်တာပဲ။”

တုပိုင် ကြောင်သွားလေသည်။

“ဟုတ်တယ်။ ပိုင်ချွမ်းက လုံးဝ သစ္စာဖောက်ပဲ။ ပြီးတော့ ချွေ့မိသားစုက အပြစ်လွှဲချပြီး ငါနဲ့ လီဝမ်ဟွေ့ကြား၊ ပြီးတော့ ကျန်းနန်နယ်စားရုံးနဲ့ ကွမ်ရှီးမိန်းမစိုးဂိုဏ်းကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာ။” ရွှဲ့ကွမ်ရင်က ဆက်ပြောသည်။ “ဒါပေမဲ့... ဘာဖြစ်လဲ။ ငါက ပိုင်ချွမ်းနဲ့ပဲ ဒီအရောင်းအဝယ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းနဲ့ လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါက မင်းကိုပဲ သတ်မယ်။ ပိုင်ချွမ်းကို မသတ်ဘူး။”

“လခွမ်းတဲ့မှ...” တုပိုင် မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်။ “ဘာလို့လဲ။ မင်း ရူးနေလား။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ပထမအချက်။ ငါ ချွေ့မိသားစုကို မုန်းတယ်။ ဒါပေမဲ့ မိန်းမစိုးဂိုဏ်းကို ပိုမုန်းတယ်။ ဒုတိယအချက်။ မင်းက အရမ်း ဉာဏ်များတယ်။ မြေခွေးတစ်ကောင်နဲ့ အရောင်းအဝယ်လုပ်မယ့်အစား ငတုံးတစ်ကောင်နဲ့ပဲ အရောင်းအဝယ်လုပ်တာ ပိုကောင်းတယ်။ နောက်ပိုင်း ငါ့ကို ဒုက္ခမပေးနိုင်အောင် မင်းလိုမြေခွေးကို သတ်ပစ်တာက ပိုစိတ်ချရတယ်။”

ပိုင်ချွမ်းသည် အံ့သြသွားပြီးနောက် ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ “ဟားဟား... ဟားဟားဟား... တုပိုင်။ မင်းရဲ့ ဉာဏ်များမှုက မင်းကို ဒုက္ခပေးလိုက်ပြီကွ။ မင်းနဲ့ ထိုက်တန်ပါတယ်။ မင်းနဲ့ ထိုက်တန်ပါတယ်။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ပိုင်ချွမ်း။ သွား... ဒီအခြောက်ကောင်ကို သတ်လိုက်။”

“ဟုတ်ကဲ့။” ပိုင်ချွမ်း ဝမ်းသာအားရ ပြောလိုက်ပြီး လက်နက်စင်မှ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်ကာ တုပိုင်၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။ ထို့နောက် ယုတ်မာသော အပြုံးဖြင့် ပြောသည်။

“တုပိုင်... မင်း ဒါကို မထင်ထားဘူးမလား။ မင်း ငါ့လက်ချက်နဲ့ပဲ သေရတော့မယ်။ မင်းက ဉာဏ်ကြီးရှင်ပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ။ မင်း ငါ့လက်ချက်နဲ့ပဲ အသေဆိုးနဲ့ သေရတော့မှာ။ စိတ်မပူပါနဲ့။ ငါမင်းကို တစ်ခါတည်းနဲ့ သေအောင် မသတ်ပါဘူး။ ဖြည်းဖြည်းချင်း နှိပ်စက်ပြီးမှ သတ်ပေးမယ်။”

ထိုသို့ပြောပြီးနောက် ပိုင်ချွမ်းသည် ဓားချွန်ဖြင့် သူအမုန်းဆုံးဖြစ်သော တုပိုင်၏ မျက်လုံးများကို ထိုးဖောက်ရန် ပြင်လိုက်သည်။

တုပိုင်သည် ရွှဲ့ကွမ်ရင်၏ လှပပြီး အေးစက်သော မျက်နှာကို ကြည့်ကာ ရယ်မောလိုက်လေသည်။ “ဂိုဏ်းချုပ်ရွှဲ့... ညသန်းခေါင်ယံမှာ တစ်ယောက်ယောက်က အဝတ်အစားမပါဘဲ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်ပြီး ရူးမတတ် ခံစားရတာ၊ ရုန်းကန်ရတာ၊ ကွေးကောက်ပြီး ကြမ်းပြင်ကို ထုရိုက်နေရတာ တော်တော်နာကျင်မှာပဲနော်။”

ထိုစကားကို ကြားလိုက်ရသောအခါ ရွှဲ့ကွမ်ရင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး အတွင်းစိတ် ထိတ်လန့်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

ဤသည်မှာ သူမနှင့် မည်သူမျှ မသိသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ဤမိန်းမစိုးက မည်သို့သိနေသနည်း။

သို့သော် ချက်ချင်းပင် ရွှဲ့ကွမ်ရင်၏ မျက်လုံးများထဲတွင် လူသတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ပိုင်ချွမ်း မလှုပ်ရှားရသေးခင်မှာပင် သူမသည် နှုတ်ပိတ်ရန် ရည်ရွယ်ချက်ဖြင့် တုပိုင်ထံသို့ ဓားဖြင့် ထိုးလိုက်လေသည်။

“ခင်ဗျား ရူးနေတာ မဟုတ်ဘူး။ ခင်ဗျား တစ်စုံတစ်ခုရဲ့ အဆိပ်ကို စွဲလမ်းနေတာ။” တုပိုင်က တိုးညှင်းသော အသံဖြင့် အလျင်အမြန် ပြောလိုက်သည်။

“တစ်ယောက်ယောက်က ခင်ဗျားကို လုပ်ကြံဖို့ ကြိုးစားနေတာ။”

“ရွှပ်။” သွေးမယ်တော်ကွမ်ရင်၏ ဓားသည် တုပိုင်၏ အဝတ်အစားများကို ဖောက်ထွင်းပြီး အရေပြားကို ရှပ်ထိသွားသော်လည်း ချက်ချင်းပင် ရပ်တန့်သွားသည်။

“မင်းဘယ်လိုသိလဲ။ ဒါမှမဟုတ် မင်း ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတာလား။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “တကယ်လို့ မင်း စကားတစ်လုံးလောက် လိမ်ပြောရဲရင် မင်းကို သေချင်မှ သေခွင့်ရအောင် လုပ်ပစ်မယ်။”

တုပိုင်က ပြောသည်။ “ရောဂါဖောက်လာတဲ့အချိန်ကျရင် ခင်ဗျား တစ်ကိုယ်လုံး ပူလောင်ပြီး ဂနာမငြိမ်ဖြစ်လာတယ်။”

“ခန္ဓာကိုယ်ထဲကနေ မီးလုံးတစ်လုံး ပေါက်ကွဲထွက်တော့မလို ခံစားရတယ်။ အရေပြားတွေ ယားယံလာပြီး ရိုးတွင်းခြင်ဆီထဲမှာ ပုရွက်ဆိတ်အကောင်ပေါင်းများစွာ တွားသွားနေသလို ခံစားရတယ်”

“ဒီလိုနာကျင်မှုမျိုးကို ထိန်းချုပ်ဖို့ မဖြစ်နိုင်သလို ခင်ဗျား အမျိုးမျိုးသော ပုံရိပ်တွေကိုလည်း မြင်ယောင်လာတတ်တယ် မလား။”

ရွှဲ့ကွမ်ရင် ပို၍ အံ့သြသွားသည်။ ဤရောဂါလက္ခဏာများသည် ခံစားချက်မျှသာဖြစ်ပြီး သူမ မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ တစ်စုံတစ်ယောက်က သူမ ရောဂါဖောက်နေသည်ကို တိတ်တဆိတ် မြင်တွေ့ခဲ့လျှင်ပင် ဤမျှအသေးစိတ် သိနိုင်မည် မဟုတ်ချေ။ တုပိုင်က ဘယ်လိုလုပ်ပြီး ဒီလောက် ရှင်းရှင်းလင်းလင်း သိနေရသနည်း။

လွန်ခဲ့သော နာရီအနည်းငယ်က တုပိုင် သတိလစ်နေစဉ် အိပ်မက်တစ်ခု မက်ခဲ့သည်။ သွေးမယ်တော်ကွမ်ရင်၏ ရူးသွပ်သော လက္ခဏာများသည် ခေတ်သစ်ကမ္ဘာမြေမှ မူးယစ်ဆေးစွဲသူများနှင့် အလွန်ဆင်တူသည်။ ထို့ကြောင့် တုပိုင်သည် ဤခန့်မှန်းချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မှန်ကန်သွားခဲ့သည်။ တကယ်တမ်းတွင် သူလည်း သိပ်မသေချာခဲ့ပေ။

“မင်း ဘယ်လိုလုပ် ဒီလောက် အများကြီး သိနေရတာလဲ။” သွေးမယ်တော်ကွမ်ရင်က အေးစက်စက် မေးလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။ အကယ်၍ တုပိုင် မဖြေနိုင်ပါက သူမ ဓားတစ်ချက်တည်းဖြင့် သတ်ပစ်မည်ဖြစ်သည်။

တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားလည်ပင်းပေါ်က အထူးတလည် ဖြစ်နေတဲ့ အမှတ်အသားသေးသေးလေးတွေ၊ မျက်လုံးထဲက သွေးကြောတွေ၊ ပြီးတော့ အရေးအကြီးဆုံးက ခင်ဗျားရဲ့ သွားတွေပဲ။ ဖြူဖွေးသန့်ရှင်းနေပေမဲ့ သွားဖုံးပေါ်မှာ အကြောင်းရင်းမရှိဘဲ သွေးစလေးတွေ ရှိနေတယ်။ ဒါတွေအားလုံးက အရမ်းထင်ရှားတဲ့ လက္ခဏာတွေပဲ။”

တုပိုင်သည် သိသိသာသာ လျှောက်ပြောနေခြင်းဖြစ်သည်။ ဤလက္ခဏာများသည် ရွှဲ့ကွမ်ရင် အဆိပ်စွဲလမ်းနေကြောင်း သက်သေမပြနိုင်ပေ။ သူသည် ရလဒ်ကိုကြည့်ပြီး ဖြစ်စဉ်ကို ကောက်ချက်ချလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် ရွှဲ့ကွမ်ရင်က ဒါကို မသိရှာပေ။ တုပိုင်၏ ယုံကြည်မှုရှိပြီး တိကျသော စကားများကို ကြားသောအခါ သူမ ယုံကြည်သွားလေသည်။

“ခင်ဗျား ကံကောင်းတယ်။ ဒီရောဂါအတွက် ကုဆေးရှိတယ်။” တုပိုင် ပြောလိုက်သည်။

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ငါမယုံဘူး။ ငါလည်း အဂ္ဂိရတ်ပညာအကြောင်း နည်းနည်းသိတယ်။ အဂ္ဂိရတ်ပညာရှင် အများကြီးနဲ့လည်း တိုင်ပင်ပြီးပြီ။ သူတို့အားလုံး ဒီအခြေအနေကို လက်လျော့ထားကြတာ။ မင်းက ဘယ်လောက်အသက်ကြီးလို့လဲ။ အဂ္ဂိရတ်ပညာအကြောင်း ဘယ်လောက်သိလို့လဲ။ မင်းက ဘယ်လိုလုပ် ငါ့ကို ကုပေးနိုင်မှာလဲ။”

တုပိုင်က လှောင်ပြောင်လိုက်သည်။ “သူတို့က ခင်ဗျားရဲ့ ရောဂါအကြောင်းရင်းကိုတောင် မရှာနိုင်မှတော့ အဲ့ဒီ အဂ္ဂိရတ်ပညာရှင်တွေက ဘယ်လိုလုပ် ကုပေးနိုင်မှာလဲ။ ခင်ဗျားရဲ့ ရောဂါကို ဖြစ်စေတာက အခုမှပေါ်လာတဲ့ ရှားပါးအဆိပ်တစ်မျိုးပဲ။ ဒီအဆိပ်က ခင်ဗျားကို မသေစေဘူး။ ဒါပေမဲ့ ပုံရိပ်တွေ မြင်ယောင်စေပြီး စွဲလမ်းစေတယ်။ နောက်ဆုံးမှာ သေမထူး နေမထူး ဖြစ်စေလိမ့်မယ်။ ကျုပ်ကလွဲရင် ဒီအကြောင်းကို သိတဲ့လူ အရမ်းနည်းတယ်။ ဒါကြောင့် ခင်ဗျား ယုံချင်ယုံ မယုံချင်နေ။ ကျုပ်တစ်ယောက်တည်းကပဲ ခင်ဗျားကို ကယ်နိုင်မယ့်သူပဲ။”

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ဒါပေမဲ့ ငါမင်းကို ကုသစေချင်ရင် မင်းအသက်ကို ချမ်းသာပေးရမယ် မဟုတ်လား။”

“ဟုတ်တယ်။” တုပိုင် ဖြေလိုက်သည်။

သွေးမယ်တော်ကွမ်ရင်က ဆက်ပြောသည်။ “ပြီးတော့ မင်းအတွက် မင်းရန်သူ ပိုင်ချွမ်းကိုပါ သတ်ပေးရဦးမယ် မဟုတ်လား။”

“ကျုပ် မသတ်ရင်တောင် ခင်ဗျား သတ်မှာပဲ။” တုပိုင်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ခင်ဗျား နှုတ်ပိတ်ဖို့ လိုတယ်လေ။”

“မင်း ကုနိုင်တာ သေချာလား။” သွေးမယ်တော်ကွမ်ရင် မေးလိုက်သည်။

“သေချာတယ်။” တုပိုင် ပြန်ဖြေသည်။

သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ကောင်းပြီ။ ငါတို့ သဘောတူလိုက်ပြီ။”

ထိုစကားကို ကြားသောအခါ ပိုင်ချွမ်းသည် ကြောက်လန့်တကြားဖြင့် အသက်လုကာ ထွက်ပြေးလေတော့သည်။

အပိုင်း (၃၅) ပြီး။

All Chapters