အခန်း (၃၆)
Vol. 4 Ch. 36
“ရွှပ်။” သွေးမယ်တော်ကွမ်ရင်၏ ကျောက်စိမ်းလက်မှ အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“အားးး။” ပိုင်ချွမ်း အော်ဟစ်လိုက်ပြီး သေးငယ်သော ချိတ်နှစ်ခုသည် သူ့ညှပ်ရိုးကို ဖောက်ဝင်သွားသည်။ ရွှဲ့ကွမ်ရင်က အားဖြင့် ဆွဲလိုက်ရာ ပိုင်ချွမ်း၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပြန်လာပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျသွားလေတော့သည်။
သွေးမယ်တော်ကွမ်ရင်ကဲ့သို့ သိုင်းပညာရှင်လက်မှ ထွက်ပြေးရန် ကြိုးစားခြင်းလော။ လုံးဝ မဖြစ်နိုင်ပေ။
သွေးမယ်တော်ကွမ်ရင်သည် ဓားတစ်ချောင်းကို ကမ်းပေးပြီး ပြောလိုက်သည်။ “ကိုယ့်ဘာသာ လုပ်လိုက်။ မင်းတို့ မိန်းမစိုးအချင်းချင်း သတ်ကြတာကို ငါထိုင်ကြည့်နေလိုက်မယ်။”
“မဟုတ်ဘူး။ ဒါက မိန်းမစိုးဂိုဏ်းအတွက် အမှိုက်တွေကိုရှင်းလင်းတာ။” တုပိုင် ပြောလိုက်သည်။
ထို့နောက် တုပိုင်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သွေးမယ်တော်ကွမ်ရင်၏ ဓားမြှောင်ကို ကိုင်လျက် ပိုင်ချွမ်းကို ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ပိုင်ချွမ်း၏ ညှပ်ရိုးသည် ချိတ်ဖြင့် အဆွဲခံထားရသဖြင့် နာကျင်စွာ တုန်ခါနေရှာသည်။ သူ့မျက်နှာထားသည် မရေမရာ ဖြစ်နေပြီး အသက်ချမ်းသာပေးရန် တောင်းပန်ချင်သော်လည်း ပါးစပ်မှ ထွက်မလာပေ။
ဤတစ်ကြိမ် သူသေချာပေါက် သေရတော့မည်ကို သူသိသည်။ တုပိုင် မသတ်လျှင်ပင် ရွှဲ့ကွမ်ရင်က သတ်မည် ဖြစ်သည်။
“တုပိုင်... မင်း အသေဆိုးနဲ့ သေရလိမ့်မယ်...” ပိုင်ချွမ်းက နာကြည်းစွာဖြင့် ပြောလိုက်သည်။ “ငါမင်းကို ငရဲကနေ စောင့်နေမယ်။ မကြာခင် ဒီအရူးမက မင်းကို သတ်လိမ့်မယ်။”
တုပိုင်က ပြောသည်။ “မင်း တွေးတာ များလွန်းနေပြီ။ အဲ့လို ရှုပ်ထွေးတဲ့ ပြဿနာတွေက မင်းနဲ့ မဆိုင်တော့ဘူး။ ပိုင်ချွမ်း။ မင်း ငါ့ကို အကြိမ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါမင်းကို လုံးဝ မမုန်းပါဘူး။ မင်းကို သနားမိရုံပဲ။ မင်းက တကယ့်ကို သနားစရာကောင်းတဲ့ ကောင်ပဲ။ ငြိမ်းချမ်းစွာ အနားယူလိုက်ပါ။ နောက်ဘဝကျရင် မိန်းမစိုး မဖြစ်စေနဲ့။ မိန်းမစိုးဖြစ်တာထက် မိန်းမဖြစ်တာက ပိုကောင်းသေးတယ်။”
“မင်း အသေဆိုးနဲ့ သေရမယ်... အသေဆိုးနဲ့ သေရမယ်...” ပိုင်ချွမ်းက ပြောရင်း မျက်ရည်များ ကျလာသည်။ “ငါ မသေချင်ဘူး... ငါ မသေချင်ဘူး... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့... ငါ အရမ်းနောင်တရပါတယ်...”
“ငရဲမာပြန်တွေ့ကြတာပေါ့။” တုပိုင် ပြောလိုက်ပြီးနောက် ဓားကို ပိုင်ချွမ်း၏ နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။
“ဖူး...” ပိုင်ချွမ်း၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ သူ့လည်ချောင်းမှ တစ်စုံတစ်ရာ ပြောချင်သကဲ့သို့ အသံထွက်လာသော်လည်း တစ်စက္ကန့်မပြည့်မီမှာပင် သေဆုံးသွားလေတော့သည်။
နောက်ဆုံးတွင် ဤဆူးငြောင့်ခလုတ်လေးကို ဖယ်ရှားနိုင်လိုက်ပြီဖြစ်သဖြင့် တုပိုင်သည် တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး ဓားမြှောင်ကို ရွှဲ့ကွမ်ရင်ထံ ပြန်ပေးကာ ပြောလိုက်သည်။
“ခင်ဗျားဆီမှာ မျက်နှာသုတ်ပုဝါ ရှိလား။ ကျုပ်လက်ကို သုတ်ချင်လို့။ သွေးတွေ ပေကုန်ပြီ။”
တုပိုင်၏ တည်ငြိမ်အေးဆေးသော အမူအရာသည် ကြက်တစ်ကောင်ကို သတ်လိုက်သကဲ့သို့ ဖြစ်နေပြီး ရုပ်ရှင်ထဲမှ ဗီလိန်သူဌေးကြီးများကဲ့သို့ပင် မည်သည့် ထိတ်လန့်မှု၊ ခံစားချက်မျှ မပါဘဲ လူသတ်လိုက်ခြင်းမျိုးနှင့် တူညီနေသည်။
သွေးမယ်တော်ကွမ်ရင်က ပိုးလက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်ရာ တုပိုင်သည် သူ၏လက်နှင့် မျက်နှာကို အေးဆေးစွာ သုတ်လိုက်ပြီး သူ၏ ကိုယ်နေဟန်ထားမှာ အလွန်တည်ငြိမ်နေလေသည်။
သို့သော်... သူ၏ အထာကျမှုသည် သုံးစက္ကန့်သာ ကြာမြင့်ခဲ့လေသည်။
“အော့... အော့...” ပျို့အန်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ တုပိုင်သည် အခန်းထောင့်သို့ ပြေးသွားကာ ကြုံရာပုံးတစ်ပုံးကို ဆွဲယူပြီး အန်ချလိုက်တော့သည်။
ဤသည်မှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်ပေသည်။
သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးမယ်တော်ကွမ်ရင်၏ အေးစက်သော မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားသည်။
တုပိုင်ကို ဤကဲ့သို့ မြင်လိုက်ရသောအခါ သူမ၏ သတိထားမှုနှင့် ရန်လိုမှုများ လျော့ကျသွားသည်။ ယခင်က တုပိုင်သည် မကောင်းဆိုးဝါးကဲ့သို့ ပြုမူခဲ့သဖြင့် သူမကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့ပြီး ကိစ္စပြီးပြတ်စေရန် သူ့ကို သတ်ပစ်ဖို့သာ တွေးနေမိသည်။
ယခု လူသတ်ပြီးနောက် အန်နေသည်ကို မြင်လိုက်ရသောအခါ သူမ စိတ်သက်သာရာ ရသွားပြီး ထိုကောင်စုတ်လေး၏ ယခင်ပုံစံများသည် ဟန်ဆောင်မှုသက်သက်သာ ဖြစ်ကြောင်း သိလိုက်ရသည်။
တုပိုင်သည် ပုံးပေါ်တွင် မှောက်ကာ ၁၀ မိနစ်ကျော်ကြာအောင် အန်နေပြီး အစာအိမ်ထဲရှိ အရာအားလုံး အန်ထွက်လာသည်အထိ ဖြစ်သွားသည်။
ထို့နောက် သူသည် မျက်နှာပေါ်မှ ပေကျံနေသည်များကို သုတ်ပစ်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ ပါးစပ်ကို အကြိမ်ကြိမ် ပလုပ်ကျင်းလိုက်သည်။ နောက်ဆုံးတွင် ပိုးလက်ကိုင်ပဝါကို လက်ဖက်ရည်စွတ်ပြီး မျက်နှာကို စင်ကြယ်အောင် သုတ်လိုက်လေသည်။
အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တုပိုင်သည် စောစောက အန်ထားသူ မဟုတ်သည့်အတိုင်း တည်ငြိမ်အေးဆေးစွာဖြင့် သွေးမယ်တော်ကွမ်ရင်ထံ ပြန်လာခဲ့သည်။
“ကျုပ်တို့ ဆွေးနွေးတာကို ဆက်လိုက်ကြရအောင်။” တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း အန်လို့ ပြီးပြီ သေချာလား။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “မင်းက တကယ်ပဲ ဟန်ဆောင်ရတာ ကြိုက်တဲ့ကောင်ပဲ။”
“ပထမဆုံးအကြိမ် လူသတ်ဖူးတဲ့လူတစ်ယောက်။ အထူးသဖြင့် ရောဂါပိုးမွှားကြောက်တတ်တဲ့သူတစ်ယောက်က သွေးစွန်းသွားတဲ့အခါ အန်ချင်လာတာ သဘာဝပါပဲ။ ဒါက လူသတ်လိုက်လို့ အန်တာမဟုတ်ဘူး။ ရောဂါပိုးမွှားတွေကိုကြောက်လို့ အန်တာ။” တုပိုင်သည် တည်ငြိမ်စွာပင် လက်ကာပြလိုက်ပြီး ပြောသည်။ “ကဲ။ ဒါကို ဆက်မပြောကြပါနဲ့တော့။ အလုပ်ကိစ္စ ပြောကြရအောင်။”
သူ့အတွက် ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်သည်မှာ မှန်သော်လည်း ဤမျှလောက်အထိ အန်ဖို့ လိုအပ်သည်လော။
မလိုအပ်ပေ။ သူ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
ပိုင်ချွမ်းကို သတ်လိုက်စဉ်က တုပိုင်သည် တွေဝေခြင်းမရှိခဲ့ပေ။ သွေးစွန်းသွားခြင်းက သူ့ကို အနည်းငယ် ပျို့အန်ချင်စိတ် ဖြစ်စေခဲ့သော်လည်း အန်ထွက်သည်အထိတော့ မဖြစ်စေခဲ့ပေ။
သူသည် ရွှဲ့ကွမ်ရင်၏ သတိထားမှုကို လျော့ချရန်နှင့် သူသည် ဉာဏ်ကောင်းသော ကလေးတစ်ယောက်သာ ဖြစ်ပြီး အန္တရာယ်မရှိကြောင်း ထင်မြင်စေရန် သရုပ်ဆောင်နေခြင်းဖြစ်သည်။
ဤလူသည် ကောက်ကျစ်စဉ်းလဲပြီး အတွေ့အကြုံရင့်ကျက်သော အချစ်သမားတစ်ဦးဖြစ်သဖြင့် သရုပ်ဆောင်စွမ်းရည်မှာ အလွန်ကောင်းမွန်လှသည်။
ရွှဲ့ကွမ်ရင်သည် ရက်စက်ပြီး စကားနည်းသူ ဖြစ်သော်လည်း ဤကိစ္စတွင်တော့ တုပိုင်ကို မယှဉ်နိုင်ပေ။
“ကောင်းပြီ။ အလုပ်ကိစ္စ ပြောကြတာပေါ့။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “မင်းပြောတော့ ဒါက ချီလမ်းကြောင်း လွဲတာ မဟုတ်ဘဲ အဆိပ်သင့်နေတာဆို။ အကြောင်းရင်းနဲ့ ဘယ်လိုကုရမလဲဆိုတာ ရှင်းပြ။”
တုပိုင်က သူ့အခြေအနေကို တိုက်ရိုက်ပြောလိုက်သည်။ “ကျုပ် အဲ့ဒီ မှောင်ခိုဆားရဲ့ သုံးပုံတစ်ပုံကို လိုချင်တယ်။”
သွေးမယ်တော်ကွမ်ရင်၏ မျက်နှာထား ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “အတိုင်းအတာ မလွန်နဲ့။ ပြီးတော့ တခြားအကြံအစည်တွေ မရှိနဲ့။ မင်းအသက်က ငါ့လက်ထဲမှာ ရှိသေးတယ်ဆိုတာ မမေ့နဲ့။”
တုပိုင်က ပြောသည်။ “ကျုပ်က အရမ်းဆင်းရဲတာဗျ။ ဒါက မမျှော်လင့်ဘဲ ရလာတဲ့ စည်းစိမ်ဆိုတော့ သုံးပုံတစ်ပုံ ယူတာက ပုံမှန်ပါပဲ။ ဒါ့အပြင် ကျုပ်တို့ မိန်းမစိုးဂိုဏ်းကလည်း ဒီမှောင်ခိုဆားကို မျက်စိကျနေတာ။ ဘာမှမရဘဲ ဒီတိုင်း လက်လွတ်ခံလိုက်လို့ ဘယ်ဖြစ်မလဲ။”
“အိပ်မက်မက်နေလိုက်။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “ကုန်ပစ္စည်းတွေ ငါ့လက်ထဲရောက်တာနဲ့ တစ်ပြားတစ်ချပ်မှ ယူသွားဖို့ စိတ်မကူးနဲ့။”
တုပိုင်က ပြောသည်။ “ကျုပ် သုံးပုံတစ်ပုံ ရကို ရမှ ဖြစ်မယ်။”
“ဒါဆိုရင်တော့ ငါမင်းကို သတ်ရလိမ့်မယ်။” သွေးမယ်တော်ကွမ်ရင်က အေးစက်စက် ပြောလိုက်သည်။
တုပိုင်က ပြောသည်။ “ကျုပ်ကို သတ်လိုက်။ ဒါဆိုရင် ဘယ်သူမှ ခင်ဗျားကို မကယ်နိုင်တော့ဘူး။”
သွေးမယ်တော်ကွမ်ရင် ဒေါသထွက်သွားသည်။ သူမသည် တုပိုင်ကို လက်သီးဖြင့် ထိုးသတ်ပစ်ချင်နေသည်။
“မင်းလို သာမန်မိန်းမစိုးတစ်ယောက်က ဒီလောက် ပိုက်ဆံအများကြီးကို ဘာလုပ်ဖို့ လိုတာလဲ။” သွေးမယ်တော်ကွမ်ရင် မေးလိုက်သည်။
တုပိုင်က ပြောသည်။ “အရင်တုန်းက ကျုပ်နို့ထိန်းက ကျုပ်ကို ကယ်ဖို့အတွက် ကွေ့လင်စီရင်စု၊ ချွေ့မိသားစု ဘဏ္ဍာရေးမှူးနဲ့ မိန်းမစိုးအကယ်ဒမီက အရာရှိတွေကို လာဘ်ထိုးဖို့ ပိုက်ဆံတွေ အများကြီး ချေးခဲ့ရတယ်။ သူတို့က ကျုပ်ကို မသိစေချင်ပေမဲ့ ကျုပ်သိသွားတယ်။ တကယ်လို့ သူတို့သာ ဒီပိုက်ဆံကို ပြန်မဆပ်နိုင်ရင် သူတို့အိမ် အသိမ်းခံရမယ့်အပြင် ကျုပ်နို့ထိန်းပါ ရောင်းစားခံရလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ ရွှဲ့ကွမ်ရင်၏ မျက်နှာထား လုံးဝ ပျော့ပျောင်းသွားပြီး တုပိုင်၏ ပုံရိပ်သည် မိဘကို ရိုသေသော လူငယ်လေးအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
သူမသည် စကားတစ်ခွန်းမှ မပြောဘဲ အတွင်းခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။ ပြန်ထွက်လာသောအခါ သူမလက်ထဲတွင် အထုပ်တစ်ထုပ် ပါလာသည်။ သူမသည် အထုပ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ပြောသည်။ “ဒါက ရွှေ ၂၅၀ တုံး။ ငွေသား ၂၀၀၀ နဲ့ ညီမျှတယ်။”
တုပိုင်သည် အထုပ်ကို ဖွင့်လိုက်ပြီး ရွှေတုံးများကို တစ်တုံးချင်းစီ ထုတ်ယူကာ လောဘကြီးသည့်ပုံစံဖြင့် ကိုက်ကြည့်လိုက်သည်။ ဤလုပ်ရပ်က သူ့ကို သွေးမယ်တော်ကွမ်ရင်၏ မျက်လုံးထဲတွင် အန္တရာယ်ကင်းသော သူတစ်ယောက်အဖြစ် ပိုမို ထင်ဟပ်စေသည်။
“ကဲ... မင်းရဲ့ စွမ်းရည်ကို ပြပြီး ငါ့ကို ယုံအောင်လုပ်တော့။” သွေးမယ်တော်ကွမ်ရင်က ရက်စက်စွာ ပြောလိုက်သည်။ “ငါဘယ်လို အဆိပ်မိတာလဲ။ ဘာအဆိပ်လဲ။ ပြီးတော့ ဘယ်လို ကုရမလဲ။ မမေ့နဲ့နော်။”
“ငါလည်း အဂ္ဂိရတ်ပညာ သင်ဖူးတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဂ္ဂိရတ်ပညာရှင် အများကြီးနဲ့လည်း တိုင်ပင်ပြီးပြီ။ တကယ်လို့ မင်း နည်းနည်းလေးမှားတာနဲ့ မင်းလိမ်နေတယ်လို့ သတ်မှတ်ပြီး မင်းကို အပိုင်းပိုင်းခုတ်ကာ ခွေးကျွေးပစ်မယ်။”
သူသည် ရွှေတုံးများကို အထုပ်ထဲသို့ ပြန်ထည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်သွေး။ ခင်ဗျားမှာ ဒဏ်ရာဟောင်းရှိပြီး အဲ့ဒီဒဏ်ရာက ပြန်ဖြစ်လာရင် သည်းမခံနိုင်လောက်အောင် နာကျင်ရတယ် မဟုတ်လား။”
သွေးမယ်တော်ကွမ်ရင် ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ဟုတ်တယ်။ မင်းဘယ်လိုသိလဲ။”
“ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်ချမှုတစ်ခုပါ။” တုပိုင် ပြောလိုက်သည်။
တကယ်တမ်းတွင် သူသည် ခန့်မှန်းပြောဆိုခြင်းသာ ဖြစ်သော်လည်း အကြောင်းအကျိုး ခိုင်လုံသော ခန့်မှန်းချက် ဖြစ်သည်။
တုပိုင်က ဆက်ပြောသည်။ “တစ်ယောက်ယောက်က ဒီအကြောင်းကို သိပြီး ခင်ဗျားကို ဆေးတစ်မျိုး ညွှန်းပေးတယ်။ ခင်ဗျား သည်းမခံနိုင်အောင် နာကျင်လာတဲ့အခါ အဲ့ဆေးတစ်လုံး သောက်လိုက်တာနဲ့ အရမ်းထိရောက်ပြီး နာကျင်မှုတွေ ပျောက်သွားတယ်။ အအေးမိတာ၊ ရာသီလာလို့ ကိုက်ခဲတာတွေတောင် အဲ့ဆေးသောက်လိုက်တာနဲ့ ချက်ချင်း ကောင်းသွားတယ် မလား။”
“ဟုတ်တယ်။ မင်းဘယ်လိုလုပ် သိတာလဲ။” သွေးမယ်တော်ကွမ်ရင် ပို၍ အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သောကြောင့်ပင်။
အပိုင်း (၃၆) ပြီး။