← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

“အဲ့ဒါကြောင့် ကျောင်းအုပ်ကြီးက အရမ်းစိုးရိမ်ပြီး နန်နင်းစီရင်စုအထိ သွားကာ ကွမ်ရှီးပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားညှိနှိုင်းခဲ့တာပေါ့။”

“သူက တရားဝင်နည်းလမ်းနဲ့ အကယ်ဒမီသုံးခုရဲ့ ပြိုင်ပွဲကြီးကို ဖျက်သိမ်းပေးဖို့ မျှော်လင့်ခဲ့တာလေ။ ဒါပေမဲ့ ညှိနှိုင်းမှုက မအောင်မြင်ခဲ့ဘူး။ အဲ့ဒါကြောင့် ကျောင်းအုပ်ကြီးက ကွမ်ကျိုးစီရင်စုကိုသွားပြီး အကူအညီတောင်းရတော့တာပဲ။ ကွမ်တုံမိန်းမစိုးအကယ်ဒမီက အတော်ဆုံးကျောင်းသားတွေကို ဒီပြိုင်ပွဲဝင်ဖို့ ကွမ်ရှီးကို ပြောင်းလာပေးဖို့ တောင်းဆိုခဲ့ရတယ်။”

တုပိုင်က မေးလိုက်သည်။ “ကျွန်တော်တို့ မိန်းမစိုးဂိုဏ်းအကယ်ဒမီနဲ့ လီကျန်းအကယ်ဒမီ၊ နန်ဟိုင်သိုင်းသင်တန်းကျောင်းတို့ကြားက ကွာဟချက်က အဲ့လောက်တောင် ကြီးမားနေတာလား။ ဘာလို့ ကျွန်တော်တို့က အမြဲရှုံးနေရတာလဲ။”

လီဝေက ပြန်ဖြေသည်။ “တကယ်လို့သာ စစ်မှန်တဲ့ သိုင်းပညာပြိုင်ပွဲဆိုရင်တော့ ငါတို့ ရှုံးမှာမဟုတ်ဘူး။ ရှေးဟောင်းစာပေ၊ ခြေရှစ်ချောင်းစာစီစာကုံး၊ သင်္ချာ၊ အဂ္ဂိရတ်ပညာတွေမှာဆိုရင်လည်း ငါတို့ ရှုံးချင်မှရှုံးမှာ။ ဒါပေမဲ့ ပြဿနာက ဒီပြိုင်ပွဲကြီးရဲ့ ခေါင်းစဉ်တွေက ငါတို့ ဘွဲ့ယူဖို့အတွက် ဖြေရမယ့်အရာတွေ မဟုတ်နေတာပဲ။”

တုပိုင်က မေးလိုက်သည်။ “ဒါဆို အကယ်ဒမီသုံးခုပြိုင်ပွဲကြီးမှာ ဘာတွေကို ယှဉ်ပြိုင်ကြတာလဲ။”

“ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီဆွဲတာလေ။” လီဝေက ပြောသည်။

“တောက်...” တုပိုင်တစ်ယောက် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိလေသည်။ ဤသည်မှာ လုံးဝကို ယုတ်မာလွန်းရာ ရောက်ပေသည်။

‘ခင်ဗျားက မိန်းမစိုးတွေကို ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီတွေမှာ သွားယှဉ်ပြိုင်ခိုင်းတာလား။ ဘာလို့ ဘယ်သူ့ကျင်ငယ်ရည်က ပိုဝေးဝေးရောက်လဲဆိုတာ မပြိုင်ကြတာလဲ။ ဒါမှမဟုတ် အိပ်ယာပေါ်မာ ဘယ်သူပိုကြာကြာခံနိုင်လဲ ဆိုတာကို မပြိုင်ကြတာလဲ။’

လီကျန်းအကယ်ဒမီ သို့မဟုတ် နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ တပည့်များသည် ဂုဏ်သရေရှိ မိသားစုများမှ ဆင်းသက်လာကြသူများဖြစ်ပြီး ငယ်စဉ်ကတည်းက ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာရပ်များဖြင့် ပျိုးထောင်ခံခဲ့ရသူများ ဖြစ်ကြသည်။

မိန်းမစိုးအကယ်ဒမီမှ ကျောင်းသားများသည် ဆင်းရဲသော မိသားစုမှ လာကြ၏။ အဆင်ပြေကြမည်ဆိုလျှင် မည်သူက မိမိတို့၏ သားသမီးများကို မိန်းမစိုးဖြစ်ခံခိုင်းမည်နည်း။

ငယ်စဉ်ကတည်းက မည်သူသည် ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီပညာတို့ကို ကောင်းမွန်စွာ သင်ကြားဖူးကြပါသနည်း။

အကယ်ဒမီသို့ ရောက်ရှိပြီးနောက်တွင်လည်း သိုင်းပညာနှင့် စာပေလေ့လာလိုက်စားမှုများဖြင့်သာ အချိန်ကုန်နေကြရပြီး ဘွဲ့ယူစာမေးပွဲအတွက် ပြင်ဆင်နေရသဖြင့် အနုပညာရပ်များအတွက် အချိန်မရှိကြပေ။

ကမ္ဘာမြေပေါ်ရှိ နောက်ပိုင်းခေတ် ဆင်းရဲသော ကျေးလက်မူလတန်းကျောင်းမှ ကလေးများ ပီယာနိုတီးခြင်းနှင့် ပန်းချီဆွဲခြင်းကို သင်ယူနိုင်ပါမည်လော။

မိန်းမစိုးအကယ်ဒမီသည် ဘွဲ့ယူစာမေးပွဲအမှတ်များအပေါ်တွင်သာ မူတည်ပြီး အလုပ်တာဝန်ချပေးလေ့ရှိရာ ဤသည်မှာ စာမေးပွဲအတွက် သီးသန့်ရည်ရွယ်သော ပညာရေးစနစ်ဖြစ်သည်။

အနုပညာနှင့် လက်မှုပညာများသည် ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက်သာ ဖြစ်ပြီး မိန်းမစိုးဂိုဏ်းအတွက်တော့ ထိုအရာများက အလွန်ဇိမ်ခံလွန်းရာ ရောက်ပေသည်။ ထို့ကြောင့် ပြိုင်ပွဲကြီးတွင် သူတို့အမြဲရှုံးနိမ့်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။

တုပိုင်က မေးလိုက်သည်။ “ဆရာ။ ကျောင်းအုပ်ကြီး ဒီတစ်ခေါက် ဖိတ်ခေါ်လိုက်တဲ့ စစ်ကူက အရမ်းစွမ်းလား။”

လီဝေက ပြောသည်။ “အရမ်းစွမ်းတာပေါ့။ သူက တကယ့် ဂုဏ်သရေရှိမိသားစုက ဆင်းသက်လာသူဖြစ်ပြီး တောင်ဘက်ဒေသတစ်ခုလုံးမှာ ကျော်ကြားတဲ့ ဉာဏ်ကြီးရှင်ပဲ။ သူက အသက် ၁၇ နှစ်အရွယ်မှာတင် ပြည်နယ်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ကွမ်တုံပြည်နယ်စာမေးပွဲမှာ ပထမရခဲ့သူလေ။”

“ပြည်နယ်စာမေးပွဲမှာ ပထမရတဲ့သူလား။ တကယ် အံ့သြစရာပဲ။” တုပိုင်က ပြောလိုက်သည်။ “အဲ့လိုလူမျိုးက အနာဂတ်လမ်းခရီး ဖြောင့်ဖြူးနေမှာပဲကို ဘာလို့ မိန်းမစိုးဂိုဏ်းထဲ ဝင်လာတာလဲ။ သူကရော မွေးရာပါ မိန်းမစိုးလား။”

“မဟုတ်ဘူး။” လီဝေက တုပိုင်ကို တစ်ချက်ကြည့်ပြီး ပြောသည်။ “လက်ရှိ အင်ပါယာရဲ့ အခြေအနေကို သူက အရမ်းမကျေနပ်ဖြစ်နေခဲ့တာ။ စစ်ဘက်နဲ့ အရပ်ဘက် အရာရှိတွေက မင်းဆက်တစ်ခုလုံးကို အတွင်းကနေ ဝါးမြိုနေတဲ့ ခြကောင်ကြီးတွေလို ဖြစ်နေတယ်လို့ သူက ခံယူထားတယ်။ ဒါကြောင့် ဒေါသအလျောက် သူ့ဟာသူ ဖြတ်ပြီးတော့ တာ့နင်မင်းဆက်ကို ပြန်လည်ထူထောင်မယ်ဆိုတဲ့ သူ့ရဲ့ စံနမူနာကို အကောင်အထည်ဖော်ဖို့ မိန်းမစိုးဂိုဏ်းထဲ ဝင်လာတာပဲ။”

‘သောက်ကျိုးနည်း... ဒီကောင်က ရက်စက်လိုက်တာ။ တကယ့် လူကြမ်းပဲ။’

တုပိုင်က မေးလိုက်သည်။ “အဲ့လူ နာမည်က ဘယ်သူလဲ။ သူက မိန်းမစိုးဂိုဏ်းမှာ ရာထူးကြီးကြီး ရထားမှာပဲနော်။”

လီဝေက ပြောသည်။ “ထန်ယန်... သူက အင်ပါယာတစ်ခုလုံးမှာရှိတဲ့ မိန်းမစိုးအကယ်ဒမီတွေရဲ့ စံပြနဲ့ အမှတ်တံဆိပ်ပဲ။ လက်ရှိမှာ သူက နောက်ထပ် မိန်းမစိုးဂိုဏ်းခေါင်းဆောင်နေရာကို ဆက်ခံမယ့် ပထမဆုံးသူအဖြစ် အသိအမှတ်ပြုခံထားရတယ်။”

ထိုစကားကို ကြားသောအခါ တုပိုင်၏ မျက်နှာထားသည် ချက်ချင်း ပြောင်းလဲသွားပြီး ယခင်က လေးစားအားကျမှုများသည် ချက်ချင်းပင် ရန်လိုမှုအဖြစ် ပြောင်းလဲသွားလေတော့သည်။

‘တောက်... မိန်းမစိုးဂိုဏ်းရဲ့ နောက်ထပ်ခေါင်းဆောင်က ငါပဲ ဖြစ်ရမှာ။ မိန်းမစိုးဂိုဏ်း အကယ်ဒမီတစ်ခုလုံးမှာ ငါ့ထက် ပိုတော်တဲ့သူ၊ ငါ့ထက် ပိုချောတဲ့သူ တစ်ယောက်မှ မရှိစေရဘူး။ ရှိရင်လည်း အကုန်သတ်ပစ်ရမယ်။’

ဤသည်မှာ တုပိုင်၏ ရင်ထဲမှ အစစ်မှန်ဆုံး ဟစ်ကြွေးသံဖြစ်ပြီး သူသာ စွမ်းရည်ရှိပါက ထိုအတိုင်း သေချာပေါက် လုပ်ဆောင်မည်ဖြစ်သည်။

“ထန်ယန်ကို ဖိတ်ဖို့ ကျောင်းအုပ်ကြီးက တန်ကြေးကြီးကြီး ပေးလိုက်ရလား။” တုပိုင်က မေးလိုက်သည်။

လီဝေက ခေါင်းညိတ်ပြီး ပြောသည်။ “ဟုတ်တယ်။ တန်ကြေးကြီးကြီး ပေးရမှာပေါ့။ တကယ်လို့ ထန်ယန်က ငါတို့ကို ဒီပြိုင်ပွဲမှာ အနိုင်ရအောင် ကူညီပေးနိုင်ရင် ဘွဲ့ယူစာမေးပွဲအတွက် အမှတ် ၅၀ အပိုရမယ်။ ပြီးတော့ ငွေတုံး ၁၀၀၀ ဆုကြေးရမယ်။ ဒါက အပေါ်ယံပဲ ရှိသေးတယ်။ တကယ့်တန်ကြေးက ကွမ်တုံက မိန်းမစိုးဂိုဏ်းနဲ့ ညှိနှိုင်းရတာပဲ။”

“စာမေးပွဲအမှတ် ၅၀ အပိုရမယ် ဟုတ်လား။” ထိုစကားကြားသည်နှင့် တုပိုင်၏ မျက်လုံးများ အရောင်တောက်လာသည်။ ထိုသည်က သူအလိုအပ်ဆုံးအရာ မဟုတ်ပါလား။

တကယ်လို့ ဤဘွဲ့ယူစာမေးပွဲမှာ တုပိုင် ပထမမရရင် သူ ထုတ်ပယ်ခံရမည်ဖြစ်သည်။ အချိန်က ငါးလသာ ကျန်တော့သဖြင့် အမှတ်တစ်မှတ်စီတိုင်းသည် အလွန်အရေးကြီးသည်။ အမှတ် ၅၀ တိတိ တိုးလာမည်ဆိုသည်မှာ အလွန်ကြီးမားသော အားသာချက်တစ်ခု ဖြစ်သည်။

**--**--**--**--**--**--**--**

တုပိုင်က ပြောလိုက်သည်။ “ဆရာ။ ကျွန်တော် ဒီပြိုင်ပွဲမှာ အကယ်ဒမီ ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ချင်တယ်။”

လီဝေ အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။ “မင်းက ဂုဏ်သရေရှိမိသားစုက လာတာဆိုပေမဲ့ ငယ်ဘဝက သိပ်မကောင်းခဲ့တော့ ဂီတ၊ စစ်တုရင်၊ စာရေးအလှနဲ့ ပန်းချီတွေကို စနစ်တကျ သင်ကြားလေ့ကျင့်ခွင့် မရခဲ့ဘူးလေ။ အကယ်ဒမီက တခြားကျောင်းသားတွေနဲ့ ယှဉ်ရင် မင်းမှာ အားသာချက် မရှိဘူး။”

တုပိုင်သည် အမှန်တကယ် သင်ယူခဲ့ဖူးပြီး ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီ အပါအဝင် အနုပညာရပ်အားလုံးကို ကျွမ်းကျင်သော်လည်း မည်သည့်အရာကိုမျှ နက်နက်နဲနဲ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပေ။ သူသည် စိတ်အပြောင်းအလဲမြန်သူဖြစ်ပြီး အမျိုးသမီးများအပေါ် ထားရှိသည့် သဘောထားကဲ့သို့ပင် အနုပညာရပ်တစ်ခုအပေါ်တွင် ကြာရှည်စွာ အာရုံမစိုက်နိုင်ပေ။

လီဝေက ပြောသည်။ “မင်းက ဉာဏ်ကြီးရှင်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အနုပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ အဆင့်မြင့်မြင့်တတ်မြောက်ဖို့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် လေ့ကျင့်ပျိုးထောင်ဖို့ လိုအပ်တယ်။”

“လီကျန်းအကယ်ဒမီနဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းက သခင်လေးတွေက ဒီအနုပညာရပ်တွေထဲမှာ နှစ်ပေါင်း ၂၀ နီးပါး နှစ်မြှုပ်ထားကြတာဆိုတော့ သူတို့ရဲ့အဆင့်က အရမ်းမြင့်တယ်။ ကျောင်းအုပ်ကြီးက မင်းကို တန်ဖိုးထားတယ်ဆိုတာ မင်းသိပါတယ်။”

“ဒါပေမဲ့ ဒီပြိုင်ပွဲကြီးက အရမ်းအရေးကြီးလွန်းတယ်။ ကျောင်းမြေဧက ၁၅၀၀ အတွက်တင် မဟုတ်ဘဲ ကျောင်းအုပ်ကြီးရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေတယ်။”

“တကယ်လို့ ကျောင်းအုပ်ကြီး လက်ထဲမှာ ကျန်နေသေးတဲ့ ကျောင်းမြေဧက ၄၀၀၀ ကိုပါ ရှုံးလိုက်မယ်ဆိုရင် သူ့ရဲ့ မှတ်တမ်းမှာ အမည်းစက်ကြီးတစ်ခု ဖြစ်လာပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ရာထူးအတွက် ယှဉ်ပြိုင်တဲ့နေရာမှာ သေရေးရှင်ရေးတမျှ ထိခိုက်စေလိမ့်မယ်။ ငါတို့ မိန်းမစိုးဂိုဏ်းတွင်း တိုက်ပွဲကလည်း အရမ်းပြင်းထန်တယ်။”

ထိုစကားကို ကြားသောအခါ တုပိုင် ချက်ချင်း တိတ်ဆိတ်သွားသည်။

လယ်မြေဧက ၁၅၀၀ သာဆိုလျှင် ကိစ္စမရှိသော်လည်း လီဝမ်ဟွေ့၏ အနာဂတ်နှင့် သက်ဆိုင်နေပြီဆိုလျှင်တော့ လုံးဝ အမှားအယွင်းခံ၍ မဖြစ်ပေ။

ယခုအချိန်တွင် တုပိုင်သည် လီဝမ်ဟွေ့နှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်နေပြီဖြစ်သည်။ လီဝမ်ဟွေ့ အာဏာရလာမှသာ တုပိုင်လည်း အာဏာရလာမည် ဖြစ်သည်။

သို့မဟုတ်ပါက မိန်းမစိုးဂိုဏ်းအတွင်း အုပ်စုကွဲများက အလွန်ရှင်းလင်းပြတ်သားသဖြင့် တုပိုင်အနေဖြင့် အခွင့်အရေးရရန် ခဲယဉ်းပေလိမ့်မည်။

တုပိုင်၏ ဂီတ၊ စစ်တုရင်၊ စာရေးအလှနှင့် ပန်းချီ စွမ်းရည်များသည် လိုင်းပေါ်တွင် ကြွားဝါရန် လုံလောက်သော်လည်း လီကျန်းအကယ်ဒမီမှ ကျောင်းသားများနှင့် ယှဉ်ပြိုင်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အလမ်း သိပ်မရှိလှပေ။

ကိုယ့်ဟာကိုယ် ဖြတ်ထားသော ထိုထိပ်သီးပညာရှင်သည် အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်နေပြီး သူသာ ဝင်ပြိုင်ပါက အနိုင်ရရန် အနည်းဆုံး ၅၀-၆၀ ရာခိုင်နှုန်း ရှိပေလိမ့်မည်။ သူ့မွေးစားအဖေ လီဝမ်ဟွေ့၏ အနာဂတ်အတွက် လောလောဆယ် သည်းခံလိုက်ပြီး ထိုကောင်ကို ခဏလောက် မောက်မာခွင့်ပေးထားလိုက်မည်။

ထို့နောက် လီဝေက ထန်ယန် မည်မျှ ထူးချွန်ကြောင်းနှင့် လူကြိုက်များကြောင်း ဆက်ပြောနေလေသည်။

အတိုချုပ်ပြောရလျှင် ထန်ယန် ပေါ်ပေါက်လာပြီးနောက် လူတိုင်း၏ မိန်းမစိုးဂိုဏ်းအပေါ် အထင်သေးမှုသည် ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်ဟူသော အချက်ပင်ဖြစ်သည်။

တုပိုင် နားလည်လိုက်သည်။ ထန်ယန်သည် မိန်းမစိုးဂိုဏ်း၏ အလံတိုင်၊ ရွှေတံဆိပ်တစ်ခု အမှန်ပင်ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးက သူ့ကို မြှင့်တင်ရန် အရင်းအမြစ်အားလုံးကို အသုံးပြုနေကြသည်။ သူတို့လူဖြစ်သော လီဝေပင်လျှင် ထန်ယန်ကို အထင်ကြီးလေးစားပြီး အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ထားလေသည်။

တုပိုင်က ပြုံးပြပြီး သဘောတူလိုက်ကာ သဘောထားသေးသိမ်သည်ဟု အထင်မခံရစေရန် ထန်ယန်ကိုပင် ချီးကျူးလိုက်သေးသည်။ သို့သော် ရင်ထဲတွင်တော့ ဤဉာဏ်ကြီးရှင်ကောင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေပြီဖြစ်သည်။

‘မင်းက ပြည်နယ်စာမေးပွဲမှာ ပထမရထားတဲ့ကောင်ပဲ။ ဘာကိစ္စ အရပ်ဘက်အရာရှိအလုပ်ကို စွန့်လွှတ်ပြီး ငါ့အလုပ်ကို လုဖို့ မိန်းမစိုးဂိုဏ်းထဲ ဝင်လာတာလဲ။ မင်းက သူလျှိုလုပ်နေတာလား။’

တုပိုင်သည် ပူးပေါင်းကြံစည်မှု သီအိုရီများဖြင့် ပြည့်နှက်နေပြီး ထန်ယန်ကို သစ္စာဖောက်တစ်ဦးအဖြစ် စိတ်ထဲတွင် တံဆိပ်ကပ်လိုက်လေသည်။

သက်သေအထောက်အထားနှင့် ပတ်သက်၍မူ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်သာဖြစ်သည်ဟု သူယူဆလိုက်သည်။ အားလုံးက ဇာတ်တိုက်ထားခြင်းသာ။

အချိန်အခါကောင်း ရောက်လျှင် လီဝမ်ဟွေ့အား ထန်ယန်အကြောင်း မကောင်းပြောပြီး သူလျှိုဖြစ်သည်ဟူသော စွဲချက်ဖြင့် သိမ်မွေ့စွာ ချောက်ချရန် ဆုံးဖြတ်လိုက်သည်။

လုံးဝမယုံတာထက်စာရင် ယုံတာက ပိုကောင်းသည်။ မိန်းမစိုးဂိုဏ်းခေါင်းဆောင်နေရာအတွက် တုပိုင်သာလျှင် တရားဝင် ဆက်ခံသူဖြစ်ပြီး ထန်ယန်သည် အရပ်ဘက်အရာရှိအုပ်စုမှ ကူးပြောင်းလာသူဖြစ်သဖြင့် သူတို့နှင့် စိတ်သဘောထားချင်း တူမည်မဟုတ်ဟု သူ ဆင်ခြေပေးပေလိမ့်မည်။

သူတို့သည် လမ်းတစ်လျှောက် စကားပြောလာကြပြီး တုပိုင်သည် မိန်းမစိုးစစ်သည် ဒါဇင်ပေါင်းများစွာ၏ အကာအကွယ်ဖြင့် အကယ်ဒမီသို့ ပြန်ရောက်လာခဲ့သည်။

“အရင်ပြန်အိပ်လိုက်ဦး။ ကျောင်းအုပ်ကြီး ပြန်လာမှ ဆက်ပြောကြတာပေါ့။” လီဝေက ပြောသည်။

“ဟုတ်ကဲ့ ဆရာ။” တုပိုင် ပြန်ဖြေလိုက်သည်။

**--**--**--**--**--**--**--**

တုပိုင်တစ်ယောက် တစ်ညလုံး အိပ်မက်မမက်ဘဲ ကိုးနာရီတိတိ အိပ်ပျော်သွားသည်မှာ အလွန်ရှားပါးသော ကိစ္စဖြစ်သည်။

နောက်တစ်နေ့ နိုးထလာချိန်တွင် တုပိုင် ပထမဆုံး လုပ်သည့်အလုပ်မှာ ဇော့မင်ထံ သွားရောက်ပြီး အတိုးရော အရင်းပါ ငွေပြန်ဆပ်ခြင်း ဖြစ်သည်။

“သောက်ကျိုးနည်း ကံဆိုးတာပဲ။” အဘိုးကြီးက သက်ပြင်းချလိုက်သည်။ သူသည် တုပိုင် ငွေမဆပ်နိုင်ဘဲ သူ့ထံတွင် တစ်သက်လုံး အစေခံဖြစ်လာရန် ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူငွေသွားသိမ်းနေစဉ်တွင် တုပိုင်က သူ့မယားငယ်၏ ခါးအောက်ပိုင်းမှ အသားကို တစ်ဆုပ်စာ ဆွဲညှစ်လိုက်သည်။ ရလဒ်အနေဖြင့် ထိုအမျိုးသမီးက သူ့ခြေထောက်ကို အားပါးတရ တက်နင်းပြီး မျက်စောင်းထိုးကာ ကြည့်လိုက်လေသည်။

ဤအမျိုးသမီးကို လှောင်ပြောင်၍ မရပေ။ ဆက်ပြီး စနောက်နေပါက သူမသည် တုပိုင်အပေါ် တကယ်ကြီး အတင်းအဓမ္မ ပြုမူလာနိုင်ပြီး ထိုအခါ တုပိုင်အနေဖြင့် သူမကို ခါထုတ်နိုင်မည်မဟုတ်သဖြင့် ပြဿနာတက်ပေလိမ့်မည်။

ထို့ကြောင့် တုပိုင်သည် မတတ်သာဘဲ သူမကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်ဆွဲဆိတ်လိုက်ပြီး နှုတ်ခမ်းကို အားပါးတရ နမ်းလိုက်ရာ သူမ၏ မျက်နှာတစ်ခုလုံး ရဲသွားပြီး အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်သွားလေသည်။

လှပသော အမျိုးသမီးငယ်က မျက်လုံးလှန်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “လူဆိုးကောင်လေး။ ဒီည လာခဲ့လေ။ မောင်လေးစားဖို့ အရသာရှိတာ ချက်ကျွေးမယ်။”

ထို့နောက် မထင်မှတ်ဘဲ သူမက တုပိုင်၏ ပါးကို နမ်းလိုက်ပြီး အလျင်အမြန် ပြေးထွက်သွားတော့သည်။

အပိုင်း (၃၉) ပြီး။

All Chapters