အခန်း (၄၀)
Vol. 4 Ch. 40
“နှမြောစရာပဲကွာ။ ကိုယ့်အသိုက်နားက မြက်မို့လို့သာ စားလို့မကောင်းတာ။ မဟုတ်ရင် စိတ်ပူစရာမလိုဘဲ ဗိုက်ကားအောင် စားပစ်လိုက်ပြီ။”
တုပိုင်သည် လှည့်မကြည့်ဘဲ ထွက်ခွာလာခဲ့သည်။ အဂ္ဂိရတ်ပညာရှင် ဇော့မင်၏ အိမ်သို့ နောက်တစ်ကြိမ် လုံးဝ လာတော့မည်မဟုတ်ပေ။ မဟုတ်လျှင် မကောင်းတာ တစ်ခုခု ဖြစ်သွားနိုင်သည်။
ကျောင်းအုပ်ကြီး လီဝမ်ဟွေ့ ပြန်မရောက်သေးသလို ပိုင်ချွမ်း ပျောက်ဆုံးမှုသည်လည်း အကယ်ဒမီတွင် ဂယက်အနည်းငယ်မျှပင် မထခဲ့ပေ။ တုပိုင်သည် ဘိန်းဖြတ်ဆေးကို စတင်ဖော်စပ်နေပြီ ဖြစ်သည်။ သွေးမယ်တော်ကွမ်ရင်သည် မနက်ဖြန်တွင် ဘိန်းဆိပ်ပြန်တတ်လာနိုင်ချေ ရှိသည်။
တုပိုင်က ဘိန်းဖြတ်ဆေးအကြောင်း ဘယ်လိုလုပ် သိနေတာလဲဟု တချို့က တွေးမိကောင်း တွေးမိကြလိမ့်မည်။
အကြောင်းရင်းက ရိုးရှင်းသည်။ ခေတ်သစ်ကမ္ဘာတွင် လူသားများ၏ ပုဂ္ဂလိကဘဝများသည် အတော်လေး ရှုပ်ထွေးကြသည်။ သူတို့သည် လူအမျိုးမျိုးနှင့် ဆက်ဆံဖူးကြပြီး အထူးသဖြင့် ဖျော်ဖြေရေးနယ်ပယ်တွင် ရှုပ်ထွေးပွေလီမှုများ များပြားလှသည်။
သူ၏ ရင်းနှီးသော အမျိုးသမီးမိတ်ဆွေတစ်ဦးသည် ဤအရာကို စွဲလမ်းဖူးပြီး မူးယစ်ဆေးဖြတ်စခန်းသို့ မသွားချင်သဖြင့် တုပိုင်ကို ဆေးဝယ်ပေးရန် အကူအညီတောင်းခဲ့ဖူးသည်။ အချိန်ကြာလာသည်နှင့်အမျှ တုပိုင်သည် အနောက်တိုင်းဆေးဖြစ်စေ၊ တိုင်းရင်းဆေးဖြစ်စေ ထိုဆေးဖြတ်ဆေးများအကြောင်း နားလည်လာခဲ့ခြင်း ဖြစ်သည်။
ခေတ်သစ်ကာလတွင် ဘိန်းဖြတ်ရန် ဆေးနည်းများသည် လျှို့ဝှက်ချက်မဟုတ်ဘဲ နေရာတိုင်းတွင် ရရှိနိုင်သည်။ အချို့မှာ အားဆေးများဖြစ်ပြီး အချို့မှာ အဆိပ်ကို အဆိပ်ဖြင့် ဖြေသောနည်းလမ်းများ ဖြစ်ကြသည်။
ဥပမာအားဖြင့် လင်းဝမ်ကျုံး၏ ဘိန်းဖြတ်ဆေးလုံး၊ ဘိန်းဖြတ်ဆေး ၁၇ မျိုးနှင့် ပန်ဂျူ၏ ဘိန်းဖြတ်ဆေးလုံး အစရှိသည်တို့ ဖြစ်သည်။
သို့သော် တုပိုင်သည် ဆေးနည်းများကို အပေါ်ယံသာ မှတ်မိပြီး အပြည့်အဝ နားမလည်ခဲ့ပေ။ ယခုမူ သူ့တွင် ရွေးချယ်စရာမရှိသဖြင့် အတင်းအဓမ္မ လုပ်ဆောင်ရတော့သည်။
တုပိုင်သည် ထိပ်တန်းအရည်အသွေးရှိသော ကိုးရီးယားဂျင်ဆင်းအချို့ အပါအဝင် ဆေးဝါးအားလုံးကို ငွေ ၁၀ ပြားပင် မကုန်ဘဲ ဝယ်ယူရရှိခဲ့သည်။ ဤကမ္ဘာမှ ငွေကြေး၏ ဝယ်ယူနိုင်စွမ်းအားသည် အမှန်တကယ် အံ့မခန်းပင်။
ကမ္ဘာခြားစွမ်းအင် ကျရောက်လာမှုကြောင့် ကမ္ဘာမြေပေါ်ရှိ မျိုးစိတ်အများအပြား ဗီဇပြောင်းလဲသွားပြီး မျိုးစိတ်သစ်များစွာ ပေါ်ထွက်လာသော်လည်း မူလမျိုးစိတ် အများစုမှာ ကျန်ရှိနေဆဲဖြစ်သည်။ တိုင်းရင်းဆေးပညာအနေဖြင့် ကြည့်လျှင် ထိန်းသိမ်းထားနိုင်ရုံသာမက ဆေးစွမ်းများပါ ပိုမိုထက်မြက်လာပုံရသည်။
အခြေခံ အဂ္ဂိရတ်သဘောတရားများ စာအုပ်ကို ဖတ်ရှုဖူးသော တုပိုင်သည် ဆေးနည်းကို အနည်းငယ် ပြုပြင်မွမ်းမံလိုက်သည်။
ဆေးစွမ်းမပြမည်ကို စိုးရိမ်သဖြင့် ဆေးအာနိသင်ကို မြှင့်တင်လိုက်ပြီး ဖားပြုတ်များမှ ထုတ်လွှတ်သော အာရုံကြောဆိုင်ရာ အရာဝတ္ထုအချို့ကို ထည့်ပေါင်းလိုက်သည်။
သောက်သုံးလိုက်ပါက အာရုံကြောများကို ထိရောက်စွာ ပိတ်ဆို့ပေးနိုင်ပြီး ဆေးဖြတ်ချိန်တွင် ခံစားရသော နာကျင်မှုကို များစွာ လျှော့ချပေးနိုင်သည်။
ထိုသည်မှာ အဆိပ်ကို အဆိပ်ဖြင့် ဖြေသောနည်းလမ်းဖြစ်သော်လည်း ခန္ဓာကိုယ်ကို ပြန်လည်မကုစားနိုင်သော ပျက်စီးမှု သို့မဟုတ် အန္တရာယ် မဖြစ်စေပေ။
‘မနက်ဖြန် ဆေးစွမ်းပြပါစေဗျာ။’ တုပိုင်သည် တစ်ညတာ အတူနေခွင့်ရမည့် အလှပဂေးလေးကို မျှော်လင့်တောင့်တနေမိသည်။
‘ဒီအလှပဂေးက ဘယ်သူဖြစ်မလဲ။ သွေးမယ်တော်ကွမ်ရင်လား။’
**--**--**--**--**--**--**--**
တုပိုင်သည် ဤဆေးနည်းကို သိပ္ပံနည်းကျ သဘောထားဖြင့် ဖော်စပ်ခဲ့ခြင်းဖြစ်သည်။ သူသည် လုံးဝယုံကြည်မှုမရှိသော်လည်း အနီးစပ်ဆုံး ဖြစ်နိုင်သည်ဟု ခံစားမိလေသည်။
အဘယ်ကြောင့်ဆိုသော် ဤအရာသည် နည်းပညာမြင့်အရာတစ်ခု မဟုတ်သောကြောင့်ပင်။ အကြမ်းဖျင်းသဘောတရား မှန်ကန်လျှင် ရပြီဖြစ်သည်။
အဓိကအချက်မှာ ရွှဲ့ကွမ်ရင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအင်အားသာဖြစ်သည်။ ထို့နောက် သူတို့သည် ဆေးကို စတင်ကျိုချက်ကြပြီး နာရီပေါင်းများစွာကြာပြီးနောက် ကြွေပုလင်းတစ်လုံးထဲတွင် ထည့်လိုက်ကြသည်။
ဆေးပူနေချိန်တွင် အာနိသင်အကောင်းဆုံးဖြစ်သည်ဆိုသောအချက်က အရေးကြီးကောင်း ကြီးနိုင်သော်လည်း တုပိုင်ကတော့ ထိုအချက်ကို သိပ်ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် သူက ပရော်ဖက်ရှင်နယ်မှ မဟုတ်ဘဲ။
ဘိန်းဖြတ်ဆေးကို ပြင်ဆင်ပြီးနောက် တုပိုင်သည် အခြေခံ အဂ္ဂိရတ်သဘောတရားများဒုတိယပိုင်းကို သန်းခေါင်ယံအချိန်အထိ လေ့လာကျက်မှတ်ခဲ့သည်။ ထို့နောက် အိပ်မက်ထဲတွင် ဆက်လက်လေ့လာရန် ရည်ရွယ်ချက်ဖြင့် အိပ်ရာဝင်ခဲ့လေသည်။
ထင်ထားသည့်အတိုင်းပင် အိပ်မက် ပြန်ပေါ်လာခဲ့သည်။ သို့သော် စာလေ့လာသည့် အိပ်မက်မဟုတ်ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးကြီး ဖြစ်နေခဲ့သည်။
အိပ်မက်ထဲတွင် သွေးမယ်တော်ကွမ်ရင် ဘိန်းစာတက်ခါနီးအချိန်၌ တုပိုင်သည် သူဖော်စပ်ထားသော ဆေးကို အမြန်တိုက်လိုက်သည်။
သက်သာသွားမည့်အစား သွေးမယ်တော်ကွမ်ရင်သည် ပို၍ ရူးသွပ်သွားပြီး စိတ်လွတ်သွားကာ တုပိုင်ကို လက်ဝါးဖြင့် ရိုက်သတ်လိုက်လေတော့သည်။
‘ဒီအိပ်မက်က ကြောက်စရာကောင်းလိုက်တာ။ ဘာဖြစ်သွားတာလဲ။ ငါက ကမ္ဘာမြေက ခေတ်သစ်ဘိန်းဖြတ်ဆေးနည်းတွေကို ကူးယူထားတာလေ။ ၁၀၀ ရာခိုင်နှုန်း တိကျမှုမရှိရင်တောင်မှ ဒီလောက်ထိ ဆိုးရွားတဲ့ အကျိုးဆက် ဖြစ်လာမယ်လို့ ငါမထင်ထားခဲ့ဘူး။’
အိပ်မက်ထဲတွင် အသတ်ခံရပြီးနောက် တုပိုင်သည် လျင်မြန်စွာ ပြန်လည်ရှင်သန်လာပြီး အိပ်မက်တစ်ခုလုံးကို ပြန်စလိုက်ကာ ဆေးနည်းစတင်စဉ်းစားသည့် အချိန်သို့ ပြန်ရောက်သွားသည်။
ယခုမူ သူ ပေါ့ဆ၍ မရတော့ပေ။ တုပိုင်သည် ယခင်ဆေးနည်း ဘာကြောင့်မှားယွင်းခဲ့သနည်းဆိုသည်ကို ရှာဖွေရန် အခြေခံ အဂ္ဂိရတ်သဘောတရားများပထမတွဲနှင့် ဒုတိယတွဲကို အိပ်မက်ထဲတွင် လှန်လှောကြည့်ရှုလိုက်သည်။
ဤနည်းဖြင့် နေ့ဘက်က လေ့လာထားသော ဒုတိယပိုင်းစာအုပ်သည် မျက်စိရှေ့တွင် တစ်မျက်နှာချင်းစီ ပေါ်လာပြီး အသေးစိတ်အချက်အလက်များပါ ရှင်းလင်းနေလေသည်။
အချိန်မည်မျှကြာသွားသည်မသိ။ တုပိုင်သည် ယခင်ဆေးနည်းမှ အမှားကို ရှာတွေ့သွားပြီး ချက်ချင်း ပြုပြင်လိုက်သည်။ ထို့နောက် အိပ်မက်ထဲတွင် ဆေးကျိုချက်ပြီး သွေးမယ်တော်ကွမ်ရင်ထံ ယူသွားခဲ့သည်။
ဆေးဖြတ်ရောဂါလက္ခဏာများ မပြမီတွင် ရွှဲ့ကွမ်ရင်သည် တုပိုင် ဒုတိယအကြိမ် ကျိုချက်ထားသော ဆေးကို သောက်လိုက်သည်။
ဒီတစ်ခါတွင် သူမ ရူးသွပ်မသွားပေ။ သို့သော် ရလဒ်က ပို၍ဆိုးရွားလေသည်။ သူမ၏ မျက်နှာပေါက် ခုနစ်ပေါက်လုံးမှ သွေးများ ယိုစီးကျလာသည်။ ဤမြင်ကွင်းသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ သူမ မသေဆုံးမီတွင် တုပိုင်ကို လက်ဝါးဖြင့် ထပ်မံရိုက်သတ်လိုက်ပြန်သည်။
အိပ်မက်ထဲတွင် တုပိုင်၏ ဒုတိယအကြိမ် ကုသမှုလည်း ကျရှုံးသွားခဲ့သည်။
‘တောက်... ဒီလောက်တောင် ခက်ခဲရလားကွာ။ ဒီလောက်တောင် ရက်စက်ရလား။’
ထို့နောက် အိပ်မက်က ထပ်မံ ပြန်စသွားပြန်သည်။ ဆေးနည်းစတင်စဉ်းစားသည့် အချိန်သို့ ပြန်ရောက်သွားသည်။
တုပိုင်သည် အခြေခံ အဂ္ဂိရတ်သဘောတရားများ ပထမတွဲနှင့် ဒုတိယတွဲကို ထပ်မံလေ့လာပြီး သူ၏ ဒုတိယဆေးနည်းတွင် ဘာမှားယွင်းခဲ့သဖြင့် သွေးမယ်တော်ကွမ်ရင် သွေးအန်ပြီး သေဆုံးရသနည်းဆိုသည်ကို ရှာဖွေလိုက်သည်။
အိပ်မက်ထဲမှအချိန်သည် လက်တွေ့ကမ္ဘာထက် ဆယ်ဆ ပိုကြာရှည်သည်။ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
အချိန်အတော်ကြာပြီးနောက် တုပိုင်သည် ဒုတိယဆေးနည်းမှ အမှားကို ရှာတွေ့သွားပြီး တတိယဆေးနည်းကို ပြင်ဆင်လိုက်သည်။
ဤဆေးနည်းသည် သူ၏ အဂ္ဂိရတ်ပညာနားလည်မှုကို အမှန်တကယ် ထင်ဟပ်စေပြီး ကမ္ဘာမြေပေါ်ရှိ ဆေးနည်းများနှင့် များစွာ ကွာခြားသွားပြီဖြစ်သည်။ ထို့နောက် အိပ်မက်ထဲတွင် တုပိုင်သည် ဤဆေးနည်းအတိုင်း ဆေးကို ပြင်ဆင်ကျိုချက်လိုက်သည်။
ကျိုချက်ပြီးနောက် သွေးမယ်တော်ကွမ်ရင်ကို ထပ်မံတိုက်ကျွေးလိုက်သည်။
တတိယဆေးနည်းသည် အလွန်ထိရောက်မှု ရှိသည်။ သွေးမယ်တော်ကွမ်ရင်၏ ဝေဒနာခံစားရမှုများသည် နာကျင်မှုမရှိတော့ဘဲ ဝေဝါးပြီး ဆွဲဆောင်မှုရှိသော အခြေအနေသို့ ပြောင်းလဲသွားသည်။
ထိုသည်က တိတ်ဆိတ်သော ဖိတ်ခေါ်မှုတစ်ခုကဲ့သို့ ဖြစ်နေပြီး သူမက တုပိုင်၏ လည်ပင်းကို ဖက်တွယ်လိုက်သောအခါတွင်မူ လက်တွေ့ဆန်သော ဖိတ်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။
တုပိုင် အမှန်တကယ် လန့်သွားသည်။ သူ့ဆေးနည်းထဲတွင် လှုံ့ဆော်ဆေးများ မပါဝင်ပေ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။
သို့သော် သွေးမယ်တော်ကွမ်ရင်က ဦးဆောင်နေမှတော့ တုပိုင်ကလည်း အားနာနေမည် မဟုတ်ပေ။ သူတို့နှစ်ဦး ကြမ်းပြင်ပေါ်တွင် လှိမ့်နေကြပြီး ရင်းနှီးသော ထိတွေ့မှုများ ဖြစ်ပေါ်လာခဲ့သည်။
နာရီဝက်ခန့်အကြာတွင် ရွှဲ့ကွမ်ရင် သတိပြန်ဝင်လာပြီး တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ ကုသမှုက အရမ်းအောင်မြင်ပါတယ်။ ဒါပေမဲ့ မင်းက ဘာလို့ အခွင့်ကောင်းယူပြီး ငါ့ကို စော်ကားရတာလဲ။”
တုပိုင်က ပြောလိုက်သည်။ “ခင်ဗျား တောင်းဆိုလို့လေ။”
“ဟုတ်လား။ ဒါဆို ငါမင်းကို အခုပဲ သတ်ပစ်မယ်။” သွေးမယ်တော်ကွမ်ရင်က အေးစက်စွာ ပြောပြီးနောက် လက်ဝါးဖြင့် ရိုက်လိုက်လေသည်။
“အားးး။” တုပိုင် အော်ဟစ်လိုက်ပြီး ရုတ်တရက် လန့်နိုးကာ အိပ်မက် ပြီးဆုံးသွားလေတော့သည်။
**--**--**--**--**--**--**--**
နိုးလာသောအခါ တုပိုင်သည် စိတ်ပျက်စရာကောင်းသလို အံ့သြစရာလည်းကောင်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။
မနေ့ညက အိပ်မက်ထဲတွင် ဒုတိယပိုင်းကို သီးသန့်မလေ့လာခဲ့ရသော်လည်း ဆေးနည်းအမှားရှာရန် စာအုပ်ကို အကြိမ်ကြိမ် ဖတ်ရှုခဲ့ရသည်။
ရလဒ်အနေဖြင့် စာမျက်နှာ ၈၀၀ ရှိသော အခြေခံ အဂ္ဂိရတ်သဘောတရားများ ဒုတိယတွဲတစ်ခုလုံးကို အလွတ်ရသွားပြီး ကျွမ်းကျင်ပိုင်နိုင်သွားလေသည်။
ဆေးပင် သို့မဟုတ် အဆိပ်တစ်ခု၏ နာမည်ကို ကြားလိုက်သည်နှင့် ဆေး၏ပုံသဏ္ဍာန်နှင့် အချက်အလက်များအားလုံးသည် ခေါင်းထဲတွင် ချက်ချင်း ပေါ်လာနိုင်သည်အထိ ဖြစ်သည်။
‘တကယ်ကို အံ့သြစရာကောင်းလိုက်တာ။’
ကျန်ရှိသည်မှာ ထိတ်လန့်မှု သက်သက်သာဖြစ်သည်။
‘ယခင်ဆေးနည်းနှစ်ခုက ဒီလောက်ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး။ ပုံမှန်ဆိုရင် ဒီဆေးနည်းတွေက ဆင်တူယိုးမှားတွေပဲလေ။ အာနိသင်မရှိရင်တောင် ဒီလောက်ကြီး ဆိုးကျိုးမဖြစ်သင့်ဘူး။’
‘တော်သေးတာပေါ့။ အိပ်မက်ထဲမှာ လေ့ကျင့်ခဲ့လို့။ မဟုတ်ရင် ငါဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။’
ယခု ပြဿနာကြီးတစ်ခု ရှိနေသည်။ တုပိုင်၏ တတိယဆေးနည်းသည် အလွန်ထိရောက်သော်လည်း လှုံ့ဆော်မှုအာနိသင် ပါဝင်နေသဖြင့် ရွှဲ့ကွမ်ရင်က သူ့ကို ရင်းနှီးစွာ ဆက်ဆံလာစေသည်။ သို့သော် အသိစိတ်ပြန်ဝင်လာပါက သူမသည် တုပိုင်ကို သတ်ပေလိမ့်မည်။
ခြောက်နာရီအကြာတွင် သူမ ရောဂါပြန်ထတော့မည်။ တုပိုင်သည် ဆေးနည်းအတိုင်း ဆေးဖော်စပ်ရန် လိုအပ်သဖြင့် အိပ်မက်ထဲဝင်ပြီး ဆေးနည်းပြုပြင်ရန် အချိန်မရှိတော့ပေ။ အခု ပြန်အိပ်လျှင်လည်း အိပ်မက်မက်ချင်မှ မက်တော့မည်။
ထို့ကြောင့် တုပိုင်သည် အိပ်မက်ထဲမှ တတိယဆေးနည်းအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သူ အမြန်ထပြီး မျက်နှာသစ်ကာ အိပ်မက်ထဲမှ တတိယဆေးနည်းအတိုင်း ဆေးကို ပြင်ဆင်ပြီး စတင်ကျိုချက်လိုက်သည်။
သုံးနာရီခန့်အကြာ မနက် ၁၀ နာရီဝန်းကျင်တွင် ဆေးကျိုချက်ခြင်း ပြီးစီးသွားသည်။ နေ့လယ် ၁ နာရီခန့်တွင် သွေးမယ်တော်ကွမ်ရင် ရောဂါထလိမ့်မည်ဖြစ်ရာ တုပိုင် စောစောသွားရောက်ရန် လိုအပ်သည်။
တုပိုင်သည် လီဝေကို ရှာဖွေပြီး ပြောလိုက်သည်။ “ဆရာလီ... ကျွန်တော် အပြင်မှာ လုပ်စရာကိစ္စတစ်ခု ရှိတယ်။ အရမ်း အရမ်းအရေးကြီးတယ်။”
လီဝေက ပြောသည်။ “ပိုင်ချွမ်းသေသွားပြီဆိုပေမဲ့ ငါတို့က ချွေ့မိသားစုက အစေခံတစ်ဒါဇင်လောက်ကို ဖမ်းထားတာဆိုတော့ ဒီအချိန်မှာ မင်းအပြင်ထွက်တာက နည်းနည်း အန္တရာယ်များနေတုန်းပဲ။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် တကယ် သွားမှဖြစ်မယ်။”
လီဝေ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီလေ။ အရှေ့ဘက်ကွပ်ကဲရေးရုံးက စစ်သည်နှစ်ယောက်ကို ခေါ်သွားလိုက်။”
“ဟုတ်ကဲ့။” တုပိုင် ပြန်ဖြေလိုက်သည်။
**--**--**--**--**--**--**--**
သုံးနာရီခန့်အကြာတွင် တုပိုင်သည် သွေးနဂါးဂိုဏ်း၏ လူပြတ်သော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာသည်။
ဤနေရာကို စံအိမ်တစ်ခုဟု ယူဆနိုင်သည်။ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ငါးမီတာကျော်မြင့်သော တံတိုင်းများ ကာရံထားကာ အစောင့်အကြပ်များ ထူထပ်လှသည်။ အမှောင်ရိပ်ထဲတွင် မျက်လုံးပေါင်းများစွာနှင့် ဒူးလေးပေါင်းများစွာ စောင့်ဆိုင်းနေသကဲ့သို့ ခံစားရသည်။
“ခေါင်းဆောင်က ရှင်တစ်ယောက်တည်း ဝင်လာခဲ့ဖို့ မှာလိုက်တယ်။” တံခါးဝတွင် စောင့်နေသော သွေးမယ်တော်ကွမ်ရင်၏ အမျိုးသမီးစစ်သည်က ပြောလိုက်သည်။
အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်က မောက်မာစွာ ပြောလိုက်သည်။ “ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံး မဝင်နိုင်တဲ့နေရာ ကွေ့လင်စီရင်စုမှာ မရှိဘူး။”
ရွှဲ့ကွမ်ရင်၏ လက်အောက်ငယ်သားက ပြောသည်။ “တကယ်တော့ သခင်လေးတုပိုင်ကလွဲပြီး ဘယ်သူမှ ဒီနေရာကို ခြေချခွင့်မရှိဘူး။ ဒီစည်းကမ်းကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို ချွင်းချက်မရှိ သတ်ပစ်ရမယ်။ ကျွန်မတို့ အပါအဝင်ပေါ့။”
တုပိုင်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်။”
ထို့နောက် သူသည် စံအိမ်တံခါးမကြီးထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားလိုက်ရာ အထဲတွင် လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ သွေးမယ်တော်ကွမ်ရင်သည် သူမရောဂါထနေချိန်တွင် မည်သူ့ကိုမျှ မမြင်စေလိုသည်မှာ ထင်ရှားသည်။
“အလယ်က အိမ်မကြီး၊ တံခါးမကြီးကနေ ဝင်ခဲ့။” သွေးမယ်တော်ကွမ်ရင်၏ အသံသည် နားထဲက ထွက်ပေါ်လာသလို ကြားလိုက်ရသည်။ ဤအရူးမလေး၏ သိုင်းပညာစွမ်းရည်က တကယ်ကို မြင့်မားလှသည်။
**--**--**--**--**--**--**--**
တုပိုင်သည် ခြံဝင်းအလယ်ရှိ အိမ်ကြီးထဲသို့ ဝင်ရောက်သွားသည်။ အိမ်ကြီးသည် ခမ်းနားထည်ဝါသည်ဟု ပြောနိုင်သည်။ ဈေးကြီးသော ကြွေပြားများ၊ အပြစ်အနာအဆာကင်းသော အပြာရောင်အုတ်ချပ်များ ရှိပြီး သစ်သားပန်းပုလက်ရာတိုင်းသည်လည်း အလွန်လက်ရာမြောက်သည်။
သို့သော် တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်နှင့် အခန်းသည် အလွန်ဟောင်းလောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပရိဘောဂဟူ၍ လုံးဝနီးပါးမရှိဘဲ အပြင်အဆင်က ရိုးရှင်းလွန်းနေသဖြင့် အိမ်၏ ခမ်းနားထည်ဝါမှုနှင့် လုံးဝ လိုက်ဖက်မှု မရှိပေ။
“ငါ ဒီအိမ်ပိုင်ရှင်ဟောင်းကို သတ်ပြီး သူ့ပစ္စည်းတွေကို သိမ်းပိုက်လိုက်တာ။ ဒါပေမဲ့ ငါက ဒီလို ဇိမ်ခံပရိဘောဂတွေကို မကြိုက်ဘူး။ အထူးသဖြင့် သိုးမွှေးကော်ဇောတွေကို ငါမုန်းတယ်။ နင်းရတာ စိတ်မသန့်ဘူး။ ဒါကြောင့် အကုန် ဖယ်ပစ်လိုက်တယ်။” သွေးမယ်တော်ကွမ်ရင်၏ အသံ ထွက်ပေါ်လာသော်လည်း သူမ၏ ပုံရိပ်ကိုတော့ မတွေ့ရသေးပေ။
‘မင်းရဲ့ အရသာက ဒီလောက်ပဲလား။ တကယ့် ဖြုန်းတီးမှုပဲ။’ တုပိုင် စိတ်ထဲက တွေးလိုက်ပြီး သွေးမယ်တော်ကွမ်ရင် ရုပ်တုကို လိုက်ရှာနေမိသည်။
သွေးမယ်တော်ကွမ်ရင်၏ အသံ ထပ်ထွက်လာပြန်သည်။ “ငါ မြေအောက်ခန်းထဲမှာ ရှိတယ်။ ဝင်ပေါက်က xxx နောက်မှာ ရှိတယ်။”
တုပိုင်သည် ဝင်ပေါက်ကို ရှာတွေ့ပြီးနောက် လှေကားထစ်များအတိုင်း နက်ရှိုင်းသော မြေအောက်ခန်းထဲသို့ ဆင်းလာခဲ့သည်။
မြေအောက်ခန်းသည်လည်း အလွန်ရိုးရှင်းပြီး ကျောက်ကုတင်တစ်ခု၊ စားပွဲတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးမှလွဲ၍ ဘာမျှမရှိပေ။ ဖယောင်းတိုင်ကြီးများကို နေရာအနှံ့ ထွန်းညှိထားသဖြင့် မြေအောက်ခန်းတစ်ခုလုံး လင်းထိန်နေသည်။
သွေးမယ်တော်ကွမ်ရင်သည် ယောကျ်ားလေးအသွင် ဆက်လက်ဝတ်ဆင်ထားပြီး သိုင်းဝတ်စုံနှင့် အလွန်ကြည့်ကောင်းနေသည်။
ဤအမျိုးသမီးသည် တကယ်ကို လှပသည်။ အထူးသဖြင့် သူမ၏ ခြေတံရှည်များနှင့် ခန္ဓာကိုယ်အချိုးအစား ဖြစ်သည်။
တကယ်လို့များ သူမသာ ကျပ်နေအောင် ဝတ်ဆင်ထားမည်ဆိုလျှင် လုံးဝ ရင်သပ်ရှုမောဖွယ် ဖြစ်နေပေလိမ့်မည်။
ဤခန္ဓာကိုယ်မျိုးက ဂျင်ဆော့ရုံနဲ့ မရနိုင်သလို နောက်ပိုင်းခေတ်က ကောင်မလေးတွေ ပုံပြင်အက်ပ်သုံးရင်တောင် ဤလိုအချိုးအစားမျိုး ရနိုင်မည်မဟုတ်ပေ။
“ဆေးရပြီလား။” သွေးမယ်တော်ကွမ်ရင်က မေးလိုက်သည်။
တုပိုင် ခေါင်းညိတ်လိုက်ပြီး ဆေးပုလင်းကို ကမ်းပေးလိုက်သည်။
“ဆေးနည်းရော ဘယ်မှာလဲ။” သွေးမယ်တော်ကွမ်ရင်က မေးသည်။
ခဏမျှ တွေဝေပြီးနောက် တုပိုင်သည် ဆေးနည်းစာရွက်ကို ပေးလိုက်သည်။
**--**--**--**--**--**--**--**
ရွှဲ့ကွမ်ရင်သည် အဂ္ဂိရတ်ပညာရှင်မဟုတ်သော်လည်း ဗဟုသုတအချို့ ရှိထားသည်။ သူမသည် ဆေးနည်းကို စဉ်းစားသုံးသပ်နေသည်။
ထို့နောက် သူမက အချက်ပြလိုက်ရာ ခွေးလေးတစ်ကောင် ပြေးထွက်လာသည်။ ရွှဲ့ကွမ်ရင်သည် ဇွန်းဖြင့် ဆေးရည်အနည်းငယ်ကို ခပ်ယူလိုက်ပြီး အဆိပ်ပါမပါ စမ်းသပ်ရန် ခွေးလေးကို တိုက်ကျွေးလိုက်သည်။
တုပိုင်သည် တားဆီးခြင်းမရှိဘဲ လှောင်ပြောင်သော မျက်နှာထားဖြင့် ကြည့်နေသည်။ သို့သော် ရင်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေမိသည်။
‘တကယ်လို့ ခွေးလေးက ဆေးဒဏ်မခံနိုင်ဘဲ သေသွားရင် ဘယ်လိုလုပ်မလဲ။ ဒါဆို ပြဿနာတက်ပြီပေါ့။’
ကံကောင်းစွာဖြင့် ခွေးလေးသည် ဆေးသောက်ပြီးနောက် အနည်းငယ် ထိုင်းမှိုင်းသွားပြီး ကြမ်းပြင်ပေါ်တွင် ပျင်းရိစွာ လှဲအိပ်နေသော်လည်း ထူးခြားသော လက္ခဏာများ မပြသခဲ့ပေ။
သွေးမယ်တော်ကွမ်ရင်သည် ခွေးလေး၏ အသက်ရှူသံကို စစ်ဆေးခြင်း၊ မျက်လုံးသူငယ်အိမ်ကို ကြည့်ခြင်းနှင့် သွေးခုန်နှုန်းကို စမ်းသပ်ခြင်းများ ပြုလုပ်ပြီးနောက် ခွေးလေး အဆင်ပြေကြောင်းနှင့် ဆေးတွင် အဆိပ်မပါကြောင်း အတည်ပြုလိုက်သည်။
သွေးမယ်တော်ကွမ်ရင် ရောဂါမထမီ နာရီဝက်ခန့် လိုသေးသဖြင့် သူတို့နှစ်ဦး တိတ်ဆိတ်စွာ ထိုင်နေကြသည်။ သွေးမယ်တော်ကွမ်ရင်သည် တုပိုင်ကို မမြင်ကွယ်ရာပို့ထားသကဲ့သို့ သဘောထားပြီး စကားစပြောမည် မဟုတ်ပေ။
“ဒါမှမဟုတ် ကျွန်တော် အပြင်ထွက်နေလိုက်မယ်။ ခင်ဗျား ရောဂါထတော့မယ်လို့ ခံစားရရင် သောက်လိုက်ပေါ့။” တုပိုင်က ပြောလိုက်သည်။
“မရဘူး။” သွေးမယ်တော်ကွမ်ရင်က ပြတ်သားစွာ ပြောသည်။ “တကယ်လို့ ဒီဆေးမှာ တစ်ခုခု မှားယွင်းနေရင် ငါမင်းကို ချက်ချင်း သတ်လို့ရအောင်လို့။”
ထို့နောက် သူတို့နှစ်ဦး ငြိမ်သက်စွာ ထိုင်နေကြပြန်ရာ အခြေအနေက အနည်းငယ် အနေရခက်စရာ ဖြစ်လာသည်။
တုပိုင် ခဏမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ “ခင်ဗျား ထန်ယန်ကို သိလား။”
“သိတယ်။” သွေးမယ်တော်ကွမ်ရင်က ပြောသည်။
တုပိုင် အနည်းငယ် အံ့သြသွားသည်။ ‘ထန်ယန်က အဲ့လောက်တောင် နာမည်ကြီးတာလား။ သွေးမယ်တော်ကွမ်ရင်တောင် ကြားဖူးတယ်ဆိုတော့ တကယ် ဒေါသထွက်စရာပဲ။’
သူ မနေနိုင်ဘဲ ထပ်မေးလိုက်သည်။ “အရင်က သူ့ကို တွေ့ဖူးလား။”
သွေးမယ်တော်ကွမ်ရင်က ပြောသည်။ “တွေ့ဖူးတာပေါ့။”
တုပိုင်က မေးလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် ပတ်သက်ဖူးလား။”
သွေးမယ်တော်ကွမ်ရင်၏ အကြည့်များ အေးစက်သွားပြီး ပြောလိုက်သည်။ “မင်းအလုပ် မဟုတ်ဘူး။”
သူတို့နှစ်ဦး သိရုံတင်မကဘဲ ရင်းနှီးသော ဆက်ဆံရေးရှိပုံရသည်။ တုပိုင်က မေးလိုက်သည်။ “သူ့ကို ဘယ်လိုမြင်လဲ။”
“မိန်းမစိုးဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရသူ။ မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာသူ။ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်။ ပြီးတော့ ကျော်ကြားတဲ့ လူချောလေးတစ်ယောက်ပေါ့။”
ရွှဲ့ကွမ်ရင်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်း သူ့ကို မနာလိုဖြစ်နေတာလား။ အားကုန်ခံ မနေပါနဲ့။ ကြယ်ကလေးက လမင်းကြီးနဲ့ အလင်းရောင်ချင်း သွားယှဉ်မနေစမ်းပါနဲ့။”
တုပိုင် မတ်တတ်ရပ်လိုက်ပြီး ပြောသည်။ “ကျွန်တော် သွားတော့မယ်။ အပေါ်ထပ် ဧည့်ခန်းမှာပဲ ရှိနေမယ်။ လိုရင် ခေါ်လိုက်။”
သွေးမယ်တော်ကွမ်ရင်သည် တုပိုင်၏ သွေးကွက်ကို လက်ညှိုးဖြင့် လှမ်းပိတ်လိုက်ပြီး ထိုင်ခုံတွင် မလှုပ်မယှက်ဖြစ်အောင် ချုပ်ထားလိုက်သည်။ “ငြိမ်ငြိမ်နေစမ်း။”
ထို့နောက် သူတို့နှစ်ဦး တိတ်ဆိတ်သွားပြန်သည်။
ရုတ်တရက် ဘေးနားရှိ ဖယောင်းတိုင်မီးလျှံများ ပြင်းထန်စွာ လှုပ်ခါသွားပြီး သွေးမယ်တော်ကွမ်ရင်၏ နုနယ်သော ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ယင်လာသည်။ သူမ၏ ဘိန်းဆိပ် စတင်တက်လာပြီဖြစ်သည်။
“မြန်မြန်သောက်။ ပုလင်းလိုက် မော့ချလိုက်။” တုပိုင်က ပြောလိုက်သည်။
သွေးမယ်တော်ကွမ်ရင်သည် ကြွေပုလင်းကို ယူလိုက်ပြီး တစ်ရှိန်ထိုး မော့သောက်လိုက်လေသည်။
အပိုင်း (၄၀) ပြီး။