ကျွန်တော်တို့က ညီအစ်ကိုရင်းတွေဖြစ်တယ်ဆိုတဲ့အချက်ကို ဖျောက်ဖျက်လို့ မရဘူး။
Vol. 15 Ch. 175
ထိုစကားကို ပြောပြီးနောက် မော့ကျုံးယွမ်သည် ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်သည်။
“သန်းခေါင်တောင် မကျော်သေးဘူး၊ ခါတိုင်း ဒီအချိန်ဆို ငါ မနိုးဖူးဘူး။ မင်းငါ့ကို ကူညီပေးခဲ့တာလား။”
မော့ကျိုးယွီက ဟဲကျစ်ယန်ကို ကြည့်လိုက်သည်၊ “ပဥ္စမအစ်ကို၊ ယန်ယန်က အစ်ကို့ကို အပ်စိုက်ကုသပြီး အစ်ကိုရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖိနှိပ်ပေးခဲ့တယ်။”
ဟဲကျစ်ယန်က မော့ကျိုးယွီ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါပြီး “ပဥ္စမအစ်ကို၊ အစ်ကိုရဲ့ အဆိပ်ထကြွမှု ကြာချိန်က ပိုကြာလာပြီမလား” ဟု မေးမြန်းခဲ့သည်။
မော့ကျုံးယွမ်က ခေါင်းညိတ်သည်၊ “ဟုတ်တယ်၊ အစတုန်းကတော့ အဆိပ်ထကြွပြီး ပြန်ကောင်းဖို့ တစ်နာရီတောင် မကြာဘူး။ ဒါပေမယ့် အခုနောက်ပိုင်း အနည်းဆုံး သုံးနာရီ၊ ဒါမှမဟုတ် အဲ့ထက် ပိုကြာတယ်။”
“အဲဒါက အဓိပ္ပါယ်ရှိတယ်။ ဒီလိုအဆိပ်မျိုးက အရမ်းထူးခြားတယ် - အချိန်ကြာလာတာနဲ့အမျှ အစ်ကိုရဲ့ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားလိမ့်မယ်။ အဆိပ်က နှလုံးနဲ့ နီးကပ်လာလေလေ အဆိပ်ထကြွမှုအချိန်က ပိုကြာလာလေလေပဲ။ နောက်ဆုံးမှာ နှလုံးကို အဆိပ်ရောက်သွားတဲ့အခါကျရင် နေ့ရောညပါ ရူးသွားလိမ့်မယ်။”
မော့ကျုံးယွမ်သည် အဆိပ်ထကြွချိန်အတွင်း သူ့အခြေအနေအကြောင်းကို ရှင်းရှင်းလင်းလင်း မသိသော်လည်း သူ သတိပြန်ဝင်ချိန်မှာတော့ သူ့ခန္ဓာကိုယ်အနှံ့ အပြာရောင် သွေးပြန်ကြောများနှင့် သွေးဆာနေတဲ့ မျက်လုံးတွေဟာ သူ အဆိပ်ထကြွချိန်မှာ သူ့အခြေအနေ ဘယ်လောက်ဆိုးတယ်ဆိုတာကို ပြသနိုင်လောက်အောင် ရှိ၏။
“အဲလိုဖြစ်ရင် အပြစ်မဲ့သူတွေကို မထိခိုက်မိအောင် ကိုယ့်အသက်ကို ကိုယ်တိုင် ဇီဝိန်ချုပ်ပစ်မယ်။”
မော့ကျုံးယွမ်သည် သူ့အဆိပ်ကြောင့် အခြားသူများကို ဒုက္ခမပေးချင်ကြောင်း ဟဲကျစ်ယန်က သိသည်။
“ပဥ္စမအစ်ကို၊ အဲဒါက သိပ်မဆိုးပါဘူး။ မနက်ဖြန်ကျရင် ညီမခင်ပွန်းနဲ့အတူ မြို့တက်ပြီး အစ်ကို့ရဲ့ အဆိပ်အတွက် ဆေးဖက်ဝင်ပစ္စည်းတွေ သွားဝယ်ပေးမယ်။”
မော့ကျုံးယွမ်သည် သူ့အဆိပ်အတွက် ဖြေဆေးရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။
“နဝမ… နဝမခယ်မလေး… မင်းက ငါ့အဆိပ်ကို ဖြေပေးနိုင်တယ်လို့ပြောလိုက်တာလား။”
မော့ကျုံးယွမ်သည် သူ အသိပြန်ဝင်လာချိန်တွင် သူ့အခြေအနေနှင့် ပတ်သက်၍ သမားတော်များစွာနှင့် ပြသတိုင်ပင်ခဲ့သည်။
သမားတော်အများစုသည် သူ့ထံတွင် အဆိပ်သင့်သည် လက္ခဏာများကို သတိမထားကြပေ။ ကျွမ်းကျင်သော သမားတော်တစ်ဦးတည်းကသာ သူ့ထံတွင် အဆိပ်သင့်သည့် လက္ခဏာရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် အဆိုပါ သမားတော်သည် အဆိပ်သင့်သည့် လက္ခဏာကို တွေ့ရှိခဲ့သော်လည်း မည်သို့ ကုသရမည်ကို မသိပေ။
ထို့အတွက်ကြောင့် မော့ကျုံးယွမ်သည် အချိန်အတော်ကြာ အသိစိတ်လွတ်နေခဲ့ပြီး နောက်ဆုံးတွင် သူ့ကံကြမ္မာကို လက်ခံကာ ကျန်ဘဝတစ်လျှောက်လုံး နာကျင်စွာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ဟဲကျစ်ယန်က ယုံကြည်မှု အပြည့်နှင့် ပြုံးလိုက်သည်၊ “ပဥ္စမအစ်ကို၊ စိတ်မပူနဲ့။ ညီမ အစ်ကိုရဲ့ အဆိပ်ကို သေချာပေါက် ကုသပေးနိုင်တယ်။”
ထို့အပြင် ဟဲကျစ်ယန်သည် အဆိပ်ဖြေဆေးကို အမြန်ပြင်ဆင်ဖို့ ဆုံးဖြတ်ချက်ချထားသည်။ သူမသည် နောက်နေ့ နေမဝင်မီ မော့ကျုံးယွမ်၏ အဆိပ်ကို ဖြေပေးနိုင်ဖို့ ကြိုးစားကာ ပဥ္စမအစ်ကို၏ နာကျင်မှုကို အမြန်သက်သာလာစေဖို့ မျှော်လင့်ခဲ့သည်။
မော့ကျုံးယွမ်က တစ်ခုခုပြောခါနီးတွင် မော့ချူဟန်က ဤနေရာရှိ အခြေအနေကို စိုးရိမ်ပြီး စစ်ဆေးကြည့်ရှုဖို့ အပြေးရောက်လာခဲ့သည်။
မော့ကျုံးယွမ်သည် အလွန်သတိရှိနေသည်။ သူသည် ခပ်လှမ်းလှမ်းမှ ခြေသံများကို ကြားလိုက်ရသည်နှင့် ခံစစ်အသွင်ကို ရယူထားပြီးဖြစ်သည်။
သူသည် တံခါးဆီသို့ လျှောက်သွားကာ မော့ချူဟန်နှင့် ထိပ်တိုက် ဝင်တိုက်မိသွားသည်။
ဒါကိုမြင်တော့ မော့ကျုံးယွီက “ပဥ္စမအစ်ကို၊ ဒါက အဋ္ဌမအစ်ကို မော့ချူဟန်လေ” ဟု သူတို့ကို အမြန်မိတ်ဆက်ပေးလိုက်သည်။
မော့ကျုံးယွမ်သည် သူ့ညီဖြစ်သည်ကို ကြားသောအခါတွင် သူ၏ ဆုပ်ထားသော လက်သီးများသည် ချက်ချင်းဆိုသလို ပြေလျော့သွားသည်။
မော့ချူဟန်သည် သူ့ပဥ္စမအစ်ကိုဖြစ်သူက အတိတ်မေ့သွားသည်ကို မသိခဲ့ပေ။ သူ့နဝမညီက မိသားစုဝင်တွေအချင်းချင်းကို ဘာဖြစ်လို့ မိတ်ဆက်ပေးတာလဲဆိုတာကို သူ အရမ်းသိချင်သွားသည်။
မကြာခင်မှာပဲ မော့ကျိုးယွီက မော့ချူဟန်ရဲ့ စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းဖို့ ကူညီခဲ့သည်။
“အဋ္ဌမအစ်ကို၊ ပဥ္စမအစ်ကိုက ဦးခေါင်းဒဏ်ရာရပြီး အတိတ်မေ့သွားတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က အဖြစ်အပျက်တွေကို သူ မမှတ်မိတော့ဘူး။”
“မင်း ဘာပြောလိုက်တယ်။ ပဥ္စမအစ်ကိုက အတိတ်မေ့သွားတယ်ဟုတ်လား” မော့ချူဟန်သည် ထိုသတင်းကိုကြားသောအခါ သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
မော့ကျုံးယွမ်သည် သူ့ဆွေမျိုးများကို မမှတ်မိသည့်အတွက် အနည်းငယ် ရှက်လာသည်။
“အဋ္ဌမညီလေး၊ အဲဒါ အမှန်ပဲ။ ငါ အတိတ်အကြောင်း ဘာမှ မမှတ်မိတော့ဘူး” ဤဆွေမျိုးများကို မည်သို့ရင်ဆိုင်ရမည်ကို မသိသောကြောင့် ဤသို့ပြောခြင်းသည် နှုတ်ဆက်ခြင်းဟု ယူဆနိုင်သည်။
မော့ချူဟန်သည် ရှေ့သို့ တိုးလာပြီး မော့ကျုံးယွမ်ကို ပွေ့ဖက်လိုက်သည်။
“ပဥ္စမအစ်ကို၊ အစ်ကို အတိတ်ကို မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ကျွန်တော်တို့က ညီအစ်ကိုရင်းတွေဖြစ်တယ်ဆိုတဲ့အချက်ကို ဖျောက်ဖျက်လို့ မရဘူး။”
မော့ကျုံးယွမ်၏ အခြေအနေကို မော့ချူဟန်အား အတိုချုံး ရှင်းပြပြီးနောက် မော့ကျိုုးယွီက မေးလိုက်သည်။
“အဋ္ဌမအစ်ကို၊ မိသားစုဝင်တွေ အဆင်ပြေသွားပြီလား။”
မော့ချူဟန်က ခေါင်းညိတ်သည်၊ “ငါ လူတိုင်းကို အနားယူခိုင်းထားပေမယ့် ဘယ်သူမှ အနားမယူချင်ကြဘူး။ ပဥ္စမအစ်ကိုရဲ့ သတင်းကို အားလုံး စောင့်နေကြတယ်။”
မော့ကျိုးယွီသည် မော့ကျုံးယွမ်အား ကြည့်ကာ သတိထားပြီး မေးသည်။
“ပဥ္စမအစ်ကို၊ အစ်ကို ကျွန်တော်တို့နဲ့အတူ အမေ့ကို လိုက်တွေ့ချင်လား။ ပြီးတော့ ပဥ္စမမရီးကိုရော - မရီးက အစ်ကိုသေတဲ့သတင်းကိုကြားတော့ မျက်စိကန်းလုမတတ် ငိုကြွေးခဲ့တယ်။”
မော့ကျုံးယွမ်သည် သူ့နဝမညီလေးက “ပဥ္စမ မရီး” ဟု ပြောတာကို ကြားလိုက်ရသောအခါတွင် သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။
မော့ကျုံးယွမ်သည် သူ့မှာ ဇနီးရှိနေတာကို မမှတ်မိတော့ပေမယ့် ဒီထူးဆန်းတဲ့ခံစားချက်ကို အတုလုပ်လို့မရဘူး။
“ကောင်းပြီ၊ ငါမင်းနဲ့ ပြန်လိုက်ခဲ့မယ်။”
တံခါးကို တွန်းဖွင့်လိုက်တော့ အပြင်ဘက်မှ လေပြင်းမှ တိုက်ခတ်လာသည်။ လေပြင်းများကြားတွင် ဘာမှန်း မသိနိုင်သည့် ခွေးအူသံနှင့် ဆင်တူတဲ့ အသံတွေကိုလည်း ကြားလိုက်ရသည်။
အသံက သိပ်မကျယ်သလို ပထမတစ်ချက်မှာ ခွေးဟောက်သံနှင့် ခပ်ဆင်ဆင်တူပေမယ့် တကယ်တော့ ရှင်းလင်းလင်းလင်း သိပ်မရှိဘူး။
မော့ကျုံးယွီ နောက်လှည့်ကြည့်လိုက်တော့ ထူးထူးခြားခြား ဘာမှ မတွေ့ဘူး။
မော့ကျုံးယွမ်ကို ပြန်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်ရှိ အမူအရာက သိသိသာသာ ပျော့ပြောင်းသွားသည်ကို သူ တွေ့လိုက်ရသည်။
“ဒီကလေး ရောက်လာပြန်ပြီ။”
သူစကားပြောနေစဉ်တွင် မော့ကျုံးယွမ်သည် မော့ကျိုးယွီနှင့် မော့ချူဟန်တို့ကို ထားခဲ့ကာ အိမ်နောက်ဘက်သို့ လျှောက်သွားခဲ့သည်။
သူတို့လူစုက အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ သူ့နောက်သို့ လိုက်သွားကြသည်။
မီတာအနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် မော့ကျုံးယွမ်က သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။
မော့ကျုံးယွမ်က ခါးကိုင်းပြီး ပျော့အိနေတဲ့ ဖက်ထုပ်လုံးလေးကို ကောက်ကိုင်လိုက်တာကို သူတို့ မြင်လိုက်ရသည်။
လရောင်အောက်တွင် ဖက်ထုပ်လုံးလေး၏ အဖြူရောင်တင်ပါးကို မြင်လိုက်ရသည်။
ဟဲကျစ်ယန်၏ မျက်လုံးများသည် ရုတ်တရက် ချက်ချင်းဆိုသလို တောက်ပသွားခဲ့သည်၊ “ပဥ္စမအစ်ကို၊ အဲဒါက သံစားသားရဲလား။”
မော့ကျုံးယွမ်သည် ဖက်ထုပ်လုံးလေးကို ညင်သာစွာ ပွေ့ဖက်ကာ သူတို့ကို လှည့်ကြည့်သည်။
“နဝမ ခယ်မလေးက ဒီသတ္တဝါကို သိတယ်လား။”
ယခုတော့ ဟဲကျစ်ယန်သည် မော့ကျုံးယွမ်၏ လက်ထဲရှိ ဖက်ထုပ်လုံးလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် သူမသည် အားတက်သရော ခေါင်းညိတ်ပြသည်။
“ညီမ သူ့ကို သိတယ်။ ညီမ သူ့ကို စာအုပ်ထဲမှာ မြင်ဖူးတယ်။”
ဟဲကျစ်ယန်သည် ထိုကဲ့သို့ ချစ်စရာကောင်းသော သတ္တဝါလေးကို ရိုးရှင်းစွာ မခုခံနိုင်ပေ။
“ပဥ္စမအစ်ကို၊ ညီမ ချီကြည့်လို့ရမလား။”
ဖက်ထုပ်လုံးလေးသည် အလွန်ဆုံးမှ လေး၊ ငါးလသာ ရှိသေးသော သားပေါက်လေးနှင့် တူသည်။
ဒီအရွယ်မှာ သူ့ခန္ဓာကိုယ်က သိပ်မကြီးသေးဘူး။ မော့ကျုံးယွမ်၏ လက်နှစ်ဖက်တွင် အမွှေးပွလုံးလေးအဖြစ် ကွေးကောက်သွားရာ ဟဲကျစ်ယန်၏ စိတ်နှလုံးကို အရည်ပျော်သွားစေသည်။
မော့ကျုံးယွမ်သည် ဟဲကျစ်ယန်၏ သေးသွယ်သော ခန္ဓာကိုယ်ကို ကြည့်ကာ မသေချာ မရေရာသလို မေးလိုက်သည်။
“နဝမ ခယ်မလေး၊ ဒီကောင်လေးကို မကြောက်ဘူးလား။”
ဟဲကျစ်ယန်က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်၊ “မကြောက်ဘူး။ လုံးဝ မကြောက်ဘူး။”
ဒါကိုမြင်တော့ မော့ကျုံးယွမ်က ဖက်ထုပ်လုံးလေးကို ဟဲကျစ်ယန်အား ဂရုတစိုက် ပေးခဲ့ပြီး သူမကို သတိပေးသည်။
“ဒီကောင်လေးက အရှက်ကြီးတယ်။ သူ့ကို ညင်ညင်သာသာလေး ဂရုတစိုက် ကိုင်တွယ်ပေးနော်၊ နဝမ ခယ်မလေး။”
ဟဲကျစ်ယန်မှာ တိရိစ္ဆာန်တွေကို အထူးရင်းနှီးကျွမ်းဝင်လွယ်စေတဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိလို့လား မသိ၊ ဖက်ထုပ်လုံးလေးကို သူ့ရင်ခွင်မှာ ပွေ့ဖက်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဖက်ထုပ်လုံးလေးက အိပ်ပျော်သွားခဲ့သည်…။
ဒီကောင်လေးနှင့် မကြာခဏ ထိတွေ့ဆက်ဆံလေ့ရှိသော မော့ကျုံးယွမ်ပင်လျှင် အံ့ဩမှင်သက်စွာ သက်ပြင်းချမိသည်။
“ကြည့်ရတာ ဒီကောင်လေးက နဝမ ခယ်မလေးကို အရမ်းကြိုက်ပုံရတယ်။”
မော့ကျိုးယွီက ခပ်ဖွဖွပြုံးပြီး သူ့စိတ်ထဲမှာ တွေးလိုက်သည် - ယန်ယန်က နူးညံ့တယ်၊ စွမ်းဆောင်နိုင်တယ်၊ လှပတယ်။ ဒီလိုလူမျိုးကို ဘယ်သူက သဘောမကျဘဲနေမှာလဲ။
ဖက်ထုပ်လုံးလေးက ဟဲကျစ်ယန်ကို ဘာဒုက္ခမှ မပေးကြောင်း သေချာသွားပြီးနောက် သူတို့အဖွဲ့သည် မော့မိသားစု အနားယူရာနေရာဆီသို့ ဦးတည်သွားခဲ့သည်။
လမ်းခရီးတွင် မော့ကျိုးယွီက စူးစမ်းလိုစိတ်ဖြင့် မေးသည်၊ “ပဥ္စမအစ်ကို၊ ဒီသံစားသားရဲကို အစ်ကို မွေးထားတာလား။”
မော့ကျုံးယွမ်က မငြင်းခဲ့ဘူး။
“အဲ့လိုပြောလို့ရတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တောင်ပေါ်မှာ သံစားသားရဲစုံတွဲကို ငါကယ်တင်ခဲ့တယ်။ အဲဒီတုန်းက သူတို့နှစ်ကောင်လုံး ကျားကိုက်ခံရလို့ ဒဏ်ရာရနေတော့ ကုသပေးဖို့ သူတို့ကို ဒီပြန်ခေါ်လာခဲ့တယ်။ သူတို့ဒဏ်ရာတွေ မပျောက်မချင်း တောင်တွေဆီ မပြန်ခိုင်းဘူး။
ငါ့အပေါ် အဲဒီသံစားသားရဲစုံတွဲက ကျေးဇူးဆပ်ချင်တဲ့ စိတ်ဆန္ဒရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ နေဝင်ပြီးရင် ငါ အဆိပ်ထကြွမယ်ဆိုတာ သူတို့ သိကြတယ်၊ အဲဒီအချိန်ဆို အိမ်အပြင်ကိုထွက်ပြီး ငါ့ကို စောင့်ကြည့်ပေးတယ်။
တကယ်လို့ ငါ့အိမ်အနားကို တစ်ယောက်ယောက် ချဉ်းကပ်လာတာကို မြင်တာနဲ့ တစ္ဆေသရဲတွေလို အသံထွက်ပြီး ကျူးကျော်သူတွေကို ခြောက်လှန့်ခဲ့တယ်။ အချိန်ကြာတာနဲ့အမျှ ရွာသူရွာသားတွေက ဒီနေရာက သရဲခြောက်တယ်လို့ထင်ပြီး ဘယ်သူမှ မလာရဲကြတော့ဘူး။
ဘယ်သူကမှ ဒီကို မလာရဲလို့ ငါ ဒီမှာပဲ အကြာကြီးနေဖို့ ရွေးချယ်လိုက်တယ်လေ။”
***