အရာရှိတွေက သူတို့ကို ပြဿနာလာရှာတယ်။
Vol. 15 Ch. 180
ရွာလူကြီးချွေ့သည် နွားလှည်းပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေလေသည်။
ချွေ့မင်လင်းသည်လည်း အတွေးပျောက်နေပုံပေါ်ပြီး ခေါင်းငိုက်စိုက်ကျနေခဲ့သည်။
မော့ကျိုးယွီက ဒီထက်ဒုက္ခပိုနည်းတာ ပိုကောင်းတယ်လို့ ထင်တဲ့အတွက် ငြင်းခုံမှုတွေကို ရှောင်ရှားဖို့ သူတို့ကို အမြန်ဖြတ်ကျော်လိုက်သည်။
မမျှော်လင့်ဘဲ၊ သူတို့အနားကနေ ဖြတ်သွားသည့် နွားလှည်းကို ချွေ့မင်လင်းက လှမ်းမျှော်ကြည့်လိုက်ရာ မော့ကျိုးယွီကို လှမ်းမြင်လိုက်ရသည်။
ချွေ့မင်လင်းက ကျယ်လောင်စွာ လှမ်းအော်လိုက်သည်၊ “မင်း ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ။ မင်း ငါ့ဝမ်းကွဲကို လှောင်ရယ်ဖို့ ဒီကို ရောက်လာတာလား။”
ရွာလူကြီးချွေ့နှင့် ချွေ့မိသားစုဝင်များသည် နွားလှည်းပေါ်ရှိ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ကို လှမ်းကြည့်လိုက်ကြသည်။
လူတိုင်း၏ မျက်လုံးများက သူတို့အပေါ် တညီတညွတ်တည်း စိုက်ကြည့်နေကြသည်။
မျက်နှာစိမ်း ချွေ့မိသားစုဝင်တစ်ယောက်က “အစ်ကိုလင်း၊ သူတို့က မနေ့က ငါတို့ရှီလင်ကျေးရွာမှာ နေရာချပေးခံရတဲ့ ပြည်နှင်ဒဏ်ကျ အကျဉ်းသားတွေလား” ဟု မေးလိုက်သည်။
ထိုလူ၏ လေသံသည် မော့ကျိုးယွီတို့လင်မယားအပေါ် အထင်အမြင်သေးမှုကို ထင်ရှားရှင်းလင်းစွာ ပြသနေသည်။ ယခုအခါ သူတို့သည် အနောက်မြောက်ဒေသသို့ ရောက်ရှိလာပြီးနောက် ပြည်နှင်ဒဏ်ခံရသော အကျဉ်းသားများ မဟုတ်တော့ပေ။
ယွင်ချန်မြို့ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာ၍ မရတာကလွဲလို့ သူတို့ဟာ သာမန်လူများနှင့် မခြားပါဘူး။
မော့ကျိုးယွီသည် ဘာမှ မပြောဘဲ ထိုလူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုအေးစက်သောအကြည့်အောက်တွင် အဆိုပါ လူကျယ်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားသည်။
ဒီတစ်ခေါက် ရောက်လာတဲ့ ပြည်နှင်ဒဏ်ခံရသော အကျဉ်းသားတွေဟာ အတော်လေး မောက်မာပြီး ချွေ့မိသားစုတောင် သူတို့ထံမှ မျက်နှာသာပေးခြင်းကို မခံခဲ့ရကြောင်းကိုလည်း သူ ကြားသိခဲ့ရသည်။
သို့သော် ချွေ့မိသားစုဝင်ဖြစ်ခြင်း၏ ဂုဏ်သိက္ခာသည် သူ့စိတ်ထဲတွင် မပျောက်ပျက်နိုင်ပေ၊ မဟုတ်ပါက ချွေ့မိသားစုသည် နောင်အနာဂတ်တွင် ရှီလင်ကျေးရွာတွင် ဘယ်လိုလုပ်ပြီး ခြေကုပ်ယူနိုင်ပါ့မည်နည်း။
ဒါကိုတွေးပြီး သူက နွားလှည်းပေါ်မှ ခုန်ဆင်းကာ မော့ကျိုးယွီကို လက်ညှိုးထိုးပြီး လှမ်းအော်လိုက်သည်။
“မင်း ဘယ်လိုအကြည့်နဲ့ ငါ့ကို ကြည့်နေတာလဲ။ မင်း သတိထားနေ၊ အဲ့လိုသာ ဆက်ကြည့်နေမယ်ဆိုရင် ငါ မင်းမျက်လုံးတွေကို ဖောက်ထုတ်ပေးလိုက်မယ်။”
မော့ကျိုးယွီသည် ထိုကဲ့သို့သောလူမျိုးအတွက် စကားကို ဖြုန်းတီးဖို့ ပျင်းရိလွန်းလှသည်။
‘ဖြန်း’ ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး နွားလှည်း မောင်းနှင်ရန် အသုံးပြုသော ကြာပွတ်၏ ရိုက်ချက်သည် ထိုလူ၏ ခန္ဓာကိုယ်ပေါ် ပြင်းပြင်ထန်ထန် ကျရောက်သွားခဲ့သည်။
ရွာလူကြီးချွေ့သည် သူ့မျိုးနွယ်စုဝင်က မော့ကျိုးယွီကို ထိပ်တိုက်တွေ့နေတာကို ရပ်တန့်စေချင်လိုသော်လည်း သူ့လုပ်ရပ်များသည် ငယ်စဉ်ကကဲ့သို့ သွက်လက်မြန်ဆန်ခြင်း မရှိပေ။
မော့ကျိုးယွီက သူ့လက်ထဲမှ ကြာပွတ်ကို မြှောက်လိုက်သည်ကို မြင်လိုက်ရသည်နှင့် “ချွေ့လျန်၊ မြန်မြန်ရှောင်” ဟု ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
သို့သော် သူ့သတိပေးချက်သည် အလွန်နှေးကွေးနေသေးပြီး ကြာပွတ်သည် ချွေ့လျန့်အား ပြင်းထန်စွာ ထိမှန်သွားခဲ့ပြီဖြစ်သည်။
ကိုယ်ခံပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သူတစ်ယောက်အတွက်၊ ဤကြာပွတ်ရိုက်ချက်ကို အတွင်းအားနှင့် ပေါင်းစပ်ထားခြင်း မရှိသော်လည်း သာမန်လူတစ်ဦး၏ ရိုက်ချက်ထက် ပိုသာပေသည်။
ချွေ့လျန်သည် နာကျင်စွာ အော်ဟစ်လိုက်သည်၊ “အား… မင်း နေ့ခင်းကြောင်တောင်ကြီးမှာ လူတစ်ယောက်ကို အသားလွတ် တိုက်ခိုက်ရဲတယ်၊ မင်း ဥပဒေကိုရော သိသေးရဲ့လား။”
မော့ကျိုးယွီက အေးစက်စွာ လှောင်ပြောင်ပြောဆိုလိုက်သည်၊ “မင်းက ဥပဒေကိုတော့ သိသေးတယ်ပေါ့လေ။ မင်းတို့ ချွေ့မိသားစုဝင်တွေက မင်းတို့ရဲ့ ဆွေမျိုး လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရဲ့ အခွင့်အာဏာကို မှီခိုပြီး ရှီလင်ကျေးရွာမှာ အနိုင်ကျင့် ဗိုလ်ကျနေတဲ့အခါမှာတော့ ဒီဥပဒေကို ဘာဖြစ်လို့ မလိုက်နာခဲ့တာလဲ။”
ယခုအချိန်တွင် အနီးပတ်ဝန်းကျင်မှာ ကြည့်ရှုသူ အနည်းငယ် ရှိနေပြီ ဖြစ်သည်။
သူတို့သည် ရန်ဖြစ်နေသော နှစ်ဖက်ကြား ဆက်ဆံရေးကို မသိကြသော်လည်း နွားလှည်းပေါ်မှ လူများက ဦးစွာ ရန်စကြသည်ကို သူတို့ မြင်နိုင်ပါသေးသည်။
ထိုသို့သောလူများသည် သူတို့၏ နေ့စဉ်ဘဝတွင် အခြားသူများကို မကြာခဏ အနိုင်ကျင့်တတ်မှန်းကို မပြောဘဲ သူတို့ သိနေခဲ့သည်။
ထို့ကြောင့် ချွေ့လျန်သည် ဥပဒေကို ဖော်ပြပြီး မော့ကျိုးယွီထံမှ ထပ်မံ ဝေဖန်ခံရသောအခါ ကြည့်ရှုသူအားလုံး တဟားဟား ရယ်မောလိုက်ကြသည်။
ချွေ့လျန်သည် သူ့ရဲ့ ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒမရှိပေ။ သူက မော့ကျိုးယွီကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ဟစ်လိုက်သည်။
“မင်း လမ်းပေါ်မှာ လူတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်။ ငါ မင်းကို အာဏာပိုင်တွေဆီ တိုင်ကြားမယ်။”
မော့ကျိုးယွီက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ “မင်းတို့ချွေ့မိသားစုရဲ့ လက်ထောက်ခရိုင်တရားသူကြီးက ဒဏ်ရာ အပြင်းအထန်ရထားတယ်လို့ ငါကြားတယ်။ အခု သူက မင်းကို ဂရုစိုက်ပေးနိုင်ဦးမယ်လို့ မင်းထင်လား။”
ဒါကိုကြားတော့ ချွေ့လျန်သည် ရုတ်ခြည်းဆိုသလို ယုံကြည်မှုတွေ ပျောက်ဆုံးသွားသည်။
ဤအခိုက်အတန့်တွင် ချွေ့စံအိမ်မှ အရာရှိများ ထွက်လာခဲ့ကြသည်။ ချွေ့လျန်က သူတို့ဆီသို့ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် အမြန်ပြေးသွားခဲ့သည်။
သူက မော့ကျိုးယွီကို လက်ညှိုးထိုးပြပြီး အရာရှိတွေကို တိုင်ကြားလိုက်သည်။ “အရာရှိမင်းတို့ ဟိုမှာ အဲဒီလူကို တွေ့လား။ သူက ခရိုင်တရားသူကြီးမင်းကို ဒဏ်ရာရစေတဲ့သူလို့ ကျွန်တော် သံသယရှိတယ်။ သူ့ကို အမြန်ဖမ်းပါ။”
ခရိုင်တရားသူကြီးမင်းကို ဒဏ်ရာရစေတဲ့သူပေါ်လာတယ်လို့ကြားတော့ အရာရှိ တော်တော်များများက သူတို့ရဲ့ လက်နက်တွေကို ထုတ်ပြီး မော့ကျိုးယွီကို ဝိုင်းလိုက်ကြသည်။
မော့ကျိုးယွီ ရှုံးတော့မည်ကိုမြင်တော့ ချွေ့လျန်သည် ချက်ချင်းပင် ပါးနပ်သော အပြုံးတစ်စကို သူ့မျက်နှာပေါ်မှာ ထုတ်ဖော်လိုက်သည်။
အရာရှိများသည် မော့ကျိုးယွီတို့နွားလှည်းကို ဝိုင်းထားပြီး ထိုလူစုထဲမှ တစ်ယောက်က မော့ကျိုးယွီကို ချက်ချင်း မှတ်မိသွားခဲ့သည်။
မနေ့က အစိုးရရုံးမှာ မော့မိသားစုက ခရိုင်တရားသူကြီးမင်းချွေ့ကို လုံးဝ မျက်နှာသာမပေးခဲ့တာကြောင့် မော့ကျိုးယွီအပေါ် သူတို့၏ ထင်မြင်ချက်သည် အလွန်နက်ရှိုင်းသည်။
အဲဒါကို သေချာစဉ်းစားကြည့်လိုက်တော့ မနေ့က သူတို့အပေါ် ပြဿနာရှာခဲ့တာတွေကို အငြိုးထားပြီး လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒါက အံ့ဩစရာတော့ မဟုတ်ဘူး။
ဒါကိုတွေးပြီး အရာရှိက “မင်း ငါတို့နဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးဖို့ အစိုးရရုံးကို လိုက်လာခဲ့ပါ” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မော့ကျိုးယွီသည် နေရာမှ နည်းနည်းလေးတောင် မလှုပ်ဘူး။
“ကျုပ်က ဘာဖြစ်လို့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်တာလဲ။”
“အဓိပ္ပါယ်မဲ့ပြောစကားတွေကို ရပ်လိုက်စမ်း။ မင်းက ခရိုင်တရားသူကြီးမင်းကို ထိခိုက်စေတဲ့သူလို့ ငါ သံသယရှိတယ်” အရာရှိက မော့ကျိုးယွီကို ရှင်းပြခွင့်မပေးဘဲ သူ့ကို ဖမ်းဆီးဖို့ ခြေလှမ်းပြင်ခဲ့သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ဆွဲခေါ်ကာ အရာရှိ၏ ညစ်ပတ်သော ဝက်လက်ကို အလွယ်တကူ ရှောင်ရှားလိုက်သည်။
ဒါကိုမြင်တော့ အရာရှိက ဒေါသ ပိုကြီးသွားသည်။ “မင်း ဘယ်လိုတောင် ရဲရင့်တာလဲ။ ဖမ်းဆီးတာကို ရှောင်တိမ်းဝံ့တယ်။ မင်းမှာ နောက်ပြစ်မှုတစ်ခု ထပ်တိုးလာပြီကွ။”
မော့ကျိုးယွီ၏ ယခင်ရာထူးကို သူသိသည်။ စစ်မြေပြင်မှာ တပ်သားတွေကို ဦးဆောင်ခဲ့သူဆိုတော့ အရမ်းကျွမ်းကျင်သူ ဖြစ်ရမည်။ သူက တင်းမာသော လေသံဖြင့် ပြောလိုက်သော်လည်း နောက်တစ်ကြိမ် ကမောက်ကမ ပြုမူဝံ့ခြင်း မရှိပေ။
ဒီအချိန်မှာ မော့ကျိုးယွီ၏ မျက်နှာက လုံးဝကို မည်းမှောင်နေသည်။
မော့ကျိုးယွီသည် ချွေ့မိသားစုကို အရင်ဆုံး စိုက်ကြည့်ပြီးနောက် တာဝန်ရှိသူ အရာရှိကို ကြည့်ကာ တင်းမာသော လေသံဖြင့် မေးမြန်းလိုက်သည်။
“သူခိုးတွေကို ဖမ်းဆီးတဲ့အခါမှာ ခိုးရာပါပစ္စည်းတွေကို သိမ်းဆည်းဖို့ လိုအပ်တယ်၊ ကျုပ်က ခရိုင်တရားသူကြီးမင်းချွေ့ကို ထိခိုက်နာကျင်အောင်လုပ်တဲ့သူဆိုတာကို သက်သေပြဖို့ ခင်ဗျားမှာ ဘာအထောက်အထား ရှိလဲ။”
တကယ်တော့ အရာရှိတွေက မော့ကျိုးယွီကို လုံးဝ သံသယ မရှိခဲ့ပါဘူး။
ခရိုင်တရားသူကြီးမင်းချွေ့ဆီကနေ မနေ့ညက ပြစ်မှုကျူးလွန်သူတွေဟာ အမျိုးသား ( ၅ ) ဦး ဖြစ်ပြီး သူတို့အားလုံး မျက်နှာဖုံးဝတ်ဆင်ထားကြောင်း သူတို့ ကြားသိခဲ့ရသည်။
မနေ့က မော့မိသားစုဝင်တွေထဲမှာ အမျိုးသား ( ၂ ) ဦးပဲရှိပြီး ကျန်တာက အမျိုးသမီးတွေဖြစ်ကြောင်း သူတို့လည်း မြင်တွေ့ခဲ့ကြသည်။ အမျိုးသား ( ၅ ) ဦး စုပေါင်းပြီး ပြစ်မှုကျူးလွန်ဖို့ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ခရိုင်တရားသူကြီးမင်းချွေ့က အရမ်းဒေါသထွက်နေခဲ့ပြီး ( ၃ ) ရက်အတွင်း တရားခံကို လက်ရရှာဖွေဖမ်းဆီးရမည်ဟု သူတို့ကို အမိန့်ပေးလာခဲ့သည်။
ခရိုင်တရားသူကြီးမင်းရဲ့ စံအိမ်တော်ထဲကို ခိုးဝင်ရဲတဲ့ လူ ( ၅ ) ဦးဟာ သာမန်လူတွေ မဖြစ်နိုင်ဘူးဆိုတာ မစဉ်းစားဘဲနဲ့တောင် သိနိုင်ပေသည်။
ဒီလိုလူမျိုးတွေကို လက်ရဖမ်းဆီးဖို့ ( ၃ ) ရက် နေနေသာသာ ( ၃ ) နှစ် အချိန်ပေးရင်တောင် မဖမ်းမိနိုင်ဘူး။
ထို့ကြောင့် ဒီအမှုကို တတ်နိုင်သမျှ အမြန်ဆုံး ပိတ်သိမ်းနိုင်ရန် အရာရှိများသည် အပြစ်မရှိသော ဓားစာခံ အနည်းငယ်ကို ဖမ်းဆီးရန် စိတ်ကူးထားခဲ့သည်။
မော့ကျိုးယွီကို တွေ့လိုက်သည်နှင့် သူတို့ခေါင်းထဲ ဒီလို အတွေးတစ်ခု ဝင်လာခဲ့သည်။
မော့မိသားစုတွင် အမျိုးသား မည်မျှ ရှိသည်ကို မဖော်ပြဘဲ၊ ယမန်နေ့က လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့နှင့် မော့မိသားစုတို့ အနည်းငယ် ပြဿနာတက်ထားသောကြောင့် လူအများကို ဖမ်းဆီးရန် ဤသည်ကို အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်သည်။
အစိုးရရုံးကို ရောက်သည်နှင့် အပြစ်မရှိကြောင်း ထွက်ဆိုနိုင်ဖို့ဆိုတာ မော့ကျိုးယွီတို့အပေါ်မှာ မမူတည်တော့ဘူး။ ဒါမှ သူတို့တွေ ဒီအမှုကို စောစော ပိတ်သိမ်းနိုင်လိမ့်မည်။
မော့ကျိုးယွီသည် ဤအရာရှိများ၏ ယုတ်မာသော ရည်ရွယ်ချက်များကို မြင်ဖူးပြီးသားပင်။ သူတို့ဆန္ဒအတိုင်း သူက ဘယ်လိုလုပ်ခွင့်ပေးနိုင်ပါ့မလဲ။
အရာရှိတွေက သံသယရှိသူတွေကို ဖမ်းဆီးတဲ့အခါမှာ မကောင်းသော ရည်ရွယ်ချက်များဖြင့် အငြိုးသိုဖမ်းဆီးလို့မရပေ။ သူ့ကို ဖမ်းဆီးရအောင် သူတို့မှာ ဘယ်လို သက်သေအထောက်အထားတွေရှိနေလို့လဲ။
ထို့အပြင် အရာရှိသည် သူ့နောက်မှ အရာရှိတွေကို ကြည့်လိုက်တော့ စုစုပေါင်း ( ၄ ) ယောက်ပဲ ရှိသည်။ ဒီလူလောက်လေးနဲ့ စစ်မြေပြင်တွင် ကျင်လည်ခဲ့ဖူးသော တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်လျှင် ရှုံးနိမ့်သွားမှာကို သူ စိုးရွံ့မိသည်။
အရာရှိများသည် တန်ပြန်အစီအမံများကို စဉ်းစားနေချိန်တွင် အခြားသော အရာရှိများ လမ်းတစ်ဖက်မှ ပြေးလာကြသည်။
ထိုလူအုပ်စုတွင် အနည်းဆုံး ( ၆ ) ဦး သို့မဟုတ် ( ၇ ) ဦးရှိပုံရပြီး သူတို့အားလုံး ပေါင်းလိုက်မယ်ဆိုလျှင် ( ၁၀ ) ယောက်ထက်မနည်း ရှိမည်ဖြစ်သည်။
တာဝန်ခံ အရာရှိသည် ရုတ်ခြည်းပင် ယုံကြည်မှုပြန်ရလာသည်။ သူက ပြေးလာနေသော သူ့လုပ်ဖော်ကိုင်ဖက်များဆီသို့ ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။
“ဒီကို မြန်မြန်လာခဲ့ကြ။ မနေ့ညက ခရိုင်တရားသူကြီးမင်းကို ဒဏ်ရာရစေခဲ့တဲ့ သံသယရှိသူက ဒီမှာကွ။”
မထင်မှတ်ဘဲ ပြေးလာတဲ့ အရာရှိတွေက မော့ကျိုးယွီကို ဖမ်းဆီးဖို့ မကူညီဘဲ တခြားသူကို အမောတကော အကြောင်းကြားလာခဲ့သည်။
“မြန်မြန်လေး အစိုးရရုံးကို အခု ပြန်သွားချေ။ ခရိုင်တရားသူကြီးမင်းအသစ် ရောက်လာပြီ။”
ဒီသတင်းက ရုတ်ခြည်းပါပဲ။ မော့ကျိုးယွီကို ဓားစာခံအဖြစ် ဖမ်းဆီးချင်သော အရာရှိသည် ထိုသတင်းကိုကြားသောအခါ ခဏတာမျှ အံ့အားသင့်သွားကြသည်။ ထို့နောက် သူ့နောက်မှ လူများကိုခေါ်ကာ မော့ကျိုးယွီကို လုံးဝ ဂရုမစိုက်ဘဲ ခရိုင်အစိုးရရုံးသို့ အမြန်ပြေးသွားခဲ့သည်။
ယွင်ချန်မြို့သို့ ခရိုင်တရားသူကြီးမင်း ရောက်ရှိလာကြောင်းကို ကြည့်ရှုသူများ ကြားရသောအခါတွင် သူတို့အားလုံး အပျော်တမ်းကြည့်ရန် ခရိုင်အစိုးရရုံးသို့ ပြေးသွားကြသည်။
ချက်ချင်းဆိုသလို ဤနေရာမှာ ဆိတ်ငြိမ်သွားခဲ့သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည်လည်း ခရိုင်တရားသူကြီးမင်းအသစ်က မည်သူဖြစ်သည်ကို သိချင်ကြသည်။ သို့သော် ဤနေရာမှ မထွက်ခွာမီ၊ အခြေအနေ အဆိုးအကောင်း မသိနားမလည်သော ချွေ့မိသားစုဝင်များနှင့် ကိစ္စရပ်များကို အရင်ဆုံး မှန်ကန်စွာ ဖြေရှင်းဖို့ရန် လိုအပ်သည်။
မော့ကျိုးယွီသည် ကြာပွတ်ကို တစ်ဖန် ကောက်ယူပြီး ချွေ့မိသားစု စီးနေသော နွားလှည်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
***