အတိတ်မေ့သွားတယ်။
Vol. 15 Ch. 173
မိသားစုဝင်အားလုံးထဲတွင် ဟဲကျစ်ယန်တစ်ဦးတည်းကသာ စဉ်းစားတွေးခေါ်နိုင်စွမ်း ကျန်ရှိနေသေးတာဖြစ်သည်။ မိသားစုဝင်တွေအားလုံး ဒီကို ရောက်လာတယ်ဆိုတော့ ဒီည အနားယူဖို့ တဲတွေကို မဆောက်ရသေးဘူးဟု သူမ ထင်သည်။
“အမေ၊ အဋ္ဌမအစ်ကို၊ မရီးတွေ အချိန်လင့်နေပြီ။ အစ်ကိုတို့တွေ အရင်ပြန်သွားပြီး တဲလေးတွေ ဆောက်ထားပေးပါဦး။ ဒီမှာ ကျိုးယွီနဲ့ ကျွန်မ သေချာစောင့်ကြည့်ထားပါ့မယ်။ ပဥ္စမအစ်ကို နိုးလာတဲ့ခါကျရင် ကျွန်မတို့တွေ အစ်ကိုတို့ကို အမြန်ဆုံး လာအကြောင်းကြားပါ့မယ်။”
သခင်မကြီးမော့သည် သူ့နဝမချွေးပြောသည့်စကားဟာ အဓိပ္ပါယ်ရှိမှန်း သိသည်။ ထို့အပြင် မော့ကျုံးယွမ်သည် ယခုအချိန်မှာ မေ့မြောနေဆဲဖြစ်တာကြောင့် သူတို့ ဒီမှာ ဆက်နေတာက အသုံးမဝင်ပေ။ သူတို့ အရင်ပြန်သွားပြီး အိပ်စက်အနားယူဖို့ နေရာပြင်ဆင်တာက ပိုကောင်းပါလိမ့်မည်။
“အားလုံးပဲ နဝမချွေးမရဲ့ စကားကို နားထောင်ကြပါ။ အရင်ပြန်ပြီး သန့်ရှင်းရေးလုပ်ကြရအောင်။”
သူမ ထိုသို့ပြောပြီးသည့်နောက်တွင် သခင်မကြီးမော့သည် ရှေ့ဆုံးမှ ထွက်သွားခဲ့ပြီး အခြားသူများမှာ သူ့နောက်မှ လိုက်သွားခဲ့ကြသည်။
ပဥ္စမမရီးသည်သာ ထွက်သွားရန် ဝန်လေးနေသည်။ သူမ၏ ခင်ပွန်းသည် သေရွာမှ ပြန်လာခဲ့သည့်အတွက် သူမ သူ့ကို ပြုစုစောင့်ရှောက်ပေးချင်နေခဲ့သည်။
ဟဲကျစ်ယန်သည် ပဥ္စမမရီး၏ ခံစားချက်ကို နားလည်သော်လည်း သူမ အဆိပ်ဖြေဆေးကို သုတေသနပြုရန် နေရာလွတ်ထဲသို့ ဝင်ရန် စီစဉ်ထားသောကြောင့် ပဥ္စမမရီးကို ဒီမှာ ဆက်နေခိုင်းဖို့က အဆင်မပြေဘူး။
“ပဥ္စမမရီး၊ ပဥ္စမအစ်ကိုကြီး နိုးတာနဲ့ ချက်ချင်း အစ်မဆီကို လာအကြောင်းကြားပေးပါ့မယ်။”
ပဥ္စမမရီးသည် သူမ၏ နဝမခယ်မလေးက ဒီလို ပြောလာတာကို ကြားတော့ သူမသည် သခင်မကြီးမော့နောက်ကနေ တုံ့ဆိုင်းတုံ့ဆိုင်း လိုက်ပါသွားခဲ့သည်။
အခုတော့ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ပဲ ကျန်တော့သည်။
သိပ်မကြာခင် မော့ကျုံးယွမ် နိုးလာလိမ့်မည်ဟု ခန့်မှန်းထားသောကြောင့် ဟဲကျစ်ယန်သည် သူ့ကို မျက်စိစုံမှိတ် နေရာလွတ်ထဲသို့ မခေါ်သွားဝံ့ပေ။
သူမသည် နေရာလွတ်ထဲသို့ မဝင်နိုင်သော်လည်း ၎င်းကို အသက်သွင်း လည်ပတ်ရန် သူမ၏ အသိစိတ်ကို အသုံးပြုနိုင်သည်။
သူမသည် မော့ကျုံးယွမ်၏ သွေးထဲကနေ အဆိပ်မှာ ပါဝင်တဲ့ အမျိုးအမည်များကို ခွဲခြမ်းစိတ်ဖြာရန် အရင်စီစဉ်ခဲ့သည်။
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် မော့ကျုံးယွမ်၏ အဆိပ်ဖြေဖို့အတွက် နည်းလမ်းများကို ကြိုးစား ရှာဖွေနေချိန်တွင် လျန့်ဟောက်နှင့် ယွင်ချန်းမြို့ပေါ်တွင် ကျန်ခဲ့သော အခြားသူများသည်လည်း အလုပ်ရှုပ်နေကြသည်။
ယနေ့တွင် ခရိုင်တရားသူကြီးမင်းချွေ့၏ မော့မိသားစုဝင်များအား အနိုင်ကျင့်နေသော မြင်ကွင်း တစ်ခုလုံးကို သူတို့ မြင်တွေ့ခဲ့ရသည်။ သူတို့သည် အကျင့်ပျက်အရာရှိကို သင်ခန်းစာပေးရန် မြို့ပေါ် ဆက်နေဖို့ စီစဉ်ခဲ့သည်။
ထို့ကြောင့် သူတို့သည် ပြည်နှင်ဒဏ်အတွက် နေရာချထားပေးခဲ့သည့် ရှီလင်ကျေးရွာသို့ မလိုက်ခဲ့ကြပေ။
လက်ရှိတွင် ညဉ့်အချိန်သို့ ချဉ်းနင်းဝင်ရောက်နေပြီး မိုးမည်းလေထန်နေသည်။ ဒီအချိန်က နာမည်ဆိုးဖြင့် ကျော်ကြားသည့် “ကျန်းယန်ဓားပြညီနောင်များ” ရဲ့ ပညာပေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
နေ့ခင်းဘက်တွင် ခရိုင်တရားသူကြီးမင်းချွေ့၏ နေအိမ်တည်နေရာကို ရှာဖွေထားပြီး ဖြစ်သည်။
သူတို့သည် ထိုခွေးအား သင်ခန်းစွာပေးရန် ရည်ရွယ်ဖြင့် ခြံထဲသို့ ဦးစွာ ခိုးဝင်ကာ ဝင်းအတွင်းသို့ ဝင်ရောက်ရန် သူတို့၏ ကိုယ်ဖော့စွမ်းရည်ကို အသုံးပြုခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်၊ တရားသူကြီးချွေ့သည် ဟယ်မိသားစုမှ အမြွှာညီအစ်မမျးနှင့် ပျော်ပျော်ပါးပါး ရှိနေသည်ကို သူတို့ တွေ့လိုက်ရသည်။
သူတို့ထဲမှ လူအချို့သည် အနီးနားရှိ အစောင့်များနှင့် အစေခံများကို သတိမေ့သွားအောင် ပြုလုပ်ခဲ့သည်။ ထို့နောက် လျန့်ဟောက်သည် ခြေထောက်မြှောက်ပြီး တံခါးကို ကန်ဖွင့်လိုက်သည်။
အခန်းတွင်းရှိ ကိုယ်လုံးတီး လူသုံးဦးသည် ချက်ချင်းဆိုသလို ထိတ်လန့်တကြား အော်ဟစ်ခဲ့ကြသည်။ အပြင်မှ လူများက သတိလစ်သွားပြီဖြစ်သောကြောင့် သူတို့ မည်မျှ ကျယ်လောင်စွာ အော်ဟစ်နေပါစေ အပြေးဝင်လာသူ မရှိကြပေ။
တရားသူကြီးချွေ့သည် အလှလေး နှစ်ဦးကိုပင် ဂရုမစိုက်တော့ဘဲ မျက်နှာဖုံးစွပ် အမျိုးသားကို ထိတ်လန့်တကြား စိုက်ကြည့်ရင်း သူ့ကိုယ်သူ ပတ်ရန် စောင်များကို အလျင်စလို ဆွဲယူလိုက်သည်။
“မင်းတို့... မင်းတို့ ဘယ်သူတွေလဲ။”
လျန့်ဟောက်တို့သည် ဓားပြတိုက်ရာတွင် အတွေ့အကြုံများစွာရှိပြီး တစ်စုံတစ်ဦးကို သတ်ဖြတ်ရန် မရည်ရွယ်ထားပါက တစ်ဖက်လူနှင့် လုံးဝ ပြောဆိုဆက်သွယ်ခြင်းမပြုပေ။
စုန့်ချောင်နှင့် ဝမ်တာ့လီတို့သည် တိတ်တဆိတ် နားလည်မှုဖြင့် ရှေ့သို့ တိုးလာခဲ့ကြပြီး ဟယ်မိသားစု၏ အမြွှာညီအစ်မများကို ဂုတ်ပိုးအုပ်ပြီး သတိလစ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ရှုချင်ဖုန့်သည် တရားသူကြီးမင်းချွေ့ကို ကုတင်ပေါ်မှ ဆွဲချလိုက်သည်။
“ငါ့ကို ဘာမှ မလုပ်ပါနဲ့။ ငါက အရာရှိတစ်ဦးပါ။ ငါ့မှာ ပိုက်ဆံရှိတယ်။ မင်းတို့ လိုချင်တဲ့ ပမာဏကိုသာ ပြောလိုက်ပါ။”
ရှုချင်ဖုန့်က သူ့ကို လျစ်လျူရှုထားပြီး သူ့ဖာသာသူ တွေးနေတယ်၊ ငါ ပိုက်ဆံလိုချင်ရင် ငါကိုယ်တိုင်လုပ်မယ်၊ မင်း ပေးစရာ မလိုဘူး။
သူက တရားသူကြီးမင်းချွေ့ကို လျန့်ဟောက်ရှေ့သို့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။ လျန့်ဟောက်က သူ့ဆံပင်ကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ လက်နှစ်ဖက်လုံးကိုတော့ တခြားလက်တစ်ဖက်နှင့် ချုပ်ကိုင်ထားသည်။
ရှုချင်ဖုန့်သည် သူ့ခြေထောက်နှစ်ဖက်ကို ဖိထားခြင်းဖြင့် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
ထို့နောက် လီမင်လွေ့သည် တောက်ပြောင်သော ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး တရားသူကြီးမင်းချွေ့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဓားဖြင့် ထိုးလိုက်သည်။
စူးစူးဝါးဝါးအော်သံနှင့်အတူ မကြာသေးမီကပင် မိန်းမလှလေးနှစ်ဦးနှင့် ပျော်ပါးနေသော အမျိုးသားသည် ချက်ချင်းဆိုသလို မစွမ်းဆောင်နိုင်သူ ဖြစ်လာသည်။
တရားသူကြီးမင်းချွေ့သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မေ့မြောသွားခဲ့သည်။
လျန့်ဟောက်က သူ့အပေါ် ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်ပြီး ရှေ့ကို တိုးလာကာ သူ့ကို ပြင်းပြင်းထန်ထန် ကန်ကျောက်ကြည့်လိုက်သည်။
တရားသူကြီးမင်းချွေ့က ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်လိုက်ရတော့ သူက သူ့လူများကို လက်ဟန်ပြလိုက်သည်။
သူတို့ထဲမှ လူအချို့သည် တညီတညွတ်တည်း အလုပ်လုပ်ကြပြီး အခန်းထဲကို ချက်ချင်း ရှာဖွေခဲ့ကြသည်။
ဤအခန်းသည် ခရိုင်တရားသူကြီးမင်းချွေ့ ပုံမှန် နေထိုင်သည့် အခန်း မဟုတ်နိုင်ပေ။ အခန်းထဲတွင် တန်ဖိုးမရှိသော လက်ဝတ်ရတနာ အနည်းငယ်မှလွဲ၍ ကျန်တာ ဘာမှ မရှိပေ။
ဝမ်တာ့လီသည် လက်ဝတ်ရတနာများကို အင်္ကျီရင်ဘတ်ထဲသို့ထည့်ကာ အခြားသူများကို လက်ဝှေ့ယမ်းပြကာ အခန်းထဲမှ အလွယ်တကူ ထွက်သွားကြသည်။
သူတို့ထဲမှ လူအချို့သည် ခရိုင်တရားသူကြီးမင်းချွေ့၏ နေအိမ်အား ဇောက်ထိုးလှန်ပစ်လိုက်ကြသည်။
မမျှော်လင့်ဘဲ သူတို့ ရှာဖွေရရှိသော စည်းစိမ်ဥစ္စာတွေက သူတို့အား အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
သူသည် ခရိုင်တရားသူကြီးမင်းတစ်ဦးသာဖြစ်သော်လည်း သူ့နေအိမ်တွင် ငွေလျန်း ( ၅၀,၀၀၀ ) ပမာဏရှိသည့် ဘဏ်ငွေစက္ကူများ ရှိသည်။
ထိုဘဏ်ငွေစက္ကူများအပြင် ငွေသား လျန်း ( ၁၀,၀၀၀ ) နီးပါးလည်း ရှိပါသေးသည်။
ထို့အပြင် ရွှေငွေ လက်ဝတ်ရတနာများ၊ အဖိုးတန်ကျောက်မျက်များ၊ ပိုးထည်၊ ဖဲထည်၊ ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှများနှင့် ပန်းချီကားများလည်း ဂိုဒေါင် တစ်ဝက်စာမျှ ရှိသည်။
ကံမကောင်းစွာပဲ သူတို့ငါးယောက်ဟာ သယ်ရလွယ်ကူတဲ့ ပစ္စည်းတွေကိုပဲ သယ်သွားနိုင်ခဲ့ပါသည်။ အဲဒီ ပိုးထည်၊ ဖဲထည်၊ ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှများနှင့် ပန်းချီကားများကိုတော့ အကျင့်ပျက်အရာရှိထံ ခဏ ထားရစ်ရုံသာ တတ်နိုင်ခဲ့သည်…။
သူတို့သည် တရားသူကြီးမင်းချွေ့၏ နေအိမ်မှ အမြန်ထွက်ခွာပြီး ရှီလင်ကျေးရွာသို့ အမြန်ပြေးကြသည်။
ပစ္စည်းတွေ အများကြီး သယ်ဆောင်လာသဖြင့် လမ်းမပေါ်မှာ ပြောင်ပြောင်တင်းတင်း လမ်းလျှောက်ဖို့က ခက်ခဲပါသည်။
လျန့်ဟောက်တို့ညီအစ်ကိုများသည် နံရံပေါ်တက်ကာ ကိုယ်ဖော့ပညာဖြင့် ခေါင်မိုးပေါ်ကနေ ခရီးဆက်ခဲ့ကြသည်။ သိပ်မကြာခင်မှာပင် သူတို့ မြို့ပြင်ကို ထွက်လာနိုင်ခဲ့ကြသည်။
လူတိုင်း နောက်ဆုံးမှာတော့ စိတ်အေးလက်အေး သက်ပြင်းချနိုင်သွားသည်။
စုန့်ချောင်သည် သူ့လက်ထဲမှာ ပိုက်ထားတဲ့ ငွေထည့်ထားတဲ့ အိတ်ကို ချိန်ဆပြီး ပြုံးပြုံးလေး ပြောလိုက်သည်၊ “ဒီငွေတွေနဲ့ဆို နဝမသခင်လေးတို့မိသားစု အနာဂတ်အတွက် စိတ်ပူစရာ မလိုလောက်တော့ဘူး။”
ဝမ်တာ့လီကလည်း သဘောတူသည်၊ “ဟားဟား… ဒီခွေးအရာရှိက နဝမသခင်လေးကို အနိုင်ကျင့်တဲ့အတွက် အခကြေးငွေ ပေးဆောင်သင့်တယ်။”
ယခုအခါ မော့မိသားစုသည် ပြည်နှင်ဒဏ်ခံရသည့် အကျဉ်းသားများ မဟုတ်တော့သည့်အတွက် လျန့်ဟောက်တို့သည် သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားဖို့ မလိုအပ်တော့ပေ။
လျန့်ဟောက်တို့ ရှီလင်ကျေးရွာသို့ ဝင်လာပြီး ခဏလောက် ရှာဖွေပြီးနောက် တောင်ခြေရင်းတွင် မော့မိသားစုကို တွေ့လိုက်ရသည်။
မော့ကျုံးယွမ်၏ ကိစ္စကြောင့် မော့မိသားစုက အနားမယူကြသေးပေ။ မော့ကျုံးယွမ် သတိပြန်ရလာသည့် သတင်းကို အရင်ဆုံး ကြားရရန် မျှော်လင့်လျက် အားလုံး မီးပုံ၏ ဘေးတွင် ဝိုင်းဖွဲ့ထိုင်နေကြသည်။
ထို့ကြောင့် လျန့်ဟောက်တို့သည် မော့မိသားစု၏ နေရာကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ကြသည်။
မော့ချူဟန်သည် အဆောတလျင် ခြေသံများကို ကြားလိုက်ရသဖြင့် စစ်ဆေးရန် ထလာခဲ့သည်။
လျန့်ဟောက်တို့ ဖြစ်နေသည်ကို သိလိုက်ရသောကြောင့် မီးပုံနားသို့ ခေါ်ဆောင်လာခဲ့သည်။
မော့ကျိုးယွီကို မတွေ့ရသဖြင့် လျန့်ဟောက်သည် ပိုင်ဆိုင်မှုအားလုံးကို မော့ချူဟန်ထံသို့ လွှဲပြောင်းပေးဖို့ သူ့လူတွေကို အမိန့်ပေးခဲ့သည်။
ထို့နောက် ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်မျက်ရတနာများ၊ ငွေတုံးများနှင့် ငွေစက္ကူများကို မြေပေါ်သို့ သွန်းလောင်းချသည်ကို မြင်လိုက်ရသည်။
မော့မိသားစုဝင်အားလုံး မျက်လုံးပြူးကုန်သည်။
မော့ချူဟန်က စိတ်ရှုပ်ထွေးစွာ မေးသည်။
“လျန့်ဟောက် ဒါက ဘာလဲ။”
လျန့်ဟောက်က ဂုဏ်ယူစွာနဲ့ ပြောလာခဲ့သည်၊ “အဋ္ဌမသခင်လေး၊ အခုလေးတင် ကျုပ်တို့ညီအစ်ကိုတွေ ခရိုင်တရားသူကြီးမင်းချွေ့ရဲ့ နေအိမ်မှာ လမ်းလျှောက်ထွက်ခဲ့ကြတာလေ။”
ဒါကိုကြားတော့ မော့ချူဟန်က ရယ်မောလိုက်သည်။
“ငါ မင်းတို့ညီအစ်ကိုတွေကို တကယ် မနိုင်ဘူး။ တကယ်လို့ မင်းတို့တွေ ဒီလိုလုပ်မယ်ဆိုတာ ငါသိခဲ့ရင် ငါလည်း ယွင်ချန်မြို့မှာ နေခဲ့ပါတယ်ကွာ။ ဒါဆို ငါတို့ ဒေါသတွေ ဖြေဖျောက်ဖို့ အတူတူ သွားလို့ ရတယ်။”
ထိုစကားကိုကြားသောအခါ စုန့်ချောင်သည် အနားသို့ ကပ်သွားပြီး တီးတိုးပြောလိုက်သည်၊ “အဋ္ဌမသခင်လေး၊ သခင်လေး မသိသေးဘူး။ အခုလေးတင် ကျုပ်တို့ အဲဒီခွေးအရာရှိရဲ့ မျိုးဆက်အရင်းအမြစ်ကို ဖြတ်တောက်ပစ်ခဲ့တယ်…”
ထိုသို့ပြောနေစဉ်တွင် စုန့်ချောင်သည် သူ့လက်ဖြင့် အမူအရာပြကာ သူ့မျက်လုံးထဲတွင် အရမ်းသဘောကျနေသည့် အကြည့်များ ရှိနေသည်။
မော့ချူဟန်က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။
“ဟားဟား… မင်းတို့ကောင်တွေကလေ တကယ်ပါပဲ…”
မော့မိသားစုမှ အမျိုးသမီးများသည် သူတို့နှစ်ဦး တီးတိုးပြောနေသည်ကိုမြင်သောအခါ သူတို့ပြောနေသည့် အကြောင်းအရာကို သိချင်နေကြသည်။
အဋ္ဌမမရီးက ဒီလိုအခြေအနေမျိုးမှာ သူ့ခင်ပွန်းကို ရယ်မောပျော်ရွှင်အောင် ဘာက လုပ်ပေးနိုင်လဲဆိုတာကိုတွေးပြီး အံ့အားသင့်သွားသည်။ အခွင့်အရေးရရင် သေချာပေါက် သူ့ကို မေးမြန်းကြည့်ရမယ်…။
လျန့်ဟောက်က ဟိုဟိုဒီဒီ ဝေ့ဝိုက်ကြည့်လိုက်သည်။ သာမာန်အားဖြင့် နဝမသခင်လေးသာ အနီးနားမှာ ရှိနေရင် သူတို့ညီအစ်ကိုတွေ အသံကို ကြားတာနဲ့ သူရောက်လာမှာ သေချာပါသည်။ သို့သော်လည်း အချိန်အတော်ကြာသည့်အထိ နဝမသခင်လေးကို သူတို့ မမြင်ရသေးပေ။
“အဋ္ဌမသခင်လေး၊ နဝမသခင်လေးကိုရော မတွေ့မိပါလား။”
***